ကြိုးသံ
Vol. 143 Ch. 2137
ရထားလုံးအတွင်းမှာ…
မိန်းကလေးက သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ပြီး ရယ်ချင်စိတ်ကို ချုပ်တည်းကာ သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခု ပို့လွှတ်လိုက်၏။
“မင်းသမီး… ကောင်းကောင်းဆူပူအော်ငေါက်လိုက်တာပဲ.. အဲဒီလူက တကယ့်ကို အရှက်မဲ့လွန်းတယ်.. သူက ပကတိအင်မော်တယ်ပညာရှင်တစ်ဦးပဲ.. ဒါပေမဲ့ သူက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို တိုက်ခိုက်ချင်နေတယ်”
မိန်းကလေးသည် မင်းသားယွင်ထင်နှင့် ပိုမိုရင်းနှီးသောကြောင့် သူမက ဆူဇီမိုကို အလိုမကျပေ။ သို့သော်လည်း သူမသည် ပကတိအင်မော်တယ်ကျင်းယွဲ့၏ အပြုအမူကို ပို၍ပင် ရွံရှာစက်ဆုပ်လေသည်။
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး သရော်တော်တော် အမူအရာတစ်ခုနှင့်အတူ လှောင်ရယ်လိုက်၏။
“လူကြီးမင်း.. ခင်ဗျားက ပုန်းကွယ်နေတယ်ဆိုတော့ အရှက်မဲ့လွန်းတာ မဟုတ်ဘူးလား”
“အားနည်းသူကို အနိုင်ကျင့်တာက ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ”
အသံက အပြောင်းအလဲပြန်စွာဖြင့် နောက်တစ်ဖန် ထွက်ပေါ်လာပြီး လက်ရှိလူတိုင်းက တုန်လှုပ်သွားကြ၏။ စကားပြောလိုက်သောသူ၏ တည်နေရာကို မည်သူကမှ မရှာဖွေနိုင်ကြပေ။
သို့သော်လည်း ဤတစ်ခေါက်မှာတော့ အဲဒါက အမျိုးသမီးတစ်ယောက်၏ အသံဆိုတာကို လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
ဆူဇီမိုက ဂရုတစိုက် စဉ်းစားကြည့်လိုက်၏။ သူသည် ထိုအသံကို တစ်ခါမှ မကြားဖူးခဲ့ပေ။
သူက ဤလူနှင့် မသိရှိလောက်ပေ။
ပကတိအင်မော်တယ်ကျင်းယွဲ့က တိတ်တဆိတ် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ခင်ဗျားက သူများကိစ္စမှာ ဝင်ပါချင်တယ်ဆိုမှတော့ ခင်ဗျားကိုယ်ခင်ဗျား ဘာလို့ ရုပ်လုံးထွက်မပြတာလဲ.. ခင်ဗျား ဘယ်သူလဲ ကျုပ်တွေ့ချင်တယ်”
“နင်က ငါ့ကိုတောင် မရှာနိုင်တာ နင်က ငါ့ကို ရုပ်လုံးထွက်ပြလာစေဖို့ ထိုက်တန်တယ်လို့ ထင်လို့လား”
အမျိုးသမီး၏ လေသံက အထင်အမြင်သေးမှု တစ်စွန်းတစ်စနှင့်အတူ သူမက ထူးမခြားနားဟန်ဖြင့် ရယ်နေ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် ပျက်ယွင်းသွားသော အမူအရာတစ်ခုနှင့်အတူ အသံတိတ်သွား၏။
“မင်း ဘာကို စဉ်းစားနေတာလဲ.. မင်း ဘာလို့ အခုချိန်ထိ မတိုက်ခိုက်သေးတာလဲ”
မင်းသားယွမ်ကျောက ဆူဇီမိုကို စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး သူ့ကို နောက်တစ်ဖန် တိုက်ခိုက်ပြီး အသက်ရှင်လျက် ဖမ်းဆီးဖို့အတွက် ပကတိအင်မော်တယ်ကျင်းယွဲ့ကို တိုက်တွန်းလိုက်လေသည်။
“အရှင်မင်းသား.. ဒီနေရာမှာ ပညာရှင်တစ်ဦး ရှိနေတယ်”
ပကတိအင်မော်တယ်ကျင်းယွဲ့က ခါးသီးစွာ ပြောလိုက်၏။
“ကျုပ်က ကျုပ်ရဲ့ ခွန်အား အပြည့်အဝနဲ့ တိုက်ခိုက်မယ်ဆိုရင်တောင် ကျုပ်က အဲဒီလူရဲ့ ပြိုင်ဘက် ဟုတ်ချင်မှ ဟုတ်မှာ.. ကျုပ်တို့က ဒီနေ့ ဒီတိုင်းပဲ ပြန်သွားရလိမ့်မယ် ထင်တယ်”
တကယ်တော့ ပကတိအင်မော်တယ်ကျင်းယွဲ့ ထုတ်ဖော်မပြောဆိုခဲ့သော တစ်စုံတစ်ရာ ရှိလေသည်။
တကယ်ဆို စောစောက တိုက်ခိုက်လိုက်သောသူသည် တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်း၏ စစ်တုရင်အင်မော်တယ် ဖြစ်လိမ့်မည်ဟုပင် သူက သံသယရှိနေခဲ့၏။
မဟာနတ်မိမယ် လေးဦးမှာ မတူညီသော စိတ်နေစရိုက်များ ရှိသော်လည်း မည်သူကမှ ကိုင်တွယ်ရ မလွယ်ကူပေ။
လွန်ခဲ့သည့် နှစ်နှစ်ထောင်ကျော်က သူသည် သူတို့ထဲမှ တစ်ယောက်နှင့် ရင်ဆိုင်ပြီး ရှုံးနိမ့်မှုတစ်ခုကို ထိခိုက်ခံစားခဲ့ရ၏။
အရင်တုန်းက ရေခဲလိပ်ပြာတစ်ကောင်က အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ အပြင်ဘက်ရှိ ဖန်သားမြို့တော်မှာ ပေါ်ထွက်လာခဲ့၏။ သူက ၎င်းနောက်သို့ လိုက်လံဖမ်းဆီးခဲ့ပြီး ၎င်းကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့၏။
မထင်မှတ်ထားစွာပင် ရေခဲလိပ်ပြာက ပြင်းထန်သော ဒဏ်ရာများနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားပြီး သူ့အတွက် တိုက်ခိုက်မည့် ပကတိအင်မော်တယ်များစွာကို ပေါ်ထွက်လာစေ၏။
နောက်ဆုံးမှာ ရေခဲလိပ်ပြာကို မဟာနတ်မိမယ် လေးဦးထဲမှ တစ်ဦးဖြစ်သော ပန်းချီအင်မော်တယ်က ကယ်တင်သွားခဲ့၏။
ထိုအချိန်တုန်းက သူတို့သည် ဘာပဲပြောပြော မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေထဲမှာ ရှိနေခဲ့ကြ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် ရေခဲလိပ်ပြာကို ပန်းချီအင်မော်တယ်နောက်သို့ ထည့်မပေးလိုပေ။ ထို့ကြောင့် သူက ထိုသူနှင့် တိုက်ခိုက်ခဲ့ပြီး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့လေသည်။
မဟာနတ်မိမယ် လေးဦးထဲမှ ပန်းချီအင်မော်တယ်သည် တည်ငြိမ်သော စိတ်နေစရိုက်ရှိပြီး တိုက်ခိုက်ရသည်ကို သဘောမကျဟု ဆိုကြလေသည်။ သူမက မဟာနတ်မိမယ် လေးဦးကြားမှာ အားအနည်းဆုံး ဖြစ်လေသည်။
ထိုသို့ဆိုလျှင်တောင် ပကတိအင်မော်တယ်ကျင်းယွဲ့က သူမ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ရန်လိုတတ်သော စစ်တုရင်အင်မော်တယ်က တကယ်တမ်း ရောက်ရှိလာမည်ဆိုလျှင် သူက အနိုင်ရဖို့ အခွင့်အရေးတစ်ခုတောင် ရှိလိမ့်မည် မဟုတ်ပေ။
“ငါတို့ ဒီတိုင်းပဲ ပြန်သွားရမှာလား”
မင်းသားယွမ်ကျော၏ မျက်လုံးများက နက်ရှိုင်းသော မကျေမချမ်းမှုဖြင့် ပြည့်နှက်လာခဲ့၏။
ဆူဇီမိုက မလှမ်းမကမ်းမှာ ရှိနေသော်လည်း သူက ဘာမှ မတတ်နိုင်ဘဲ ဖြစ်နေ၏။
သူသည် ပကတိအင်မော်တယ်တစ်ပါးကို တံခါးပိတ်ကျင့်ကြံရာကနေပင် ဖိတ်ခေါ်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်နေရ၏။
ကောင်းကင်ချောက်နက်နှင့် ယန်လောရှုတို့က စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ကောင်းကင်ချောက်နက်သည် စစ်တုရင်အင်မော်တယ်နှင့်အတူ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ ဖြစ်ပြီး သူက သူမအကြောင်းကို ပို၍ ကောင်းကောင်းသိလေသည်။
စောစောက တိုက်ခိုက်လိုက်သော လူသည် စစ်တုရင်အင်မော်တယ် မဟုတ်ဘူးဆိုတာကို သူ သိထားလေသည်။
စစ်တုရင်အင်မော်တယ်၏ စီးပိုးခြယ်လှယ်တတ်သော စိတ်နေစရိုက်အရ သူမက ဤနေရာသို့ ရောက်ရှိလာပြီး ပကတိအင်မော်တယ်ကျင်းယွဲ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေချင်သည်ဆိုလျှင် သူမက အဲဒါကို သိုသိုဝှက်ဝှက် သေချာပေါက် လုပ်နေလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မည်သို့ပင်ဆိုစေ.. တိုက်ခိုက်လာသောသူက သူတို့ကို တိတ်တဆိတ် ကူညီပေးနေခြင်းပင် ဖြစ်၏။
ကောင်းကင်ချောက်နက်က ဆူဇီမိုကို ကြည့်ပြီး အလောတကြီး ပြောလိုက်၏။
“ငါတို့ကို မြန်မြန်ပြောစမ်းပါ.. ငါတို့ရဲ့ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းနဲ့ ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်ကြား မင်း ဘယ်တစ်ခုကို ရွေးချယ်မှာလဲ”
“အင်ပါယာလေဘုရားကျောင်းလည်း ပါတယ်နော်”
ထိုအခိုက်အတန့်မှာ ပကတိအင်မော်တယ်ကျင်းယွဲ့က အရေးနိမ့်နေသည်ကို တွေ့မြင်လိုက်ရသောအခါ ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းကလည်း အချိန်မီ ရှေ့သို့ ထွက်လာခဲ့၏။
အင်မော်တယ်ဂိုဏ်း သုံးဂိုဏ်းက သူ့ကို တစ်ချိန်တည်းမှာ လိုချင်နေကြသည်ဆိုလျှင် နောက်ဆုံး ရွေးချယ်မှုက ဆူဇီမိုအပေါ်မှာ မူတည်နေပေလိမ့်မည်။
“ကျုပ် ရွေးချယ်မယ်….”
ဆူဇီမိုက စကားတစ်ခွန်းသာ ပြောရသေးခင်မှာ လေထဲတွင် ဒုံမင်းသံတစ်သံက ပေါ်ထွက်လာခဲ့၏။
ကြိုးသံက တချွမ်းချွမ်းမြည်နေပြီး ကျင့်ကြံသူများစွာ၏ နှလုံးကြိုးများကို တီးခတ်နေသည့်အလား ထူးဆန်းသော အသံတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ ဆူဇီမိုသည် တခြား မည်သည့်အရာကိုမှ မပြောဆိုနိုင်တော့ပေ။
ကြီးမားသော ရစ်ခွေနဂါးတောင်ကြောရိုးတစ်ခုလုံးကပင် ဒုံမင်းသံ ထွက်ပေါ်လာချိန်မှာ တိတ်ဆိတ်ငြိမ်သက်သွား၏။
ထို့နောက် အဝေးကနေ ပုံရိပ်တစ်ခုက လျှောက်လှမ်းလာ၏။
အစကတော့ အဲဒါသည် ခပ်ဝေးဝေးမှာ ရှိနေခဲ့၏။
ဒုံမင်းသံက မစဲသေးခင်မှာပင် ပုံရိပ်က ရောက်ရှိလာခဲ့ပြီဖြစ်၏။
အဲဒါသည် ရိုးရှင်းသော အပြာရောင် နန်းတော်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ သူမက တစ်မူထူးခြားသော အော်ရာတစ်ခုနှင့်အတူ ချောမောလှပ၍ အပြစ်ဆိုစရာ ကင်းမဲ့နေ၏။ သူမမှာ အေးစက်စက် အမူအရာတစ်ခု ရှိနေပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေသည့်အလား ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေ၏။
အမျိုးသမီး၏ အကြည့်နှင့် တွေ့ဆုံမိသော ကျင့်ကြံသူများသည် သူတို့၏ အကြည့်များကို အလိုလို ရှောင်လွှဲကြလေသည်။ မဟုတ်ပါက သူတို့က ခေါင်းကို အနည်းငယ် ငုံ့ထားကြ၏။
ဤအမျိုးသမီးကို နောက်တစ်ဖန် ကြည့်ရှုခြင်းက ကြီးလေးသည့် ပြစ်မှုတစ်ခုကို ကျူးလွန်မိသည့်အလားပင်။
ဒုံမင်းအင်မော်တယ် မုန့်ယောင်…
ဒုံမင်းအင်မော်တယ် မုန့်ယောင်ကသာလျှင် ဒုံမင်းကြိုးသံတစ်သံနှင့်အတူ ရစ်ခွေနဂါးတောင်ကြောရိုးပေါ်ရှိ ကျင့်ကြံသူပေါင်းများစွာကို အသံတိတ်စေပြီး သူတို့ကို တရိုတသေ ပြုမူသွားစေပေလိမ့်မည်။
“မင်းသမီး.. အဲဒါ သူက…”
မိန်းကလေးက ညင်သာစွာ ပြောလိုက်၏။
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ဆက်လက်၍ စကားမပြောဆိုရန် သူမ၏ လက်ကို မြှောက်ပြလိုက်၏။ သူမက ရထားလုံး၏ ခန်းစီးကတစ်ဆင့် လေထဲမှာ ရှိသော ပုံရိပ်ကို ကြည့်နေ၏။
“မင်္ဂလာပါ မင်းသမီး မုန့်ယောင်”
ပကတိအင်မော်တယ်ကျင်းယွဲ့က နန်းတော်ဝတ်ရုံနှင့် အမျိုးသမီးကို တွေ့မြင်သောအခါ သူက ကျေနပ်သဘောကျသွားပြီး ရှေ့သို့ ခပ်မြန်မြန်တက်ကာ ဦးညွှတ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူက မင်းသားယွမ်ကျောကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။
မင်းသားယွမ်ကျောက လိမ္မာပါးနပ်ပြီး ချက်ချင်းပင် တုံ့ပြန်လာခဲ့၏။ သူကလည်း နီရဲနေသော မျက်လုံးများနှင့်အတူ ရှေ့သို့ ပြေးတက်လာပြီး ထိခိုက်ခံစားနေရသော ပုံစံဖြင့် ပြောလိုက်လေသည်။
“အစ်မမုန့်ယောင်.. အစ်မ ဒီကို နောက်ဆုံး ရောက်လာပြီပေါ့လေ”
တကယ်တော့ ဒုံမင်းအင်မော်တယ် မုန့်ယောင်က ဤနေရာကို ရောက်ရှိလာလိမ့်မည်ဟု မင်းသားယွမ်ကျောက သိရှိမထားပေ။
သူ၏ အဆင့်အတန်းနှင့်ပင်လျှင် သူသည် မုန့်ယောင်ကို တစ်ခုခုပြုလုပ်ဖို့အတွက် တောင်းဆိုနိုင်စရာ အကြောင်းမရှိပေ။
သို့သော်လည်း ထိုစကားကို သူပြောလိုက်သောအခါ ဒုံမင်းအင်မော်တယ် မုန့်ယောင်သည် သူ့ကြောင့် ဤနေရာကို ရောက်ရှိလာသလို တခြားသူများကို ထင်မြင်မိသွားစေ၏။
“အဲဒါက ဒုံမင်းအင်မော်တယ်ပဲ”
“သူက အရမ်းကို ချောမောလှပတာပဲ”
“ဒီတစ်ခေါက် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ မဟာနတ်မိမယ်လေးဦးထဲက တစ်ဦးဖြစ်တဲ့ ဒုံမင်းအင်မော်တယ်ကတောင် ရောက်လာရတယ်ဆိုတော့… ဒီခရီးစဉ်က တကယ့်ကို ထိုက်တန်သွားပြီ”
အောက်ဘက်မှာ ရှိသော လူအုပ်ကြီးက ကျယ်လောင်စွာ စကားပြောဆိုရဲခြင်း မရှိဘဲ တီးတိုးပြောဆိုနေကြ၏။
“မင်္ဂလာပါ နတ်မိမယ် မုန့်ယောင်”
ကောင်းကင်ချောက်နက်၊ ယန်လောရှုနှင့် ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းတို့က ရှေ့သို့ ထွက်ရပ်ပြီး ဦးညွှတ်လိုက်၏။
“မင်္ဂလာပါ စီနီယာအစ်မမုန့်ယောင်”
ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို သိမ်းဆည်းပြီး သူ၏ ရွှတ်နောက်နောက် အမူအရာက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
မုန့်ယောင်က မသိမသာ ခေါင်းညိတ်ပြပြီး မေးလိုက်၏။
“နင်တို့တွေက လူနှစ်ယောက်ကို မြင်မိလား.. အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်လေ.. သူတို့က သူတို့ရဲ့ လက်နက်အဖြစ် ပုလွေတစ်လက်နဲ့ ဒုံမင်းတစ်လက်ကို ဓမ္မရတနာအဖြစ် အသုံးပြုကြတယ်”
“မတွေ့မိဘူး”
ကောင်းကင်အင်မော်တယ် လေးဦးက အကြည့်ချင်းဖလှယ်ပြီး သူတို့၏ ခေါင်းများကို ခါပြလိုက်ကြ၏။
ဆူဇီမိုက အသံတိတ်နေ၏။
ဒုံမင်းအင်မော်တယ် မုန့်ယောင် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ ကူထုံယိုနှင့် ချိုးစစ်လောကို အမဲလိုက်ဖို့ဆိုသည်မှာ သူသိလေသည်။
သို့သော်လည်း သူတို့နှစ်ယောက်က အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ဝင်ပါမလာခဲ့ပေ။
မုန့်ယောင်သည် ကူထုံယိုနှင့် ချိုးစစ်လောကို မတွေ့မြင်ရသောအခါ အနည်းငယ် စိတ်ပျက်သွားလေသည်။ ဖျတ်ခနဲဆို သူမက လှည့်ထွက်လိုက်၏။
“အစ်မ မုန့်ယောင်..”
ထိုစဉ်မှာပင် မင်းသားယွမ်ကျောက ရုတ်တရက် အော်ခေါ်လိုက်၏။
မုန့်ယောင်က စိတ်မရှည်နိုင်စွာဖြင့် မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
မင်းသားယွမ်ကျော၏ မျက်လုံးများက ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုကို ထိခိုက်ခံစားထားရသည့်အလား နီရဲနေပြီး သူတို့က အဖေတူမောင်နှမများ ဖြစ်သည်ကို တွေးမိသွားသောအခါ သူမက သူမ၏ ခြေလှမ်းကို ရပ်တန့်ပြီး အေးစက်စွာ မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
“အစ်မ မုန့်ယောင်.. သူတို့နှစ်ယောက်ရဲ့ နေရာကို သိကောင်းသိနိုင်တဲ့ လူတစ်ယောက်က ဒီနေရာမှာ ရှိနေတယ်”
မင်းသားယွမ်ကျောက ရုတ်တရက် ပြောလိုက်၏။
မုန့်ယောင်က စိတ်ဝင်တစားဖြစ်သွားပြီး အာရုံစိုက်၍ ကြည့်ရှုကာ လေးနက်စွာ မေးလိုက်၏။
“အဲဒါ ဘယ်သူလဲ”
“သူပဲ”
မင်းသားယွမ်ကျောက လူအုပ်ကြားထဲမှ ဆူဇီမိုကို လက်ညှိုးထိုးပြီး တည်တံ့စွာဖြင့် ပြောလိုက်၏။
“လွန်ခဲ့တဲ့ လအနည်းငယ်က စန်းယွီမြို့တော်ရဲ့ အပြင်ဘက်မှာ အာဏာပါးကွက်သား အစောင့်တပ်သား ၁၃ယောက်ကို သတ်ဖြတ်ခဲ့တဲ့သူက သူပဲ”
“ဟမ်”
မုန့်ယောင်က မင်းသားယွမ်ကျော၏ လက်ညှိုးထိုးရာနောက်သို့ လိုက်ပါကြည့်ရှုလိုက်၏။
ထိုအာဏာပါးကွက်သား အစောင့်တပ်သား ၁၃ယောက်သည် သူမ၏ အမိန့်အောက်ကနေ ကူထုံယိုနှင့် ချိုးစစ်လောကို အမဲလိုက်ခဲ့ကြလေသည်။
သူတို့ကို အပြင်လူတစ်ယောက်က တကယ်ပဲ သတ်ဖြတ်ခဲ့သည်ဆိုလျှင် ဤလူသည် ကူထုံယိုနှင့် ချိုးစစ်လော၏ တည်နေရာကို သိရှိနေနိုင်သည့် ဖြစ်နိုင်ခြေ တကယ်ပင် ရှိလေသည်။
သူက သူတို့၏ နေရာကို မသိရှိထားဘူးဆိုလျှင်တောင် ဤလူသည် ကူထုံယိုနှင့် ချိုးစစ်လောနှင့် သေချာပေါက် ပတ်သက်ဆက်စပ်နေပေလိမ့်မည်။