← Chapters

ရွှယ်လင်းလုံ ၏ အတွေး

Vol. 9 Ch. 123

ရွှယ်လင်းလုံ ၏ အတွေး

Vol. 9 Ch. 123

" ဒီလူက လူသားတစ်ယောက်ရောဟုတ်သေးရဲ့လား "

ရွှယ်လင်းလုံမှာ လောထျန်းကိုကြည့်ရင်း တုန်ယင်လာသည်။

သူမ ကျင့်ကြံနိုင်သည့် အချိန်မှစ၍ သူမ၏ စိတ်နှလုံးသည် နှစ်တစ်သောင်း သက်တမ်းရှိသည့် ရေခဲလွာတစ်ခုအလား မတုန်မလှုပ် ရှိနေခဲ့၏။

သို့သော် ယနေ့တွင်မူ သူမ ၏ စိတ်နှလုံးက ယိုင်နှဲ့သွားခဲ့ရလေပြီ။

သူမရှေ့မှ လူက ကြောက်စရာ ကောင်းလွန်းလှသည် မဟုတ်ပါလား ..

သူနှင့်သာ ယှဥ်ပြီး တိုက်ခိုက်ပါက သူမအတွက် နိုင်ချေ လုံးဝ မရှိနိုင်ပါ ။

တစ်ဖက်မှ လောထျန်းကမူ သူ့ရှေ့ ပေါ်လာသမျှ လူတိုင်းကို တစ်ယောက်ပြီးတစ်ယောက် ရိုက်နေပြီး ပါးစပ်မှလည်း ရေတွက်နေသည်။

" ဆယ့်ငါး ၊ ဆယ့်လေး ၊ ဆယ့်သုံး .."

" ဟင် .. သူက ဘာတွေ ရေတွက်နေတာလဲ "

ကျန်နေသူများအားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။

" တစ်ဆယ် ၊ ကိုး ၊ ရှစ် ၊ ခွန် ...အင် .. "

လောထျန်းသည် လူများကို ဆက်ရိုက်နေရင်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရုတ်တရက် ရပ်လိုက်၏။

တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို သူ့ စိတ်ဝိဥာဥ်အစွမ်းဖြင့် ဖုံးလွှမ်းထားသည့်အတွက် ထျန်းရှန့်သိုင်းပြိုင်ပွဲ၌ သူ အပါအဝင် လူ ခုနစ်ယောက်သာ ကျန်တော့သည်ကို လောထျန်း ရုတ်တရက် သတိထားမိသွားခြင်းပင်။

အကယ်၍ သူသာ ရှေ့မှ လူကို ရိုက်လိုက်ပါက လူ ခြောက်ယောက်သာ ကျန်ပေတော့မည်။

၎င်းမှာ သူလိုချင်သော ရလဒ်မဟုတ်ပေ ။

ထိုစဥ် သူ့ရှေ့မှ လူငယ်မှာ လောထျန်း၏ လက်ဝါး လေထဲတွင် ရပ်သွားသည်ကို ကြည့်ကာ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားပြီး ရင် တဒိန်းဒိန်း ခုန်လာ၏။

တစ်ခါတရံတွင် အရိုက်ခံရသည်ထက် အရိုက်ခံရန် စောင့်ဆိုင်းနေရခြင်းက ပိုကြောက်စရာ ကောင်းပေသည်။

" အကိုလောထျန်း ၊ ဆက်မတိုက်ခိုက်ပါနဲ့တော့ဗျာ ၊ ကျုပ် အရှုံးပေးပါတယ် "

လူငယ်က ကြောက်ကြောက်ရွံ့ရွံ့ပြောကာ အဆောင်ကဒ်ပြားကို ထုတ်၍ ချိုးရန် ပြင်လိုက်သည်။

သို့သော် ၎င်းကို မြင်သွားသည့် လောထျန်းက ရုတ်တရက် ဒေါသတကြီး အော်လိုက်၏။

" ရပ်လိုက်စမ်း ၊ အရှုံးပေးပြီး ထွက်သွားဖို့ မစဥ်းစားနဲ့နော် ။ အဲ့လိုလုပ်လို့ကတော့ ငါ မင်းကို အသေရိုက်သတ်ပစ်မှာ "

" ဟင် .."

လူငယ်မှာ ကြောက်လွန်း၍ တုန်နေသဖြင့် သူ့လက်ထဲမှ အဆောင်ကဒ်ပြားက မြေကြီးပေါ်သို့ ကျသွားသည်။

ဘာတွေ ဖြစ်နေပါသနည်း ..

အရှုံးပေး၍ မရဘူးတဲ့လား ..

သူ အရိုက်ခံရတော့မည်လား ..

လူငယ်မှာ ငိုချလုမတတ် ဖြစ်သွားသည်။

လောထျန်းက သူ့ကို ကြည့်ကာ မေးစေ့ကို ပွတ်၍ ပြော၏။

" သေချာ ကြိုးစားမှပေါ့ကွာ။ ခုလို လွယ်လွယ်နဲ့ အရှုံးပေးတာ မကောင်းဘူးကွ ။ လာ .. ငါ့ကို လာရိုက် "

" ဟင် .."

လူငယ်က လောထျန်းအား နားမလည်နိုင်စွာ ကြည့်လိုက်သည်။

သူ့ကို ရိုက်ရမည်တဲ့လား  ..

အစောက လူငယ်က လောထျန်းအား ရိုက်လိုက်စဥ်တွင် လောထျန်းက ဘာမှဖြစ်မသွားဘဲ ထိုလူငယ်ကသာ သတိမေ့ လဲကျသွားရသည်ကို သူ မြင်ခဲ့ရ၏။

ထိုမြင်ကွင်းကပင် ယခုထိ သူ့မျက်လုံးထဲမှ မထွက်သေးရာ သူ လောထျန်းအား မည်သို့ ရိုက်ရဲပါမည်နည်း။

" မင်း ငါ့ကို တိုက်ခိုက်မှာလား ၊ မတိုက်ခိုက်ဘူးလားပြော ။ မတိုက်ခိုက်ရင် ငါ မင်းကို အသေရိုက်သတ်မှာနော် "

လောထျန်းက ခြိမ်းခြောက်လိုက်ပြန်သည်။

" ကျုပ် .. "

လူငယ်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် လက်မြှောက်လိုက်သော်လည်း မရိုက်ရဲဘဲ ဖြစ်နေ၏။

လောထျန်းသည် အချိန်အတန်ငယ်ကြာ စောင့်နေသေးသော်လည်း ထိုလူငယ်၏ လက်က မလှုပ်သဖြင့် စိတ်မရှည်စွာ ဘေးဘီသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက်သူ့နောက်နားလေးတွင် ရှိနေသည့် ရွှယ်လင်းလုံအား ကြည့်လိုက်၏။

" သူက မတိုက်ခိုက်ဘူးဆိုတော့ မင်းပဲ လာတိုက်ခိုက်လိုက်တော့ ။ မင်းရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်နဲ့ ကျုပ်ကို တိုက်ခိုက်လိုက် "

လောထျန်းက ပြောလိုက်သည်။

' ဟင် ... "

ရွှယ်လင်းလုံသည်လည်း လောထျန်း၏ အပြုအမူကို နားမလည်နိုင် ဖြစ်သွားသည်။

ထိုလူက ဘာတွေ ဖြစ်နေပါသနည်း။

အစောလေးကပင် အခြားသူများကို ရိုက်နေခဲ့သည့် သူက ယခု သူ့ကို လာတိုက်ခိုက်ခိုင်းနေသည်လား ။

သူက နောက်ပြောင်နေခြင်းလား ..

" ကောင်းပါပြီ ၊  ရှင့်သဘောပဲ "

ရွှယ်လင်းလုံက ပြောကာ လေထဲသို့ ပျံတက်လိုက်သည်။

" ငါ့ရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်နဲ့ တိုက်ခိုက်ရမယ်။ သူ့ကို အနိုင်မယူလိုက်နိုင်ရင်တောင် အနည်းဆုံးတော့ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တာပဲလေ "

ရွှယ်လင်းလုံ ထိုသို့တွေးကာ လက်ဝါးနှစ်ဖက်ကို စုစည်းလိုက်သည်။

" ရေခဲမြစ် ..မိုင်သုံးထောင် "

အော်သံတိုးတိုး တစ်သံနှင့်အတူ သူမ၏ ခေါင်းပေါ်တွင် ရေခဲနှင့် နှင်းများ စုစည်းထားသည့် ကမ္ဘာတစ်ခု ပေါ်လာ၏။

" ချုပ်နှောင်စေ "

ထို့နောက်တွင်မူ အေးစက်သော လေများ တဝုန်းဝုန်း တိုက်ခတ်လာပြီး လောထျန်း၏ ခန္ဓာကိုယ်ကို တမဟုတ်ချင်း လွှမ်းခြုံထားလိုက်သည်။

ထို့နောက် .. လောထျန်း၏ ဘေးပတ်လည်တွင် ရေခဲလွှာတစ်ခု စတင်ဖြစ်ပေါ်လာသည်။

သို့သော် လောထျန်းရှေ့ သုံးပေပတ်လည်တွင်မူ မပြောင်းမလဲ ရှိနေဆဲပင်။

လေအေးက သူ့ခန္ဓာကိုယ်အနီးသို့ ချဥ်းကပ်လိုက်သည်နှင့် တမဟုတ်ချင်း ပြိုကွဲသွား၏။

" ဟင် .. ဒီဟာက မင်းရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်လား "

လောထျန်းက ရွှယ်လင်းလုံအား ခေါင်းမော့ကြည့်လိုက်သည်။

ရွှယ်လင်းလုံမှာ မည်သို့မှ ပြန်မပြောနိုင်ဘဲ အခြေအနေကို နားမလည်နိုင် ဖြစ်နေ၏။

သူမသည် လောထျန်းအတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်မှန်း သိထားပြီး ဖြစ်သော်လည်း ...

သူမ၏ သိုင်းကွက်များက သူ့အပေါ် လုံးဝ အကျိုးမသက်ရောက်နိုင်မှန်း မသိခဲ့ချေ ။

သူမ အသက်ရှင်လာသည့် သက်တမ်းတလျှောက် ထိုသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်မှာ ယခုက ပထမဆုံးအကြိမ်ပင် ။

သူမ နားမလည်နိုင်ဖြစ်နေစဥ်တွင် လောထျန်းက  ထိုမေးခွန်းမျိုး မေးလာသည့်အတွက်လည်း အလွန်ရှက်သွား၏။

သူမ ရင်ထဲတွင် ချက်ချင်း ဝမ်းနည်းလာပြီး မျက်လုံးများ နီရဲလာကာ ပါးပြင်ပေါ်သို့ မျက်ရည်များ လိမ့်ကျလာသည်။

" ဟင် ..ဘာလို့ ငိုနေတာလဲ "

လောထျန်းက ထိုမြင်ကွင်းကို ကြည့်ကာ နားမလည်နိုင် ဖြစ်သွားဟန်ဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင်  ...

" ကယ်ကြပါဦး .. "

လောထျန်းဘေးတွင် ရှိနေသည့် လူငယ်ထံမှ အော်ဟစ်အကူအညီတောင်းသံ ထွက်ပေါ်လာ၏။

လောထျန်းက ချက်ချင်း လှည့်ကြည့်လိုက်သည်။

ထိုလူငယ်မှာ လောထျန်းနှင့် မလှမ်းမကမ်းတွင် ရှိနေပြီး လောထျန်းကဲ့သို့ အစွမ်းမထက်သဖြင့် ရွှယ်လင်းလုံက မိုင်သုံးထောင် ရေခဲမြစ်နှင့် တိုက်ခိုက်လိုက်စဥ်တွင် ဒဏ်ရာရသွားခဲ့ခြင်းပင် ။

ထိုလူငယ်၏ တစ်ကိုယ်လုံးနီးပါးပင် အေးခဲနေသည်ကို လောထျန်း တွေ့လိုက်ရ၏။

ထို့အပြင် သူ့မျက်နှာမှာ ပြာနှမ်းနေပြီး သူ့နှုတ်ခမ်းများကလည်း တုန်ယင်နေသည်။

ကြည့်ရသည်မှာ သူ အချိန်မရွေး သေသွားတော့မည့် ဟန်ပင် ။

" ဒါ ..မကောင်းဘူး "

လောထျန်းသည် အခြေအနေကို ကြည့်ကာ အနည်းငယ် တုန်လှုပ်သွား၏။

အကယ်၍ ထိုလူငယ်သာ အေးခဲပြီး သေသွားပါက သူ အဆင့်ခြောက်သာ ရသွားပေလိမ့်မည်။

အဆင့်ခြောက်က သူ လိုချင်သည့် ဆု မဟုတ်ပါ။

လောထျန်း ထိုသို့ တွေးမိသွားကာ အဆောင်ကဒ်ပြားကို ချက်ချင်းထုတ်ပြီး အော်၍ ချိုးဖဲ့လိုက်သည်။

" အား .. ဒီလေအေးတွေက အစွမ်းထက်လိုက်တာ ။ ကျုပ် အရှုံးပေးပါတယ် "

ဝုန်း ..

အဆောင်ကဒ်ပြား ကျိုးသွားသည်နှင့် အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လာ၏။

ထို့နောက်တွင်မူ သူ တိုက်ပွဲကွင်းပြင် အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းသွားတော့သည်။

" ဟင် .. "

ရုတ်တရက် ဖြစ်ပျက်သွားသည့် အပြောင်းအလဲကြောင့် ရွှယ်လင်းလုံတစ်ယောက် အလွန်စိတ်ရှုပ်သွား၏။

ဘာတွေ ဖြစ်နေပါသနည်း။

သူမ စိတ်ပျက်လက်ပျက် ဖြစ်နေစဥ်တွင် သူက အရုံးပေးသွားသည်တဲ့လား ။

" ငါ ငိုနေတာကို မြင်ပြီးတော့ စိတ်မကောင်း ဖြစ်သွားလို့ ထွက်သွားတာများလား "

ရွှယ်လင်းလုံ တွေးလိုက်သည်။

" ဒါပေမယ့် သူက ထျန်းရှန့်သိုင်းပြိုင်ပွဲရဲ့ ချန်ပီယံနေရာ ရဖို့ လက်တကမ်းလောက်ပဲ လိုတော့တာလေ ။ ဘာလို့ ဒီတိုင်းကြီး အရှုံးပေးပြီး ထွက်သွားရတာလဲ "

" အရင်နှစ်က ပြိုင်ပွဲမှာ ခုလိုဖြစ်တယ်ဆိုရင်တောင် နားလည်လို့ရသေးတယ်။ ဒါပေမယ့် ဒီနှစ်ပြိုင်ပွဲရဲ့ ပထမနေရာအတွက် ဆုက '‌ေကာင်းကင်ချိုးဖျက် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်' လေ ။ ဒီလို ဆုကြီးမျိုးကို သူ ဘယ်လိုလုပ် လက်လွတ်နိုင်တာလဲ "

" ပြီးတော့ ငါ့ရဲ့ ရေခဲစွမ်းအင်က သူ့ကို ဘာမှနာကျင်အောင် မလုပ်နိုင်တာ အသိသာကြီးပဲကို။ ဒါတောင် သူက အရှုံးမပေးခင် ငါ့ရေခဲစွမ်းအင်ကို အစွမ်းထက်တယ်ဆိုပြီး ပြောသွားတာ ။ ဒါ ငါ့ကို မျက်နှာမပျက်အောင် တမင်ပြောသွားတာပဲ "

" အစကတော့ သူ့ကို သွေးဆာပြီး ရက်စက်တဲ့ သူတစ်ယောက်လို့ ထင်ခဲ့တာ။ တကယ်တမ်းတော့ သူက နှလုံးသား နူးညံ့တဲ့ သူတစ်ယောက် ဖြစ်နေပါလား "

" ဒီကမ္ဘာကြီးမှာ ရှိတဲ့ ယောကျ်ားတွေအားလုံးက အတ္တကြီးတဲ့ သူတွေလို့ ဆရာက ငါ့ကို ပြောထားတော့ ငါကလဲ အဲ့လိုပဲ တွေးခဲ့တာလေ။ ဒါပေမယ့် .. လောထျန်းက  . "

ထိုသို့ တွေးမိကာ ရွှယ်လင်းလုံ၏ မျက်နှာလေး ရှက်သွေးဖြင့် ရဲသွားသည်။

သို့သော် .. ခဏကြာပြီးနောက်တွင်မူ သူမ ခေါင်းယမ်း၍ ပြော၏။

" မဟုတ်သေးဘူး ၊ အဲ့လိုတွေးလို့ မရဘူးလေ။ သူက ငါတို့ ကျီရွှယ်နန်းတော်ကို စော်ကားမိသလို ဖြစ်သွားမှာစိုးလို့ ခုလို လုပ်လိုက်တာလဲ ဖြစ်နိုင်တာပဲ။ အဲ့လိုပဲ ဖြစ်ရမယ် "

၎င်းမှာ ဖြစ်နိုင်ချေ အလွန်နည်းသည်ကို သူမရင်ထဲမှ သိထားပြီး ဖြစ်သော်လည်း ထိုသို့သာ ဖြစ်ရမည်ဟု သူမ အတင်းတွေးထားလိုက်သည်။

အဘယ့်ကြောင့်ဆိုသော်  သူမအနေဖြင့် ယောကျ်ားတစ်ယောက်နှင့် ရင်းနှီးတွယ်တာ၍ မရသောကြောင့်ပင် ။

ထိုစဥ် ပွဲကြည့်စင်ပေါ်၌ ...

အဖြစ်အပျက်တစ်ခုလုံးကို မြင်လိုက်ရသူများ အံ့သြဆွံ့အနေကြ၏။

ဘာတွေ ဖြစ်သွားခဲ့ပါသနည်း။

လောထျန်းသည်သာ ပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်လာလိမ့်မည်ဟု အားလုံးတွေးနေကြစဥ်မှာပင် ..

သူက အရှုံးပေး၍ ထွက်သွားခဲ့၏။

သူ့ခေါင်းထဲတွင် ဘာတွေ တွေးနေပါသနည်း။

မည်သို့ပင်ဆိုစေ ၊ လောထျန်းက အရှုံးပေးပြီး အပြင်ရောက်သွားခဲ့ပြီဖြစ်ရာ သူတို့ တိုက်ပွဲကွင်းပြင်ထဲသို့သာ အာရုံပြန်စိုက်လိုက်ကြသည်။

ထိုစဥ် တိုက်ပွဲကွင်းပြင်ထဲရှိ အခြေအနေမှာလည်း ထူးဆန်းနေ၏။

အစောက ရွှယ်လင်းလုံ၏ ရေခဲအစွမ်းနှင့် ထိမိသွားခဲ့သော လူငယ်မှာ ခပ်မြန်မြန်ပင် ပြိုင်ပွဲမှ ထွက်လိုက်ရသည်။

ယခုလက်ရှိတွင် ပြိုင်ပွဲအတွင်း၌ လူ ငါးယောက်သာ ကျန်တော့ပြီး ထိုတစ်ယောက်ချင်းစီကို အလင်းတန်းလိုက်ကာ တစ်ခုစီဖြင့် သေချာ ပြသထား၏။

သူတို့ထဲတွင် ရွှယ်လင်းလုံမှာ တောင်ကြားထဲတွင် ရပ်နေပြီး သူမ အင်္ကျီစကို လက်ဖြင့် ဆုပ်ဆိုင်ကာ တစ်စုံတစ်ခုကို စဥ်းစားနေဟန် ရှိနေသည်။

လင်ကျိုးရန်ကမူ သူ့ကိုယ်သူ မြေကြီးထဲ မြှုပ်ထားကာ နှာခေါင်းပေါက်နှစ်ခုသာ ဖော်၍ သေချင်ယောင် ဆောင်နေ၏။

တိုက်ပွဲကွင်းပြင်၏အရှေ့ဘက်ပိုင်းတွင်မူ ဟန်ဝမ်ကျိုးတစ်ယောက်က ဟိုဟိုဒီဒီ ပြေးလွှား၍ တိုက်ခိုက်ရန် လူ ရှာနေသည်။ သို့သော် သူ မည်သူ့ကိုမှ မတွေ့ပါချေ။

" ဒီနှစ် ထျန်းရှန့်သိုင်းပြိုင်ပွဲက ဘာတွေဖြစ်နေတာလဲ။ ငါ ဝင်လာပြီးကတည်းက တိုက်ခိုက်ဖို့ တစ်ယောက်မှလဲ မတွေ့သေးဘူး ။ ဘာများ ဖြစ်လို့ပါလိမ့် "

ဟန်ဝမ်ကျိုးက ပြေးရင်းလွှားရင်း စဥ်းစားလိုက်သည်။

အခြားတဖက်တွင် ရှိနေသည့် ပိုင်ထျန်းယွိမှာလည်း စိတ်ရှုပ်နေသည့် မျက်နှာ ဖြစ်နေ၏။

" ထူးဆန်းလိုက်တာ ..လူတွေ ဘယ်ရောက်ကုန်ကြတာလဲ "

သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

နောက်ဆုံး အလင်းတန်းလိုက်ကာတစ်ခုတွင်မူ လူငယ်တစ်ယောက်က ချုံပုတ်တစ်ခုထဲ ပုန်းနေပြီး လက်နှစ်ဖက်ကို စု၍ တီးတိုး ဆုတောင်းနေသည်ကို ပြထား၏။

" ပုန်းနေမှရမယ် ။ အချိန်ကြာကြာ ပုန်းနိုင်လေ ပိုကောင်းလေပဲ။ အဆင့် ၁၀၀ အတွင်း မဖြစ်ဖြစ်အောင် ဝင်မှ ရမယ် "

All Chapters