ခေါင်းဆောင်နှစ်ယောက်၏ ကျရှုံးခြင်း
Vol. 9 Ch. 125
လောထျန်းက မိုရှ နှင့် ဖုန့်ဖေးရန်တို့အား ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်ခဲ့သဖြင့် ထိုနှစ်ယောက်က လောထျန်းအား ပစ်မှတ်ထား တိုက်ခိုက်ချင်နေကြသည်မှာ သိသာပါသည်။
ထိုစဥ် ဆုပေးပွဲစင်ပေါ်တွင် ရှိနေသည့် ရွှယ်လင်းလုံက ရုတ်တရက် ထရပ်ကာ သူမရှေ့မှ လူကြီးနှစ်ယောက်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
" သခင်ကြီးတို့ နှစ်ယောက်က ဘာဖြစ်လို့ အခုလို .. "
ရွှယ်လင်းလုံ စိတ်ထဲမှ မတရားသလို ခံစားနေရသဖြင့် သူတို့အဆိုကို ငြင်းရန် စကားစလိုက်သည် ။
သူမ ပထမနေရာ ရခဲ့သည့် အကြောင်းရင်းက အနည်းငယ် ထူးဆန်းသည်မှာ မှန်ပါသည်။
အကယ်၍ လောထျန်းအား ပထမဆုကို ပေးလိုက်လျှင်ပင် သူမ မည်သို့မှ နေမည်မဟုတ်ပါ။
သို့သော် ယခု ထိုနှစ်ယောက်က သူမကို ဂရုမစိုက်ဟန်ဖြင့် သူမ ရထားသည့် ပထမနေရာကို အတင်းလုယူရန် ကြိုးစားနေကြသည်မှာ လွန်လွန်းပေသည်။
သူမ စကားမဆုံးခင်မှာပင် နတ်ဆိုးအကြီးအကဲ တင်းကျန့်ရှန်က ရွှယ်လင်းလုံအား လှမ်းကြည့်လိုက်၏။
ဝုန်း..
ထူးဆန်းသော စွမ်းအင်တစ်ခုက သူမအား ရုတ်တရက် အနောက်ဘက်သို့ ခြေလှမ်းများစွာ ရောက်သွားအောင် တွန်းထုတ်လိုက်သည်။ သူမ ပါးစပ်ထဲမှ သွေးများ စီးကျလာ၏။
အကြည့်တစ်ချက်တည်းဖြင့်ပင် ရွှယ်လင်းလုံ ဒဏ်ရာရသွားခဲ့လေပြီ။
" ကျီရွှယ်နန်းတော်က မိန်းကလေး ၊ မင်းက ဒီလို အကြီးတွေရဲ့ စကားဝိုင်းမှာ ဝင်ပြောခွင့် ရှိတယ် ထင်နေတာလား။ တကယ်လို့ မင်း ဆရာကသာ ထိပ်ဆုံးနေရာမှာ ရှိနေသေးရင် မင်းလဲ ပထမနေရာကို ရဖို့ အခွင့်အရေး ရှိမှာပေါ့ .. သနားစရာ ကောင်းလိုက်တာ ။ အခု အဲ့စုန်းမအိုကြီးရဲ့ အခြေအနေ ဘယ်လိုရှိလဲ ပြောပါဦး။ ငါ အများကြီး ထပ်ပြောစရာ မလိုတော့ဘူး ထင်ပါတယ် ။ ဟုတ်တယ်မလား "
တင်းကျန့်ရှန်က အေးစက်စက် ပြော၏။
" ရှင် .. "
ရွှယ်လင်းလုံ၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွားကာ နောက်သို့ ခြေတစ်လှမ်း ထပ်ဆုတ်လိုက်ရသည်။
ကျီရွှယ်နန်းတော်မှ သူမဆရာ၏ ကျန်းမာရေးအခြေအနေမှာ တစ်စုံတစ်ခု ချို့ယွင်းနေသည်မှာ မှန်ပါသည်။ သို့သော် ၎င်းက ကျီရွှယ်နန်းတော်မှလွဲ၍ အခြား မည်သူမှ မသိသည့် လျှို့ဝှက်ချက်တစ်ခုပင်။
ယခု တင်းကျန့်ရှန်က ထိုအကြောင်းကို မည်သို့ သိနေပါသနည်း။
ထိုတခဏတွင် ရွှယ်လင်းလုံ၏ ရင်ထဲ၌ ဒေါသ ၊ ကြောက်ရွံ့မှု ၊ ဝမ်းနည်းမှု စသည့် ခံစားချက်ပေါင်းစုံ ရောယှက်သွားပြီး သူမ၏ မျက်နှာ ပိုပို၍ဖြူဖျော့လာ၏။ နောက်ဆုံးတွင်မူ သူမ မခံနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးများ ထွေးထုတ်လိုက်ရသည်။
" တင်းကျန့်ရှန် ၊ ခင်ဗျားကြီးက ဘာစကား ပြာတာလဲ "
" ခင်ဗျားက အငယ်တစ်ယောက်ကို အနိုင်ကျင့်ပြီးတော့ ကိုယ့်ကိုကိုယ် လူလို့ ခေါ်နေသေးတာလား "
" ချီးပဲ .. ဒါ ကျုပ်ရဲ့ နှင်းနတ်သမီးလေးကွ ။ တင်းကျန့်ရှန် ၊ ကျုပ် ခင်ဗျားကြီးကို အသေသတ်ပစ်မယ် "
ထိုအခြင်းအရာကို မြင်သွားသော အနီးတဝိုက်မှ လူများ ဒေါသတကြီး အော်လိုက်ကြသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
သို့သော် တင်းကျန့်ရှန်က ဂရုမစိုက်ဟန်ဖြင့် လူအုပ်အား ဝေ့ဝဲကြည့်ကာ အေးစက်စက် ပြော၏။
" ငါ ပြောတာကို သဘောမတူတဲ့ ဘယ်သူမဆို ရှေ့ကို ထွက်လာပြီး လာပြောပါ ။ ငါတို့ နတ်ဆိုးငါးကောင်တောင်က လူတွေက မင်းတို့အိမ်ကို လိုက်ပြီး မင်းတို့ရဲ့ မိသားစုတစ်ခုလုံးနဲ့ပါ စကားလိုက်ပြောပေးမယ် "
သူ့စကားထဲတွင် ခြိမ်းခြောက်မှု အပြည့်ပါနေ၏။
လူအုပ်ထဲမှ လူများမှာ သူနှင့် အကြည့်ချင်း မဆုံရဲတော့ဘဲ ချက်ချင်း ခေါင်းလှည့်၍ မျက်နှာလွှဲလိုက်ကြသည်။
နတ်ဆိုးငါးကောင် တောင်သည် ထျန်းရှန့်နိုင်ငံတွင် အင်အားအကြီးဆုံး အဖွဲ့တစ်ခုမှန်း မသိသူ မရှိပါချေ။
သို့သော် သူတို့အဖွဲ့သည် မည်သို့သော အခြေခံ လူ့စည်းမျဥ်းစည်းကမ်းကိုမှ ဂရုမစိုက်ဘဲ အခြားသူများအပေါ် အင်အားသုံး အနိုင်ကျင့်တတ်သည့် အဖွဲ့တစ်ခုလည်း ဖြစ်၏။
ယခု တင်းကျန့်ရှန်မှာလည်း သူနှင့် သဘောထားမတိုက်ဆိုင်သည့် လူတိုင်းကို အသံတိတ်သွားအောင် သတ်ပစ်မည့်အပြင် ထိုလူများ၏ မိသားစုတစ်ခုလုံးကိုပါ သတ်မည့်လူမှန်း သူတို့ သိပေသည်။
သို့ဖြစ်ရာ မည်သူကမှ သူ့အား ပြန်ခံမပြောချင်ကြပါချေ။
ပုံမှန်ဆိုလျှင် သူတို့ကို စော်ကားသလို ဖြစ်မည်ကို မကြောက်ဘဲ ပြန်ပြောဝံ့သူမှာ ထျန်းရှန့်နိုင်ငံ၏ တော်ဝင်မိသားစုမှလွဲ၍ ပိုင်ယွမ်ဓားဂိုဏ်းတစ်ခုတည်းသာ ရှိသည်။
သို့သော် ယခုလက်ရှိတွင် ပိုင်ယွမ်ဓားဂိုဏ်းနှင့် နတ်ဆိုးငါးကောင်တောင်က လက်တွဲထားကြသည်မှာ သိသာပေသည်။ သို့ဖြစ်ရာ ထိုအင်အားကြီး နှစ်ဖွဲ့ကို မည်သူက တားဝံ့ပါတော့မည်နည်း။
ထို့အပြင် ယခင်ကဆိုလျှင်မူ နတ်ဆိုးငါးကောင်တောင်ရော ၊ ပိုင်ယွမ်ဓားဂိုဏ်းကပါ ပြိုင်ပွဲထိပ်ဆုံးနေရာ တစ်ခုတည်းအတွက် ထျန့်ရှန့်နိုင်ငံ၏ တော်ဝင်မိသားစုကို အာခံလိမ့်မည် မဟုတ်မှန်း အားလုံး သိကြ၏။
သို့သော် ယခုက 'ကောင်းကင်ချိုးဖျက် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်'ပါဝင်နေသည့်အတွက် ထိုသို့ ဖြစ်နေခြင်းပင် ။
ထိုကျင့်စဥ်ကိုသာ ပိုင်ဆိုင်သွားပါက လက်အောက်ငယ်သား တပည့်များ၏ အစွမ်းများ တိုးတက်လာမည့်အပြင် ..
ကွေ့ရှအဆင့် ၉ ၌ နှစ်ပေါင်းများစွာကြာ ပိတ်မိနေခဲ့သည့် ထိုလူကြီးနှစ်ယောက်မှာလည်း နောက်တဆင့်တက်ကာ တုကျဲ့အဆင့်သို့ ရောက်သွားနိုင်မည်ဖြစ်သည်။
ထို့ကြောင့်လည်း သူတို့နှစ်ဦးက တော်ဝင်မိသားစုကို ခဏမေ့ထားကာ နောက်မှ ပြန်တောင်းပန်မည်ဟု တွေးပြီး လုပ်နေကြခြင်းပင်။
ထို့မျှမက သူတို့သာ ထိုသိုင်းကျမ်းကို ရပြီးသွားပါက တော်ဝင်မိသားစုကိုပင် ကိုယ်တိုင် တိုက်ခိုက်နိုင်သွားမည်ဖြစ်၏။
ထိုသို့ ဖြစ်သွားခဲ့ပါက သူတို့ နိုင်ငံ့ခေါင်းဆောင်နေရာကို ယူမည်ဆိုလျှင်ပင် သခင်ကြီးကျိုးက တားနိုင်တော့မည် မဟုတ်ပေ။
သို့ဖြစ်ရာ ထိုသိုင်းကျမ်းကို ရဖို့သည်သာ သူတို့အတွက် နံပါတ်တစ် ဦးစားပေးဖြစ်သည်။
သူတို့ နှစ်ဦး ထိုသို့ စိတ်ကူးယဥ်နေစဥ်မှာပင် ..
" ဟိုလူနှစ်ယောက် ၊ ခင်ဗျားတို့ ဘာပြောလိုက်တယ် "
သူတို့နောက်မှ အသံတစ်သံ ထွက်လာ၏။
" ဟင် .. "
တင်းကျန့်ရှန်တို့နှစ်ယောက် လှည့်ကြည့်လိုက်ရာ သူတို့အနောက် မလှမ်းမကမ်းတွင် လောထျန်း ရောက်နေသည်ကို မြင်လိုက်ရသည်။
ရှေ့တွင် ရပ်နေသည့် လောထျန်းကို ကြည့်ကာ သူတို့နှစ်ယောက်လုံး ရင်ထဲမှ ဒေါသကို မမြိုသိပ်နိုင်ကြတော့ချေ။
ထိုကောင်ကြောင့် သူတို့၏ တပည့်များ ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရပြီး ယခု မတ်တပ်ပင် မရပ်နိုင် ဖြစ်နေကြရသည် မဟုတ်ပါလား။
လောထျန်းကြောင့်သာ မဟုတ်ပါက သူတို့လည်း ယခုကဲ့သို့ အရှက်မရှိ ပြုမူနေစရာ လိုမည်မဟုတ်ပေ။
" ကောင်လေး ၊ မင်းကို ဒီမှာ စကားပြောခွင့်ရှိတယ်လို့ ဘယ်သူက ပြောလို့လဲ။ မင်း နောက်တစ်ခွန်း ထပ်ပြောတာနဲ့ မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်သာမှတ် "
တင်းကျန့်ရှန်က ဒေါသတကြီး အော်လိုက်သည်။
ပိုင်ဖုန့်ပင်ကလည်း ဒေါသတကြီး အော်၏။
" ဒီကောင်လေးက မောက်မာလွန်းလှပါလား။ မင်း အခုချက်ချင်း ဘေးဖယ်လိုက်တာ ကောင်းမယ်နော် ကောင်လေး "
ထိုနှစ်ယောက်မှာ လောထျန်းကို အထင်မကြီးဘဲ မတူမတန်သလို ကြည့်နေကြ၏။
ထိုမြင်ကွင်းကို ကြည့်နေကြသည့် လင်ကျိုးရန် ၊ ဟန်ဝမ်ကျိုး နှင့် ပိုင်ထျန်းယွိတို့ကမူ လောထျန်းအကြောင်းကို သိနေသဖြင့် အခြားသူများနောက်သို့ မသိမသာ ဆုတ်လိုက်ကြသည်။
နောက်မဆုတ်လျှင် သူတို့ကိုယ်ကို သွေးများ လာစင်နိုင်သည် မဟုတ်ပါလား။
ထိုစဥ် ပွဲကြည့်စင်ပေါ်တွင် ရှိနေသည့် လုမိသားစုခေါင်းဆောင်မှာလည်း မျက်မှောင်ကြုံ့သွားသည်။
" ဒီကောင်လေးက ကြောက်စရာကောင်းတဲ့ နတ်ဆိုးကိုမှ အရင်သွားပြီး ရန်စလိုက်တာပဲ။ တင်းကျန့်ရှန်က ဒေါသထွက်ပြီး သူ့ကို သတ်ပစ်မှာ မကြောက်ဘူးလား မသိဘူး။ အဲ့လိုသာ သတ်လိုက်လို့ကတော့ ငါ ဘယ်လိုလုပ်ပြီး လက်တုန့်ပြန်လို့ ရတော့မှာလဲ။ အားလုံး အခုချက်ချင်း အသင့်ပြင်ထားကြဟေ့ ။ တင်းကျန့်ရှန်က သတ်ဖို့ လုပ်တာနဲ့ ငါတို့တွေ ချက်ချင်းမြန်မြန်ပြေးဝင်ပြီး လောထျန်းကို ဖမ်းရမယ်။ ပြီးရင် သူ့ကို အပိုင်းပိုင်း ဖြစ်သွားအောင် လုပ်ကြမယ်ဟေ့ "
" ဟုတ်ကဲ့ပါ "
သို့သော် .. ထိုအချိန်မှာပင် ..
လောထျန်းက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ဧရာမ ရွှေရောင်လက်ဝါးကြီးတစ်ခု တမဟုတ်ချင်း ပေါ်လာ၏။
" ဟမ့် .. မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ။ ကောင်လေး .. မင်း ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပဲ "
တင်းကျန့်ရှန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေသည်။
သူသည် သူ့တပည့် မိုရှအတွက် လက်တုန့်ပြန်ချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
သို့သော် လောထျန်းကိုသာ ချက်ချင်း သတ်လိုက်ပါက သူ့အတွက် ပြဿနာဖြစ်သွားနိုင်သည့်အတွက်ကြောင့်သာ စိတ်ထိန်း၍ ချုပ်တည်းနေခဲ့ခြင်းပင်။
သို့သော် ..ယခု လောထျန်းက စတင်၍ တိုက်ခိုက်လာသည်ဖြစ်ရာ သူ ဘာကိုမှ စိုးရိမ်စရာ မလိုတော့ပေ။
သူက ထိုသို့တွေးကာ လောထျန်းကို တစ်ချက်တည်းဖြင့် အသေသတ်ရန် လက်သီးဖြင့် ထိုးလိုက်သည်။
သို့သော် ..
ဝုန်း ..
သူ့ပစ်လွှတ်လိုက်သည့် လက်သီးချက်က ရွှေရောင်လက်ဝါးနဲ့ ထိမိသွားကာ ချက်ချင်း ပြိုကွဲပျက်စီးသွား၏။
ထို့နောက်တွင်မူ ရွှေရောင်လက်ဝါးကြီးက သူ့အား အလွန်လျင်မြန်သည့် အရှိန်ဖြင့် ဖမ်းဆုပ်ထားလိုက်တော့သည်။
" အမ် .. "
တင်းကျန့်ရှန် နားမလည်နိုင် ဖြစ်သွားရသည်။
လာထျန်းက သူကဲ့သို့ အစွမ်းထက် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို အဘယ့်ကြောင့် အလွယ်တကူ ဖမ်းဆုပ်လိုက်နိုင်ပါသနည်း။
" ချီးပဲကွာ .. ပျက်စီးစေ "
တင်းကျန့်ရှန်က ဒေါသတကြီး အော်ကာ ရွှေရောင်လက်ဝါးအား ဖျက်ဆီးရန် ကြိုးစားလိုက်သည်။
သို့သော် ...
၎င်းရွှေရောင်လက်ဝါးကြီးက တုပ်တုပ်ပင် လှုပ်မသွားပါချေ။
ထိုအချိန်မှသာ တင်းကျန့်ရှန်တစ်ယောက် စတင် ထိတ်လန့်လာ၏။
ဘာတွေ ဖြစ်နေပါသနည်း။
ထိုအချိန်မှာပင် ..လောထျန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ဂျွတ် ... ဂျွတ် ..
ရွှေရောင်လက်ဝါးကြီး အတွင်းဘက်မှ တင်းကျန့်ရှန်၏ အရိုးများ ကျိုးကြေသွားသည့် အသံ ထွက်ပေါ်လာသည်။
" အား .. "
၎င်းနှင့်အတူ နာကျင်စွာ အော်ဟစ်သံတစ်သံလည်း ထွက်လာ၏။
" ဘာတွေ ဖြစ်ကုန်တာလဲ "
သူတို့ရှေ့မှ မြင်ကွင်းကြောင့် အားလုံး အံ့သြတုန်လှုပ်သွားကြကုန်သည်။
" နတ်ဆိုး တင်း ၊ မင်းကို ကျုပ် ကူညီပေးမယ် "
ပိုင်ဖုန့်ပင် က အော်ကာ ဓားကို ဆွဲထုတ်လိုက်သည်။
ချွှင် ..
သူ့အနောက်ဘက်တွင် သုံးပေခန့် ရှည်လျားသည့် ဓားအရိပ်ကြီးတစ်ခု တမဟုတ်ချင်း ပေါ်လာ၏။ပိုင်ဖုန့်ပင်း၏ လက်ထဲမှ ဓားမှာလည်း အရောင်များ တလက်လက်တောက်ပလွန်းနေသဖြင့် လူများ မျက်လုံးပင် မဖွင့်နိုင်ကြတော့ချေ ။
" ဓားစိတ်ဆန္ဒပဲ ..ဒါ ဓားစိတ်ဆန္ဒ အစစ်ပဲကွ "
" ပိုင်ယွမ် ဓားဂိုဏ်းက ဂိုဏ်းခေါင်းဆောင်ရဲ့ အစွမ်းက အင်မတန် ကြောက်စရာကောင်းတာပဲ "
" အစွမ်းထက်လိုက်တာ ၊ ဒီလိုအစွမ်းထက်တဲ့ ဓားစိတ်ဆန္ဒမျိုး အခုမှ ပထမဆုံး တွေ့ဖူးတာပဲ "
ပိုင်ဖုန့်ပင်၏ ဓားစိတ်ဆန္ဒကို မြင်ကာ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
သို့သော် .. တဖက်မှ လောထျန်းကမူ လှည့်ပင် မကြည့်ဘဲ ပိုင်ဖုန့်ပင် ရှိရာဘက်သို့ သူ့ဘယ်ဘက်လက်ဖြင့် လက်ညိုးထိုးလိုက်သည်။
တစ်ချိန်တည်းမှာပင် ...
ချွှင် ..ချွှင် .. ချွှင် ..
လောထျန်းဘေး၌ ပေတစ်ရာကျော် ရှည်လျားသည့် ဓားအရိပ်များ ရာနှင့်ချီ စုစည်းလာ၏။
" ဟင် "
ပိုင်ဖုန့်ပင် သည် ဓားသိုင်းကွက်တစ်ခု သုံးရန် ပြင်လိုက်စဥ်မှာပင် သူ့ရှေ့မှ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြမှင်သက်ကာ ဆွံ့အသွားတော့သည်။
သူ့ရှေ့မှ ထိုဓားအရိပ်များသည် ဓားစိတ်ဆန္ဒတစ်ခုမှန်း ဓားသမားတစ်ယောက်ဖြစ်သော သူ မသိဘဲ မနေချေ။
သူသည် သူ့ဘဝ သက်တမ်း တစ်ဝက်လောက်နီးပါး ဓားသိုင်းကို ကြိုးကြိုးစားစား ကျင့်ကြံခဲ့သော်လည်း သူ့ဓားစိတ်ဆန္ဒက သုံးပေကျော်ခန့်သာ ရှည်လျား၏။
သို့သော် သူ့ရှေ့မှ လောထျန်းကမူ လက်တစ်ဖက် ဝေ့လိုက်ရုံဖြင့် ဤမျှ ကြောက်စရာကောင်းလှသည့် မြင်ကွင်းကို ဖန်တီးနိုင်သည်တဲ့လား .. ။
ထိုတခဏတွင် သူ့နှလုံးသားတစ်ခုလုံး ကွဲကြေသွားသကဲ့သို့ ပိုင်ဖုန့်ပင် ခံစားလိုက်ရသည်။
ဝှစ် .. ဝှစ် ... ဝှစ် ..
ထိုစဥ်မှာပင် ဓားစွမ်းအင် ဆယ်ခုကျော်က သူ့ဆီသို့ လွင့်ပျံလာ၏။ ပိုင်ဖုန့်ပင် တစ်ယောက် ခုခံရန်ပင် အချိန်မရလိုက်ပဲ ဓားစွမ်းအင်ကြောင့် နောက်သို့ လွင့်ထွက်သွားပြီး နံရံပေါ်ကျသွားသည်။ ဓားစွမ်းအင်များ သူ့ကိုယ်ထံသို့ စိုက်ဝင်သွားတော့၏။
အစွမ်းထက်လှသော ဂိုဏ်းခေါင်းဆောင်တစ်ယောက်က တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်လား ..
ထိုစဥ် လောထျန်းက တင်းကျန့်ရှန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
" ပြောစမ်းပါဦး ၊ ကျုပ်က ဘယ်အဆင့်လဲ "