လူတစ်အုပ်လုံးကို တစ်ချက်တည်းဖြင့် သတ်ခြင်း
Vol. 9 Ch. 120
ပွဲကြည့်စင်ပေါ်မှ လူများမှာ လင်ကျိုးရန်တစ်ယောက် ကိုယ့်ကိုကိုယ် မြေကြီးထဲ မြှုပ်ထားသည်ကို အလင်းတန်းလိုက်ကာမှတဆင့် မြင်သွားကာ အပြစ်တင်ရှုံ့ချလိုက်ကြသည်။
အဘိုးကြီးလင် ကမူ သူ့သား သေတွင်းမှ လွတ်မြောက်သွားသည်ကိုမြင်လိုက်ရသည့်အတွက် သက်ပြင်းချနိုင်သွား၏။
သို့သော် လုမိသားစုအား ရန်စလိုက်သလို ဖြစ်သွားသည့်ကို ဆက်တွေးမိပြီး စိတ် လေးသွားပြန်သည်။
သူ စ်တ်ပူနေစဥ်မှာပင် ပွဲကြည့်စင်တလျှောက် ဆူဆူညံညံ အသံများ ရုတ်တရက် ထွက်လာ၏။
" ဟိုမှာ ကြည့်လိုက်ဦး ၊ ကျင်းဟုန်တောင် က ဝူကျိုး နဲ့ ဟိုင်ယွိနိုင်ငံက ယွိဝမ်ရှို့ တို့နှစ်ယောက် ထိပ်တိုက် တွေ့နေကြပြီ "
လူတစ်ယောက်က အော်လိုက်သည်။
တိုက်ပွဲကွင်းပြင်ထဲတွင် အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့် ယွိဝမ်ရှို့က လက်ထဲတွင် လှံရှည်တစ်လက်ကို ကိုင်လျက် မာထန်စွာ ရပ်နေ၏။
သူနှင့် မျက်နှာချင်းဆိုင်တွင်မူ ဓားရှည်တစ်လက်ကို ကိုင်ထားသည့် ဝူကျိုးကလည်း မျက်နှာမာမာဖြင့် ရပ်နေသည်။
ထို့နောက် .. သူတို့နှစ်ယောက် တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။
ဓားရှည်နှင့် လှံတို့က အလွန်လျင်မြန်စွာ ရွေ့လျားနေကြပြီး အဆင်မပြတ် ထိပ်တိုက်တွေ့နေကြ၏။
" အရင်နှစ်တွေလိုဆိုရင်တော့ ဒီနှစ်ယောက်က သေချာပေါက် ချန်ပီယံနေရာကို လုနိုင်ကြမှာပဲ။ ဒါပေမယ့် ဒီနှစ်က မိုရှတို့ သုံးယောက်အပြင်ကို ဘယ်လောက်အစွမ်းထက်မှန်း သေချာမသိရတဲ့ လောထျန်းလဲ ရှိနေတာ သူတို့ ကံဆိုးတာပေါ့ ။ ဒီလူတွေကြောင့်သာ သူတို့နှစ်ယောက်က ဒုတိယတန်းအဆင့်ကို ရောက်သွားတာ "
အဘိုးအိုတစ်ယောက်က မုတ်ဆိတ်မွေးကို ကိုင်လျက် ပြောလိုက်သည်။
" ဟုတ်တယ်ဗျ ၊ ဒီနှစ် ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ပါရမီရှင်တွေ တော်တော်များတာပဲ "
အခြားတစ်ယာက်ကလည်း ဝင်ထောက်ခံ၏။
သူတို့နှစ်ဦး စကားပြောနေစဥ်မှာပင် တိုက်ပွဲကွင်းပြင်မှ လူငယ်နှစ်ယောက်မှာ သိုင်းကွက်တစ်ရာခန့်မျှ တိုက်ခိုက်ပြီးသွားကြပြီဖြစ်သည်။
ထို့နောက်တွင်မူ ဝူကျိုးက နောက်သို့ ခုန်ဆုတ်လိုက်၏။
" ဘာလဲ ၊ မင်းက အရှုံးပေးပြီလား "
ယွိဝမ်ရှို့က လှံရှည်ကို ကိုင်လျက် ပြောလိုက်သည်။
ဝူကျိုးက ခေါင်းယမ်း၍ ပြန်ပြော၏။
" မင်းနဲ့ ငါ့ရဲ့ အစွမ်းက အတူတူလောက်ပဲကွ။ ဘယ်သူနိုင်မလဲ သိရဖို့ဆိုရင် အနည်းဆုံး သိုင်းကွက် ၈ ထောင်ကျော်လောက် သုံးပြီး တိုက်ခိုက်ရလိမ့်မယ် "
ယွိဝမ်ရှို့လည်း မငြင်းချေ ။
ပြီးခဲ့သည့် တိုက်ပွဲမှ သူ့ပြိုင်ဘက်၏ အစွမ်းနှင့် အားနည်းချက်များကို သူ သိခဲ့ရသည် မဟုတ်ပါလား။
" တကယ်လို့ မင်းနဲ့ ငါသာ တခြားတစ်နေရာမှာ တွေ့တာမျိုးဆိုရင် ငါက ဘာဖြစ်ဖြစ် သေတဲ့အထိကို ဆက်တိုက်ခိုက်မှာပဲ ။ ဒါပေမယ့် အခုက ထျန်းရှန့်သိုင်းပြိုင်ပွဲဆိုတော့ ငါ ထိပ်ပိုင်းနေရာကို ရမှဖြစ်မှာ "
ဝူကျိုးက ပြောပြောဆိုဆို လက်ဝေ့ယမ်းလိုက်ရာ သူ့အနောက်ဘက်မှ လူငယ်ဆယ်ယောက်ကျော် ခုန်ထွက်လာကြသည်။
" အကိုကြီး "
လူငယ်အုပ်က ဝူကျိုးအား ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။
ယွိဝမ်ရှို့ မျက်မှောင်ကြုံ့သွားကာ မေး၏။
" ဝူကျိုး .. ဒါ ဘာအဓိပ္ပါယ်လဲ "
ဝူကျိုးက သူ့အမေးကို ပြန်မဖြေဘဲ ဓားရှည်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ အော်လိုက်သည်။
" အစီအမံကို အသက်သွင်းကြဟေ့ "
ချွင် ..
ချက်ချင်းပင် သူ့နောက်မှ လူငယ်များက ဓားကိုယ်စီထုတ်ကာ နေရာယူလိုက်ကြပြီး အစီအမံကို ပုံဖော်လိုက်ကြသည်။
" ဒီနည်းက မတရားဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် တခြားနည်း မရှိတော့ဘူးကွ ။ ကောင်းကင်ချိုးဖျက် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်ကို ငါ ရမှဖြစ်မှာ။ စိတ်မကောင်းပါဘူးကွာ "
ဝူကျိုးက ေပြာကာ သူ့လူများနှင့်အတူ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
ချွင် ..
အားလုံး၏ ခေါင်းပေါ်၌ ဧရာမဓားအရိပ်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာ၏။
" မင်း .. "
ယွိဝမ်ရှို့၏ မျက်နှာ ချက်ချင်းပျက်သွားသည်။
ထိုဓားအရိပ်တွင် အစွမ်းထက်သော ဓားစိတ်ဆန္ဒ ပါနေပေသည်။
ထိုဓားကို သူ လုံးဝ တားနိုင်လိမ့်မည်မဟုတ်ကြောင်း ယွိဝမ်ရှို့ ချက်ချင်း နားလည်လိုက်၏။
" အခုပဲ အဆုံးသတ်ကြတာပေါ့ကွာ "
ဝူကျိုးက ကျယ်လောင်စွာ အော်လိုက်သည်။ ဓားအရိပ်က ချက်ချင်း အောက်ကျလာ၏။
" သေစမ်းကွာ .. "
ယွိဝမ်ရှို့မှာ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း နေရာမှ လုံးဝ ရွှေ့မရ ဖြစ်နေသည်။
ပြိုင်ဘက်၏ ဓားအစီအမံက အမှန်တကယ် အစွမ်းထက်လွန်းလှပေသည်။
သူ ကူကယ်ရာမဲ့ ဖြစ်နေသဖြင့် လက်ထဲမှ အဆောင်ကဒ်ပြားကိုသာ ချိုးလိုက်ရတော့သည်။
ဝှစ် ..
ထို့နောက်တွင်မူ သူ တိုက်ပွဲကွင်းပြင် အပြင်ဘက်သို့ ချက်ချင်း တည်နေရာရွှေ့ပြောင်းသွား၏။
" ယွိဝမ်ရှို့ ၊ အဆင့် ၈၈ ။ ဆုမီတောင်ကို ဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ် "
ပြိုင်ပွဲအမှတ်စာရင်းသွင်းသူက ပြောလိုက်သည်။
ယွိဝမ်ရှို့၏ မျက်နှာတွင်မူ ဝမ်းသာဂုဏ်ယူဟန် တစိုးတစိမှ ရှိမနေပါ။
" အင်မတန် ကြီးကျယ်မြင့်မြတ်တဲ့ ထျန်းရှန့်သိုင်းပြိုင်ပွဲကြီးပါလား ။ ပြောတော့ တရားမျှတအောင် လူပ်ပေးတယ်ဆိုပြီး ခုကျတော့ ထျန်းရှန့်နိုင်ငံထဲက အင်အားကြီးအဖွဲ့တွေကိုပဲ အသာရအောင် လုပ်ထားပေးတာ ။ တကယ်လို့ ကျုပ်သာ ယွိဝမ်မိသားစုက လူငယ်တွေအားလုံးကို ခေါ်လာနိုင်မယ်ဆိုရင် ခုလို ရှုံးမှာမဟုတ်ဘူး "
ယွိဝမ်ရှို့က ဒေါသတကြီး ပြောလိုက်သည်။
သို့သော် သူ ဒေါသထွက်နေ၍လည်း ဘာမှ မထူးတော့ပါချေ။
တိုက်ပွဲကွင်းပြင်ထဲတွင်မူ .. ယွိဝမ်ရှို့အား အနိုင်ယူလိုက်သည့် ဝူကျိုး၏ မျက်နှာတွင် အပြုံးရိပ်သန်းသွား၏။
" သိပ်ကောင်းတယ် ၊ ငါတစ်ယောက်တည်းရဲ့ အစွမ်းက အစွမ်းအထက်ဆုံး ဟုတ်မနေပေမယ့် ဒီ ဓားအစီအမံနဲ့သာဆိုရင် မိုရှဖြစ်ဖြစ် ၊ ဖုန့်ဖေးရန်ပဲဖြစ်ဖြစ် ဘယ်သူလာလာ အားလုံးကို အနိုင်ယူနိုင်မယ်ဆိုတာ သေချာတယ် "
ဝူကျိုးက ဂုဏ်ယူစွာ ပြာလိုက်သည်။
ထိုအချိန်မှာပင် ...
" အကိုဝူကျိုး ၊ ဟိုကို ကြည့်လိုက်ဦး "
သူ့နောက်မှ လူငယ်လေးတစ်ယောက်က အော်ပြောလာ၏။
" ဟင် "
ဝူကျိုးက သူ ညွှန်ပြသည့်ဘက် ကြည့်လိုက်ရာ သူတို့နှင့် မလှမ်းမကမ်း၌ လူရိပ်တစ်ခု ဖျတ်ခနဲပေါ်လာသည်ကို မြင်လိုက်ရသည်။
" လောထျန်း ပါလား "
ဝူကျိုး၏ မျက်လုံးများ အရောင်လက်သွား၏။
" အားလုံး.. ဓားအစီအမံကို ပုံဖော်ကြဟေ့ "
သူ ချက်ချင်း အော်လိုက်သည်။
" ဟင် .. အကိုဝူ ၊ ကျုပ်တို့ သူ့ကို အခုချက်ချင်း တိုက်ခိုက်ရမှာလား "
လူငယ်က စိုးရိမ်မကင်းစွာ မေးလိုက်သည်။
ဝုကျိုး မျက်မှောင်ကြုံ့သွားကာ ပြန်ပြော၏။
" ဒါပေါ့ကွ ၊ သူက လက်ရှိ ပထမနေရာ ရထားတာ။ ပြီးတော့ သူ့အမှတ်ကလဲ အများကြီးပဲ ။ အခု သူ့ကို အနိုင်ယူလိုက်ပြီးတော့ နောက် ၂ နာရီ မပြည့်မချင်း ဓားအစီအမံနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နေမယ်ဆိုရင် ငါ ပထမနေရာကို သေချာပေါက် ရပြီ "
" ဟုတ် .. ဟုတ်ကဲ့ပါ "
လူငယ်လေးက ခေါင်းညိတ်လိုက်သည်။
" လောထျန်း .. မင်း ဘယ်လိုပဲ အစွမ်းထက်နေပါစေ ၊ ခုတော့ ရှုံးနိမ့်ရတော့မှာပေါ့ကွာ "
ဝူကျိုးက ထိုသို့ပြောကာ ဓားအစီအမံအား အသက်ပြန်သွင်းလိုက်သည်။
ချွှင် ...
ဧရာမဓားအရိပ်ကြီးတစ်ခု ပေါ်လာပြန်၏။
" သတ်ကြဟေ့ "
ကျယ်လောင်သော အော်သံနှင့်အတူ ဓားအရိပ်ကြီးက လောထျန်းပေါ်သို့ ကျလာသည်။
ပွဲကြည့်စင်ပေါ်မှ လူများမှာ ထိုအခြင်းအရာကို ကြည့်ကာ တအံ့တသြ ရေရွတ်လိုက်ကြသည်။
" ဒါ .. လောထျန်းကို တိုက်ရိုက် တိုက်ခိုက်လိုက်တာပဲ။ ဝူကျိုးက တော်တော်လေးတော့ သတ္တိရှိတာပဲကွ ။ ဒီအစီအမံကိုတော့ လောထျန်း တားနိုင်ပါ့မလား မသိဘူး "
" ဟားဟား .. အစောက ယွိဝမ်ရှို့ ဖြစ်ပျက်သွားတာကို မမြင်ဘူးလားကွ ။ သူတောင် ဒီအစီအမံကို လုံးဝ မခံနိုင်ဘဲ ထွက်ပြေးသွားတာလေ။ ဝူကျိုးက အရင်တည်းက ပါရမီရှင်တစ်ယောက်ပဲ ၊ အခု ဒီ ဓားအစီအမံနဲ့ပါ ပေါင်းလိုက်တော့ သူ့သိုင်းကွက်က ထုံရွှယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့တောင် ယှဥ်လို့ရသွားတာပေါ့ကွာ ။ လောထျန်းက သားရဲတစ်ကာင်လို အစွမ်းထက်တယ် ဆိုရင်တောင် အရှုံးပေးပြီး ယွိဝမ်ရှို့လို ထွက်ပြေးရမှာပဲ "
" အင်း ..အဲ့လိုပဲ ဖြစ်မယ်နဲ့ တူပါတယ် "
အားလုံးက သူတို့အမြင်ကို တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ထိုစဥ် တိုက်ပွဲကွင်းပြင်အတွင်း၌ ..
လောထျန်းသည် သားကောင်ရှာနေရင်း ဓားစိတ်ဆန္ဒတစ်ခုကို ရုတ်တရက် ခံစားမိလိုက်၏။
သူ ခေါင်းမော့ကြည့်လိုက်ရာ လေထဲမှ ဓားအရိပ်တစ်ခုက သူ့ကို တိုက်ခိုက်ရန် ကျလာနေသည်ကို မြင်လိုက်ရသည်။
" မင်းတော့ ရှုံးပြီ "
ခပ်လှမ်းလှမ်းမှ ဝူကျိုးက အသံကျယ်ဖြင့် လှမ်းအော်၏။
လောထျန်းက ဓားအရိပ်ကို မျက်လုံးမခွာဘဲ စိုက်ကြည့်လိုက်သည်။
လောထျန်း၏ အကြည့်အောက်တွင် လေထဲမှ ဓားအရိပ်က နှေးသထက် နှေးလာ၏။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
ဝူကျိုး အနည်းငယ် အံ့အားသင့်သွားသည်။ သူ ကြောက်မက်ဖွယ် ဖိအားတစ်ခုအောက်သို့ ရောက်သွားသလိုလဲ ခံစားလိုက်ရ၏။
သို့သော် .. လောထျန်းက သိုင်းကွက်တစ်ခုတလေပင် မသုံးရသေးသည်ကို သူ သေချာ မြင်နေရပေသည်။
သူ နားမလည်နိုင် ဖြစ်နေစဥ်မှာပင် ..
ခွမ်း ..
လေထဲမှ ဓားအရိပ်က ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။
" ဟာ .."
ဝူကျိုး ပို၍ပင် နားမလည်နိုင် ဖြစ်သွားရ၏။
လောထျန်းက မည်သညိ့သိုင်းကွက်မှ မသုံးဘဲ ကြည့်လိုက်ရုံဖြင့်ပင် ဓားအစီအမံကြောင့် ဖြစ်လာသည့် ဓားအရိပ်က ပြိုကွဲသွားရသည်လား ။
၎င်းမှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း ။
" တစ်ဖက်လူက စလာတာကို ပြန်ပြီး မတုန့်ပြန်ရင် ရိုင်းရာကျသွားမှာဆိုတော့ .. ငါ ပြန်လုပ်လိုက်ပါမယ်လေ "
လောထျန်းက ပြောကာ လက်ဖျောက်တစ်ချက် တီးလိုက်သည်။
ဝှစ် ..
စွမ်းအင်လှိုင်းတစ်ခုက ဝူကျိုးဆီသိူ့ ချက်ချင်း တိုးဝင်သွား၏။
လောထျန်းကမူ လက်ဖျောက်တီးပြီးသွားသည်နှင့် နောက်လှည့်၍ ထွက်သွားလိုက်သည်။
" ဟင် .. ဘာတွေ ဖြစ်သွားတာလဲ ။ သူက ထွက်ပြေးသွားတာလား ။ အကို ဝူကျိုး ၊ ကျုပ်တို့တွေ သူ့နောက်ကို လိုက်ရမလား "
လူငယ်လေးတစ်ယောက်က မေးလိုက်သည်
ဝူကျိုးမှာ ထိုတခဏတွင် အံ့သြလွန်း၍ စကားပင် မဆိုနိုင်ဘဲ ဖြစ်နေသည်။ သို့သော် မကြာမီမှာပင် သူ့မျက်နှာ ချက်ချင်းပြောင်းသွားသည်။
" အားလုံး အစွမ်းကုန်သုံးပြီး တိုက်ခိုက်ကြ "
ဝူကျိုးက ဒေါသတကြီး အော်လိုက်သည်။
အားလုံးမှာ မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်သော်လည်း သူတို့ အကိုကြီး၏ စကားအတိုင်း ဓားအစီအမံကို ချက်ချင်း ပုံဖော်လိုက်ကြ၏။
ချွှင် ..
ချက်ချင်းပင် ဓားအရိပ်ကြီး ပေါ်လာပြန်သည်။
သို့သော် ထိုအချိန်မှာပင် ..
ဘုန်း ..
လောထျန်း၏ လက်ချောင်းမှ စွမ်းအင်က အားလုံးရှေ့သို့ ကျလာကာ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီးတစ်ခု လိမ့်တက်လာသည်။
ဓားအရိပ်က ချက်ချင်း ပြိုကွဲသွားပြီး ဝူကျိုးနှင့် အခြားသူများမှာ နောက်သို့ လွင်စင်ထွက်သွား၏။
အွတ် ..အု ..
အားလုံးပင် သွေးများ အန်လိုက်ကြသည်။
" သေစမ်းကွာ "
ဝူကျိုးနှင့် အခြားသူများမှာ မည်သို့မှ မတတ်နိုင်ဘဲ အဆောင်ကဒ်ပြားများကို ချိုး၍ ပြိုင်ပွဲမှ ထွက်လိုက်ရတော့သည်။
" ဝူကျိုး ၊ အဆင့် ၇၃ ။ ဆုမီတောင်ကို ဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ် "
အမှတ်စာရင်းသွင်းသူက ခံစားချက်မပါသည့် မျက်နှာသေဖြင့် ပြောလိုက်သည်။
ထိုစဥ် ဝူကျိုး နံဘေးသို့ ယွိဝမ်ရှို့ရောက်လာပြီး သူ့ပုခုံးကို ပုတ်ကာ လှောင်ပြုံးဖြင့် ကြည့်လိုက်၏။
အခြားတဖက်ရှိ ပွဲကြည့်စင်ပေါ်မှ လူများမှာ အလွန်အံ့သြတုန်လှုပ်သွားကြသည်။
" ဘုရားရေ .. ဒီ လောထျန်းဆိုတဲ့ ကောင်လေးက ဘယ်သူလဲ ၊ ဘယ်ကလဲ ။ သူက ဘာလို့ ဒီလောက်အစွမ်းထက်နေရတာလဲ "
ထိုအချိန်မှသာ လောထျန်းက မည်မျှအစွမ်းထက်ကြောင်း လူများ ရိပ်မိသွားကြ၏။
" ဟိုကို ကြည့်လိုက်ဦး "
လူတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။