မောက်မာစွာ စစ်ကြေငြာခြင်း
Vol. 9 Ch. 119
" ကျိုးရန် "
ထိုအခြင်းအရာကို မြင်သွားသော ပွဲကြည့်စင်ပေါ်မှ လောလင်က ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်သည်။
ပွဲကြည့်စင်ပေါ်မှ လူများမှာ များလှစွာသော အလင်းတန်းလိုက်ကာများမှတဆင့် တိုက်ပွဲကွင်းပြင်ထဲမှ အခြေအနေများကို မြင်နေရ၏။
ထိုအချိန် အလင်းတန်းလိုက်ကာပေါ်တွင် လုဝမ်ထောင်က လင်ကျိုးရန်အား သတ်တော့မည့်ဆဲဆဲ ဖြစ်နေသည့် မြင်ကွင်း ပေါ်နေ၏။
သူ့သား အသတ်ရတော့မည် ဖြစ်သည့်အတွက် လောလင်တစ်ယောက် နေမထိ ထိုင်မသာ ဖြစ်သွားရသည်။
သို့သော် တိုက်ပွဲကွင်းပြင်နှင့် ပွဲကြည့်စင်ကြားတွင် ခြားထားသည့် အကာအကွယ်အစီအမံတစ်ခု ရှိနေပေသည်။ လောလင်မှာ တိုက်ပွဲကွင်းပြင်ထဲသို့ ပြေးဝင်သွားရန် ကြိုးစားလိုက်သော်လည်း အစီအမံနှင့် တိုက်မိသွားကာ နောက်သို့ ပြန်လွင့်လာ၏။ သူ့ပါးစပ်မှ သွေးအချို့ စီးကျလာသည်။
" လောလင် .. အဆင်ပြေရဲ့လား "
သူ့မိတ်ဆွေများက ချက်ချင်း အနားသို့ အပြေးရောက်လာကာ ဆွဲထူလိုက်ကြသည်။
လောလင် ခေါင်းယမ်းပြလိုက်သည်။ လက်ရှိတွင် သူ့ဒဏ်ရာများက အရေးမကြီးပါချေ။
သူ့အကြည့်မှာ တိုက်ပွဲကွင်းပြင်ပေါ်တွင်သာ ရှိနေသော်လည်း သူ့သားကို ကယ်ရန် မည်သို့မှ မတတ်နိုင်ပါ ။
ထိုစဥ် တိုက်ပွဲကွင်းပြင်ထဲ၌ လုဝမ်ထောင်၏ လက်ဝါးချက်က လင်ကျိုးရန်အပေါ်သို့ ကျလုဆဲဆဲ ဖြစ်နေ၏။
ထိုအချိန်မှာပင် ..
" သခင်လေးလု ၊ အဲ့လက်ဝါး သူ့ပေါ်ကို ကျသွားတာနဲ့ မင်းကို ငါ အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မှာ "
လုဝမ်ထောင်နောက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။
" ဟင် .. "
လုဝမ်ထောင်၏လက် လေထဲတွင် ရပ်တန့်သွားကာ ချက်ချင်း နောက်လှည့်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့အနောက်ဘက် မလှမ်းမကမ်း၌ လောထျန်း၏ပုံရိပ် ထွက်ပေါ်လာ၏။
" လောထျန်းပါလား "
လုဝမ်ထောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ လောထျန်းနံဘေးတွင် သားရဲ ရှိမနေမှန်း မြင်လိုက်ရ၏။ ထိုအချိန်မှသာ သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
" ကောင်လေး .. မင်းက ငါ လိုက်ရှာစရာတောင် မလိုဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ပေါ်လာတာပဲကွ ။ ကောင်းပြီလေ ၊ ဒီလိုဆိုတော့လဲ မင်းတို့နှစ်ယောက်လုံးကို အတူတူ ရှင်းပစ်ရုံပေါ့။ မင်းအမှတ်နဲ့ဆို ငါလဲ ထျန်းရှန့်သိုင်းပြိုင်ပွဲရဲ့ ချန်ပီယောက်တစ်ယောက် ဖြစ်သွားမှာ။ ဟေ့ကောင်တွေ လာကြဟေ့ ၊ ဒီကောင့်ကို လာရှင်းကြစမ်း "
လုဝမ်ထောင်က အော်လိုက်သည်။
ထိုစကားကို ကြားသောအခါ လောထျန်းတစ်ယောက် စကားပြန်မပြောနိုင်ဘဲ ဖြစ်သွား၏။
ထိုလူက သူ့ကို ကိုယ်တိုင်ရှင်းပစ်ချင်သည်ဟု ပြောလိုက်သည် မဟုတ်ပါလား ..
သို့ဖြစ်သည့်အတွက် လုဝမ်ထောင်ကိုယ်တိုင်က တိုက်ခိုက်လာလိမ့်မည်ဟုသာ သူ ထင်ထားခဲ့သည်။
သို့သော် ယခု .. သူက သူ့နောက်လိုက်များကိုသာ အတူတူတိုက်ခိုက်ရန် ပြောနေပေသည်။
" ကောင်လေး .. သွားသေလိုက်တော့ "
" မင်းလိုကောင်ကများ ငါတို့ အကိုကြီး လုကို ရန်ရှာရဲတယ်ပေါ့ "
လုဝမ်ထောင်၏ နောက်လိုက်များစွာက ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာကြသည်။ အမှန်တွင်မူ သူတို့ မြန်မြန် မတိုက်ခိုက်ပါက လုဝမ်ထောင် စိတ်ဆိုးသွားမည်ကို စိုးသည့်အတွက် ထိုသို့ တဟုန်ထိုး ပြေးသွားကြခြင်းပင်။
သို့သော် လောထျန်းမှာ ထိုလူများကို လှည့်ပင် မကြည့်ချေ။
လောထျန်းသည် လက်နောက်ပစ်၍သာ ရပ်နေပြီး သူ့ကိုယ်မှ စိတ်စွမ်းအားအချို့ ထုတ်လွှတ်လိုက်သည်။
ဘုန်း ..ဘုန်း .. ဘုန်း ..
လုဝမ်ထောင်၏ နောက်လိုက်များ တစ်ယောက်ပြီးတစ်ယောက် အဝေးသို့ လွင့်စင်ထွက်သွားကြ၏။
သူတို့အားလုံးမှာ မြေကြီးပေါ်သို့ ပြန်မကျခင်မှာပင် သေသွားကြတော့သည်။
" ဟင် .. "
ထို မြင်ကွင်းကို ကြည့်နေသော လုဝမ်ထောင်တစ်ယောက် ကြက်သေ သေသွား၏။
ဘာတွေဖြစ်နေပါသနည်း ...
မျက်စိတစ်မှိတ် အချိန်လေးအတွင်း သူတစ်ယောက်တည်းသာ အသက်ရှင် ကျန်တော့သည်လား။
" လုဝမ်ထောင် ၊ အစကတော့ ငါက မင်းကို အပြောအဆို မတတ်တဲ့သူတစ်ယောက်လို့ပဲ ထင်ထားခဲ့တာ။ တကယ်တော့ မင်းက ငါထက်ထားတာထက် အများကြီး ပိုဆိုးနေတာပဲ ။ မင်းက ဒီလောက် သေချင်နေမှတော့လဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ကွာ "
လောထျန်းက ထိုသို့ပြောကာ လုဝမ်ထောင်ဆီသို့ လျှောက်သွားလိုက်သည်။
ခြေတစ်လှမ်းချင်း လှမ်းလာသည့် လောထျန်းကို ကြည့်ကာ လုဝမ်ထောင် အလွန်ကြောက်ရွံ့တုန်လှုပ်သွား၏။
ဝုန်း ..
သူက လင်ကျိုးရန်အား ချက်ချင်း ဆွဲမကာ သူ့ရှေ့တွင် ဒိုင်းသဖွယ် ကာထားလိုက်သည်။
" အဲ့မှာ ရပ်လိုက် ၊ မင်း ရှေ့ကို ဆက်တိုးလာတာနဲ့ ဒီကောင့်ကို ငါ သတ်ပစ် .. "
သို့သော် သူ့စကား မဆုံးခင်မှာပင် မူးနောက်နောက် ဖြစ်သွားသည်။
သူ အသိပြန်လာသည့်အချိန်တွင်မူ လောထျန်းက လင်ကျိုးရန်အား ပွေ့ချီထားပြီး သူနှင့် ဆယ်ပေခန့်အကွာတွင် ရပ်နေသည်ကို မြင်လိုက်ရ၏။
ထို့အပြင် လင်ကျိုးရန်၏ လည်မျိုပေါ်၌ လက်တစ်ဖက်လည်း ရှိနေသည်။
ထိုလက်မှာ သူနှင့် ရင်းနှီးနေသလို မည်သည့်အတွက်ကြောင့် ခံစားနေရပါသနည်း ...
လုဝမ်ထောင်မှာ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သောအခါမှသာ သူ့လက်တစ်ဖက် ပြတ်နေသည်ကို မြင်လိုက်ရတော့သည်။
လင်ကျိုးရန်၏ လည်ပင်းပေါ်မှ လက်မှာ သူ့လက်ပင် ...
" အား ... "
စူးရှသော နာကျင်မှုကြောင့် လုဝမ်ထောင် မြေပြင်ပေါ်သို့ လဲကျသွား၏။
တစ်စက္ကန့် ...
တစ်စက္ကန့်မျှ အချိန်အတွင်း လောထျန်းက သူ့လက်ထဲမှ လင်ကျိုးရန်ကို ကယ်ကာ သူ့လက်တစ်ဖက်ကိုပါ ဖြတ်သွားခဲ့သည်။
ထို့ထက်ပို ဆိုးသည်မှာ လောထျန်း မည်သို့ လှုပ်ရှားလိုက်သည်ကို သူ သေချာ မမြင်လိုက်ရခြင်းပင်။
ထိုအချိန်မှသာ လောထျန်းနှင့် သူ့ကြားရှိ အစွမ်းကွာဟချက်က အလွန်ကြီးမားလှကြောင်းကို လုဝမ်ထောင် နားလည်သွား၏။
" လောထျန်း .. ငါ့ကို မသတ်ပါနဲ့ကွာ ။ ငါ့အသက်ကို ချမ်းသာပေးရင် ငါ့ရဲ့ လုမိသားစုက မင်းကို အမြဲတမ်း မျှမျှတတ ဆက်ဆံပါ့မယ်လို့ ကတိပေးပါတယ် "
လုဝမ်ထောင်က နာကျင်မှုကို ကြိုးစားချုပ်တည်းရင်း ပြောလိုက်သည်။
သို့သော် တဖက်မှ လောထျန်းကမူ အေးစက်စက် မျက်နှာဖြင့်သာ ပြန်ပြော၏။
" မင်းက ငါ့ကို အရူးလို့ ထင်နေတာလား "
လုဝမ်ထောင်မှာ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားရသည်။ ထို့နောက်တွင်မူ သူ့မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပေါ်လာ၏။
" လောထျန်း .. ငါ မင်းကို သတိပေးလိုက်မယ်နော်။ မင်း ငါ့ကို သတ်လို့မရဘူး။ ငါ့ကို သတ်လိုက်တာနဲ့ မင်းရော မင်းမိသားစုရော မဆုံးနိုင်တဲ့ ပြဿနာတွေနဲ့ ကြုံသွားရမှာကွ ။ ငါတို့ လုမိသားစုက ထျန်းရှန့်တိုင်ငံမှာ ထိပ်သီး အဖွဲ့တစ်ခုပဲ ။ ပြီးတော့ ငါ့အဒေါ်ကလဲ ထျန်းယန့် ဧကရာဇ်နဲ့ လက်ထပ်ထားတာကွ။ ငါ့ကို သတ်လိုက်လို့ကတော့ ငါ့အဒေါ်က မင်းကို ဒီတိုင်းအလွတ်ပေးမယ် မထင်နဲ့ "
လုဝမ်ထောင် ဒေါသတကြီး အော်ပြောလိုက်သည်။
သို့သော် လောထျန်းက သူ့ကို အေးစက်စက်သာ ကြည့်၍ ပြောလာ၏။
" ငါက ဒါတွေကို ဂရုစိုက်မယ် ထင်လို့လား "
" မင်း .. "
လုဝမ်ထောင်မှာ မှင်သက်ဆွံ့အသွားရသည်။
ေလာထျန်းက အလွန်ခေါင်းမာသည့် လူပင် ။
ထိုအချိန်မှာပင် လောထျန်းက လုဝမ်ထောင်ရှေ့သို့ ရောက်လာပြီး သူ့လည်မျိုအား လက်ဖြင့် ဖမ်းဆုပ်ထားလိုက်သည်။ ထို့နောက် လောထျန်းက ပွဲကြည့်စင်ရှိရာဘက် လှည့်ကြည့်ကာ အေးစက်စက်ပြော၏။
" လုမိသားစု .. ခင်ဗျားတို့လူက သုံးစားမရတဲ့ မျိုးမစစ်ကောင်ပဲ ။ အဲ့တော့ ဒီအရှုပ်ထုပ်ကို ခင်ဗျားတို့ကိုယ်စား ကျုပ် ရှင်းပေးမယ် ။ သူ့အတွက် လက်တုန့်ပြန်ချင်ရင်လဲ ကျုပ်ကို အချိန်မရွေး လာသတ်လို့ ရတယ်နော် ၊ ကျုပ် စောင့်နေမယ် "
ဝုန်း ..
လောထျန်းက စကားဆုံးသည်နှင့် သူ့လက်ကို ဖျစ်ညှစ်လိုက်ရာ လုဝမ်ထောင်၏ ခေါင်းတစ်ခုလုံး ကြေမွသွားပြီး သွေးများ ပန်းထွက်လာသည်။
ပွဲကြည့်စင်ပေါ်တွင် ရှိနေသူများ အားလုံးမှာ ထိုဖြစ်ရပ်တစ်ခုလုံးကို အလင်းတန်းလိုက်ကာမှတဆင့် မြင်လိုက်ကြရ၏။
ထိုတခဏတွင် ပွဲကြည့်စင်ပေါ်မှ လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
" ဒီ လောထျန်းဆိုတဲ့ကောင်က မောက်မာလှချည်လား။ လုဝမ်ထောင်က လုမိသားစုရဲ့ သခင်လေးပဲ "
" လုမိသားစုရဲ့ သခင်လေးကို လူပုံအလယ်မှာ သတ်ပစ်ရုံတင် မကဘူး ၊ လုမိသားစုကိုပါ စိန်ခေါ်လိုက်သေးတာပဲ ။ လုမိသားစုက ဒီတိုင်း အလွတ်ပေးမှာတော့ မဟုတ်ဘူး "
" ဒါပေါ့ကွ ၊ ဒီတိုင်း အလွတ်မပေးမှာ သေချာတယ်။ လူမိသားစုက သူတို့သားကို ဘယ်လောက်အကာအကွယ်ပေးတတ်လဲ မင်းလဲ သိတာပဲ ။ ဒါ လုမိသားစုကို စစ်ကြေငြာလိုက်တာနဲ့ ဘာမှ မထူးဘူး "
ထိုစဥ် ပွဲကြည့်စင်၏ အခြားတဖက်တွင် ရှိနေသည့် လုမိသားစုမှ ခေါင်းဆောင်မှာလည်း ဖြစ်ပျက်သွားသည့် မြင်ကွင်းကို ကြည့်ကာ ဒေါသူပုန်ထသွား၏။
" လောထျန်း .. မင်းတော့လားကွာ .. ၊ ဟေ့ .. ဒီအကာအကွယ်အစီအမံကို ဖွင့်လိုက်စမ်း။ ဒီကောင့်ကို ငါကိုယ်တိုင် သွားသတ်မယ် "
လုမိသားစုခေါင်းဆောင်က ဒေါသတကြီး အော်လိုက်သည်။ သူ့ကိုယ်မှ ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့လညး ထွက်ပေါ်နေပြီး ၎င်းကြောင့် သူ့အနီးနားမှ လူအချို့ပင် အဝေးသို့ လွင့်ထွက်သွားကြသည်။
" သခင်ကြီးလု ၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါဗျာ။ အခုက ထျန်းရှန့်သိုင်းပြိုင်ပွဲ ကျင်းပနေတဲ့ အချိန်ကြီးလေ "
အဘိုးအိုတစ်ယောက် ရှေ့ရောက်လာကာ ပြေရာပြေကြောင်း နှစ်သိမ့်လိုက်သည်။
" ဘာမှ လာပြောမနေနဲ့ ၊ ငါ့ရှေ့က ဖယ်စမ်း။ ထျန်းရှန့်သိုင်းပြိုင်ပွဲတွေ ဘာတွေ စိတ်မဝင်စားဘူး။ အခု ငါ့သားက အသတ်ခံလိုက်ရပြီကွ ။ ဒီကောင့်ကိုလဲ ပြန်သတ်ရမှ ကျေနပ်မယ်။ အစီအမံကို တစ်ယောက်ယောက် လာဖွင့်ပေးစမ်း ၊ လောထျန်းဆိုတဲ့ကာင်ကို ငါကိုယ်တိုင်ဖမ်းပြီး တစ်စစီဖြစ်သွားအောင် လုပ်ပစ်မယ် "
လုမိသားစုခေါင်းဆောင်က ခေါင်းမာစွာ ထပ်ပြော၏။
အဘိုးအို၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွားကာ ပြောသည်။
" သခင်ကြီးလု ၊ ဒီ အစီအမံကို အကြီးအကဲကျိုးကိုယ်တိုင် လုပ်ထားတာဗျ ။ ခင်ဗျား အစီအမံကို ဖွင့်ချင်တာ သေချာရဲ့လား ပြန်စဥ်းစားပါဦး "
သခင်ကြီးကျိုး ၏ နာမည်ကို ကြားလိုက်မှသာ လုမိသားစုခေါင်းဆောင် အနည်းငယ် ပြန်တည်ငြိမ်သွားသည်။
ထို သခင်ကြီးကျိုးသည် ထျန်းရှန့်နိုင်ငံတွင် အားလုံး၏ လေးစားရိုသေမှုကို ရထားသည့်အပြင် ကြောက်မက်ဖွယ်အစွမ်းကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပေသည်။
သူတို့ လု မိသားစုမှာ အင်အားကြီးသည့်တိုင် သခင်ကြီးကျိုးကို လျစ်လျူရှုထားနိုင်သည်အထိ အစွမ်းမထက်သေးပါချေ။
ထပ်ခါတလဲလဲ ပြန်စဥ်းစားပြီး နောက်မှသာ လုမိသားစုခေါင်းဆောင်က ဒေါသကို ချုပ်တီး၍ ပြောလိုက်သည်။
" ကောင်းပြီ ၊ ကျုပ် လောလောဆယ် ခန နောက်ဆုတ်ထားပေးမယ်။ ထျန်းရှန့်သိုင်းပြိုင်ပွဲ ပြီးတဲ့အထိ ကျုပ် စောင့်မယ်။ ပြိုင်ပွဲ ပြီးသွားရင်တော့ သခင်ကြီးကျိုး ကိုယ်တိုင်က လာတားရင်တောင် ကျုပ်တို့ လုမိသားစုက နောက်ဆုတ်ပေးမှာ မဟုတ်ဘူး "
ထိုအချိန်မှသာ အဘိုးအို သက်ပြင်းချနိုင်သွားပြီး ပြော၏။
" ဒါပေါ့ဗျာ ၊ ကျုပ် လက်ခံပါတယ် "
ထျန်းရှန့်သိုင်းပြိုင်ပွဲ ပြီးသွားပါက ၎င်းမှာ လုမိသားစုနှင့် လောထျန်းတို့ နှစ်ယောက်ကြားမှ ကိစ္စဖြစ်သွားလေပြီ။
သူတို့နှင့် ဘာမှ မသက်ဆိုင်တော့ပါချေ။
" လောထျန်း ၊ မင်းကို ငါ နည်းနည်း အသက်ဆက်ရှင်ခွင့် ပေးထားမယ် "
လုမိသားစုခေါင်းဆောသ်က ဒေါသတကြီး ပြောလိုက်သည်။
ထိုစဥ် တိုက်ပွဲကွင်းပြင်အတွင်း၌ ...
" မင်းဒဏ်ရာတွေ အခြေနေ ဘယ်လိုလဲ .. "
လောထျန်းက လုဝမ်ထောင်ဆီမှ ပြန်ယူထားသည့် အဆောင်ကဒ်ပြားကို လင်ကျိုးရန်အား ပေး၍ မေးလိုက်သည်။
" အဆင်ပြေတယ်ဗျ ၊ ကျုပ် ဆက်နေလို့ ရပါသေးတယ် "
လင်ကျိုးရန်မှာ ဒဏ်ရာများကြောင့် နာကျင်နေသည့်ကြားမှ တစ်လုံးချင်း ပြန်ဖြေသည်။
လောထျန်းက သူ့ကိုကြည့်ကာ ပြော၏။
" မင်းက တော်တော်တော့ ခေါင်းမာတာပဲ ။ မင်း ပြိုင်ပွဲထဲမှာ ဆက်နေချင်သေးတယ်ဆိုမှတော့လဲ အရင်ဆုံး ပုန်းစရာ နေရာ အရင်ရှာလိုက်ကွာ။ ငါ ကျန်တဲ့သူတွေကို သွားရှင်းထုတ်လိုက်ဦးမယ်။ မင်း နောက်ဆုံးထိသာ တောင့်ခံထားနိုင်မယ်ဆိုရင် အဆင့် ခြောက် အတွင်း ဝင်စေရမယ်လို့ ကတိပေးတယ်ကွာ "
လင်ကျိုးရန်သည် လုဝမ်ထောင်နှင့် ရင်ဆိုင်နေရစဥ်တွင် ကောင်းကောင်းမွန်မွန် ကြိုးစားတုန့်ပြန်ခဲ့သဖြင့် လောထျန်းက သူ့က်ု ထပ်ကူညီပေးလိုက်ခြင်းပင် ။
" ဟင် ..အဆင့် ၆ အတွင်းဝင်မှာ .. တကယ်ကြီးလား "
လင်ကျိုးရန် အံ့အားသင့်သွားသည်။
သူကဲ့သို့ အရှုံးသမားတစ်ယောက်က ထျန်းရှန့်သိုင်းပြိုင်ပွဲတွင် ထိပ်ဆုံး အဆင့် ၆ အတွင်း ပါလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထင်ခဲ့ဖုးပါ။
" ဒီကြားထဲမှာတော့ အသတ်မခံရအောင် နေပေါ့ကွာ "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် နေရာမှ ရုတ်ချည်း ပြန်ပျောက်ကွယ်သွား၏။
လင်ကျိုးရန်မှာ သူ့နားသူပင် မယုံနိုင်ဘဲ ထိုနေရာ၌ ခေတ္တမျှ ကြက်သေသေနေသည်။
" အဆင့် ခြောက် အတွင်းတဲ့ .. ငါ လုပ်နိုင်မှာ သေချာပါတယ် "
သူက ထိုသို့ တွေးကာ ဓားတစ်လက် ကောက်ယူပြီး သူ့ဘေးမြေကြီးတွင် တွင်းတစ်တွင်း တူးလိုက်သည်။ ထို့နောက် ထိုတွင်းထဲဝင်ကာ သူ့ကိုယ်သူ မြေကြီးများဖြင့် ပြန်ဖုံးထားလိုက်၏။
" ဒီလိုဆို ငါ့ကို ဘယ်သူမှ ရှာတွေ့တော့မှာ မဟုတ်ဘူး ၊ ငါ အဆင့်ခြောက်အတွင်း ဝင်ချင်တယ် "
လင်ကျိုးရန် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။