← Chapters

ကံကြမ္မာကိုအတူတကွချည်နှောင်မယ့်နေ့

Vol. 11 Ch. 148

ကံကြမ္မာကိုအတူတကွချည်နှောင်မယ့်နေ့

Vol. 11 Ch. 148

အခန်း (၁၄၈) ကံကြမ္မာကိုအတူတကွချည်နှောင်မယ့်နေ့

အသင်္ချေသောလှိုင်းလုံးများ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လှည့်ပတ်သွားသည့်ပမာ မြောင်ယွဲ့၏အသံက ထွက်ပေါ်လာသည်။

သတို့သားလောင်း မည်သူဖြစ်သည်ကို ကြိုတင်သိရှိထားသူများမှအပ ကျန်လူများအားလုံး မယုံကြည်နိုင် ဖြစ်သွားကြ၏။

တပည့်အများစုက ကျန်းလန် မည်သူဖြစ်သည်ကိုပင် မသိရှိကြပေ။

ဤသို့သော မထင်မရှားတပည့်တစ်ယောက်က အဘယ့်ကြောင့် နဂါးမင်းသမီးလေးနှင့် လက်ဆက်ရန် ရွေးခြယ်ခံရပါသနည်း။ တပည့်များအားလုံး နားမလည်နိုင် ဖြစ်နေကြသည်။

"နဝမတောင်ထွတ်ရဲ့ ဆက်ခံသူ… ဟုတ်လား… ၊ ကျုပ်ဖြင့် တစ်ခါမှတောင် မကြားဖူးဘူး…"

"အရင်ကတော့ ကျုပ် ကြားဖူးတယ်… ၊ ဂိုဏ်းတူအစ်ကိုတွေ ပြောပြဖူးတယ် ထင်တာပဲ… ၊ ဒါပေမဲ့ အရည်အချင်းတော့ သိပ်မရှိဘူးတဲ့…"

"ဒါဖြင့် ဒီလူက ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ… ၊ နဝမတောင်ထွတ်ရဲ့ ဆက်ခံသူဖြစ်တာနဲ့ပဲ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ လက်ဆက်ပေးရရောလား… ၊ ဒီကောင့်အရည်အချင်းကဖြင့် တခြားသူတွေထက်သာတာ ဘာမှမရှိဘူး…"

"ကျုပ်လည်း လုံး၀ နားမလည်နိုင်ဘူး… ၊ ဂိုဏ်းထဲမှာ ဘာကောင်မှမဟုတ်တဲ့ လူတစ်ယောက်ကို ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ လက်ဆက်ပေးရတယ်လို့ကွာ…"

"စောစောကပဲ ထူးချွန်တပည့်အမည်စာရင်း ကြေငြာသွားတာ မတွေ့လိုက်ဘူးလား… ၊ နဝမတောင်ထွတ်ကတပည့်ရဲ့ နာမည်လည်း အဲဒီထူးချွန်တပည့်စာရင်းထဲမှာ ပါသွားတယ်လေ…"

"ဟာကွာ… ဘာပဲဖြစ်ဖြစ်… သူကတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ လုံးဝမသင့်တော်ဘူး ထင်တာပဲ…"

"ကျုပ်က ဂိုဏ်းတူအစ်ကို လုကျန်းကို ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ လက်မဆက်စေချင်ပေမယ့်… အခုလို ဘာအရည်အချင်းမှ မရှိတဲ့လူတစ်ယောက်နဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို လက်ဆက်ပေးတာကတော့ကွာ… လုံးဝမတန်မရာကိစ္စကြီးပဲ…"

"နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက မင်းတို့ပြောနေသလောက်လည်း မညံ့ပါဘူးကွာ… ၊ အရင်က နတ်လူသားမျိုးနွယ်တွေ ခွန်လွန်တောင်ကို လာပြီးစိန်ခေါ်တော့ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက အနိုင်ရအောင် ယှဉ်ပြိုင်ပေးခဲ့ဖူးတယ်လေ ၊ သူများပါးစပ်နဲ့ လမ်းမဆုံးနဲ့ ကိုယ့်ခေါင်းနဲ့ကိုယ် စဉ်းစားကြည့်ကြဦး…"

"ကျစ်… အဲဒီတုန်းက ဂိုဏ်းထဲက အတော်ဆုံးတပည့်တွေ မှော်ဝင်တိမ်တိုက်တောင်ကို ရောက်နေကြလို့လေ… ၊ မဟုတ်ရင် ဒီကောင် နတ်လူသားမျိုးနွယ်တွေနဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ဘူး…"

"မင်းက သူများကို ဘယ်လို မှိုချိုးမျှစ်ချိုးပြောရမလဲဆိုတာပဲ သိတာလား… ၊ အဲဒီတုန်းက နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုမို့လို့သာ နတ်လူသားမျိုးနွယ်တွေကို ရင်ဆိုင်ဝံ့တာ… ၊ မင်းသာဆိုရင် အဲဒီအချိန် ဘယ်ချောင်မှာ ပုန်းနေမလဲတောင် မသိဘူး…"

တပည့်များက အသံထုတ်လွှတ်ကာ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုနေကြခြင်း မဟုတ်ပေ။

စိတ်စွမ်းအားဖြင့် အသံပို့လွှတ်သည့်စနစ်ကို အသုံးပြုကာ သူတို့ပြောချင်သည့်စကားများကို အသံတိတ် ပြောဆိုနေကြခြင်း ဖြစ်သည်။

နဝမတောင်ထွတ်မှ ကျန်းလန်ကို ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ဆက်ရန် အကြီးအကဲများက ရွေးခြယ်ထားကြခြင်း ဖြစ်လေရာ သူတို့အားလုံး ပေါ်ပေါ်ထင်ထင် ဝေဖန်ပြောဆိုရဲခြင်း မရှိကြပေ။

မည်သို့ပင်ဖြစ်စေ ကျန်းလန်က ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် သင့်တော်ခြင်းမရှိဟု တပည့်အများစုက ယူဆကြသည်။

ကျန်းလန်နှင့် လုန်ယွိမှာ လုံး၀ လိုက်ဖက်မှုမရှိဟု သူတို့အားလုံး ခံစားနေကြရသည်။

သို့ရာတွင် သူတို့ မည်သို့ပင် ဝေဖန်ပြစ်တင်ကြပါစေ စေ့စပ်မင်္ဂလာကိစ္စကို သူတို့အနေဖြင့် ပြုပြင်ပြောင်းလဲ၍ မရနိုင်ပေ။ ဤသည်က တောင်သခင်များ ဆုံးဖြတ်ထားသည့်ကိစ္စ မဟုတ်ပါလား။

အဓိကအချက်မှာ နဂါးမင်းသမီးလေးနှင့် လက်ဆက်မည့် သတို့သားလောင်းက သူတို့ မျှော်လင့်ထားသည်နှင့် တခြားစီဖြစ်နေသောကြောင့် လက်မခံနိုင် ဖြစ်နေကြခြင်း ဖြစ်သည်။

"ကျန်းလန်" ဆိုသည့် အမည်ကိုကြားသည်နှင့် ကျင်းထင်နှင့် မုရှိုးတို့မှာလည်း များစွာအံ့အားသင့်သွားကြသည်။ သို့သော် ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားကြ၏။

သို့သော် သူတို့ရင်ထဲတွင်တော့ မယုံကြည်နိုင် ဖြစ်နေကြဆဲပင်။

သတို့သားလောင်းက တကယ်ပဲ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးလား…။

သတို့သားလောင်း မည်သူဖြစ်ကြောင်း လူပေါင်းများစွာကို ထည့်သွင်းစဉ်းစား ခန့်မှန်းကြည့်ခဲ့ကြသော်လည်း ထိုသူများထဲတွင်နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေး မပါဝင်ခဲ့ပေ။

"သေသေချာချာ စဉ်းစားကြည့်ရင်တော့… နဂါးမင်းသမီးလေးနဲ့ အဆင့်အတန်းတူညီတဲ့ သတို့သားလောင်းတစ်ယောက်ကို ခွန်လွန်တောင်က ရွေးခြယ်ခဲ့တာဖြစ်မယ်… ၊ နဝမတောင်ထွတ်မှာ တပည့်တစ်ယောက်ပဲ ရှိတာလေ… ၊ ကျန်းလန်က သေချာပေါက် တောင်သခင်ဖြစ်လာမယ့် ဆက်ခံသူတစ်ယောက်ပဲ… ၊ ဒါကြောင့် နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးကို ရွေးခြယ်ခဲ့ကြတာ မဟုတ်လား…"

ကျင်းထင်က အံ့သြစွာဖြင့်ပင် မုရှိုးနှင့် လင်စီးယာထံသို့ စိတ်စွမ်းအားဖြင့် အသံပို့လွှတ်ကာ စကားပြောလိုက်သည်။

မုရှိုးက…

"နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးက အရည်အချင်းမရှိဘူးလို့ ထင်ရပေမယ့် ဒီလောက်လည်း မဆိုးလှပါဘူး… ၊ သူ့ကိုကြည့်ရတာ ပတ်ဝန်းကျင်က ဝေဖန်မှုနဲ့ ဖိအားတွေကို ခံနိုင်ရည်တော့ ရှိမယ့်ပုံပဲ…"

ကျန်းလန်၏ လက်ရှိအခြေအနေက မုန်တိုင်းအလယ်မှ သားကောင်ပမာ ဖြစ်နေလေရာ ရင်ဆိုင်ရခက်ခဲလွန်းသည့် အနေအထားဖြစ်ကြောင်း သူမ နားလည်လိုက်သည်။

အချို့တပည့်များက ကျန်းလန်ရှိရာသို့ စိုက်ကြည့်နေကြပြီး အချို့တပည့်များကတော့ ကျန်းလန် မည်သူဖြစ်သည်ကို မသိရှိကြသောကြောင့် ပတ်ဝန်းကျင်တွင် လှည့်ပတ်ရှာဖွေလျှက် ရှိကြသည်။

တပည့်အများစုက ကျန်းလန်မည်သူဖြစ်ကြောင်းကို မသိရှိကြပေ။

မြောင်ယွဲ့က သူ့နာမည်ကိုခေါ်လိုက်သည်နှင့် ကျန်းလန် စိတ်တည်ငြိမ်အောင် ထိန်းသိမ်းရင်း ရင်ပြင်ထက်သို့ ပျံသန်းဆင်းသက်လာသည်။

ဤအခြေအနေမှ သူ့အတွက် လွတ်လမ်းမရှိတော့ပေ။

"အားလုံး အဆင်ပြေပြေ ပြီးဆုံးသွားဖို့ မျှော်လင့်ပါတယ်…"

ကျန်းလန် တိတ်ဆိတ်စွာဖြင့် သက်ပြင်းတစ်ချက်ချရင်း တွေးလိုက်သည်။

ကျန်းလန် ရင်ပြင်ထက်သို့ ဆင်းသက်လိုက်သည့်အချိန်တွင် များပြားလှစွာသော မျက်ဝန်းများက ကျန်းလန်ကို စူးစိုက်ကြည့်နေကြသည်။

ထိုအကြည့်များထဲတွင် ခံစားချက်များစွာ ပါဝင်နေကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။

သံသယများ ၊ အထင်အမြင်သေးခြင်း ၊ လှောင်ပြောင်လိုခြင်းနှင့် မနာလိုခြင်းများ…။

အခြားသူများ သူ့အပေါ် မည်သို့သဘောထားကြောင်း ကျန်းလန် အရေးမစိုက်ပေ။ ထို့ကြောင့် ထိုသို့သောအကြည့်များက ကျန်းလန်ကို ထိခိုက်စေခြင်း မရှိပေ။

ကျန်းလန် အရေးစိုက်သည်မှာ ထိုသူများ သူ့အပေါ် အာရုံစိုက်ကာ ပစ်မှတ်ထားလာကြမည်ကိုသာ စိုးရိမ်ခြင်း ဖြစ်၏။

သာမန် အနှုတ်လက္ခဏာဆောင်သည့် အာရုံစိုက်ခြင်းများကတော့ မကြာမီ ပျောက်ကွယ်သွားကြမည်ပဲ ဖြစ်သည်။ ရံဖန်ရံခါ သူ့အကြောင်း ဝေဖန်ပြောဆိုကြမည်ဖြစ်သော်လည်း အမြဲတမ်းတော့ မည်သူမှ ဝေဖန်နိုင်ကြမည် မထင်ပေ။

အများကြီးမတွေးတော့ဘဲ ကျန်းလန် လုန်ယွိအနားသို့ ဆင်းသက်လိုက်သည်။

"ဂိုဏ်းတူအစ်မ…"

လုန်ယွိက သူ့ကို ကြည့်နေသည်ကို တွေ့ရသည့်အခါ ကျန်းလန်က ခေါင်းညိတ်ပြရင်း နှုတ်ဆက်စကား ဆိုလိုက်သည်။

ကြွေရုပ်လေးတစ်ရုပ်ပမာ လှပလွန်းသည့် လုန်ယွိ၏ မျက်နှာလေးကို တွေ့လိုက်ရသည့် ခဏတွင် ကျန်းလန်၏ရင်ထဲ ထူးဆန်းသည့် ခံစာချက်တစ်ခုကို ခံစားလိုက်ရသည်။

လုန်ယွိက အပြစ်ဆိုစရာ တစ်စက်မရှိအောင် ပြီးပြည့်စုံလွန်းသည့် မိန်းမပျိုတစ်ယောက် ဖြစ်သည်။

အဘက်ဘက်မှ ပြီးပြည့်စုံသည့် အလှဧကရီလေးကို လက်ဆက်ရမည့် ကျန်းလန်အား အခြားသူများ မနာလိုဖြစ်သည်မှာ သဘာဝကျပေ၏။

လုန်ယွိကလည်း ကျန်းလန်ကို ပြန်လည် ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။

သူမ၏ မျက်ဝန်းများက အနည်းငယ်နီရဲနေသော်လည်း ကျန်းလန်အပေါ် မုန်းတီးရွံလျာခြင်းများကို မတွေ့ရှိရပေ။

လုန်ယွိက သူ့ကို မုန်းတီးခြင်းမရှိကြောင်း သိလိုက်ရသည့်အခါ ကျန်းလန် အနည်းငယ် အံ့အားသင့်သွားမိသည်။

ထိုစဉ်…

"မင်္ဂလာ သတို့သားလောင်းနဲ့ သတို့သမီးလောင်းတို့ အရှေ့ကို လျှောက်လာခဲ့ကြပါ…"

မြောင်ယွဲ့၏အသံက ထွက်ပေါ်လာသည်။

ကျန်းလန်နှင့်လုန်ယွိတို့ တုံ့ဆိုင်းမနေကြဘဲ ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီး ရှိရာနေရာသို့ အတူတကွလျှောက်လှမ်းသွားကြသည်။

(၂)ယောက်လုံးက စေ့စပ်ပွဲ အဆင်မပြေဖြစ်မည်ကို စိုးရိမ်နေကြလေရာ အမှားမရှိစေရန် ခပ်ဖြည်းဖြည်းဖြင့် သေသေချာချာ လမ်းလျှောက်သွားခဲ့ကြသည်။

ခွန်လွန်တောင်တစ်ခုလုံးမှ တပည့်များက သူတို့ကိုကြည့်နေကြကြောင်း ကျန်းလန်ရော လုန်ယွိပါ သိရှိကြသည်။ အခြာသူများ မည်သို့တွေးထင်ပါစေ သူတို့အနေဖြင့် ဤစေ့စပ်ပွဲကို လက်ခံရမည်ပဲ ဖြစ်သည်။

ကျန်းလန်နှင့် လုန်ယွိ အရှေ့ဆီသို့ ဆက်လက်လမ်းလျှောက်လာကြသည်။

ထိုအချိန်…

မြောင်ယွဲ့၏လက်ထဲတွင် စုတ်တံတစ်ချောင်းပေါ်လာပြီး သူမ၏ရှေ့တွင် လက်ထပ်စာချုပ် (၁)ခု ပေါ်လာသည်။

"ယနေ့… သင်တို့နှစ်ယောက်ရဲ့ ကံကြမ္မာကို အတူတကွ ချည်နှောင်မယ့်နေ့ ဖြစ်တယ်… ၊ ကျွန်မ မြောင်ယွဲ့က ဒီအခါသမယအတွက် သက်သေဖြစ်တယ်…"

သူမ၏ စကားသံ ပျောက်ကွယ်သွားသည်နှင့် မြောင်ယွဲ့က လက်ထပ်စာချုပ်ထက်တွင် ကျန်းလန်နှင့် လုန်ယွိဆိုသည့် နာမည်များကို ရေးသားလိုက်သည်။

နာမည်များကို ရေးပြီးသွားသည်နှင့် လက်ထပ်စာချုပ်က စတင်တောက်ပလာလေသည်။

တစ်ချိန်တည်းမှာပင် မြောင်ယွဲ့၏အရှေ့မှ ကျောက်စာတိုင်ထက်တွင်လည်း ကျန်းလန်နှင့် လုန်ယွိဆိုသည့် နာမည်များ ရေးထွင်းပြီးသား ဖြစ်သွားသည်။

နဂါးမျိုးနွယ်ဘက်မှ အခမ်းအနား ကိုယ်စားလှယ်ဖြစ်သော နဂါးမယ် နှင့် ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းတို့က သူတို့၏ လက်များကို ဆန့်တန်းကာ ကျောက်စာတိုင်ပေါ်သို့ တင်လိုက်ကြသည်။

ထိုအခါ ကျောက်စာတိုင်မှ အလင်းရောင်များ ထွက်ပေါ်လာပြီး ထိုအလင်းရောင်များက လက်ထပ်စာချုပ်မှ အလင်းရောင်များနှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။

ကျန်းလန်နှင့် လုန်ယွိဆိုသည့် နာမည်များက ကျောက်စာတိုင်ထက်တွင် ထူးခြားစွာ တောက်ပလျှက် ရှိ၏။

ကျန်းလန်နှင့် လုန်ယွိ အတူတကွ လမ်းလျှောက်လာကြသည်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် မြောင်ယွဲ့က လက်ထဲမှစုတ်တံဖြင့် လက်ထပ်စာချုပ်ထက်တွင် စာသားများ ထပ်မံရေးသားလိုက်သည်။

"ယနေ့က နဂါးမင်းသမီးလုန်ယွိနဲ့ နဝမတောင်ထွတ်မှ ဆက်ခံသူ ကျန်းလန်တို့ရဲ့ စေ့စပ်မင်္ဂလာပွဲ ဖြစ်တယ်… ၊ ယနေ့မှအစပြုပြီး အတူတကွ ဘဝလမ်းကို လျှောက်လှမ်းကြမည့် ဇနီးမောင်နှံ သတို့သားလောင်းနှင့် သတို့သမီးလောင်းများအဖြစ် သင်တို့နှစ်ယောက်ကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်တယ်…"

မြောင်ယွဲ့၏ စကားသံက ပတ်ဝန်းကျင်တစ်ခုလုံးအား အရှိန်အဟုန်ဖြင့် တုန်လှုပ်သွားစေသည်။

သူမ လက်ထပ်စာချုပ်တွင် ရေးသားလိုက်သည့် စာလုံးတိုင်းက ကျောက်စာတိုင်တွင် ရေးထိုးပြီးသား ဖြစ်နေသည်။

ကျောက်စာတိုင်မှ ထွက်ပေါ်နေသည့် အလင်းရောင်များက အရပ်မျက်နှာအသီးသီးသို့ တောက်ပစွာ ပျံ့နှံ့သွားကြသည်။

ကျန်းလန်နှင့် လုန်ယွိကတော့ ခန်းမဆောင်သို့သွားရာ လမ်းမထက်တွင် တစ်လှမ်းချင်း လမ်းလျှောက်လာကြသည်။

မြောင်ယွဲ့ကလည်း မင်္ဂလာဘိသိက်စကားများကို အဆက်မပြတ် ပြောဆိုလျှက် ရှိသည်။ သူမ၏ အသံက နူးညံ့သိမ်မွေ့ခြင်းများဖြင့် ပြည့်နက်နေ၏။

"သင်တို့နှစ်ယောက် အေးအတူပူအမျှ ထာဝရ တစ်ယောက်နဲ့တစ်ယောက် ကူညီပံ့ပိုးပေးကြရမယ်…"

မြောင်ယွဲ့က မင်္ဂလာဘိသိက်စကားများ ပြောဆိုနေရင်း လက်ထပ်စာချုပ်တွင်လည်း စာလုံးများကို အဆက်မပြတ်ရေးသားနေသည်။

လက်ထပ်စာချုပ်တွင် မြောင်ယွဲ့ ရေးသားလိုက်သည့် စာလုံးတိုင်းက သူမအရှေ့ရှိ ကျောက်စာတိုင်တွင် တစ်ပြိုင်တည်း ရေးထွင်းပြီးသား ဖြစ်သွားသည်။

အလင်းရောင်များအောက်တွင် စကားလုံးများက ခမ်းနားထည်ဝါလွန်းလှသည်။

ခွန်လွန်တပည့်များအားလုံးနှင့် ဧည့်ပရိတ်သတ်များမှာ ကျန်းလန်နှင့် လုန်ယွိကို လှမ်းမကြည့်မီ မင်္ဂလာဘိသိက်ပေးသည့် မြင်ကွင်းကို အံ့သြတကြီးဖြင့် ငေးမောကြည့်နေမိကြသည်။

မြင်ကွင်းက သူတို့ မျှော်လင့်ထားသည်ထက် ပိုမိုကြီးကျယ်ခမ်းနားနေလေသည်။

ထိုအချိန်ခဏတွင် မည်သူမှ ဆိုးရွားသည့်ဝေဖန်မှုများကို မပြုလုပ်ရဲကြတော့ပေ။

ကျန်းလန်လည်း အနည်းငယ် အံ့အားသင့်နေမိသည်။

ဤသို့ အခမ်းအနားပွဲပြုလုပ်ခြင်းက အလေးထားရမည့် ရိုးရာဓလေ့တစ်ခုလည်း ဖြစ်ဟန်တူသည်။

မြောင်ယွဲ့၏ စကားသံက ထပ်မံထွက်ပေါ်လာပြီး သူမလက်ထဲမှ စုတ်တံကလည်း အဆက်မပြတ်လှုပ်ရှားနေသည်။

"သင်တို့ (၂)ယောက်လုံး အတူတူ အိုအောင်မင်းအောင်ပေါင်းသင်းပြီး ခွန်လွန်တောင်နဲ့ နဂါးမျိုးနွယ်များရဲ့ ချစ်ကြည်ရေးကို ခိုင်မြဲစေမယ်…"

ထို့နောက် မြောင်ယွဲ့က လက်ထပ်စာချုပ်ကို နိဂုံးချုပ်လိုက်သည်။

"ဒီအခမ်းအနားပွဲကို ကျွန်မ မြောင်ယွဲ့က သက်သေပြုပါတယ်…"

ကျောက်စာတိုင်ထက်တွင် နောက်ဆုံးစာကြောင်း ရေးထွင်းထွက်ပေါ်လာပြီးနောက် လက်ထပ်စာချုပ်သည်လည်း တဖြည်းဖြည်း ပိတ်သွားလေသည်။

မြောင်ယွဲ့၏ မင်္ဂလာဘိသိက်စကား နိဂုံးချုပ်ပြီးသည်နှင့် အချိန်ကိုက်ပင် ကျန်းလန်နှင့် လုန်ယွိသည်လည်း သူမရှေ့သို့ ရောက်ရှိလာကြသည်။

ထို့နောက် ပိတ်သွားသည့်လက်ထပ်စာချုပ်က ကျန်းလန်ရှေ့သို့ ဖြည်းဖြည်းချင်း လွင့်မျောရောက်ရှိလာသည်။

ကျန်းလန်က ချက်ချင်းပင် လက်နှစ်ဖက်ဖြင့် လက်ထပ်စာချုပ်ကို ယူဆောင်လိုက်သည်။

တစ်ချိန်တည်းမှာပင် အလင်းတန်းတစ်ခု လက်ခနဲထွက်ပေါ်လာပြီး နောက်ထပ်လက်ထပ်စာချုပ်တစ်ခုက လုန်ယွိရှေ့တွင် ပေါ်လာသည်။

ထိုလက်ထပ်စာချုပ်က ကျန်းလန်လက်ထဲရှိ လက်ထပ်စာချုပ်မှ ခွဲထွက်သွားသည့် မူကွဲလက်ထပ်စာချုပ် ဖြစ်၏။

သူမကလည်း ကျန်းလန်ကဲ့သို့ပင် လက်ထပ်စာချုပ်ကို လက် (၂)ဖက်ဖြင့် ယူဆောင်လိုက်သည်။

လက်ထပ်စာချုပ်ကို ယူလိုက်ပြီးသည်နှင့် ကျန်းလန်နှင့် လုန်ယွိ၏ ခန္ဓာကိုယ်များမှ အလင်းရောင်များ ထွက်ပေါ်လာသည်။

ထို့နောက် ကျောက်စာတိုင်မှ အလင်းတန်းများက ပိုမိုတောက်ပလာပြီး ထက်ကောင်းကင်ဘဝဂ်တိုင် ထိုးဖောက်ဝင်ရောက်သွားသည်။

အလင်းလွန်ကဲမှုကြောင့် ကျောက်စာတိုင်က အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး ကျောက်စာတိုင်အပိုင်းအစများက ကျန်းလန်နှင့် လုန်ယွိ၏ ခန္ဓာကိုယ်များထက်သို့ ဖုံးအုပ်သွားသည်။

ထို့နောက် ကျောက်စာတိုင်အပိုင်းအစများက သူတို့ (၂)ယောက်၏ လက်ကောက်ဝတ်များဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

သတို့သားလောင်းနှင့် သတို့သမီးလောင်း၏ လက်ကောက်ဝတ်များထက်တွင် မင်္ဂလာကတိစကားများအဖြစ် ကဗျည်းကျောက်စာ ရေးထိုးလိုက်သည့်အလားပင် ဖြစ်လေတော့၏။

All Chapters