← Chapters

စေ့စပ်ထားသည့်မိန်းမပျို

Vol. 11 Ch. 149

စေ့စပ်ထားသည့်မိန်းမပျို

Vol. 11 Ch. 149

အခန်း (၁၄၉) စေ့စပ်ထားသည့်မိန်းမပျို

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးက အလွန်တရာခမ်းနားသည့် ခန်းမဆောင်ကြီး တစ်ခုဖြစ်သည်။

ကြီးမားသည့် ကျောက်ဖြူတိုင်လုံးကြီးများက ခန်းမဆောင်အမိုးခုံးကြီးကို ထောက်ပံ့ပေးထားသည်။

ကျယ်ပြန့်လွန်းသည့် ခန်းမဆောင်ကြီးထဲတွင် လူသား (၂)ယောက် ရှိနေလေသည်။

ထိုလူသား (၂)ယောက်မှာ ကျန်းလန်နှင့် လုန်ယွိ ဖြစ်လေ၏။

လက်ထပ်စာချုပ်ကို ပေးအပ်ပြီးနောက် မြောင်ယွဲ့က သူတို့ (၂)ယောက်ကို ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးဆီသို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။

နဂါးမျိုးနွယ်အကြီးအကဲများနှင့် ခွန်လွန်တောင်မှ တောင်သခင်များနှင့် တွေ့ဆုံရလိမ့်မည်ဟု ကျန်းလန်က ထင်ခဲ့မိသည်။

တောင်သခင်များက ဆုံးမသြဝါဒ ပြောကြားပြီး နဂါးမျိုးနွယ်များကတော့ သူ့ကို လှောင်ပြောင်ကြလေမည်လားဟု ကျန်းလန် တွေးထင်မိသည်။

သို့သော် သူ့အထင်မှားသွားခဲ့လေသည်။

မည်သူမှ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာကြခြင်း မရှိပေ။

မြောင်ယွဲ့က…

"အပြင်ဘက်မှာ အခမ်းအနားဆက်ကျင်းပဖို့ရှိတယ်… ၊ မင်းတို့ ဒီထဲမှာ ရင်းနှီးအောင် စကားလေးဘာလေး ပြောနေကြပေါ့… ၊ အခမ်းအနားပြီးသွားရင်တော့ မင်းတို့လည်း ပြန်လို့ရပြီနော်…"

ပြောပြီးသည်နှင့် မြောင်ယွဲ့ ထွက်ခွာသွားလေသည်။

ကျန်းလန်နှင့် လုန်ယွိ (၂) ယောက်တည်းသာ ခန်းမဆောင်ထဲတွင် ကျန်ရစ်ခဲ့ကြသည်။

မည်သူမှ သူတို့ကို လာရောက်တွေ့ဆုံ စကားပြောကြားခြင်း မရှိကြသလို မည်သည့်နဂါးမျိုးနွယ်မှလည်း ကျန်းလန်ကို လာရောက်ပြဿနာရှာခြင်း မရှိကြပေ။

သူတို့လက်ကောက်ဝတ်များအတွင်းသို့ ဝင်ရောက်သွားသည့် ကျောက်စာတိုင်အစိတ်အပိုင်းများမှတစ်ဆင့် သူနှင့် လုန်ယွိအကြားတွင် ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ကျန်းလန် သတိထားလိုက်မိသည်။

ထိုကျောက်စာတိုင်က သူတို့ (၂)ယောက်ကို အတူတကွ ပေါင်းစည်းပေးထားသည့်အလား ထင်မှတ်ရသည်။

ကြည့်ရသည်မှာ ကျောက်စာတိုင်တွင် ရေးထွင်းထားသည့် ကတိကဝတ်စာလံးများက သူတို့ (၂)ယောက်ကို အတင်းအကျပ်ချည်နှေင်ခဲ့ကြခြင်း ဖြစ်ဟန်တူသည်။

စေ့စပ်ပွဲကို ပိုမိုသက်ရောက်မှုရှိစေရန် ထိုသို့ ပြုလုပ်ခြင်း ဖြစ်ဟန်တူသည်။

သို့သော် သူတို့ (၂)ယောက်ကို ယခုကဲ့သို့ အတင်းအကျပ် ချည်နှေင်ထားခြင်းက သူတို့၏ စိတ်ချင်းဝေးကွာနေမှုကိုတော့ နီးကပ်မလာစေခဲ့ပေ။

ကျန်းလန်က သူ့နံဘေးတွင် ထိုင်နေသည့် လုန်ယွိကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သူနှင့် လုန်ယွိက အစကတည်းက မရင်းနှီးသူဖြစ်လေရာ မည်သို့စကားစပြောရမှန်းမသိ ဖြစ်နေရသည်။ ထို့ပြင် မည်သည့်အေကြောင်းအရာကို ပြောရမှန်းလည်း မသိရှိပေ။

သူမသည်လည်း အတင်းအကျပ် ဖိအားပေးခံရသောကြောင့် ဤစေ့စပ်ပွဲကို လက်ခံခဲ့ရသည်လားဟု သူ မေးလိုက်သင့်သလား…။

ကျန်းလန် စဉ်းစားနေစဉ်မှာပင် လုန်ယွိက သွယ်လျလှပသည့် သူမ၏လက်လေးများကို ကျန်းလန်ရှေ့တွင် ဖြန့်လာလေသည်။

သူမက တစ်စုံတစ်ခုကို တောင်းယူနေသည့်အလား ဖြစ်သည်။

ထို့နောက် ကြည်လင်ရှင်းလင်းသည့် လုန်ယွိ၏ အသံလေး ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"ကျွန်မကို ပြန်ပေး…"

"ဟမ်…"

ကျန်းလန် ပဟေဠိ ဖြစ်သွားပြီး သူ့လက်ထဲတွင် ကိုင်ထားသည့် လက်ထပ်စာချုပ်ကို ငုံ့ကြည့်လိုက်သည်။

လုန်ယွိက လက်ထပ်စာချုပ်ကို တောင်းနေတာလား…။

ထို့ကြောင့် သူက လက်ထပ်စာချုပ်ကို လုန်ယွိထံ လှမ်းပေးလိုက်၏။

သူ့တွင် လက်ထပ်စာချုပ်မရှိလည်း ပြဿနာ မရှိပေ။ ထိုစာချုပ်က အသိအမှတ်ပြုသည့် စာချုပ်တစ်ခုမျှသာ ဖြစ်သည်။

သူတို့ (၂)ယောက်ကို အမှန်တကယ် ချည်နှောင်ထားသည်က သူတို့လက်ကောက်ဝတ်များဆီတွင် တည်ရှိနေသည့် ကျောက်စာတိုင်မှ တန်ခိုးစွမ်းအား ဖြစ်လေသည်။

လုန်ယွိက ကျန်းလန်ပေးလာသည့် လက်ထပ်စာချုပ်ကို ကျန်းလန်ရှိရာသို့ အသာအယာပြန်တွန်းပို့လိုက်ရင်း…

"ဒါကိုပြောတာ မဟုတ်ဘူး…"

"……………………"

ကျန်းလန်လက်ထဲတွင် ရှိနေသည့်အရာမှာ လက်ထပ်စာချုပ်သာလျှင် ဖြစ်လေသည်။

ယခု သူမက ကျန်းလန်ထံမှ ဘာကို လိုချင်ပါသနည်း။

ကျန်းလန် စိတ်များရှုတ်ထွေးသွားပြီး…

"ဂိုဏ်းတူအစ်မ… ဘာလိုချင်တာလဲ…"

သူလည်း လုန်ယွိဆီမှ မည်သည့်ပစ္စည်းမှ ယူထားခြင်း မရှိလေရာ လုန်ယွိက ဘာကို ပြန်တောင်းနေရပါသနည်း။

သူ့ကြောင့် သူမ၏ ဆုံးရှုံးခဲ့ရသည့် လွတ်လပ်မှုများကို ပြန်လည်တောင်းခံနေခြင်းများလား…။

သို့သော် ဤစေ့စပ်ပွဲက လုန်ယွိသာမဟုတ် ၊ သူသည်လည်း လွတ်လပ်မှုများ ဆုံးရှုံးခဲ့ရလေသည်။

သူ့အနာဂတ် အစီအစဉ်များကို ပြောင်းလဲခဲ့ရသလို သူတကယ်ချစ်သည့်သူနှင့် လက်ထပ်ရန်မှာလည်း မဖြစ်နိုင်တော့ပေ။

သူတကယ်ချစ်သည့်သူဟု ဆိုရာတွင် သူက အစကတည်းက ချစ်သူရှာရန် စိတ်ကူးရှိခဲ့သူတော့ မဟုတ်ပေ။

ထို့ပြင် ယခုတော့ လုန်ယွိကဲ့သို့ ချောမောလှပသူလေးတစ်ယောက်ကို လက်ထပ်ခွင့်ရခဲ့ပြီဆိုမှတော့ သူ့အနေဖြင့် နောက်ထပ် ချစ်သူရှာရန်လည်း မဖြစ်နိုင်တော့ပေ။

လုန်ယွိက ခပ်တိုးတိုးလေသံဖြင့်…

"ဓားကိုပြောတာ…"

ဟု ပြောလိုက်သည်။

သို့သော် သူမအသံက အရင်ကအတိုင်း တည်ငြိမ်နေဆဲ ဖြစ်သည်။

"…………………"

ကျန်းလန် ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။

ဘယ်ဓားကိုပြောတာလဲ…။

လုန်ယွိက ကျန်းလန်ကို မော့ကြည့်လိုက်သည်။

မအူမလည်ဖြစ်နေသည့် ကျန်းလန်မျက်နှာကို တွေ့လိုက်ရမှ လုန်ယွိက ရှင်းပြလိုက်သည်။

"သစ်သားဓားလေ… ကျွန်မ မနေ့က အမြန်ပြန်သွားတာနဲ့ ရှင့်ဆီက ဓားပြန်တောင်းဖို့ မေ့သွားတာ…"

သူမအသံက ယခင်အချိန်များအတိုင်း ခံစားချက်ကင်းမဲ့နေလေသည်။

သို့သော် လုန်ယွိ၏ စကားကိုကြားသည်နှင့် ကျန်းလန် အဖြစ်အပျက်များကို ချက်ချင်း သဘောပေါက်သွားသည်။

သူ လုန်ယွိကို တအံ့တသြဖြင့် ကြည့်လိုက်မိသည်။

လုန်ယွိက ရှောင်ယွိပဲလား…။

အသက်မပြည့်သေးသည့် ဆယ်ကျော်သက် ကလေးမလေး ရှောင်ယွိ…။

ကျန်းလန် အံ့သြတုန်လှုပ်သွားသည်။ သူ လက်ထပ်ရမည့် သတို့သမီးလောင်းက အသက်မပြည့်သေးသည့်အချက်ကို ချက်ချင်းအမှတ်ရသွားသည်။

"ကျွန်မက ကလေးမလေး မဟုတ်ဘူးနော်… ၊ အခု ရှင်မြင်နေရတဲ့ပုံစံက ကျွန်မရဲ့ တကယ့် ပုံစံအမှန်ပဲ…"

ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားထဲမှ အဖြူရောင်နဂါးငယ်လေး လုန်ယွိကို ကျန်းလန် ပြန်လည် အမှတ်ရလိုက်မိသည်။

နဂါးများက အင်မော်တယ်မဖြစ်မချင်း အသက်မပြည့်သေးသောသူများသာ ဖြစ်သည်။

သူမက ကလေးငယ်တစ်ယောက် မဟုတ်လျှင်တောင်မှ အရွယ်ရောက်ပြီး မိန်းမပျိုတစ်ယောက်တော့ မဖြစ်နိုင်သေးဘူး မဟုတ်လား။

သို့သော် ကျန်းလန်က ထိုအကြောင်းများကို မေးမြန်းခြင်း မပြုခဲ့ပေ။

ဒါပေမဲ့… တကယ်ပဲ ရှောင်ယွိက လုန်ယွိလား…။

ဘာလို့ ဒီ (၂)ယောက်က လုံး မတူကွဲပြားနေရသည်လဲ…။

ကျန်းလန်၏ရင်ထဲတွင် လက်ခံနိုင်ရန် ခက်ခဲလျှက်ရှိသည်။

ထို့နောက် ကျန်းလန်က သစ်သားဓားကို ချက်ချင်းထုတ်ယူလိုက်ပြီး လုန်ယွိ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"မနေ့က ကူညီခဲ့တာအတွက် ကျေးဇူးတင်ပါတယ်… ဂိုဏ်းတူအစ်မ…"

ကျန်းလန် နူးညံ့စွာပင် ပြောလိုက်သည်။

ရှောင်ယွိက မနေ့က သူ့ကို များစွာကူညီပေးခဲ့သော်လည်း ကျန်းလန် ကျေးဇူးတင်စကား မဆိုခဲ့ရပေ။

လုန်ယွိက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး စာအုပ်တစ်အုပ်ထုတ်ယူကာ ကျန်းလန်ကို ပေးလိုက်သည်။

"မနေ့က ဂိုဏ်းတူမောင်လေးကြောင့်သာ နဂါးသုတ်သင်ဓားဝိညာဉ်ကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရခဲ့တာပါ… ၊ အဲဒီအတွက် ကျေးဇူးတင်လို့ ပေးတဲ့ လက်ဆောင်ပါ…"

ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေသည်။

ထို့နောက် လုန်ယွိပေးသည့် စာအုပ်လေးကို လှမ်းယူပြီး ကြည့်လိုက်သည်။

"လက်ရေးလှစာလုံးရေးသားနည်းစာအုပ်"

စာအုပ်ထက်တွင် ရေးထားသည့် အမည်ကို ဖတ်မိသည်နှင့် ကျန်းလန် ဆွံ့အသွားသည်။

"………………"

ကျန်းလန် လုန်ယွိကို ရှင်းမပြချင်တော့သလို စကားလည်း ဆက်မပြောတော့ပေ။

တိတ်ဆိတ်စွာပင် လုန်ယွိပေးသည့် စာအုပ်လေးကို သိမ်းဆည်းလိုက်သည်။ အချိန်အားမှ လေ့လာချင်လည်း လေ့လာမည် ၊ မလေ့လာချင်လည်း ခေါက်ထားလိုက်မည်ဟု တွေးလိုက်၏။

ထို့နောက် ကျန်းလန်က လက်ထပ်စာချုပ်ကိုလည်း သိမ်းဆည်းလိုက်သည်။ တစ်ချိန်တည်းပင် လုန်ယွိကလည်း သူမလက်ထဲမှ လက်ထပ်စာချုပ်ကို ဂရုတစိုက်ပင် သိမ်းဆည်းလိုက်သည်ကို တွေ့လိုက်ရသည်။

လုန်ယွိက သူ့ကို လုံး၀ မုန်းတီးဟန်မရှိကြောင်း ကျန်းလန် နားလည်လိုက်သည်။

လုန်ယွိက နဂါးမင်းသမီးတစ်ပါးဖြစ်သလို ကျောက်စိမ်းရေကန်နတ်ဘုရားမလည်း ဖြစ်ကြောင်း လူတိုင်း သိရှိကြသည်။ သူမက ပါရမီရှင်တစ်ယောက်လည်းဖြစ်သလို ဂုဏ်သရေရှိ မိန်းမပျိုတစ်ယောက်လည်း ဖြစ်လေ၏။

သူကတော့ သာမန်အရည်အချင်းမျှသာ ရှိသူဖြစ်ပြီး သူ့နောက်တွင် ထောက်ပံ့ပေးထားသူဆို၍ ဆရာဖြစ်သူ နဝမတောင်ထွတ်၏ တောင်သခင်သာလျှင် ရှိသည်။

သူက ဘာကောင်မှမဟုတ်သည့် လူတစ်ယောက်သာ ဖြစ်သည်။

အမှန်ဆိုလျှင် သူ့လိုလူတစ်ယောက်နှင့် လက်ဆက်ရခြင်းက လုန်ယွိကို ပျော်ရွှင်စေမည် မဟုတ်ပေ။ စိတ်ဆင်းရဲခြင်းသာ ဖြစ်စေနိုင်သည်။

အထူးသဖြင့် ချစ်ကြည်ရေးလက်ထပ်မင်္ဂလာပွဲအဖြစ် မချိုးဖျက်နိုင်သည့် ချည်နှောင်မှုဖြင့် ချည်နှောင်ခံရခြင်းက ပို၍ ဝမ်းနည်းစရာကောင်းသည့်ကိစ္စ ဖြစ်ပေလိမ့်မည်။

သာမန်မိန်းကလေးတစ်ယောက်ဆိုလျှင် သေချာပေါက် ပေါက်ကွဲပေလိမ့်မည်။

လုန်ယွိက ကျန်းလန်ကိုတည်ငြိမ်စွာဖြင့် ကြည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေးက ဘာတွေ သံသယဖြစ်နေတာလဲ…"

ကျန်းလန်၏ မျက်ဝန်းများထဲမှ စိတ်ရှုတ်ထွေးမှုများကို လုန်ယွိက နားလည်နေသလိုပင်။

သူ့ရင်ထဲမှ အတွေးများကို လုန်ယွိ သိမြင်နေသည်လား…။

ကျန်းလန် တုန်လှုပ်သွားရသည်။

သို့ရာတွင် လုန်ယွိက ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်လေရာ ကျန်းလန်၏ အတွေးများကို ခန့်မှန်းနိုင်ခြင်းက ထူးဆန်းသည့်ကိစ္စမဟုတ်ပေ။

ကျန်းလန်က နူးညံ့စွာဖြင့်…

"တစ်ခုခုမှားနေတယ်လို့ ဂိုဏ်းတူအစ်မ မခံစားရဘူးလား…"

ကျန်းလန်က ပါးနပ်စွာပင် မေးခွန်းမေးလိုက်သည်။

သူ့ မေးခွန်းကြောင့် လုန်ယွိက အံ့အားသင့်သွားခြင်း မရှိပေ။

သူမက ဆည်းလည်းသံအလား သာယာသည့်အသံလေးဖြင့်…

"ဘာများဖြစ်လို့လဲ… ၊ ဂိုဏ်းတူမောင်လေးကရော… တစ်ခုခု မှားနေတယ်ထင်လို့ ခံစားရလို့လား…"

သူ မှားနေတယ်လို့ ခံစားရသလား…။

လုန်ယွိ၏ မေးခွန်းကို ကြားသည့်အခါ ကျန်းလန် သူ့နှလုံးသားကို သူ ပြန်လည်မေးခွန်းထုတ်လိုက်မိသည်။

လုန်ယွိလို မိန်းမပျိုတစ်ယောက်နှင့် လက်ဆက်ရခြင်းကို သူ့ဘက်ကတော့ နစ်နာသည်ဟု မတွေးသင့်ဘူး မဟုတ်လား။

"မခံစားရပါဘူးဗျာ…"

အများအမြင်တွင်တော့ သူ့ဘက်က နစ်နာချက်ရှိမည် မဟုတ်ပေ။

သို့သော် လက်ထပ်ပွဲကြောင့် ကျန်းလန်၏ အနာဂတ်အစီအစဉ်များကို ပြောင်းလဲရတော့မည် ဖြစ်ပြီး လုန်ယွိကို သူ့ဘဝအစိတ်အပိုင်းအဖြစ် ထည့်သွင်းစဉ်းစားပေးရတော့မည် ဖြစ်သည်။

"ဂိုဏ်းတူမောင်လေးဘက်တောင် မှားနေတယ်လို့ မခံစားရတာ … ကျွန်မက ဘာလို့ အဲဒီလိုခံစားရမလဲလေ…"

ကျန်းလန် စကားပြန်မပြောနိုင်ခင်မှာပင် ဆည်းလည်းသံပမာသာယာသည့် သူမ၏အသံလေးက ထပ်မံထွက်ပေါ်လာပြန်သည်။

"ပြီးတော့ ကျွန်မက ဂိုဏ်းတူမောင်လေးကိုလည်း မမုန်းမိပါဘူး…"

ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေမိသည်။

ထိုသို့ဆိုလျှင် ရှောင်ယွိက သူ့ကို လှည့်စားခဲ့သည်ပေါ့…။

သူတို့ စကားအနည်းငယ်ပြောပြီးနောက် လုန်ယွိက ကျန်းလန်မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သူတစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့ရသည်။

လုန်ယွိက ရုပ်ရည်ရော စိတ်ထားပါ ပြောစရာမရှိအောင် ပြီးပြည့်စုံ ကောင်းမွန်သူဖြစ်နေလေရာ ကျန်းလန်အနေဖြင့် လက်ထပ်စာချုပ်ကို ဖောက်ဖျက်ရန် မဖြစ်နိုင်တော့ဟု တွေးလိုက်မိသည်။

ထို့နောက် သူတို့ စကားမပြောဖြစ်ကြတော့ပေ။

အပြင်ဘက်မှ အခမ်းအနားပွဲ၏ ဆူညံသံများကို ကျန်းလန် နားထောင်နေမိသည်။

အချိန်အတန်ကြာပြီးနောက်...

အခမ်းအနားပွဲ ပြီးဆုံးသွားပြီး တပည့်များနှင့် ဧည့်ပရိတ်သတ်များအားလုံး စတင်ထွက်ခွာသွားသံများကို ကြားရသည်။

ကျန်းလန်က...

"အခမ်းအနားပွဲ ပြီးသွားပြီထင်တယ်...."

လုန်ယွိက ခေါင်းညိတ်လိုက်ရင်း...

"ဟုတ်တယ်..."

ကျန်းလန်က...

"အကြီးအကဲတွေလာပြီး ဆုံးမစကားပြောကြဦးမလားမသိဘူးနော်...."

ထိုအချက်က ဖြစ်နိုင်ချေ မြင့်မားသည်ဟု ကျန်းလန် ခံစားလိုက်ရသည်။

ခွန်လွန်တောင်မှ တောင်သခင်များနှင့် နဂါးမျိုးနွယ်မှ အကြီးအကဲများက သူတို့ကို ဆုံးမသွန်သင်စကားများ လာရောက်ပြောဆိုကောင်း ပြောဆိုပေလိမ့်မည်။

သို့သော် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသည့်တိုင် မည်သူမှ ရောက်မလာကြပေ။

လုန်ယွိကလည်း အံ့အားသင့်သွားဟန်ဖြင့်...

"သူတို့တွေအားလုံး ပြန်သွားကြပြီထင်တယ်..."

ကျန်းလန်လည်းအံ့အားသင့်နေရင်း...

"အပြင်ဘက် သွားကြည့်ရအောင်..."

အကြီးအကဲများက သူတို့ (၂) ယောက်ကို တကယ်ပဲ အရေးမစိုက်ကြတော့ဘူးလား။

သူတို့ (၂) ယောက် ခန်းမဆောင်ပြင်ပသို့ ထွက်လာကြသည်။

ထိုအခါ အပြင်ဘက်တွင် မည်သူမှ မရှိတော့ကြောင်း တွေ့လိုက်ရသည်။

ရင်ပြင်တစ်ခုလုံး လူသူကင်းရှင်းနေပြီး နေရောင်အလင်းပျောက်ကာ မှောင်စပျိုးချိန်ပင် ရောက်ရှိနေပြီ ဖြစ်သည်။

လုန်ယွိက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း...

"ကြည့်ရတာ… အကြီးအကဲတွေက ကျွန်မတို့ကို ဘာမှ ပြောစရာ မရှိတော့ဘူးထင်တယ်..."

"အင်း..."

ကျန်းလန်ကလည်း သူမစကားကို သဘောတူလိုက်သည်။

ထို့နောက် သူတို့ (၂) ယောက် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးတည်ရှိရာ တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။

ဤသည်က သူတို့ (၂)ယောက် အတူတကွ ရှိနေခွင့်ရသည့် ရှားပါးသည့်အချိန်လေး ဖြစ်သည်။

ရှောင်ယွိနှင့်အတူတူ ကုန်ဆုံးခဲ့ရသည့် အချိန်များကိုတော့ ကျန်းလန် ထည့်မတွက်ခဲ့ပေ။

လုန်ယွိက...

"ဂိုဏ်းတူမောင်လေး... ရှေ့ဆက် ရှင်ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ…"

ကျန်းလန်က...

"နဝမတောင်ထွတ်ကိုပြန်ပြီး တံခါးပိတ်ကျင့်ကြံမယ်လေ..."

"အင်မော်တယ် ဖြစ်လာဖို့အတွက်လား..."

"ဟုတ်တယ်... အင်မော်တယ်ဖြစ်လာဖို့အတွက်ပဲပေါ့..."

ကျင့်ကြံသူများအားလုံး၏ ရည်ရွယ်ချက်က အင်မော်တယ် ဖြစ်လာရန် ဖြစ်၏။

အင်မော်တယ်ဖြစ်လာရန်က ကျန်းလန်အတွက် အနည်းငယ် အလှမ်းဝေးနေသေးသည်။ သို့သော် သူ၏ နောက်ဆုံး ရည်မှန်းချက်သည်လည်း အင်မော်တယ်ဖြစ်လာရန်ပင် ဖြစ်သည်။

ဤသည်က ကျင့်ကြံသူတိုင်း၏ မူလရည်ရွယ်ချက်ဖြစ်သလို တစ်ဘဝလုံး ထားရှိသည့် ရည်ရွယ်ချက်လည်း ဖြစ်သည်။

အင်မော်တယ်ဖြစ်လာမှသာ တန်ခိုးစွမ်းအားနည်းပါးနိမ့်ကျမှုကြောင့် အန္တရယ်ကျရောက်နိုင်သည့် အခြေအနေမှ လွတ်မြောက်မည် ဖြစ်သည်။

လုန်ယွိ မျက်ခုံးလေးများ တွန့်ချိုးထားပြီး တိတ်ဆိတ်ငြိမ်သက်နေလေသည်။

အဘယ်ကြောင့်ဆိုသော ကျန်းလန် အင်မော်တယ်ဖြစ်လာသည့်နေ့တွင် သူတို့ (၂)ယောက် လက်ထပ်ပေါင်းသင်းရမည့်နေ့သို့ ရောက်လာမည် ဖြစ်သောကြောင့်ပင်။

ကျောက်စိမ်းရေကန်မှ စွမ်းအားအနှစ်သာရများကို ဆုပ်ယူကျင့်ကြံခွင့်ရသည့် သူမအနေဖြင့် ကျန်းလန်ထက်အရင် အင်မော်တယ်ဖြစ်လာမည် ဖြစ်သည်။

ထို့ကြောင့် သူမ အင်မော်တယ် ဖြစ်လာလျှင်လည်း ကျန်းလန် အင်မော်တယ်ဖြစ်လာသည်အထိ အချိန်စောင့်ပြီးမှ သူတို့ လက်ထပ်ကြရမည် ဖြစ်လေသည်။

All Chapters