အစွမ်းအထက်ဆုံး အဆင့် ၇
Vol. 9 Ch. 126
လောထျန်း၏ မေးခွန်းနှင့် ရင်ဆိုင်နေရသည့် တင်းကျန့်ရှန်က ကြောက်ကြောက်လန့်လန့် ပြန်ဖြေသည်။
" မင်း .. မင်းက အဆင့်တစ်ပါကွာ "
လောထျန်းသည်သာ ပထမဟု သူ ဝန်ခံလိုက်ပါက လောထျန်း ကျေနပ်သွားလိမ့်မည်ဟု သူ ထင်ထားခဲ့၏။
သို့သော် .. လောထျန်းက လက်မြှောက်၍ သူ့ကို ဖမ်းဆုပ်ကာ ကြမ်းပေါ်သို့ ရိုက်ချလိုက်သည်။
လောထျန်းက ရိုက်နေရင်းလည်း ဒေါသတကြီး ပြောနေ၏။
" အဆင့်တစ် ဟုတ်လား ။ ခင်ဗျားကြီးပဲ အဆင့်တစ် လုပ် ၊ ခင်ဗျားတို့ တစ်မိသားစုလုံး အဆင့်တစ်လုပ်ကြ "
ထိုရိုက်ချက်များကြောင့် တင်းကျန့်ရှန်၏ ပါးစပ်ထဲမှ သွေးများ ထွက်ကျလာကာ မေ့လဲကျလုမတတ်ပင် ဖြစ်သွားသည်။
" ခင်ဗျားကို နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးမယ် ။ ကျုပ်က ဘယ်အဆင့်လဲ ထပ်ပြောစမ်း "
လောထျန်းက တင်းကျန့်ရှန်အား သူ့ရှေ့သို့ ဆွဲထူကာ မေးလိုက်ပြန်သည်။
" ပထမအဆင့် မဟုတ်ဘူးဆိုရင် .. ဒုတိယအဆင့်များလား "
တင်းကျန့်ရှန်က တုန်တုန်ယင်ယင် ပြန်ဖြေ၏။
ဤတစ်ကြိမ်တွင်လည်း လောထျန်း ဒေါသထွက်သွားပြန်သည်။
ဘုန်း ..ဘုန်း ..ဘုန်း ...
အနီးနားတဝိုက်မှ ပစ္စည်းအချို့ ကျိုးကြေပျက်စီးသွားပြီးနောက် လောထျန်းက တင်းကျန့်ရှန်အား သူ့မျက်နှာရှေ့ ဆွဲယူကာ မေးလိုက်ပြန်၏။
" နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးဦးမယ်။ ကျုပ်က ဘယ်အဆင့်လဲ ပြော "
တင်းကျန့်ရှန်မှာ ငိုချတော့မလိုပင် ဖြစ်နေသည်။
သူ့ရှေ့မှ လူငယ်က မည်သို့ ဖြစ်နေသည်ကို သူ နားမလည်နိုင်တော့ပါ။
လောထျန်းသည် အစွမ်းအထက်ဆုံး၊ အင်အားအကြီးဆုံး အဆင့်တစ်ဟု ပြောစဥ်က လက်မခံသလို ဒုတိယအဆင့် ဟု ပြောပြန်လျှင်လည်း ဒေါသတကြီး တုန့်ပြန်ခဲ့၏။
သို့ဆိုလျှင် သူက မည်သည့်အဆင့်ကို လိုချင်နေပါသနည်း။
လက်ရှိအခြေအနေအတိုင်းသာ ဆိုပါက လောထျန်း နောက်ထပ် နည်းနည်း ထပ်ရိုက်လျှင်ပင် သူ သေသွားနိုင်ပေသည်။
" ငါ နားလည်ပါပြီကွာ ။ မိုရှကိုရော ကျန်တဲ့သူတွေကိုရော ဝင်မပြိုင်ခိုင်းတော့ပါဘူး။ အရင် ရှိထားတဲ့ အဆင့်အတိုင်းပဲ ငါ လက်ခံပါ့မယ် "
တင်းကျန့်ရှန်က သတိထား၍ပြောကာ လောထျန်းအား ကြည့်လိုက်သည်။
ထိုစကားကို ကြားမှသာ လောထျန်းက နှာမှုတ်၍ တင်းကျန့်ရှန်အား ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။
" ချီးပဲ ၊ ကျုပ်က ခက်ခက်ခဲခဲနဲ့ အမှတ်တွေ တွက်ချက်ပြီး ဒီအဆင့်ရအောင် သေချာလုပ်ထားရတာကို ။ ခင်ဗျားကြီးက အဆင့်ပြောင်းပစ်ချင်တယ်ပေါ့လေ။ သေချင်နေတာလား "
လောထျန်းက ဒေါသတကြီး ဆဲရေးလိုက်သည်။
ထိုအချိန် ကြမ်းပေါ်တွင် လဲကျနေသည့် တင်းကျန့်ရှန်မှာ သူ့တစ်ကိုယ်လုံးမှ အရိုးများ အားလုံးနီးပါး ကျိုးကြေနေပြီး နေရာပင် မရွှေ့နိုင်တော့ချေ။
သူ နောင်တလည်း အလွန်ရနေ၏။
အကယ်၍ လောထျန်းက ဤမျှ ကြောက်စရာကောင်းကြောင်းကိုသာ သူ ကြိုသိခဲ့ပါက ထိုသို့ အလျင်စလို ရန်စမိမည် မဟုတ်ပေ။
" ကဲ ..ခင်ဗျားက ဆုပေးပွဲကို ဆက်လုပ်လေ "
ထိုစဥ် လောထျန်းက အကြီးအကဲစွန်းကို ကြည့်ကာ ပြောလိုက်သည်။
ထိုတခဏတွင် အကြီးအကဲစွန်း၏ မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေ၏။
အစောပိုင်းက အဖြစ်အပျက်ကြောင့် သူ အံ့သြတုန်လှုပ်နေသည်မှာ သိသာပေသည်။
ထျန်းရှန့်နိုင်ငံတွင် အကြီးအကဲ ကျိုး အပြင်၊ တုကျဲ့အဆင့်ရှိသည့် အခြား အစွမ်းထက် ကျင့်ကြံသူများလည်း များစွာ ရှိပါသည်။
သို့သော် အစောက လူနှစ်ယောက်မှာ တိုက်ခိုက်မှုစွမ်းရည်တွင် သူတို့ထျန်းရှန့်နိုင်ငံ၏ အားကိုးရသော ခေါင်မိုးများဟု ဆို၍ ရပေသည်။
ယခုတွင်မူ ထိုနှစ်ယောက်က လောထျန်း၏ သိုင်းကွက်ကိုပင် မခုခံနိုင်ခဲ့ကြပေ။
မည်သို့ ဖြစ်နိုင်ပါမည်နည်း။
" ကောင်းပါပြီ ၊ ဆုပေးပွဲကို ဆက်လုပ်ကြတာပေါ့ "
အကြီးအကဲစွန်းက နဖူးမှ ခွေးများကို သုတ်ကာ ဆက်ပြောလိုက်သည်။
" ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ပထမ ရသွားတဲ့ ချန်ပီယံကတော့ ရွှယ်လင်းလုံပါ "
ထိုသို့ ပြောနေစဥ်အတွင်း အပြစ်မကင်းသကဲ့သို့လည်း သူ ခံစားလိုက်ရ၏။
ရွှယ်လင်းလုံကို ပထမ ပေးလိုက်ရသော်လည်း ယခုပြိုင်ပွဲတွင် အစစ်အမှန် ပထမရသူမှာ မည်သူမှန်း သိသာလှပါသည်။
ကျင့်ကြံခြင်းအဆင့်ကို မကြည့်ဘဲ အစွမ်းတစ်ခုတည်းကိုသာ ကြည့်ပါက ရွှယ်လင်းလုံကဲ့သို့ လူများ အယောက်တစ်ရာ ပေါင်းလိုက်လျှင်ပင် လောထျန်းကို ရိုက်နိုင်မည် မဟုတ်ပေ။
သို့သော် .. တင်းကျန့်ရှန် နှင့် ပိုင်ဖုန့်ပင်တို့ နှစ်ယောက်၏ အခြေအနေကို မြင်မျက်ကြုံလိုက်ရပြီးနောက် မည်သူက အဆင့်ပြောင်းရန် ပြောရဲပါတော့မည်နည်း။
" ပထမနေရာအတွက် ဆုကတော့ ဒီ 'ကောင်းကင်ချိုးဖျက် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်' ဖြစ်ပါတယ်။ ရွှယ်လင်းလုံ စင်ပေါ်တက်ပြီး ဆုလက်ခံပေးပါ "
အကြီးအကဲစွန်းက စကားဆက်လိုက်သည်။
သို့သော် သုံးကြိမ်တိုင်တိုင် အော်ပြောပြီးသည်အထိ ရွှယ်လင်းလုံက နေရာတွင်သာ မလှုပ်မယှက် ရပ်နေ၏။
အကြီးအကဲစွန်းက သူမ ရှိရာဘက် လှည့်ကြည့်လိုက်ရာ နီရဲနေသော မျက်လုံးများဖြင့် လောထျန်းအား စိုက်ကြည့်နေသည့် ရွှယ်လင်းလုံကို မြင်လိုက်ရသည်။
" သူက .. တင်းကျန့်ရှန် နဲ့ ပိုင်ဖုန့်ပင်ကို ငါ့အတွက် တိုက်ခိုက်ပေးခဲ့တာ ထင်တယ်။ ငါ့ကြောင့်သူ မဟုတ်ရင် သူ ပထမနေရာကို စွန့်လွှတ်ပြီး အဆင့် ၇ ကို ဘာလို့ ယူမှာလဲ "
" တိုက်ပွဲကွင်းပြင်ထဲမှာရော .. အခု အပြင်မှာရော .. သူက ငါ့ကို ကာကွယ်ပေးနေတာပဲ "
" သူက ငါနာကျင်သွားတာကို မြင်တာနဲ့ သူ့အစွမ်းကို ထုတ်ပြပြီး ငါ့အတွက် လက်တုန့်ပြန်ပေးခဲ့တာ။ အစောက သူ့ကို သံသယရှိမိတာကိုတောင် နောင်တရတယ်။ သူက ငါ့အပေါ် တကယ်ကို ... "
ရွှယ်လင်းလုံမှာ ထိုသို့တွေးနေရင်း ရင်ထဲတွင် ထိရှသွားကာ မျက်ရည်များ စီးကျနေ၏။
အမှန်တွင် ..လောထျန်းသည် ထိုအတွေးမျိုး လုံးဝမရှိဘဲ အဆင့် ၇ နေရာကိုသာ ရချင်နေခဲ့သော်လည်း ရွှယ်လင်းလုံ၏ ရင်ထဲတွင်မူ စိတ်ကူးယဥ် အချစ်ဝတ္ထုတစ်ပုဒ်ပင် ရေးပြီးသွားခဲ့လေပြီ။
" ရွှယ်လင်းလုံ ..အဆင်ပြေရဲ့လား "
အကြီးအကဲစွန်းက မေးလိုက်သည်။
" ဟင် .. ကျွန်မ ဒီမှာ ရှိပါတယ် "
ရွှယ်လင်းလုံမှာ ထိုအချိန်မှသာ အသိပြန်ဝင်လာပြီး အကြီးအကဲစွန်း ရှိရာဆီသို့ လျှောက်သွား၏။
" ဒါ မင်းအတွက် ဆု ၊ 'ကောင်းကင်ချိုးဖျက် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်'' ပဲ။ ဒီကျင့်စဥ်အကြောင်းကို မင်းလဲ ကြားဖူးထားမှာဆိုတော့ ငါ အသေးစိတ် မရှင်းပြတော့ဘူး။ ပြီးတော့ နောက်သုံးလနေရင် ထျန်းယွမ်အင်ပါယာမှာ ရှိတဲ့ ဆုမီတောင် ဖွင့်လိမ့်မယ်။အဲ့ကျရင် မင်းတို့ ချီရွှယ်နန်းတော်က လူ သုံးယောက် ဝင်ခွင့်ရမယ် "
အကြီးအကဲစွန်းက ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အကြီးအကဲစွန်း "
ရွှယ်လင်းလုံက ပြန်ပြာကာ သိုင်းကျင့်စဥ်စာအုပ်အား လက်နှစ်ဖက်ဖြင့် တလေးတစား ယူလိုက်သည်။ ထို့နောက် သူမသည် စာအုပ်ကို လုံးဝပင် စူးစမ်းမကြည့်ဘဲ သိမ်းထားလိုက်ပြီး လောထျန်းဘက်သို့သာ ဆက်ကြည့်နေ၏။ သူမမျက်လုံးများတွင် မျက်ရည်များလည်း ရစ်ဝဲနေကြသည်။
" ဒုတိယဆုက လင်ကျိုးရန် "
အကြီးအကဲစွန်းက အော်လိုက်သည်။
မျက်နှာတစ်ပြင်လုံး ဒဏ်ရာများဖြင့် ဖူးယောင်နေသည့် လင်ကျိုးရန်က ရှေ့သို့ ထော်နဲ့နဲ့ လျှောက်လာကာ ဆုကို လက်ခံယူ၏။
ထိုမြင်ကွင်းကို ကြည့်နေသော လူအုပ်ထံမှ မကျေမနပ် အော်ဟစ်သံများ ထွက်ပေါ်လာပြန်သည်။
လင်ကျိုးရန်ပြီးနောက် အခြားသူအချို့ ဆုတက်ယူကြသည့် အချိန်တွင်လည်း ထိုအသံများက စဲမသွားချေ။
မကြာမီ လောထျန်းအလှည့် ရောက်လာသည်။
" အဆင့် ခုနစ် ၊ လောထျန်း "
အကြီးအကဲစွန်း၏ စကားဆုံးသည်နှင့် လောထျန်းက ရင်ကော့ကာ ရှေ့တိုးလိုက်သည်။
အကြီးအကဲစွန်းက သူ့လက်ထဲတွင် ကိုင်ထားသည့် သွေးနီစိတ်စွမ်းအင်ပုလဲ ကို လှမ်းပေးကာ ပြော၏။
" ဒါ မင်းအတွက် ဆု "
သွေးနီစိတ်စွမ်းအင် ပုလဲ အား လှမ်းယူလိုက်စဥ်တွင် လောထျန်း မျက်နှာပေါ်၌ အပြုံးရိပ်သန်းသွား၏။
ယခုဆိုလျှင် သူ ကျင့်ကြံခြင်း နောက်တစ်ဆင့်တက်ရန် ပစ္စည်းတစ်ခုသာ လိုပေတော့သည်။
အကြီးအကဲစွန်းကမူ သွေးနီစိတ်စွမ်းအင်ပုလဲ ကို ကြည့်ကာ မျက်မှောင်ကြုံ့နေ၏။
" ဒီ သွေးနီစိတ်စွမ်းအင်ပုလဲ က ရှားတယ် ဆိုပေမယ့် အရမ်းကြီးတော့ အဖိုးမတန်ဘူးကွ။ တခြား ပိုကောင်းတဲ့ ဆုနဲ့ မလဲချင်ဘူးလား "
အကြီးအကဲစွန်းက သတိထား မေးလိုက်သည်။
အကြီးအကဲစွန်းသည် လောထျန်း၏ အစွမ်းကို မြင်တွေ့ရပြီးနောက် သူနှင့် မိတ်ဆွေ ဖြစ်လိုသဖြင့် ထိုမေးခွန်းကို မေးလိုက်ခြင်းပင်။
သို့သော် လောထျန်းကမူ ထိုစကားကို ကြားသည်နှင့် ချက်ချင်း မျက်နှာညိုသွား၏။ လူသတ်အရိပ်အငွေ့များကလည်း သူ့တစ်ကိုယ်လုံးကို ရစ်ပတ်လာသည်။
" ခင်ဗျား ဘာပြောလိုက်တာလဲ "
လောထျန်း မေးလိုက်သည်။
အကြီးအကဲစွန်းမှာ ချကိချင်း ကြောက်လန့်သွားကာ ခပ်မြန်မြန် လက်ယမ်း၍ ပြော၏။
" မဟုတ်ပါဘူးကွာ ၊ ဘာမှမဟုတ်ပါဘူး။ ဒီပုလဲကို ယူသွားပါ။ နောက်သုံးလ နေရင် ဆုမီတောင်ကို မင်းနဲ့အတူ တခြားသူ သုံးယောက်ကို ခေါ်သွားနိုင်တယ် "
လောထျန်း ခေါင်းညိတ်ကာ ဘေးဖယ်လိုက်သည်။
ဤသို့ဖြင့် မကြာမီအချိန်တွင် ဆုများအားလုံး ပေးပြီးသွား၏။ အကြီးအကဲစွန်းက တော်ဝင်မိသားစုကိုယ်စား စကားအနည်းအကျဥ်းပြောကာ အားလုံးကို ပြန်ခွင့်ပေးလိုက်သည်။
ထိုစဥ် ပွဲကြည့်စင် တစ်နေရာတွင် ရှိနေသည့် လုမိသားစုဝင်တစ်ယောက်က မိသားစု ခေါင်းဆောင်အား တီးတိုးမေး၏။
" ခေါင်းဆောင်ကြီး ၊ ဆုပေးပွဲလဲ ပြီးသွားပြီဆိုတော့ ကျုပ်တို့ တိုက်ခိုက်လိုက်ရတော့မလား "
ဖုန်း ..
လုမိသားစုခေါင်းဆောင်က ထိုလူ၏ ခေါင်းကို ရိုက်ချလိုက်သည်။
" အရူးကောင် ၊ မင်းက သေဖို့ လမ်းရှာနေတာလား "
သူ ဒေါသတကြီး ပြော၏။
အစောကလေးတင် လောထျန်း၏ အစွမ်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်ဖြစ်ရာ ယခု အဘယ့်ကြောင့် ထိုမေးခွန်းမျိုး မေးနေရသေးသနည်း။
ထိုမေးခွန်းမှာ တုံးအလှပေသည်။
" ဒါဆို .. ဒီတိုင်း လက်လွတ်ပေးလိုက်မယ်ဆိုတဲ့ အဓိပ္ပါယ်လား "
အခြား လုမိသားစုဝင်တစ်ယောက်က တအံ့တသြ မေးလိုက်သည်။
လုမိသားစုခေါင်းဆောင်က သုန်မှုန်နေသော မျက်နှာဖြင့် ပြန်ဖြေ၏။
" ဒီကောင်လေးမှာ ဘယ်လို လျှို့ဝှက်ချက်မျိုး ရှိနေလဲတော့ ငါ မသိဘူး။ ဒါပေမယ့် သူ့အစွမ်းက တုကျဲ့အဆင့်မှာ ရှိတာ သေချာတယ်ကွ။ ဒီတော့ လောလောဆယ် လုဝမ်ထောင်အတွက် လက်တုန့်ပြန်ဖို့ လုံးဝ မဖြစ်နိုင်သေးဘူး။ အရင်ဆုံး ငါ့ ညီမကို ရှာမှ ရမယ် ။သူက ထျန်းယွမ်အင်ပါယာမှာဆိုတော့ နည်းလမ်းတစ်ခုခု ရှာနိုင်မှာပဲ "
လုမိသားစုခေါင်းဆောင်က ထိုသို့ ပြောပြီးသည်နှင့် အင်္ကျီလက်အိုးထဲမှ အသံလွှင့်အဆောင်ကို ထုတ်ယူလိုက်သည်။
ထိုစဥ် ပြိုင်ပွဲ ကျင်းပခဲ့သော ခန်းမအပြင်ဘက်တွင် လောထျန်းနှင့် သူ့မိတ်ဆွေများ စုဝေးနေကြ၏။
" အကိုလောထျန်း ၊ အခု ဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ "
ပိုင်ထျန်းယွိက မေးလိုက်သည်။
လောထျန်းက ပြန်ဖြေ၏။
" ငါ အိမ်ကနေ ထွက်လာတာ ကြာပြီဆိုတော့ အခုလောလောဆယ် အိမ်ကိုပဲ အရင်ပြန်ချင်နေပြီ။ အိမ်မှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေပြီလဲ သွားကြည့်ရဦးမယ် "
ပိုင်ထျန်းယွိက အနည်းငယ် စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ပြောသည်။
" အဲ့လိုလား .. ကျုပ်က အကို့ကို ဒီမှာ နောက်ထပ် ရက်နည်းနည်းလောက် ဆက်နေစေချင်သေးတာဗျ။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲလေ။ ဒါဆို နောက်သုံးလနေမှ ပြန်တွေ့ကြတာပေါ့ "
ထို့နောက်တွင်မူ ပိုင်ထျန်းယွိတို့ သုံးယောက်က လောထျန်းအား နှုတ်ဆက်စကားဆိုကာ ဝမ်ပေါင်မျှော်စင်သို့ ဦးတည်သွားလိုက်ကြသည်။
ပြိုင်ပွဲမစခင် သူတို့သုံးယောက် လောင်းကြေးထပ်ထားသည့် ကိစ္စတစ်ခု ရှိသေးသည် မဟုတ်ပါလား ။
ဤတစ်ကြိမ် သူတို့ ထောသွားလေပြီ ။
ထိုသုံးယောက် ထွက်ခွာသွားပြီးနောက် လောထျန်း မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။
" ဆက်ပုန်းမနေနဲ့တော့ ၊ ထွက်လာခဲ့ "
စာစဉ်ပြီး၏