ငါတို့နဲ့ အဆင့်တူ ပါရမီရှင် တဲ့လား ?
Vol. 9 Ch. 121
လူများအားလုံး အလင်းတန်းလိုက်ကာကို ကြည့်ကာ အံ့အားသင့်သွားကြပြန်သည်။
" ဒီနှစ်ယောက် နောက်ဆုံးတော့ မျက်နှာချင်းဆိုင် တွေ့ကြပြီပေါ့ကွာ "
လူတစ်ယောက်က အော်ပြောလိုက်သည်။
ထိုစဥ် တိုက်ပွဲကွင်းပြင်ထဲ၌ မိုရှ နှင့် ဖုန့်ဖေးရန်တို့ နှစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြ၏။
သူတို့ကြားတွင် ပေတစ်ရာခန့် ကွာဝေးသော်လည်း တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေသည့် အကြည့်ကြောင့် ပတ်ဝန်းကျင်လေထုတစ်ခုလုံး အလွန် တင်းမာနေသည်။
" ဖုန့်ဖေးရန် ၊ မဟူရာလေပြင်းတောင်က သားရဲပြောခဲ့သလို မင်းမှာ ငါ့ကို ချက်ချင်းသတ်ပစ်နိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ ငါတော့ မယုံဘူးကွ "
မိုရှက စိတ်ထဲမှ ပြောလိုက်သည်။ သူ့ကိုယ်မှ ထွက်ပေါ်နေသည့် ကိုယ်အရောင်အဝါက အလွန်ကြောက်မက်ဖွယ် ကောင်းနေ၏။
တစ်ဖက်တွင်လည်း ..
" မိုရှ ၊ မင်း အဲ့လောင်အစွမ်းထက်တယ်ဆိုတာ ငါ မယုံဘူး "
ဖုန့်ဖေးရန် တွေးလိုက်သည်။ သူ့ခါးတွင် ချိတ်ဆွဲထားသည့် ဓားရှည်မှာ သူ့သခင်၏ အတွေးကို သိနေသည့်အလား တုန်ခါနေ၏။
ဝုန်း ..
ထို့နောက် .. သူတို့နှစ်ယောက်လုံး တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
" အစွမ်းကုန် သုံးပြီးတော့သာ တိုက်ခိုက်ပါ ၊ မင်းရဲ့အစွမ်းကို ဖုံးကွယ်မထားနဲ့ "
သူတို့နှစ်ယောက် တပြိုင်တည်းလိုလို အော်လိုက်ကြသည်။
ဘုန်း .. ဘုန်း .. ဘုန်း ..
ထိုနှစ်ယောက်မှာ မြေကြီးပေါ်တိုက်လိုက် ၊ လေထဲသို့ ရောက်သွားလိုက် ဖြစ်နေပြီး အသည်းအသန် တိုက်ခိုက်နေကြ၏။
မြေပြင်တွင်ပင် အက်ရာတစ်ခု ရုတ်ချည်း ပေါ်လာပြီး ဖုန်မှုန့်များနှင့် မြေစိုင်များ ပြန့်ကျဲသွားသည်။
ပွဲကြည့်စင်ပေါ်မှ လူများမှာ ထိုမြင်ကွင်းကို မျက်တောင်ပင်မခတ်နိုင်ဘဲ ကြည့်နေကြပြီး အကြီးအကဲ အချို့ဆိုလျှင် သက်ပြင်းများပင် ချလိုက်ကြသည်။
" အင်း .. ဒီလူငယ်လေးတွေက တကယ့် ပါရမီရှင်တွေပဲ ။ သူတို့နှစ်ယောက်ရဲ့အစွမ်းက ယွိဝမ်ရှို့နဲ့ ဝူကျိုးတို့ထက် အများကြီးသာတယ် "
" ဒါတောင် သူတို့နှစ်ယောက်လုံးက ခုမှ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့် မှာပဲ ရှိသေးတာ။ ဒီနှစ်ယောက် အရွယ်ရောက်သွားရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်ကြမလဲ မသိဘူး "
" တခြားဟာတော့ မသေချာမပြောနိုင်ပေမယ့် ဒီနှစ်ယောက်က တုကျဲ့အဆင့်ကို ရောက်နိုင်ကြမှာတော့ သေချာတယ် "
လူအုပ်ကြီး ချီးကျူးနေစဥ်တွင် တိုက်ပွဲကွင်းပြင်ထဲမှ လူနှစ်ယောက်မှာ တစ်ဟောက်ကိုတစ်ယောက် သင်္ကာမကင်း ဖြစ်လာကြ၏။
" ဟေ့ ဖုန့်ဖေးရန် ၊ ငါ မင်းအကြောင်းကို အကုန် သိထားပြီးပြီ။ မင်းအစွမ်းကို ဖုံးကွယ်မနေနဲ့ "
မိုရှက နောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်ကာ ကျယ်လောင်စွာ အော်လိုက်သည်။
" အစွမ်းကို ဖုံးကွယ်ထားတာက မင်း မဟုတ်ဘူးလားကွ ။ မင်းက အစွမ်းနည်းနည်းပဲ သုံးပြီး တိုက်ခိုက်နေတာ ၊ ဘာလဲ .. ငါ့ကို အထင်သေးလား "
ဖုန့်ဖေးရန်ကလည်း မကျေမနပ် ပြန်ပြော၏။
သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ထပ်မံတိုက်ခိုက်လိုက်ကြပြန်သည်။
ဤသို့ဖြင့် အချိန်တိုအတွင်းမှာပင် သိုင်းကွက် သုံးရာကျော်ခန့် သုံးပြီးသွား၏။ သို့သော် မည်သူက လက်ရည်သာသည်ကိုမူ ပြောရန် ခက်ခဲနေဆဲဖြစ်သည်။
ထိုသို့ ဖြစ်နေလေလေ ၊ သူတို့ နှစ်ယောက် ဒေါသပိုထွက်လာလေလေပင်။
သူတို့ နှစ်ဦးလုံးသည် တဖက်လူက အစွမ်းထက်နေရက်နှင့် တမင်တကာ အစွမ်းကို ထုတ်မသုံးဘဲ ထားသည်ဟု တွေးထင်နေကြကာ ဒေါသထွက်နေကြခြင်းဖြစ်သည်။
သူတို့နှစ်ဦး တိုက်ခိုက်နေစဥ်မှာပင် သူတို့နှင့် အတော်အတန် ဝေးသော နေရာ၌ လောထျန်း ပေါ်လာ၏။
" ဟိုနားမှာ လူတွေ တိုက်ခိုက်နေကြတာပဲ ၊ သွားကြည့်လိုက်ဦးမယ် "
လောထျန်းက ထိုသို့တွေးကာ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူ အစောက ရပ်နေခဲ့သည့် နေရာတွင်မူ လူငယ် နှစ်ဆယ်ကျော်ခန့် အတုံးအရုံး သတိမေ့လဲကျနေကြ၏။
ဝှစ် ..
စက္ကန့်ပိုင်းလေးအတွင်းမှာပင် လောထျန်းက မိုရှတို့နှစ်ဦး တိုက်ခိုက်နေသည့် နေရာ၌ ပြန်ပေါ်လာသည်။
" ဟင် .. "
တိုက်ခိုက်နေသည့် လူနှစ်ယောက်လုံးပင် လောထျန်းရှိနေသည်ကို တစ်ချိန်တည်း သတိထားမိသွားကြ၏။
သူတို့နှစ်ယောက်လုံး နောက်သို့ ခြေလှမ်းအနည်းငယ်စီ ဆုတ်ကာ လောထျန်းအား ကြည့်လိုက်ကြသည်။
" မင်းက လောထျန်းလား "
ဖုန့်ဖေးရန်က လောထျန်းအား မျက်နှာတည်ဖြင့် စိုက်ကြည့်လိုက်သည်။
" ဟီး ဟီး .. ပါရမီရှင် လေးယောက်ထဲက သုံးယောက်က ခုလို အတူတူ လာဆုံကြလိမ့်မယ်လို့ ထင်တောင် မထင်ထားမိဘူး။ အင်း .. ငါတို့ သုံးယောက်ထဲက ဘယ်သူအနိုင်ရမယ်ဆိုတာ အချိန်တိုနဲ့တော့ မသိနိုင်လောက်ဘူးထင်တယ် "
မိုရှက လောထျန်းအား စိတ်လှုပ်ရှားနေသည့် မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
ထိုစကားကြောင့် လောထျန်း စိတ်ရှုပ်သွား၏။
" ပါရမီရှင် လေးယောက်ထဲက သုံးယောက် .. ဟုတ်လား "
သူ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ ထိုနေရာတဝိုက်တွင် သူတို့သုံးယောက်တည်းသာ ရှိနေသည်ကို တွေ့လိုက်ရသည်။
" မင်းက ငါ့ကို ပြောတာလား "
လောထျန်း တအံ့တသြ ပြန်မေး၏။
မိုရှက သူ ဖြစ်ပျက်သွားသည့် မျက်နှာကို ကြည့်ကာ ရယ်လိုက်သည်။
" လောထျန်း .ကိုယ့်ကိုကိုယ် အစွမ်းနိမ့်တယ်လို့ ထင်မနေနဲ့ကွ ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နည်းနည်းနိမ့်တယ် ဆိုပေမယ့် မင်းရဲ့အစွမ်းက ငါတို့နဲ့ အဆင့်တူတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေပြီ "
လောထျန်း ရုတ်တရက် ဘာပြန်ပြောရမည်မသိ ဖြစ်သွားသည်။
" မင်းနဲ့ ငါနဲ့ .. အဆင့်တူတယ်လို့ ပြောလိုက်တာလား "
မိုရှက ခေါင်းညိတ်ပြကာ ပြန်ပြော၏။
" ဒါပေါ့ကွ ၊ ကိုယ့်ကိုကိုယ်ယုံကြည်ချက် ရှိစမ်းပါကွာ။ မင်းက ပါရမီရှင်ဖြစ်ဖို့ အရည်အချင်း ပြည့်တဲ့သူပဲ "
ထိုစဥ် ဖုန့်ဖေးရန်ကလည်း သူ့ဓားကို ချွင်ခနဲ ထုတ်ကာ လောထျန်းကို ဓားဖြင့်ရွယ်၍ ပြောလိုက်သည်။
" မင်းက ဒီရောက်နေပြီဆိုမှတော့ ငါတို့နဲ့အတူ လာပြီး တိုက်ခိုက်လေ ။ မင်းရဲ့ တိုက်ပွဲဝင်သားရဲကိုရော ခေါ်လိုက်ပါဦး။ မင်းက ဘယ်လောက်အစွမ်းထက်တဲ့ သားရဲထိန်းချုပ်သူလဲဆိုတာ ငါ စိတ်ဝင်စားတယ် "
ထိုသို့ ပြောလိုက်စဥ်တွင် ဖုန့်ဖေးရန်၏ မျက်လုံးထဲ၌ တိုက်ခိုက်လိုသည့် အငွေ့အသက်များ အပြည့်ရှိနေ၏။
ထိုမြင်ကွင်းကို ပွဲကြည့်စင်ပေါ်မှ လူများအားလုံးလည်း အလင်းတန်းလိုက်ကာမှတဆင့် မြင်နေရသည်။
" ဘုရားရေ ..ပြိုင်ပွဲစတာ ဆယ့်ငါးမိနစ်တောင် မရှိသေးဘူး ၊ ခုလို စိတ်ဝင်စားစရာကောင်းတဲ့ တိုက်ပွဲမျိုး ကြည့်ရတော့မှာပါလား "
" မိုရှ နဲ့ ဖုန့်ဖေးရန် တို့ နှစ်ယောက်တည်းနဲ့တောင် တော်တော်စိတ်ဝင်စားစရာ ကောင်းနေပြီ။ အခု သူတို့နဲ့ အဆင့်တူတဲ့ လောထျန်းပါ ထပ်ရောက်လာတာဆိုတော့ .. ဒီပွဲကို အလွတ်ခံလို့ မဖြစ်ဘူး "
" ဘယ်သူနိုင်လောက်လဲ ခန့်မှန်းကြည့်ပါဦး "
" မပြောတတ်ဘူးကွ ၊ ငါထင်တာတော့ သူတို့ သုံးယောက်ရဲ့အစွမ်းက အတူတူပဲနဲ့ တူတယ်။ ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တိုက်ခိုက် ၊ အနိုင်ရသူကို သိရဖို့ဆို အနည်းဆုံး သိုင်းကွက် တစ်ထောင်ကျော်လောက် သုံးရမယ်နဲ့တူတယ် "
" ဒီတိုက်ပွဲက တော်တော်စိတ်ဝင်စားစရာ ကောင်းတာပဲ "
လူအုပ်ကြီး မရိုးမရွ ဖြစ်နေကြသည်။
ထိုစဥ် .. တိုက်ပွဲကွင်းပြင်တွင် ..
လောထျန်းက သူ၏ တိုက်ပွဲဝင်သားရဲအား မခေါ်ဘဲနေသည်ကို မြင်သောအခါ ဖုန့်ဖေးရန်၏ နဖူးကြောများ ထောင်သွားပြန်၏။
" ချီးကွာ .. မိုရှက ငါ့ကို အစွမ်းကုန်သုံးပြီး မတိုက်ခိုက်ချင်တာကို ငါ နားလည်သေးတယ် ၊ အခု မင်းကပါ အဲ့လို လာလုပ်နေပြန်ပြီ ။ မင်းတို့ နှစ်ယောက်လုံးက ငါ့ကို အထင်သေးကြတာပဲ "
ဖုန့်ဖေးရန်က မကျေမနပ် ပြောလိုက်သည်။
" ကောင်းပြီလေ ၊ အဲ့လိုဆိုမှတော့လဲ မင်းတို့တွေ အစွမ်းအပြည့် ထုတ်သုံးအောင် ဖိအားပေးရတော့မှာပေါ့ "
သူ ဒေါသတကြီး ဆက်ပြော၏။
" လောထျန်း .. လာတိုက်ခိုက်ပါ "
ဖုန့်ဖေးရန်က ပြောကာ ဓားပေါ်တွင် ပျံသန်းပြီး လောထျန်းဆီသို့ တဟုန်ထိုး တိုးဝင်သွားလိုက်သည်။
ချွှင် .. ချွှင် .. ချွှင် ..
တစ်ချိန်တည်းမှာပင် သူ့အနောက်ဘက်၌ ဓားအရိပ် ဆယ်ခုကျော် တမဟုတ်ချင်း စုစည်းလာပြီး သူနှင့် တစ်သားတည်း ပေါင်းစပ်သွား၏။ သူကိုယ်တိုင်က ဓားတစ်လက် ဖြစ်နေသလို ဓားကလည်း သူကိုယ်တိုင်ပင် ဖြစ်နေတော့သည်။
လူသား နှင့် ဓား တစ်သားတည်း ဖြစ်သွားလေပြီ။
" ဒါ .. တော်တော်အစွမ်းထက်တဲ့ အကွက်ပါလား "
၎င်းကို မြင်သောအခါ မိုရှ အံ့အားသင့်သွားရသည်။
ယခု ဖုန့်ဖေးရန် သုံးလိုက်သည့် အကွက်မှာ အစောက သူနှင့် တိုက်ခိုက်စဥ် သုံးခဲ့သည့် သိုင်းကွက်များထက်ပင် များစွာပို၍ အစွမ်းထက်နေပေသည်။
ရက်စက်ခက်ထန်သည့် သူသည်ပင် ထိုသိုင်းကွက်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲပါချေ။
တဖက်မှ လောထျန်းကမူ သူ့ဆီသို့ တိုးဝင်လာသည့် ဖုန့်ဖေးရန်ကို ကြည့်ကာ မျက်မှောင်ကြုံ့ပြီး အနည်းငယ် ဆဲရေးလိုက်သည်။ ထို့နောက် သူ့လက်တစ်ဖက်ကို အသာအယာမြှောက်၍ ရိုက်လိုက်၏။
ဘုန်း ..
လေထဲတွင် ရှိနေသည့် ဖုန့်ဖေးရန်မှာ မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ခင်မှာပင် ကြောက်မက်ဖွယ် အစွမ်းတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။
ဝှစ် ..
ထိုသိုင်းကွက်က အစွမ်းထက်လွန်းလှသဖြင့် ဖုန့်ဖေးရန်တစ်ယောက် သူတို့၏ မြင်ကွင်းမှ မျက်တောင်တစ်ခတ်အတွင်းပင် ပျောက်ကွယ်သွားတော့၏။
" ဟင် .. "
ထိုမြင်ကွင်းကို ကြည့်နေသည့် မိုရှမှာ အလွန်အံ့အားသင့်ကာ ဆွံ့အသွားရသည်။
ဘာတွေ ဖြစ်နေပါသနည်း ။
သူနှင့် တန်းတူ အစွမ်းထက်သော ဖုန့်ဖေးရန်က လောထျန်း၏ လက်တစ်ချက်တည်းဖြင့် အနိုင်ယူခြင်းကို ခံလိုက်ရသည်လား ...
ခေတ္တကြာသွားပြီးမှသာ မိုရှရုတ်တရက် အသိပြန်ဝင်လာ၏။
" ဒါ .. ဟို နတ်ဆိုးသားရဲ ပြောတဲ့ ငါ့ထက်အများကြီး အစွမ်းထက်တယ် ဆိုတဲ့သူက ဖုန့်ဖေးရန်မဟုတ်ဘဲ လောထျန်းကိုပြောတာ ဖြစ်နေမလား "
သူ လောထျန်းကို ကြည့်နေရင်း မဟူရာလေပြင်းတောင်မှ ကောင်းကင်ထိန်းချုပ်အဆင့် နတ်ဆိုးသားရဲ ပြောခဲ့သည့် စကားကို သတိရသွားသည်။ ယခုမှသာ အခြေအနေကို သူ နားလည်သွားတော့၏။
" ငါ .. မှားသွားတာပဲ "
ထိုတခဏတွင် မိုရှ ၏ နဖူးတစ်ပြင်လုံး ဇောချွေးများ ပြန်လာသည်။
ထိုအချိန်မှာပင် လောထျန်းက မိုရှကို ကြည့်ကာ ပြော၏။
" မင်း ခုနတုန်းက ငါ့ကို မင်းနဲ့ အဆင့်တူတူပဲလို့ ပြောခဲ့တာ မဟုတ်လား "
မိုရှ တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ အမြန် ပြန်ပြောလိုက်သည်။
" ဒါ .. ဒါက .. "
သူ့စကား မဆုံးခင်မှာပင် လောထျန်းက သူ့ကို ကြည့်ကာ ရိုက်လိုက်ပြန်သည်။
ဘုန်း ..
ထို့နောက်တွင်မူ မိုရှသည်လည်း နောက်သို့ လွင့်ထွက်သွားကာ မြေကြီးပေါ်သို့ ကျသွား၏။
" အင်း .. လူ သုံးဆယ်လောက် ကျန်သေးတာပဲ "
လောထျန်းက လေထဲရှိ အလင်းတန်းလိုက်ကာပေါ်မှ စာရင်းကို မော့ကြည့်ကာ ပြောလိုက်သည်။
" ကဲ .. ပြိုင်ပွဲကို မြန်မြန်ပဲ အဆုံးသတ်လိုက်ကြတာပေါ့ "
လောထျန်းက ထိုသို့တွေးကာ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်သည်။
ချက်ချင်းပင် တိုက်ပွဲကွင်းပြင်ထဲ၌ ရှိနေကြသော လူများအားလုံး၏ တည်နေရာများက သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်လာ၏။
" ဘေးကနေပဲ စလိုက်မယ် "
ထို့နောက်တွင်မူ လောထျန်း၏ ပုံရိပ်က နေရာမှ ရုတ်ချည်း ပြန်ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် တိုက်ပွဲကွင်းပြင် တစ်နေရာ၌ နှင်းများ ကျနေ၏။
" ရှင်တို့တွေ ခုတည်းက အရှုံးပေးပြီး ပြိုင်ပွဲကနေ ထွက်သွားသင့်တယ်နော်။ မဟုတ်ရင်တော့ ကျွန်မ တိုက်ခိုက်ရင် ရှင်တို့တွေ ဒဏ်ရာကြီးကြီး ရသွားနိုင်တယ် "
ကြာပွင့်ပေါ်တွင် မတ်တပ်ရပ်နေသည့် ရွှယ်လင်းလုံက သူမရှေ့မှ လူများကိုကြည့်ကာ ပြောလိုက်သည်။
သူမဘေးပတ်လည်တွင် ရေခဲချွန်များ များစွာ ရှိနေပြီး တစ်ခုနှင့်တစ်ခု ရောယှက်နေကြ၏။
ထိုရေခဲချွန် အချို့၏ အတွင်းထဲတွင် လူများ အေးခဲနေသည်ကိုလည်း မြင်နိုင်ပေသည်။
" တောက် .. ဒါ ပါရမီရှင်တွေရဲ့ အစွမ်းလား .. ။ သူတို့တွေက ငါတို့ရဲ့ ထောင်ချောက်ထဲ ကျလာပေမယ့် နောက်ဆုံးတော့လဲ ငါတို့ပဲ ရှုံးသွားရတာပဲ "
သူမရှေ့မှ မိန်းမငယ်လေးတစ်ယောက်က အံကြိတ်ကာ ပြောသည်။
ရွှယ်လင်းလုံက သူမကို အေးစက်စက်ကြည့်ကာ ပြော၏။
" ငါ နင့်ကို အချိန် သုံးစက္ကန့်ပေးမယ်။ သုံးစက္ကန့်ပြည့်သွားရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်ပါနဲ့ "
" တစ် .. နှစ် ... "
ရွှယ်လင်းလုံက တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် ..
ဝုန်း ..
အရိပ်မည်းတစ်ခုက သူမရှေ့တွင် အလွန်လျင်မြန်သောအရှိန်ဖြင့် ပေါ်လာ၏။