ဘာ .. ငါ့ကို အဆင့် ၇ မဖြစ်စေချင်ဘူးလား
Vol. 9 Ch. 124
အလင်းတန်းလိုက်ကာပေါ်တွင် အခြားသူများ ဘယ်သူမှ မရှိတော့သည်ကို ကြည့်ကာ လူအုပ်ကြီး မခံမရပ်နိုင် ဖြစ်လာကြသည်။
ဤပွဲမှာ နိုင်ငံအရပ်ရပ်မှ ပါရမီရှင်များ ဂရုတစိုက် လာရောက်ယှဥ်ပြိုင်ကြရသည့် ထျန်းရှန့်သိုင်းပြိုင်ပွဲကြီး ဖြစ်ပါသည်။ထိုသို့သော ပြိုင်ပွဲမျိုးတွင် နောက်ဆုံး ကျန်သည့် လူငါးယောက်က ထိုလူများတဲ့လား ။
ထိုတခဏတွင် ပွဲကြည့်စင် နေရာအနှံ့မှ မကျေမနပ် ဆဲဆိုသံများ ထွက်လာ၏။
သို့သော် တိုက်ပွဲကွင်းပြင်နှင့် ပွဲကြည့်စင်ကြား၌ အကာအကွယ် အစီအမံတစ်ခု ခြားထားပေရာ အပြင်မှ လူများက အထဲမှ လူများအပေါ်သို့ မည်သို့မှ အကျိုးမသက်ရောက်နိုင်ပါချေ။
" မင်းတို့က ငါ့ကို ဒီမြင်ကွင်းကို လာကြည့်ခိုင်းတယ်ပေါ့ "
ထိုစဥ် ပွဲကြည့်စင်အနောက်ဘက် ထောင့်တစ်ခုတွင် ရောက်နေသော သခင်ကြီးကျိုး က ပြောလိုက်သည်။
သူ့ဘေးတွင် ရှိနေသူမှာ ပြိုင်ပွဲ၍ နောက်ဆုံးအဆင့်ကို တာဝန်ယူထားရသည့် အကြီးအကဲစွန်း ပင်။
ထိုအချိန် အကြီးအကဲစွန်းမှာလည်း အလွန်ရှက်နေ၏။
" ဟေ့ ..ခုနက ဘာဖြစ်သွားတာလဲ။ လောထျန်းက ဘယ်မှာလဲ "
အကြီးအကဲစွန်း က မေးလိုက်သည်။
" လောထျန်းက ပြိုင်ပွဲက အထုတ်ခံလိုက်ရပြီဗျ "
လက်အောက်ငယ်သားတစ်ယောက်က ပြန်ဖြေသည်။
" ဘယ်လို ..အထုတ်ခံလိုက်ရတယ် .. ဟုတ်လား။ သူ့ကို ဘယ်သူက ထုတ်လိုက်တာလဲ "
အကြီးအကဲစွန်းက အံ့သြတကြီး ပြန်မေး၏။
" ဟို ..ရွှယ်လင်းလုံပါ အကြီးအကဲ "
ထိုလူက ပြန်ဖြေသည်။
" ဘာ ..ရွှယ်လင်းလုံက အဲ့လောက် အစွမ်းထက်တာလား "
အကြီးအကဲစွန်းမှာ ကြားလိုက်ရသည့် စကားကို မယုံကြည်နိုင် ဖြစ်သွားသည်။
လောထျန်းက မည်မျှ ကြောက်စရာကောင်းသည်ကို သူကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့ခဲ့ရသည်ဖြစ်ရာ ၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း။
" မဟုတ်ဘူးဗျ ၊ ဖြစ်သွားတာက ဒီလို .."
ထိုလူက ဖြစ်ပျက်သွားခဲ့သည့် အကြောင်းစုံကို သေချာရှင်းပြလိုက်သည်။
စကားဆုံးအောင် နားထောင်ပြီးသွားသောအခါ အကြီးအကဲစွန်း ၏ မျက်နှာက ဝမ်းချုပ်နေသည့်အလား ရှုံ့မဲ့သွား၏။
" ဒီကောင်လေးက ... တကယ်ကြီး အဲ့လို လုပ်ခဲ့တာလား "
သူ နားမလည်နိုင်တော့ပါ။
အကြီးအကဲ ကျိုး ကလည်း မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
" သူက မိန်းမ တစ်ယောက်အတွက်နဲ့ 'ကောင်းကင်ချိုးဖျက် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်' ကို လက်လွတ်ခံခဲ့တာပေါ့ ။ ဒီပုံအတိုင်းဆိုရင် ဒီကောင်လေးတော့ ကြီးမားတဲ့ အောင်မြင်မှုမျိုး ရမှာမဟုတ်ဘူး "
အကြီးအကဲစွန်း ကလည်းခေါင်းညိတ် ထောက်ခံလိုက်သည်။ ထို့နောက် သူက အလင်းတန်းလိုက်ကာကို ကြည့်ကာ ပြော၏။
" သခင်ကြီးကျိုး .. ဒါက .. "
သူ့စကား မဆုံးခင်မှာပင် အကြီးအကဲကျိုး က မျက်နှာသုန်မှုန်စွာဖြင့် ပြောလိုက်သည်။
" ဒီနှစ် ထျန်းရှန့်သိုင်းပြိုင်ပွဲက ဒီလောက်နဲ့တောင် တော်တော်ရှက်စရာ ကောင်းနေပြီ။ ပွဲပြီးကြောင်းကို ခုပဲ ကြေငြာလိုက်တော့ "
ထိုအတိုင်းသာ ဆက်သွားပါက သူတို့ ထျန်းရှန့်နိုင်ငံအတွက် အရှက်ရစရာကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
ယခုလက်ရှိတွင် ပြိုင်ပွဲထဲ၌ လူငါး ယောက်သာ ကျန်နေတော့ပြီး ...
တစ်ယောက်က သူ့ကိုယ်သူ မြေမြှုပ်ထားကာ ၊ တစ်ယောက်က ချုံထဲတွင် ပုန်းနေပြီး ၊နောက်တစ်ယောက်မှာလည်း အချစ်ဖြင့် ယစ်မူးနေ၏။ ကျန်နှစ်ယောက်ကမူ အရူးများအလား ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။
သို့ဖြစ်ရာ ပြိုင်ပွဲကို ချက်ချင်း အဆုံးသတ်လိုက်ခြင်းကသာ ပိုကောင်းပေမည်။
" ဟုတ်ကဲ့ "
အကြီးအကဲစွန်း ခါင်းညိတ်ကာ ချက်ချင်း အကာအကွယ်အစီအမံကို ပြန်သိမ်းလိုက်သည်။
ဝုန်း ..
ထို့နောက်တွင်မူ တိုက်ပွဲကွင်းပြင်ထဲ၌ ကျန်နေသည့် ငါးယောက်လုံး တည်နေရာရွှေ့ပြောင်းကာ အပြင်သို့ ရောက်လာကြ၏။
" ဟင် ..ဘာတွေ ဖြစ်နေတာလဲ "
" ငါ အထုတ်ခံလိုက်ရပြီလား ၊ ချီးပါကွာ "
ဟန်ဝမ်ကျိုး နှင့် ပိုင်ထျန်းယွိတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် နောင်တများဖြင့် ပြည့်နေ၏။
" ဟင် .. ငါ့ကို ဘယ်သူမှလဲ လာထိုးကြိတ်တာမျိုး မရှိပါဘူး။ အခု ဘယ်လိုလုပ်ပြီး ပြိုင်ပွဲက အထုတ်ခံလိုက်ရတာလဲ "
ချုံပုတ်ထဲတွင် ပုန်းနေသည့် လူငယ်မှာလည်း နားမလည်နိုင်ဟန် ဖြစ်နေသည်။
" အား ..နာလိုက်တာ "
လင်ကျိုးရန်ကမူ သူ့ပါးစပ်ထဲတွင် ရှိနေသည့် မြေကြီးများကို ထွေးထုတ်ကာ အော်ဟစ်ငြီးတွားနေ၏။
" ဟင် .. လင်ကျိုးရန် .. ဘာတွေ ဖြစ်သွားတာလဲ "
ပိုင်ထျန်းယွိတို့နှစ်ယောက်က သူ့ဆီသို့ ချက်ချင်း အပြေးရောက်လာကြသည်။
ထိုအခြင်းအရာကို ကြည့်နေသည့် အကြီးအကဲစွန်း မျက်မှောင်ကြုံ့သွား၏။ ထို့နောက် သူက ချောင်းဟန့်၍ ပြောသည်။
" ဒီနှစ် ထျန်းရှန့်သိုင်းပြိုင်ပွဲရဲ့ ထိပ်ဆုံး အဆင့် ၅ အတွင်း ဝင်တဲ့အတွက် အားလုံးကို ဂုဏ်ယူပါတယ် "
ထိုစကားကို ပြောနေစဥ်အတွင်း အကြီးအကဲစွန်း၏ ရင်ထဲ၌ ဒေါသများ အလိပ်လိုက် တက်လာသည်။
ထို ငါးယောက်တွင် ရွှယ်လင်းလုံမှ လွဲ၍ ကျန်လူများမှာ ဤမျှ အစွမ်းမထက်ကြပါချေ။
ထိုငါးယောက်ကမူ အကြီးအကဲစွန်း၏ စကားကို ကြားသည်နှင့် အံ့သြမှင်သက်သွားကြသည်။
" အဆင့် ငါး အတွင်းဝင်တယ် ..ဟုတ်လား "
" မဖြစ်နိုင်တာ ..နောက်နေတာများလား "
သူတို့ မယုံကြည်နိုင် ဖြစ်နေကြ၏။
ပွဲကြည့်စင်ပေါ်မှ လူအုပ်ကလည်း အပြစ်တင်ဆဲရေးလိုက်ကြသည်။
ထိပ်ဆုံး အဆင့် ငါးအတွင်း ဝင်သည့် ထိုလူငါးယောက်မှာ ရှက်စရာ ကောင်းလွန်းလှပေသည်။
အကြီးအကဲစွန်းက ဒေါသကို မြိုသိပ်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။
" အမှန်ပဲ ၊ ပထမဆင့်က ရွှယ်လင်းလုံ "
ရွှယ်လင်းလုံမှာ အစောကတည်းကပင် အမှတ်များများ ရထားသူဖြစ်ပြီး လောထျန်း မထွက်ခင်က လောထျန်းကို တိုက်ခိုက်ခဲ့သူ ဖြစ်သဖြင့် သူ့အမှတ်များအားလုံးက သူမဆီသို့ ရောက်သွားခဲ့၏။ သို့ဖြစ်ရာ သူမ အဆင့် ၁ ရသည်မှာ မထူးဆန်းချေ။
ထိုအဆင့်ကို ကြားသောအခါ ပွဲကြည့်စင်ပေါ်မှ အားပေးသံများဖြင့် ဆူညံသွားသည်။
ထို့နောက် အကြီးအကဲစွန်းက တစ်ကိုယ်လုံး မြေကြီးများဖြင့် ပေကျံနေသည့် လင်ကျိုးရန်အား အထင်သေးစွာ ကြည့်ကာ ပြောလိုက်သည်။
" ဒုတိယနေရာက လင်ကျိုးရန် "
စကားဆုံးသည်နှင့် ပွဲကြည့်စင်ဘက်မှ အပြစ်တင်သံများ ပေါ်လာပြန်၏။ အချို့ဆိုလျှင် ဆဲပင် ဆဲလိုက်ကြသည်။
" ချီးကွာ ..ဒါကို အဆင့် ၂ တဲ့။ ငါတော့ လက်မခံနိုင်ဘူး "
" ဒါ ထျန်းရှန့်နိုင်ငံအတွက် အရှက်ရစရာ ကိစ္စကြီးပဲ "
သို့သော် သူတိူ့ မည်သို့ပင် ဆဲရေးကြပါစေ ၊ အသုံးမဝင်တော့ပါ ။
" အဆင့် သုံးကနေ ငါးအထိက ပိုင်ထျန်းယွိ ၊ ဟန်ဝမ်ကျိုး ၊ ရှောက်လုံ "
ထိုနာမည်များကို ဖတ်နေစဥ်တွင် အကြီးအကဲစွန်း၏ မျက်နှာက ကူကယ်ရာ မဲ့ဟန် ပေါက်နေ၏။
ပွဲကြည့်စင်ဘက်မှ ဆဲရေး အပြစ်တင်သံများ ထွက်လာကြပြန်သည်။
သို့သော် ထိုအသံများက ကျန်သုံးယောက်ပေါ်သို့ လုံးဝ အကျိုးသက်ရောက်မှု မရှိပေ။ အထူးသဖြင့် ရှောက်လုံ ပင် ..
" ဟင် .. ငါက ချုံထဲမှာ ခဏပဲ ပုန်းနေရသေးတယ်။ အဆင့် ငါး ရသွားပြီလား "
ရှောက်လုံမှာ အလွန်စိတ်လှုပ်ရှား နေ၏။
မျှော်လင့်မထားဘဲ ရုတ်တရက်ကြီး ထိုရလဒ်ကို ရလိုက်သဖြင့် သူ အလွန်ပျော်ရွှင်နေသည်။
" အဆင့် ၁ ကနေ ၁၀ အတွင်း ရထားတဲ့ တခြားသူတွေကိုရော စင်ပေါ် ဆုလာယူဖို့ ပြောလိုက်ပါ "
အကြီးအကဲစွန်းက စိတ်ပျက်လက်ပျက် မျက်နှာဖြင့် ဆက်ပြောလိုက်သည်။
ထို့နောက်တွင်မူ အကြီးအကဲစွန်း၏ တပည့်အကူအညီဖြင့် အဆင့် ၁၀ အတွင်းဝင်သော ကျန်လူငါးယောက် စင်ပေါ်သို့ ရောက်လာကြသည်။
သို့သော် လောထျန်း တစ်ယောက်တည်းကသာ လမ်းလျှောက်တက်လာနိုင်ပြီး ကျန်လေးယောက်ကိုမူ အများက ချီပိုး၍ သယ်လာရ၏။
သူတို့ထဲမှ သုံးယောက်မှာ လောထျန်း၏ အရိုက်ကို ခံထားရသဖြင့် သတိပင် မရသေးဘဲ မေ့မျောနေဆဲဖြစ်သည်။
ကျန်တစ်ယောက်ကမူ ရွှယ်လင်းလုံ၏ ရေခဲအစွမ်းကြောင့် တစ်ကိုယ်လုံး အေးခဲနေပြီး အသက်ယဲ့ယဲ့သာ ကျန်နေတော့၏။
လောထျန်း စင်ပေါ်သို့ တက်လာသောအခါ ပွဲကြည့်စင် တစ်နေရာတွင် ရှိနေသည့် လုမိသားစု အဖွဲ့ဝင်တစ်ယောက်က သူ့ဘေးမှ မိသားစုခေါင်းဆောင်အား တီးတိုးမေးလိုက်သည်။
" ခေါင်းဆောင်ကြီး ၊လောထျန်းကို အခု သတ်တော့မှာလား "
လုမိသားစုခေါင်းဆောင်က မျက်မှောင်ကြုံ့သွားကာ ပွဲကြည့်စင် ထောင့်တစ်နေရာသို့ လှည့်ကြည့်ပြီး ပြော၏။
" သခင်ကြီးကျိုး ဒီကို ရောက်နေတာဆိုတော့ လက်လွတ်စပယ် လုပ်လိုက်လို့ မရဘူးကွ။ ဒီကောင်လေးကို နည်းနည်းလောက် ဆက်ပြီး အသက်ရှင်ခွင့် ပေးလိုက်မယ်။ ဆုတွေအားလုံး ပေးပြီးသွားမှပဲ သူ့ကို သတ်ကြတာပေါ့ကွာ "
" ဟုတ်ကဲ့ "
ထိုလူ နောက်ပြန်ဆုတ်သွားသည်။
ထိုစဥ် ဆုပေးပွဲ စင်ပေါ်၌ ..
လောထျန်းတက်လာသည်ကို မြင်သည်နှင့် ရွှယ်လင်းလုံ၏ နှလုံးသား တဒုန်းဒုန်း ခုန်လာ၏။
" ရွှယ်လင်းလုံ .. အများကြီးတွေ လျှောက်ပြီး မစဥ်းစားနဲ့ ။ သူက ကျီရွှယ်နန်းတော်ကို စော်ကားသလို ဖြစ်မှာကြောက်လို့ အဲ့လိုလုပ်လိုက်တာ "
ရွှယ်လင်းလုံက သူမကိုယ်သူမ ပြန်ေပြာကာ စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။
" ဆုပေးပွဲအတွက် အသင့်ပြင်ကြဟေ့ "
အကြီးအကဲစွန်းသည် ယခင်နှစ်များကဲ့သို့ လုပ်နေကျ အစီစဥ်များကိုပင် မလုပ်တော့ဘဲ ပွဲကို မြန်မြန် အဆုံးသတ်ရန်သာ စိတ်လောနေ၏။
သို့သော် ..ထိုအချိန်တွင် ..
" ခဏလေး နေပါဦး "
အသံတစ်သံ ရုတ်တရက် ထွက်လာသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ပွဲကြည့်စင် ထောင့်နှစ်နေရာမှ လူရိပ်နှစ်ခု လှုပ်ရှားသွားပြီး ဆုပေးပွဲ စင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
" နတ်ဆိုးငါးကောင်တောင် က နတ်ဆိုးအကြီးအကဲ တင်းကျန့်ရှန် နဲ့ ပိုင်ယွမ် ဓားဂိုဏ်းက ဂိုဏ်းခေါင်းဆောင် ပိုင်ဖုန့်ပင် ပါလား ။ ခင်ဗျားတို့နှစ်ယောက်က ဘာလိုချင်လို့လဲ "
အကြီးအကဲစွန်း မျက်မှောင်ကြုံ့သွား၏။
ထိုနှစ်ယောက်လုံးမှာ ကွေ့ရှအဆင့် ၉ ရှိသည့် ကျင့်ကြံသူများ ဖြစ်ကြပြီး အလွန်အစွမ်းထက်ကြပေသည်။
အကယ်၍ ထိုနှစ်ယောက်သာ ပြဿနာရှာပါက ရုတ်ရုတ်သဲသဲ ဖြစ်သွားမည် မလွဲချေ။
ပိုင်ဖုန့်ပင်က ဦးညွှတ် အရိုအသေပေး၍ ပြော၏။
" အကြီးအကဲစွန်း .. ကျုပ် ခင်ဗျားကို စော်ကားလိုစိတ် အလျဥ်းမရှိပါဘူးဗျာ။ ဒါပေမယ့် ကျုပ် ပြောစရာ တချို့ ရှိတယ်ဗျ "
" ပြောပါ သခင်ကြီးပိုင် "
အကြီးအကဲစွန်းက ပြောလိုက်သည်။
ပိုင်ဖုန့်ပင်က စကားဆက်၏။
" ဒီ ထျန်းရှန့် သိုင်းပြိုင်ပွဲက လူငယ်တွေကြားက ပွဲတစ်ခုသက်သက်မဟုတ်ဘူးဗျ။ ဒီပြိုင်ပွဲက ထျန်းရှန့်နိုင်ငံမှာရှိတဲ့ အဆင့်အမြင့်ဆုံး လူငယ်မျိုးဆက်သစ်တွေကို ကိုယ်စားပြုသလို ထျန်းရှန့်နိုင်ငံကိုပါ ကိုယ်စားပြုတယ်။ ဆိုတော့ ဘယ်လိုရှုထောင့်ကပဲ ကြည့်ကြည့် အစွမ်းအထက်ဆုံး သူတွေကသာ ထိပ်ဆုံးနေရာတွေကို ရသင့်တယ် မဟုတ်ဘူးလား "
တင်းကျန့်ရှန်ကလည်း ဝင်ပြောသည်။
" အမှန်ပဲ ။ အခု အဆင့် ၁ ကနေ ၁စ အတွင်းဝင်တဲ့သူတွေထဲမှာ အများစုက သူတို့ရထားတဲ့အဆင့်နဲ့ မထိုက်တန်ကြဘူး။ ခင်ဗျားပဲ စဥ်းစားကြည့်ဗျာ ၊ တကယ်လို့ ဒီလူတွေက နောင် တခြားနိုင်ငံတွေဘက် ခရီးထွက်မယ်ဆိုရင် အပြင်လူတွေက သူတို့ကို ထျန်းရှန့်နိုင်ငံမှာ အစွမ်းအထက်ဆုံး သူတွေလို့ ထင်သွားမှာပေါ့။ အဲ့ကျ ဘယ်လောက်ရှက်စရာ ကောင်းလိုက်မလဲဗျာ "
အကြီးအကဲစွန်းက ပြန်ပြောသည်။
" ဒါ ခင်ဗျားယူဆချက် သက်သက်လေ "
ပိုင်ဖုန့်ပင်က ဆက်ပြော၏။
" ဒီနှစ်ပြိုင်ပွဲမှာ ကျုပ်တပည့် ဖုန့်ဖေးရန်နဲ့ နတ်ဆိုးငါးကောင်တောင်က မိုရှ တို့က အစွမ်းအထက်ဆုံး ဆိုတာကို အားလုံး သိကြပါတယ်ဗျာ။ ဒါပေမယ့် သူတို့ နှစ်ယာက်လုံးက မတော်တဆ ကိစ္စတစ်ခုကြောင့် အဆင့် တစ်ဆယ်အတွင်း မဝင်ခဲ့ကြဘူး။ ဘယ်လောက် နှမျောစရာ ကောင်းလိုက်သလဲ "
သူက ထိုသို့ ပြောနေစဥ်အတွင်း လောထျန်းအား ဒေါသငွေ့သန်းနေသည့် မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သေးသည်။
တင်းကျန့်ရှန်ကလည်း စကားဆက်သည်။
" ဒီကိစ္စကို ကျုပ်တို့တွေ အောက်မှာလဲ ဆွေးနွေးကြပြီးပြီဗျ ။ ဆိုတော့ စည်းမျဥ်းတွေကို ပြောင်းပစ်လိုက်ရင်ရောဗျာ။ ဒီ ပါရမီရှင်အစစ် နှစ်ယောက်ကို အခွင့်အရေး ပြန်ပေးပြီးတော့ သူတို့ချင်း တိုက်ခိုက်ခိုင်းလိုက်မယ်လေ။ သူတို့နှစ်ယောက်ထဲက အနိုင်ရတဲ့သူကို ချန်ပီယံနေရာ ပေးလိုက်ပါ၊ ကျန်တဲ့သူတွေရဲ့ အဆင့်ကိုတော့ နောက်ကို ရွှေ့လိုက်ပေါ့ "
ထို့နောက် သူက လောထျန်းအား လက်ညိုးညွှန်ပြကာ ဆက်ပြော၏။
" ဥပမာပြာရရင် .. လောထျန်းက အခု အဆင့် ၇ ရထားတာဆိုတော့ အဆင့်တွေ ပြောင်းပြီးရင် သူ အဆင့် ၉ ဖြစ်သွားမှာပေါ့။ ဒီလိုဆို ထျန်းရှန့်နိုင်ငံ အရှက်မကွဲမယ့်အပြင် အားလုံးအတွက်လဲ တရားမျှတသွားမှာဗျ "