← Chapters

ယင်ကောင်များကို ရိုက်နေသကဲ့သို့ ..

Vol. 9 Ch. 122

ယင်ကောင်များကို ရိုက်နေသကဲ့သို့ ..

Vol. 9 Ch. 122

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

အားလုံး အံ့အားသင့်သွားကြသည်။

ရွှယ်လင်းလုံ ခေါင်းငုံ့ကြည့်လိုက်ရာ အရိပ်မည်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။

" ဖုန့်ဖေးရန်ပါလား .. ဘာလို့ ဒီကို ရောက်လာတာလဲ။ ရှင့် ဒဏ်ရာတွေကရော ဘယ်လိုဖြစ်ပြီး ရသွားတာလဲ၊ မိုရှ လက်ချက်ကြောင့်လား  "

ရွှယ်လင်းလုံက အံ့သြတကြီး မေးလိုက်သည်။

ဖုန့်ဖေးရန်၏ အစွမ်းမှာ သူမနှင့် တန်းတူလောက် ရှိပေသည်။

သူက သူမထက်ပင် အနည်းငယ် ပိုသာနိုင်သေး၏။

ထိုသို့သော လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်သူမှာ မည်သူပါနည်း။

" မိုရှကြောင့် မဟုတ်ဘူး ၊ လောထျန်း လုပ်လိုက်တာ "

ဖုန့်ဖေးရန်က တုန်တုန်ယင်ယင် ပြန်ဖြေသည်။

" ဘယ်လို .. လောထျန်းကြောင့် ဟုတ်လား ..။ သူက အဲ့လောက်တောင် အစွမ်းထက်တာလား။ သူနဲ့အတူ ပါလာတဲ့ တိုက်ပွဲဝင်သားရဲကြောင့်လား "

ရွှယ်လင်းလုံ ထပ်မေးလိုက်သည်။

အကယ်၍ လောထျန်းက ပြိုင်ပွဲသို့ ကောင်းကင်ထိန်းချုပ်အဆင့် နတ်ဆိုးသားရဲတစ်ကောင် (သို့မဟုတ်) ထုံရွှယ်အဆင့် သားရဲတစ်ကောင် ခေါ်လာသည် ဆိုလျှင်ပင် သူမ နားလည်နိုင်မည်ဖြစ်သည်။

သို့သော် .. ဖုန့်ဖေးရန်က ခေါင်းယမ်း၍ ပြန်ပြော၏။

" မဟုတ်ဘူး ၊ သူက ဒီတိုင်း လက်နဲ့ တစ်ချက်တည်း ရိုက်လိုက်တာ ။ သူ ဘယ်လိုလုပ်လိုက်တယ်ဆိုတာတောင် ကျုပ် သေချာတောင် မမြင်လိုက်ရဘူး။  ပြီးတော့ မိုရှလဲ ကျုပ်လိုပဲ အရိုက်ခံလိုက်ရတယ် ထင်တယ် "

" ဟင် .. "

ရွှယ်လင်းလုံ အလွန်အံ့အားသင့်ကာ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားသည်။

လောထျန်းက ပါရမီရှင် နှစ်ယောက်ကို စက္ကန့်ပိုင်းလေးအတွင်း လက်ချည်းသက်သက်ဖြင့် အနိုင်ယူခဲ့သည်တဲ့လား ။

လောထျန်းက မည်သို့သော လူပါနည်း။

" ကျုပ်တော့ ဆက်မခံနိုင်တော့လို့ ပြိုင်ပွဲက အရင် ထွက်တော့မယ်ဗျာ။ ကျုပ် မသွားခင် မင်းကို အကြံတစ်ခုတော့ ပေးခဲ့ချင်တယ်။ သူနဲ့ ဘယ်တော့မှ မတိုက်ခိုက်နဲ့နော် "

ဖုန့်ဖေးရန်က အံကြိတ်၍ ပြောကာ အဆောင်ကဒ်ပြားအား ချိုးလိုက်သည်။ ထို့နောက် သူ ပြိုင်ပွဲကွင်းပြင် အပြင်ဘက်သို့ ရောက်သွားတော့၏။

သူရထားသည့် ဒဏ်ရာများက အလွန်ပြင်းထန်လှရာ အပြင်ထွက်၍ မကုသလျှင် သူ ဒုက္ခရောက်သွားနိုင်ပေသည်။

" လောထျန်း .. "

ကျန်ခဲ့သည့် ရွှယ်လင်းလုံမှာ ဖုန့်ဖေးရန် ပြောသွားသော စကားများကို ပြန်စဥ်းစားကာ မျက်နှာပျက်သွား၏

ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ လူရိပ်တစ်ခု ပြေးဝင်လာသည့်အတွက် ရွှယ်လင်းလုံ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

" နှင်းနတ်သမီးလေး .. စိတ်အေးအေးထားပါဗျာ ။ ကျုပ် မင်းကို တိုက်ခိုက်ဖို့ လာတာ မဟုတ်ဘူး "

ခပ်လှမ်းလှမ်းမှ လူတစ်ယောက်က လှမ်းအော်သည်။

ရွှယ်လင်းလုံက ထိုလူကို မျက်မှောင်ကြုံ့ ကြည့်ကာ မေး၏။

" ဘာကိစ္စ ရှိလို့လဲ "

ထိုလူက ခေတ္တမျှ အမောဖြေနေပြီး နောက်မှသာ ပြန်ဖြေသည်။

" နှင်းနတ်သမီးလေး .. လောထျန်းကိစ္စကို ကြားလိုက်မှာပေါ့ "

ရွှယ်လင်းလုံ ခေါင်းညိတ်ပြလိုက်သည်။

" နှင်းနတ်သမီးလေး ..လောထျန်းဆိုတဲ့ကောင်က ကြောက်စရာ ကောင်းလွန်းတယ်ဗျ။ ဒီတိုင်းသာ ဆက်သွားရင် ကျုပ်တို့တွေအားလုံး ရှုံးမှာ သေချာတယ်။ ယဲ့ဖုန်းနိုင်ငံကလာတဲ့ လူတစ်ယောက်က ထိပ်ဆုံးနေရာကို ရသွားရင် ကျုပ်တို့ ထျန်းရှန့်နိုင်ငံအတွက် ရှက်စရာကြီး ဖြစ်သွားမှာဗျ "

လူငယ်က ပြော၏။

ရွှယ်လင်းလုံ မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။

" ရှင်က ဘာကို ဆိုလိုတာလဲ "

လူငယ်က ပြန်ဖြေသည်။

" ကျုပ် ထျန်းရှန့်နိုင်ငံက တခြား ညီအကိုတွေနဲ့ ဆွေးနွေးထားပြီးပြီဗျ ။ အခုလောလောဆယ် ကျုပ်တို့တွေ ယာယီမိတ်ဆွေဖွဲ့ပြီးတော့ အပြင်ကလာတဲ့ကောင်ကို ရင်ဆိုင်ကြမယ်လေ ။ နှင်းနတ်သမီးလေးက ကျုပ်တို့ထဲမှာ အစွမ်းအထက်ဆုံး ဆိုတော့ ကျုပ်တို့တွေအားလုံးက မင်းကို ခေါင်းဆောင်အဖြစ် တင်မြှောက်ပါ့မယ်။ လောထျန်းကို အနိုင်ယူပြီးသွားရင်လဲ ထိပ်ဆုံးနေရာကို နှင်းနတ်သမီးကိုပဲ ပေးမှာ ။ ဘယ်လို သဘောရလဲ "

ရွှယ်လင်းလုံသည် သူမရှေ့မှ လူငယ်ကို ကြည့်နေရင်း ပိုပို၍ မျက်မှောင်ကြုံ့လာ၏။

" စိတ်မကောင်းပါဘူးရှင် ၊ ကျွန်မ စိတ်မဝင်စားဘူး "

သူမက ပြောလိုက်သည်။

" အမ် ..ဘယ်လို "

လူငယ်မှာ နားမလည်နိုင် ဖြစ်သွားသည်။

ရွှယ်လင်းလုံက သူပြောသည့် စကားကို လွယ်လင့်တကူ လက်ခံလိမ့်မည်ဟုသာ သူ တွေးထားခဲ့မိ၏။

သို့သော် သူမက ယခုလို စဥ်းပင်မစဥ်းစားဘဲ ငြင်းလိမ့်မည်ဟု မည်သူ တွေးထားပါမည်နည်း။

ရွှယ်လင်းလုံက တည်တည်ငြိမ်ငြိမ် ဆက်ပြောသည်။

" ကျွန်မက ထိပ်ဆုံးနေရာကို ကိုယ်ပိုင်အစွမ်းနဲ့ပဲ တိုက်ခိုက်မှာ။ ဒီလို အခွင့်အရေးသမား လုပ်ပြီး နိုင်သွားရင် ကျွန်မကိုယ်ကျွန်မ လုံးဝ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး "

" ဒါပေမယ့် လောထျန်းရဲ့ အစွမ်းက .. "

ရွှယ်လင်းလုံက လူငယ်၏ စကားမဆုံးခင် လက်ကာပြကာ ပြော၏။

" တကယ်လို့ ကျွန်မ သူ့ကို ရှုံးသွားရင်တောင် ဒါ .. ကျွန်မ လုံလောက်အောင် အစွမ်းမထက်သေးဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ ။  အဲ့ကျရင်လဲ ကျွန်မအနေနဲ့ ပိုကြိုးစားဖို့ပဲ ရှိတယ်။ ရှင် အခု ထွက်သွားပါတော့ ။ မသွားရင်တော့ ကျွန်မကို အဆိုးမဆိုနဲ့ နော် "

လူငယ်မှာ မျှော်လင့်ထားသလို ဖြစ်မလာသည့်အတွက် ကူကယ်ရာမဲ့ ခေါင်းယမ်းကာ လှည့်ထွက်သွားလိုက်ရသည်။

ထို့နောက် ရွှယ်လင်းလုံက လက်ဝေ့ယမ်းလိုက်ရာ သူမ အနီးနားမှ ပြိုင်ဘက်များအားလုံး သတိမေ့ လဲကျသွားကြ၏။

" လောထျန်း .. ရှင် ဘယ်လောက်အစွမ်းထက်လဲဆိုတာ ကျွန်မ ကြည့်ချင်သေးတယ် "

ပါရမီရှင် ပီသသည့် သူမသည် ပြိုင်ဘက်က အလွန်အစွမ်းထက်ကြောင်း သိနေစေကာမူ တိုက်ခိုက်ရန် ဆန္ဒရှိနေဆဲပင်။

ထိုစဥ် ရွှယ်လင်းလုံထံမှ ထွက်လာသည့် လူငယ်မှာ မလှမ်းကမ်းရှိ တောင်ကြားတစ်ခုဆီသို့ ရောက်သွားသည်။

ထိုနေရာတွင် လူငယ် နှစ်ဆယ်ကျော်ခန့် စုစည်းနေကြ၏။

" ဘယ်လိုလဲ .. ရွှယ်လင်းလုံက သဘောတူလိုက်လား "

ထိုလူငယ် ပြန်လာသည်ကို မြင်သည်နှင့် လူငယ်များထဲမှ တစ်ယောက်က အလောတကြီး မေးလိုက်သည်။

" ဒီ မိန်းမက ရူးနေတာကွ ၊ သဘောမတူဘဲ ငြင်းလိုက်တယ် "

" ဘယ်လို .. ဒါဆို ငါတို့တွေ ဘာဆက်လုပ်ကြမလဲ။ အစောကလေးတင် လောထျန်းတိုက်ခိုက်တာ ငါ တွေ့ခဲ့သေးတယ်ကွ။ သူက ကြောက်စရာ ကောင်းလွန်းတယ်။ ရွှယ်လင်းလုံသာ မပါဘူးရင် ငါတို့တစ်ယောက်ချင်းစီရဲ့ အစွမ်းနဲ့ သူ့ကို ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး "

အားလုံး စကားမပြောနိုင်ဘဲ တိတ်သွားကြသည်။

ထိုစဥ် လူငယ်တစ်ယောက်၏ မျက်လုံးများ ရုတ်တရက် အရောင်လက်လာကာ ပြော၏။

" ဟာ .. ဟုတ်သားပဲ ၊ ဟို ပိုင်ထျန်းယွိဆိုတဲ့ ကောင်လေးက လောထျန်းနဲ့ ရင်းနှီးတဲ့ပုံပဲကွ ။ ငါတို့ သူ့ကို ဖမ်းပြီးတော့ လောထျန်းကို ခြိမ်းခြောက်ရင်ရော "

ထိုစကားကို ကြားသောအခါ ကျန်လူများအားလုံး သူ့ဘက် လှည့်ကြည့်လိုက်ကြသည်။

" ဒီအကြံ ကောင်းတယ်။ ပိုင်ထျန်းယွိကို အသုံးချပြီးတော့ လောထျန်းကို ခြိမ်းခြောက်ကြတာပေါ့ကွာ ။ ပြီးရင် သူ့ကို ပြိုင်ပွဲက နှုတ်ထွက်ခိုင်းကြမယ် "

အားလုံး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

သို့သော် .. ထိုအချိန်တွင် လူတစ်ယောက်က ထပြော၏။

" ဒီအကြံက တော်တော်တုံးတဲ့ အကြံပဲ "

" ဟင် .. ဘယ်ကောင်လဲကွ ငါ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရဲတာ "

အစောက ပြောနေခဲ့သည့် လူငယ်က ဒေါသတကြီး အော်လိုက်သည်။

သို့သော် .. သူ စကားဆက်မပြောနိုင်ခင်မှာပင် ရုတ်တရက် ကြက်သေ သေသွား၏။

အဘယ့်ကြောင့်ဆိုသော် သူတို့လူအုပ်၏ အပြင်ဘက်တွင် လူငယ်တစ်ယောက်က အေးအေးလူလူဖြင့် သူတို့အား ရပ်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။

ထိုလူငယ်မှာ လောထျန်းပင် ..

ထိုတခဏတွင် လူအုပ်ကြီး ဝရုန်းသုန်းကား ဖြစ်သွားကြသည်။

" ဟင် .. မင်း ဘယ်တုန်းက ရောက်နေတာလဲ "

" ဟေ့ ..မကြောက်ကြနဲ့ ၊ ဒီမှာ ငါတို့အားလုံး လူနှစ်ဆယ်ကျော်တောင်ရှိတာ ။ ငါတို့တွေ အားလုံးပေါင်းပြီး တိုက်ခိုက်ရင် သူ့ကို မနိုင်စရာ အကြောင်းမရှိဘူး "

" ဟုတ်တယ် ၊ သူက ဘယ်လောက်ပဲ အစွမ်းထက်တယ်ပြောပြော သူလဲ လူသားတစ်ယောက်ပဲလေ ။ ပြီးတော့ ငါတို့တွေအားလုံးက ထျန်းရှန့်နိုင်ငံရဲ့ ထိပ်တန်းသိုင်းသမားတွေပဲ။ သူ့ကို ရှုံးစရာ အကြောင်းမရှိဘူး "

လူများ ထိုသို့ အော်ပြောလိုက်ကြရာ လူအုပ်ကြီး ပြန်တည်ငြိမ်သွားသည်။

လောထျန်းက လူအုပ်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြုံးလိုက်သည်။

" ကောင်းပြီလေ ၊ မင်းတို့က မကြောက်ဘူး ဆိုတော့လဲ ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ငါ ဒီမှာပဲ ရပ်နေမယ် ၊ မင်းတို့ထဲက ဘယ်သူမဆို ငါ့ကို လာတိုက်ခိုက်နိုင်တယ် "

သူက ထိုသို့ ပြောပြီးနောက် နေရာတွင်သာ လက်နောက်ပစ်လျက် ရပ်နေ၏။

ထိုအပြုအမူကြောင့် သူ့ရှေ့မှ လူငယ်များအားလုံး ဒေါသထွက်သွားကြသည်။

" ခွေးကောင် .. အဲ့လောက် မောက်မာမနေနဲ့။ ရော့ ..ငါ့လက်သီးကို စားလိုက် "

ခပ်တောင့်တောင့် လူငယ်တစ်ဦးက ဒေါသတကြီးအော်ကာ လောထျန်းဆီသို့ တိုးဝင်သွားလိုက်သည်။

ဘုန်း ..

သူ့လက်သီးက လောထျန်းကို ထိသွားပြီး အသံကျယ်တစ်သံ ထွက်ပေါ်လာ၏။

သို့သော် .. လောထျန်း၏ ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းသွားကာ လူငယ်မှာ နောက်သို့ လွင့်ထွက်သွားတော့သည်။

သူ မြေကြီးပေါ်သို့ ပြန်ကျလာသည့် အချိန်တွင် သူ့လက်တစ်ဖက်မှာ ကျိုးကြေနေပြီး သတိမေ့ လဲကျနေလေပြီ။

" ဟင် ..သူ့ကိုယ်က ရွှေရောင်အလင်းတန်းကတောင် တော်တော်အစွမ်းထက်တာပါလား "

ထိုအခြင်းရာကို မြင်လိုက်ရသည့် လူငယ်များမှာ အံ့သြတုန်လှုပ်သွားကြသည်။

သူတို့အားလုံး ပါးစပ်အဟောင်းသားဖြင့် စကားမဆိုနိုင် ဖြစ်နေကြတော့၏။

ထိုစဥ် .. ကြာပွင့်တစ်ပွင့်က ကောင်းကင်ယံမှ ရုတ်တရက် ကျလာသည်။

" ရွှယ်လင်းလုံပါလား .. "

" နှင်းနတ်သမီးလေး .. နောက်ဆုံးတော့ ရောက်လာပြီပဲ "

အားလုံး လှည့်ကြည့်လိုက်ကြရာ ရွှယ်လင်းလုံကို တွေ့သွားပြီး ဝမ်းသာသွားကြသည်။ ရွှယ်လင်းလုံက စိတ်ပြောင်းသွားပြီး သူတို့ကို ကူညီရန် ရောက်လာခြင်းဖြစ်မည်ဟုသာ အားလုံး တွေးလိုက်ကြ၏။

သို့သော် ..ရွှယ်လင်းလုံက အေးအေးဆေးဆေး ပြောလာသည်။

" စိတ်မရှိပါနဲ့ ၊ ကျွန်မ ရှင်တို့နဲ့ ပူးပေါင်းဖို့ ဆန္ဒမရှိဘူး။ ရှင်တို့အားလုံး တိုက်ခိုက်လို့ ပြီးသွားမှ ကျွန်မ သူနဲ့ တစ်ယောက်ချင်း တိုက်ခိုက်မှာ "

၎င်းမှာ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ မာန်မာန ပင် ။

" ဘယ်လို .. "

ထိုစကားကို ကြားသောအခါ အားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။

" ဟေ့ ..မင်းတို့တွေ .. တိုက်ခိုက်ချင်ကြသေးလား။ မတိုက်ခိုက်ချင်တော့ဘူးဆိုလဲ ငါ့အလှည့် "

ထိုစဥ် လောထျန်းက စိတ်မရှည်ဟန်ဖြင့် ပြောလာသည်။

" ခွေးကောင် .. အတူတူ တိုက်ခိုက်ကြမယ်ဟေ့ "

အားလုံး ညာသံပေးကာ လောထျန်းဆီသို့ ပြေးဝင်သွားကြသည်။

လောထျန်းကမူ လက်တစ်ဖက်တည်းကိုသာ မြှောက်၍ တစ်ယောက်ပြီးတစ်ယောက် ဘယ်ပြန် ညာပြန် ရိုက်နေ၏။

လောထျန်း၏ အရိုက်ကို ခံလိုက်ရသူများမှာ ခုခံရန်ပင် မတတ်နိုင်ကြဘဲ နောက်သို့ လွင့်ထွက်သွားကြပြီး မြေပေါ်သို့ ဥက္ကာခဲများသဖွယ် ပြန်ကျလာကြသည်။

ထိုမြင်ကွင်းမှာ ရွယ်တူ လူငယ်အချင်းချင်းကြားမှ တိုက်ပွဲတစ်ခုနှင့်ပင် တူမနေပါချေ။ လောထျန်းက ယင််ကောင်များကို တစ်ကောင်ပြီးတစ်ကောင် ရိုက်နေသည်နှင့်ပင် ပိုတူနေသေးတော့၏။

ထိုအဖြစ်အပျက်ကို ကြည့်နေသည့် ရွှယ်လင်းလုံမှာလည်း အလွန်အံ့သြတုန်လှုပ်သွားရသည်။

သူမသည် ဖုန့်ဖေးရန်၏ စကားကို ကြားပြီးနောက် ကိုယ့်စိတ်ကို ပြင်ဆင်ထားခဲ့သော်လည်း .. .

ယခု ကိုယ်တိုင် မျက်စိဖြင့် မြင်လိုက်ရမှသာ လောထျန်းနှင့် သူမကြားရှိ အစွမ်းကွာဟချက်က မည်မျှ ကြီးမားသည်ကို သိလိုက်ရတော့သည်။

All Chapters