မင်းကငါ့ကိုစိန်ခေါ်ဖို့မထိုက်တန်ဘူး
Vol. 143 Ch. 2132
ရစ်ခွေနဂါးတောင်ကြောရိုးတွင်...။
ဆူဇီမိုနှင့် အာဏာပါးကွက်သားအစောင့်တပ်သားများကြားတိုက်ပွဲသည် လွန်ခဲ့သည့်လေးနာရီကျော်က အဆုံးသတ်သွားခဲ့သော်လည်း ကျင့်ကြံသူများ၏ စိတ်အားထက်သန်မှုက လုံးဝလျော့ကျမသွားပေ။
အမှားအယွင်းတစ်စုံတစ်ရာမရှိဘူးဆိုလျှင် ဤတစ်ခေါက် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၏ အပြောင်းအလဲသတင်းက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်ကို သေချာပေါက်ပျံ့နှံ့သွားပေလိမ့်မည်။
“ကြည့်စမ်း... သူက အဲ့ဒီကိုသွားပြီးဘာလုပ်မလို့လဲ”
“သူက လေ့ဖုန်နဲ့တခြားသူတွေနဲ့ ပြန်တွေ့နေပြီပဲ”
“အဲ့ဒီလူတွေကတော့ တကယ့်ကိုသေချင်နေတာပဲ... သူတို့က သူ့ကိုအရင်စပြီးတော့တောင် ဝိုင်းပတ်လိုက်တယ်ဆိုတော့...”
ဆူဇီမိုသည် တောင်ကြားထဲသို့ ပထမဆုံးဆင်းသက်စဥ်က သူသည် လေ့ဖုန်နှင့် တခြားသူများ၏ ဝန်းရံပိတ်ဆို့ခြင်းခံခဲ့ရ၏။ ထိုအချိန်တုန်းက သူက အသက်ရှင်လျက်ထွက်နိုင်လိမ့်မည်ဟု မည်သူကမှ မတွေးထင်ခဲ့ကြပေ။
သို့သော်ယခု ရက်နှစ်ဆယ်ကျော်ကုန်ဆုံးသွားပြီး ဤမြင်ကွင်းသည် မနေ့တစ်နေ့ကကဲ့သို့ တစ်ဖန်ဖြစ်လာသော်လည်း လူတိုင်း၏ ထင်မြင်ချက်က မိုးနှင့်မြေလိုကွာခြားသွား၏။
ကျင့်ကြံသူများသည် လေ့ဖုန်နှင့် အခြားသူများကို သနားဂရုဏာသက်နေသောမျက်လုံးများဖြင့် ကြည့်လိုက်၏။
လေ့ဖုန်တို့အုပ်စုသည် ယနေ့အချိန်ထိ ရှင်သန်နိုင်ခဲ့ကြလေသည်။ အမှားအယွင်းတစ်စုံတစ်ရာမရှိဘူးဆိုလျှင် အခြားသောလူတစ်ယောက်ကလည်း ထိပ်ဆုံးအယောက်တစ်ရာထဲ ဝင်ရောက်နိုင်ပေလိမ့်မည်။
သို့သော်ယခု... သူတို့က ဆူဇီမိုကို ပစ်မှတ်ထားလာသောအခါ ရလဒ်ကိုစဥ်းစားကြည့်နိုင်၏။
တောင်ကြားထဲတွင်...။
ကျင့်ကြံသူများစွာကရှေ့သို့ ပြေးတက်လာပြီး ဆူဇီမိုကိုတင်းကျပ်စွာဝိုင်းပတ်လိုက်ကြ၏။
သူတို့အားလုံးမှာ တောက်လောင်ပြင်းပြသောအကြည့်များရှိနေပြီး သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ချင်နေကြ၏။
“တာအိုရောင်းရင်း... မင်းကိုကြည့်ရတာ သိပ်ပြီးရင်းနှီးပုံမရဘူး”
ခပ်ဝဝ ကျင့်ကြံသူတစ်ယောက်က ပြုံး၍ပြောလိုက်၏။
“ဟုတ်လို့လား”
ဘေးပတ်ဝန်းကျင်ကိုထောက်လှမ်းကြည့်ရှုပြီး ပြုံးစစဖြင့် ပြောလိုက်၏။
“အားလုံးကိုကြည့်ရတောတော့ ရင်းနှီးတဲ့ပုံပေါ်ပါတယ်... ငါမင်းတို့ကိုအရင်က တွေ့ဖူးတယ်ထင်တယ်”
“ဟားဟားဟား”
ဘေးပတ်လည်ရှိကျင့်ကြံသူများက ဟားတိုက်ရယ်မောလိုက်ကြ၏။
ကျင့်ကြံသူတစ်ယောက်က အူမြူးအားရစွာ ပြောလိုက်၏။
“ကိုယ့်လူတို့ မင်းတို့မြင်တယ်မလား... ငါတို့ကတောင်ကြားထဲမှာအတော်လေးကျော်ကြားနေပြီပဲ... ဒီလူကတောင် ငါတို့ကိုသိနေတယ်”
ခပ်ဝဝကျင့်ကြံသူက သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး ပြောလိုက်၏။
“တာအိုရောင်းရင်း... ပြီးခဲ့တဲ့နေ့တွေထဲ မင်းမှာရစ်ခွေနဂါးတံဆိပ်ပြားဘယ်လောက်တောင် ရနေပြီလဲ”
“၁၂၀၀ ကျော်”
ဆူဇီမိုက တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်းမရှိပေ။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်လုံးများက ဝင်းလက်သွား၏။
သူတို့သည် ရစ်ခွေနဂါးတံဆိပ်ပြား ၁၂၀၀ ကျော်ကို ရရှိနိုင်မည်ဆိုလျှင် သူတို့သည် အရေအတွက် ၁၈၀၀ ကို ကျော်တက်နိုင်မည့် အခွင့်အရေးပင်ရှိလေသည်။
မလှမ်းမကမ်းမှာ မျက်လုံးနှစ်ဖက်မှိတ်၍ အနားယူနေသော လေ့ဖုန်ပင်လျှင် အနည်းငယ် အံ့အားသင့်သွား၏။
သူက သူ၏ မျက်လုံးကိုမှေးကျဥ်းပြီး တစ်ချက်လှမ်းကြည့်လိုက်၏။
“ကိုယ့်လူတို့... ငါပြောတာမှန်နေတာပဲ သူကတကယ့်ကိုအရည်ရွှမ်းတဲ့အသားတစ်ပိုင်းပဲ”
ခပ်ဝဝကျင့်ကြံသူက အူမြူးအားရစွာဖြင့် ပြုံးဖြီးနေလေသည်။
“ဟီးဟီးဟီးဟီး...”
ဆူဇီမိုကလည်း ရယ်မောလိုက်၏။
“အရူးကောင်... မင်းငါ့ကိုဘာလာရယ်နေတာလဲ”
ရုတ်တရက် ခပ်ဝဝကျင့်ကြံသူ၏ မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော အမူအရာတစ်ခုပေါ်ထွက်လာပြီး သူကရှေ့သို့တက်လှမ်းကာ ဆူဇီမို၏ မျက်နှာကို ဖြတ်ရိုက်ဖို့အတွက် သူ၏လက်ကိုမြှောက်လိုက်၏။
သူ၏ ဝဝဖိုင့်ဖိုင့်နှင့်တုတ်ခိုင်သောလက်ဖဝါးက ကြောက်စရာကောင်းသောလေခွင်းသံကို ထွက်ပေါ်လာစေ၏။
ခပ်ဝဝကျင့်ကြံသူက လုံးဝထိန်ချန်မထားပေ။
သူက ဆူဇီမိုကို သူ၏ ရစ်ခွေနဂါးတံဆိပ်ပြားကို အသက်သွင်းဖို့ အခွင့်အရေးပင်မပေးလိုဘဲ ဤနေရာမှာချက်ချင်းသတ်ဖြတ်လို၏။
ဆူဇီမို၏ မျက်နှာပေါ်ရှိအပြုံးက လျော့ကျမသွားဘဲ သူကလည်း ခပ်ဝဝကျင့်ကြံသူ၏ မျက်နှာကို ပြန်ဖြတ်ရိုက်လိုက်၏။
ထိုလက်ဝါးရိုက်ချက်က ပို၍ပင်မြန်ဆန်ပြီး ပို၍ပင် ကြမ်းကြုတ်ခက်ထန်နေ၏။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကိုမပြောနှင့် သူ့ရှေ့မှာရှိသောခပ်ဝဝကျင့်ကြံသူပင်လျှင် မတုံ့ပြန်နိုင်ပေ။
သူ၏ လက်ဖဝါးက လမ်းတစ်ဝက်မှာရှိနေစဥ်မှာပင် ဆူဇီမို၏ ရိုက်ချက်က သူ၏ မျက်နှာပေါ်သို့ဆင်းသက်သွား၏။
ဖြောင်း....
ခပ်ဝဝကျင့်ကြံသူ၏ မျက်နှာမှာ အရိုးများကျိုးသံထွက်ပေါ်လာပြီး သူ၏ မျက်နှာတစ်ဝက်က ချိုင့်ဝင်ကာ အသားစများက ပြန့်ကျဲဖိတ်စင်သွား၏။
ထိုရိုက်ချက်သည် ခပ်ဝဝကျင့်ကြံသူ၏ အမြုတေစိတ်ဝိညာဥ်ကိုပါ ကြေမွသွားစေ၏။
ခပ်ဝဝကျင့်ကြံသူသည် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ လူအုပ်ကြားထဲသို့လွင့်စင်သွားပြီး အခြားသော ကျင့်ကြံသူနှစ်ယောက်၏ အရိုးများကိုပါကြေမွသွားစေ၏။
ဤလူက ထိန်ချန်ထားမှုမရှိဘူးဆိုမှတော့... ဆူဇီမိုကလည်း သနားညှာတာမှုကို ပြသနေစရာအကြောင်းမရှိပေ။
ထိုလူကိုသတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် ဘေးပတ်လည်မှ ကျင့်ကြံသူမျး၏ မှင်တက်နေမှုကို အခွင့်ကောင်းယူကာ နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။ သူက လူအုပ်ကြားထဲသို့ခုန်ဝင်သွားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်လိုက်၏။
အနီးကပ်တိုက်ခိုက်ရေးမှာ မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသည့် အာဏာပါးကွက်သားအစောင့်တပ်သားများပင်လျှင် ဆူဇီမိုကို မယှဥ်နိုင်ခဲ့ပေ။ သူနှင့် ဤအုပ်စုကြား ကွာဟချက်က ပို၍ပင်ကြီးမားလာခဲ့၏။
ဤကျင့်ကြံသူများက တိုက်ခိုက်ရည်ခွန်အားမှာ အားမနည်းသော်လည်း သူတို့သည် စနစ်တကျလေ့ကျင့်ထားသော အာဏာပါးကွက်သားအစောင့်တပ်သားများကို မမီပေ။
ဆူဇီမိုသည် ရှေ့သို့ပြေးဝင်လာပြီး သူ၏ လမ်းကြောင်းမှာရှိသောအရာရာတိုင်းကို ခြေမွှဖျက်ဆီးပစ်နေ၏။ သူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မိသောမည်သူမဆို သေသူသေ ဒဏ်ရာရသူရဖြစ်ကုန်ကြ၏။
တိုက်ပွဲက ဖရိုဖရဲဖြစ်သွားပြီး စူးစူးဝါးဝါး အော်ဟစ်သံများက ထပ်တလဲလဲထွက်ပေါ်လာကာ သွေးမြူတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ကျင့်ကြံသူများစွာ၏ မျက်နှာပေါ်ရှိ အစက အူမြူးအားရနေသော အမူအရာများက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ထိုနေရာမှာ အတောမသတ် ကြောက်ရွံ့မှုက အစားထိုးဝင်ရောက်လာ၏။
သူတို့သည် မည်ကဲ့သို့သောတည်ရှိမှုတစ်ခုကို သွားရောက်ရန်စမိခဲ့ပါလိမ့်။
ဇီ... ဇီ...
ဒဏ်ရာအပြင်းအထန် ရရှိသွားသော ကျင့်ကြံသူအချို့သည် တိုက်ပွဲနယ်မြေမှာဆက်လက်၍ ကြန့်ကြာနေရဲခြင်းမရှိတော့ဘဲ ဤနေရာကနေ ပို့ဆောင်ခံရဖို့အတွက် သူတို့၏ ရစ်ခွေနဂါးတံဆိပ်ပြားများကို အသက်သွင်းလိုက်ကြ၏။
“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”
သူတို့အုပ်စုက ပြင်းထန်စွာသေကြေပျက်စီးထိခိုက်မှု ရှိလာသည်ကို လေ့ဖုန်က တွေ့မြင်လိုက်ရသောအခါ သူက ဒေါသထွက်သွားပြီး လေထဲသို့ခုန်တက်လိုက်၏။
သူသည် ကျန်ရှိနေသော ကျင့်ကြံသူများကိုဦးဆောင်ပြီး ရှေ့သို့ပြေးဝင်ကာ နတ်ဘုရားအစွမ်းများ၊ လျှို့ဝှက်အတတ်များ အင်မော်တယ်ပညာရပ်များနှင့် ဓမ္မပညာရပ်များကို ထုတ်ဖော်ကာကြီးမားသော ပိုက်ကွန်တစ်ခုအဖြစ်ယှက်ဖြာစေပြီး ဆူဇီမိုကို လွှမ်းခြုံလိုက်၏။
ဆူဇီမို၏ မျက်လုံးထဲတွင်... အလင်းတစ်ချက်ဖျတ်ခနဲလက်သွားပြီး သူကလက်ဟန်ချိပ်စည်းမျးကို ထပ်တလဲလဲဆင့်ခေါ်လိုက်၏။
ရုတ်တရက် ပြိုးပြိုးပြက်ပြက် အရောင်ဖြင့် ကြယ်တာရာကောင်းကင်တစ်ခုက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။
ကြယ်တာရာကောင်းကင်၏ နေရာအများစုက မှေးမှိန်နေ၏။
သို့သော်လည်း အဲ့ဒီမှာဝင်းလက်တောက်ပနေသော ကြယ်ပေါင်းများစွာရှိပြီး ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်သို့ အလင်းရောင်များကို အဆက်မပြတ်ထိုးဆင်းလာစေ၏။
ဆူဇီမို၏ ဒွာရတစ်ပေါက်ချင်းစီက ကြယ်အလင်းရောင်ဖြင့်တောက်ပလာပြီး သူ၏ အော်ရာက တလိပ်လိပ်ထိုးတက်လာ၏။
ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်က ဆင်းသက်လာခဲ့လေပြီ။
ဘန်း... ဘန်း... ဘန်း....
ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားက ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်နှင့်အတူ ဆပွားတိုးလာခဲ့၏။
သူက ဆင်းသက်လာသော နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများစွာကို အရေးနိမ့်ခြင်းမရှိဘဲ လက်ဗလာဖြင့် ရင်ဆိုင်တိုက်ခိုက်နိုင်၏။
ဆူဇီမိုက ချဥ်းကပ်လာသည်နှင့် ထိုကျင့်ကြံသူများက လုံးဝကို မခုခံနိုင်ကြပေ။
လေ့ဖုန်သည် နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်နှစ်ခုသုံးခုကို ဆက်တိုက်ထုတ်ဖော်လိုက်သော်လည်း သူက ဆူဇီမိုကို လုံးဝမထိခိုက်စေနိုင်ပေ။
ထိုအစား သူတို့ကြားအကွာအဝေးက ပို၍တိုတောင်းလာခဲ့၏။
လေ့ဖုန်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်သောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူကနောက်သို့ ဆုတ်ခွာချင်၏။
သူ့မှာ လုံလောက်သည့် ရစ်ခွေနဂါးတံဆိပ်ပြားများရှိနေပြီဖြစ်ပြီး သူ့အနေဖြင့် ရုတ်တရက်ပေါ်ထွက်လာသော ဤရက်စက်ကြမ်းတမ်းသည့်လူကို အသေအကြေတိုက်ခိုက်စရာမလိုပေ။
သူ၏ဘေးပတ်လည်မှ စုစည်းရောက်ရှိနေသည့် ကျင့်ကြံသူများကိုလည်း သူကလုံးဝဂရုမစိုက်ပေ။
အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲက အဆုံးသတ်တော့မည်ဖြစ်ပြီး သူ့အနေဖြင့် ဤကဲ့သို့သော ကျင့်ကြံသူများအတွက် သူ့ကိုယ်သူစွန့်လွှတ်အနစ်နာခံစရာမလိုပေ။
ထိုသို့အတွေးဖြင့် လေ့ဖုန်က ဆုံးဖြတ်ချက်ချပြီး ထုတ်ဖော်ကြေညာလိုက်၏။
“တာအိုရောင်းရင်း... ခင်ဗျားရဲ့တစ်မူထူးခြားတဲ့နည်းလမ်းတွေကို ကျုပ်တကယ်ပဲ အထင်ကြီးမိတယ်... ဒါပေမဲ့... ကျုပ်က အခုချိန်မှာ ခင်ဗျားနဲ့အသေအကြေ မတိုက်ခိုက်ချင်သေးဘူး... ဒီနေ့တော့ နှုတ်ဆက်လမ်းခွဲကြတာပေါ့... နောက်မှအခွင့်အရေးရှိသေးရင် ကျုပ်တို့အနာဂတ်မှာ ထပ်ပြီးတိုက်ခိုက်ကြတာပေါ့”
ဆူဇီမိုက မှင်သေသေဖြင့် ပြုံးလိုက်၏။
“မင်းက ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ငါ့ကိုရှာဖွေနေခဲ့တာ မဟုတ်ဘူးလား... ငါတို့ဒီနေ့အခုလိုကြုံတွေ့ရပြီဆိုမှာတော့... မင်းက ဘာလို့ပြန်ပြီးထွက်သွားမှာလဲ”
“မင်း... မင်းက...”
လေ့ဖုန်၏ အမူအရာက ထိုစကားကိုကြားသောအခါ ပြောင်းလဲသွား၏။
ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း သူရှာဖွေနေသည့် တစ်ဦးတည်းသော လူမှာ မမာမကျန်းလူငယ်ဖြစ်၏။
ထိုလူက ထိုလူမမာဖြစ်နိုင်ပါ့မလား။
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး ရုတ်တရက် ဆန်းကြယ်တောင်ပံများ၊ မိုးကြိုးလေပြေတောင်ပံများ၊ ကန့်သတ်မဲ့ရွှေအလင်း၊ ကောင်းကင်ဘုံခြေလှမ်းနှင့် အခြားသောနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက ရုတ်တရက် ထွက်ပေါ်လာ၏။
သူ၏ အလျင်အဟုန်က ဆပွားတိုးလာခဲ့၏။
ပုံရိပ်ယောင်တစ်ခုက ဆေဘာရိပ်များနှင့် ဓားများကြားကနေ ဖြတ်သန်းလာပြီး လေ့ဖုန်ထံသို့ပြေးဝင်လာခဲ့၏။
“အဲ့ဒါတကယ်ပဲမင်းကို”
လေ့ဖုန်တုန်လှုပ်သွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။
သူသည် ဤကဲ့သို့သော လှုပ်ရှားမှုနည်းစနစ်နှင့် ရုန်းကန်ပေါက်ကွဲအားအလျင်အဟုန်နှင့် အရမ်းကိုရင်းနှီးလေသည်။
“မင်းကငါ့ကိုစိန်ခေါ်ဖို့ မထိုက်တန်ဘူး”
တစ်ခဏချင်းမှာပဲ... ဆူဇီမိုက လေ့ဖုန်ရှေ့သို့ ရောက်ရှိလာခဲ့၏။ ကျယ်လောင်သောအော်သံနှင့်အတူ သူက သူ၏ လက်ကိုလှုပ်ရှားပြီး ထိုသူကိုလှမ်းဆွဲလိုက်၏။
သူ၏ လက်ဖဝါးထဲမှာ ဓားချီမုန်တိုင်းတစ်ခုက စုဖွဲ့လာခဲ့၏။
အဲ့ဒါက ဆင်းသက်လာသည့်ခဏမှာပင် ပေါက်ကွဲထွက်သွား၏။
အရေမတွက်နိုင်သော အဖြူရောင်ဓားချီများက အဘက်ဘက်သို့ပြန့်ကျဲသွားပြီး လူအုပ်ကြားထဲသို့ ပစ်ဝင်ထိုးဖောက်ကာ အော်ညည်းသံများကို ထွက်ပေါ်လာစေ၏။
ဓားချီတစ်ခုချင်းစီက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများဖြစ်လေသည်။
ထိုသတ်ဖြတ်ခြင်းစွမ်းအားက တိုက်ပွဲနယ်မြေကိုရှင်းလင်းပြီး ပြိုင်ဘက်ကင်းနေ၏။
သူ၏ ရှေ့တည့်တည့်မှာရှိသောလေ့ဖုန်က အဲ့ဒါဖြင့် အရင်ဆုံးထိခတ်ခံလိုက်ရ၏။