လိပ်ပြာ
Vol. 143 Ch. 2139
ရထားလုံးအတွင်းမှာ…
မိန်းကလေးက စိုးရိမ်ကြောင့်ကြနေပြီး ငိုချတော့မည့်ဆဲဆဲဖြစ်၏။
“မင်းသမီး.. ကျေးဇူးပြုပြီး မဆင်မခြင်မလုပ်ပါနဲ့”
မိန်းကလေးက သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ဆူဇီမိုက ကျွန်မတို့နဲ့ ဘာမှ မသက်ဆိုင်ဘူး.. ကျွန်မတို့က သူ့အတွက်ကြောင့် ဒုံမင်းအင်မော်တယ် မုန့်ယောင်ကို ဆန့်ကျင်နေစရာ မလိုဘူး ထင်တယ်”
“ရှင့်ရဲ့ သရုပ်သကန်က ထူးခြားပြီးတော့ ရှင်ပြုလုပ်တဲ့ ပြုမူလှုပ်ရှားမှုတိုင်းက ကျိရွှမ်အင်မော်တယ်နိုင်ငံကို ကိုယ်စားပြုနေတယ်.. ရှင်က အဲဒီလူကြောင့် မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းကို အတိုက်အခံပြုလုပ်မယ်ဆိုရင် အဲဒါက တကယ်ပဲ ဉာဏ်ရှိရာမကျဘူး.. ဘုရင်ကျိရွှမ်ကပါ မင်းသမီးကို အပြစ်တင်ပြောဆိုလာမှာ ကျွန်မ စိုးမိတယ်”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက အသံတိတ်နေ၏။
သူမသည် ဆူဇီမိုကို အာရုံစိုက်လာခဲ့သည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ ယွင်ထင်သည် တံခါးပိတ်မကျင့်ကြံခင် ဤလူ၏ သတင်းကို အာရုံစိုက်ထားဖို့ မှာကြားခဲ့သောကြောင့် ဖြစ်၏။ အဲဒါမှ သူတို့သည် အနာဂတ်မှာ တစ်ဖန်ပြန်လည်တိုက်ခိုက်နိုင်မည် ဖြစ်၏။ တစ်ဖက်မှာတော့ ဆူဇီမိုသည် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားခြင်းဖြစ်နိုင်သည်ဟု သူမက ရှာဖွေတွေ့ရှိခဲ့သောကြောင့် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေခြင်းပင်။
သို့သော်လည်း တကယ်တမ်းမှာတော့ သူမဘေးမှ မိန်းကလေး ပြောသည့်စကားက မမှားပေ။
သူမသည် ဆူဇီမိုနှင့် တကယ်ပင် ပတ်သက်ဆက်နွယ်မှု မရှိပေ။ တကယ်ဆို သူတို့မှာ ဆက်ဆံရေးတစ်စုံတစ်ရာ ရှိဖို့နေနေသာ.. သူတို့သည် တစ်ခါမှပင် စကားမပြောဆိုခဲ့ဖူးပေ။
သူမ စောစောက တိုက်ခိုက်လိုက်သည့် အကြောင်းရင်းမှာ အဲဒါက ဖြောင့်မတ်မှန်ကန်မှုအတွက် ဖြစ်လေသည်။
သူမသည် ငယ်ရွယ်စဉ်ကတည်းက လောက၏ မမျှတသည့်ဘက်မှာ မရပ်တည်နိုင်ဘဲ အဲဒါနှင့် ဆန့်ကျင်တိုက်ခိုက်လိုခဲ့၏။ ထိုသို့ဖြင့် သူမသည် အဖွဲ့အစည်းများစွာကို ဆန့်ကျင်ခဲ့မိပြီး ပြဿနာများစွာကို ရှာခဲ့လေသည်။
နောက်ပိုင်းမှာ သူမ၏ အဖေက သူမကို အပြစ်ပေးသည့်အနေဖြင့် သူမကို စာကြည့်တိုက်ထဲမှာ ချုပ်နှောင်ထားခဲ့၏။
သူမ အဖေ၏ စကားအရ သူသည် သူမ၏ စာပေဆန်ဆန် တရားမျှတမှုကို ဖယ်ရှားပေးချင်ခဲ့လေသည်။
သူမသည် စာကြည့်တိုက်ထဲမှာ ဆေးကြောသန့်စင်မှုတစ်ခုကို တွေ့ကြုံဖြတ်ကျော်ခဲ့ရပြီး တဖြည်းဖြည်း အသွင်ပြောင်းလဲလာခဲ့၏။ သူမက အပြင်ဘက်မှာ ပေါ်ထွက်လာခဲသော်လည်း ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ သူမ၏ နာမည်ဂုဏ်သတင်းက သိသိသာသာ ကြီးထွားလာခဲ့၏။
နောက်ပိုင်းမှာ သူမ၏ အဖေက သူမကို လွှတ်ပေးခဲ့သော်လည်း…
သူမသည် စာကြည့်တိုက်ထဲကနေ အလွယ်တကူ ထွက်ခွာချင်စိတ် မရှိတော့ပေ။
အပြင်လောကရှိ ညစ်ညမ်းမှုများနှင့် အကျင့်ပျက်ခြစားမှုများကို သူမတစ်ယောက်တည်းဖြင့် ပြောင်းလဲမပေးနိုင်ဘူးဆိုတာကို ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးကလည်း သိရှိထားလေသည်။
သူမက အဲဒါကို မပြောင်းလဲနိုင်သလို အလိုက်သင့်လည်း မနေနိုင်ဘူးဆိုမှတော့ သူမအတွက် စာကြည့်တိုက်ထဲမှာ နေထိုင်ရသည်က ပိုကောင်းလေသည်။ အပြင်လောက၏ အကျင့်ပျက်ခြစားမှုများကို မတွေ့မြင်ရသည့်အခါ သူမ၏စိတ်က ပို၍ တည်ငြိမ်အေးချမ်းနေပေလိမ့်မည်။
စာအုပ်များကို အပေါင်းအဖော်ပြုရင်း သူမသည် သမိုင်းကြောင်းများစွာကို ဖတ်ရှုကာ လောကတစ်ဝှမ်း ရှေးဟောင်းခေတ်များစွာ၏ ခမ်းနားထည်ဝါမှုတို့ကို တွေ့ကြုံခံစားခဲ့၏။ သူမသည် လောကမှာ အဆုံးမဲ့ လျှို့ဝှက်ချက်များ ရှိနေသည်ကို နားလည်သဘောပေါက်လာခဲ့၏။ အဲဒါသည် သူမ လေ့လာလိုက်စားနေသည့် ဘဝ၏ အဓိပ္ပာယ်ဖြစ်လေသည်။
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက တွေဝေတုံ့ဆိုင်းနေ၏။
မိန်းကလေး ပြောသည့်အတိုင်းပင် သူမသည် ဆူဇီမိုကို လုံးဝ မသိရှိပေ။ သူမသည် ဤကဲ့သို့သော လူတစ်ယောက်အတွက် မုန့်ယောင်နှင့် ဆန့်ကျင်တိုက်ခိုက်ရတော့မှာလား။
သူမသည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးဖြစ်ပြီး သူမ၏ ပြုမူလှုပ်ရှားမှုတိုင်းက ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ လူတစ်ယောက်ထံသို့ ပြန်လည်ရောက်ရှိနေပေလိမ့်မည်။ သူမမှာ ငဲ့ကွက်ထိန်ချန်မှုများစွာလည်း ရှိလေသည်။
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက တိတ်ဆိတ်ငြိမ်သက်နေပြီး အပြင်လူများသည် သူမ၏ အတွင်းစိတ် ပဋိပက္ခကို မသိရှိကြပေ။
အပြင်လူများ၏ မျက်လုံးများထဲမှာ မုန့်ယောင်၏ သိပ်သည်းပြင်းထန်သော အော်ရာနှင့် ပြောင်ပြောင်တင်းတင်း မေးခွန်းက ရထားလုံးထဲရှိ အမျိုးသမီးကို နောက်ဆုတ်သွားစေသည်ဟုပင်။
တိတ်ဆိတ်မှုက အလျှော့ပေးခြင်း ဖြစ်လေသည်။
ရထားလုံးထဲရှိ ပကတိအင်မော်တယ်ပညာရှင်ကပင်လျှင် နောက်ဆုတ်ဖို့ ရွေးချယ်လိုက်သည်ဆိုပါက ဆူဇီမို၏ ကံကြမ္မာကို ဆုံးဖြတ်ပြီးသွားခဲ့လေပြီ။
ရထားလုံးထဲမှ မည်သည့်အသံမှ ထွက်မလာတော့သည့်အခါ မုန့်ယောင်က စိုးရိမ်ပူပန်နေပုံရပြီး ထပ်မံ၍ ဖိအားမပေးတော့ပေ။ သူမက မင်းသားယွမ်ကျောဘက်ကို လှည့်ပြီး မေးလိုက်၏။
“ဆူဇီမိုကို ခေါ်ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံကို ပြန်တော့”
“နားလည်ပါပြီ”
မင်းသားယွမ်ကျောက ကျေနပ်သဘောကျသွားပြီး ရှေ့သို့ တက်လှမ်းကာ ဆူဇီမိုကို ဖမ်းဆီးဖို့ ပြင်လိုက်၏။
ထိုစဉ်မှာပင် အရပ်မြင့်မြင့်လူတစ်ယောက်က ဆူဇီမို၏ ရှေ့မှာ မတ်တတ်ရပ်လာခဲ့၏။ သူက အရပ်အမောင်းမြင့်မားပြီး ထက်ရှသော မျက်နှာနှင့်အတူ ကိုယ်နေဟန်ထား ဖြောင့်မတ်လေသည်။ သူ၏ ကြေးညိုရောင် အသားအရေက ပြတ်သားမှု၏ အရိပ်အယောင်တစ်ခုကို ထုတ်ဖော်ပြသနေပြီး သူက တည်ကြည်ခိုင်မာသော အကြည့်ဖြင့် ပြောလိုက်၏။
“အဲဒါက မသင့်လျော်ဘူး”
အဲဒါသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ယန်လောရှု ဖြစ်၏။
လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲ အသံတစ်ခု ထွက်ပေါ်လာ၏။
ကျင့်ကြံသူများစွာသည် ယန်လောရှုကို မယုံကြည်နိုင်စွာ ကြည့်ရှုလိုက်ကြ၏။
ယခု ဒုံမင်းအင်မော်တယ် မုန့်ယောင်က ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်အင်မော်တယ် သုံးဦးက သတ္တိကြောင်စွာဖြင့် နောက်သို့ ဆုတ်သွားခဲ့လေပြီ။ ရထားလုံးထဲရှိ ပကတိအင်မော်တယ်ပင်လျှင် ခြေတစ်လှမ်း နောက်ဆုတ်ပေးရလေသည်။ ဘယ်သူက ရှေ့ကို ထွက်ရဲတော့မှာလဲ။
အပေါ်ယံမှာ ကြည့်လျှင်တော့ ယန်လောရှုသည် မင်းသားယွမ်ကျောကို တားဆီးနေခြင်းဖြစ်၏။ သို့သော်လည်း အဲဒါသည် ဒုံမင်းအင်မော်တယ် မုန့်ယောင်ကို တားဆီးနေခြင်း ဖြစ်လေသည်။
မင်းသားယွမ်ကျောက ပခုံးအနည်းငယ်တွန့်ပြီး တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပေ။
ဤကိစ္စမှာ သူ ဝင်ပါစရာ မလိုတော့ဘူးဆိုတာကို သူက သိရှိထားသောကြောင့် ဖြစ်၏။
“ဟမ်”
မုန့်ယောင်က မျက်မှောင် အနည်းငယ်ကြုတ်ပြီး ယန်လောရှုကို အေးစက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
“နင် ဘယ်သူလဲ”
ယန်လောရှုက လက်သီးနှစ်ဖက်ကို ယှက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ကျုပ်က ယန်လောရှုပါ.. ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်…”
“အရင်က တစ်ခါမှ မကြားဖူးဘူး”
ယန်လောရှုက စကားဆုံးအောင် မပြောရသေးခင်မှာပင် သူက နတ်မိမယ် မုန့်ယောင်၏ အေးစက်စွာ ဖြတ်အော်ခြင်းကို ခံလိုက်ရ၏။
မုန့်ယောင်က ပြောလိုက်၏။
“ငါက တက္ကသိုလ်ရဲ့ နံပါတ်တစ် အင်မော်တယ် အပါအဝင် ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က လူတော်တော်များများကို ကြားဖူးတယ်.. ဒါပေမဲ့ ငါက ယန်လောရှုဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားဖူးဘူး”
“အစ်မ မုန့်ယောင်.. သူက အောက်ဘုံက တက်လှမ်းလာတဲ့သူပဲ”
မင်းသားယွမ်ကျောက ဘေးကနေ ပြောလိုက်၏။
“အို… အဲဒါဆိုရင်တော့ အံ့ဩစရာ မရှိတော့ဘူး”
မုန့်ယောင်က လှောင်ပြောင်ထေ့ငေါ့မှုနှင့်အတူ သရော်ပြုံးပြုံးလိုက်၏။
“လက်စသတ်တော့ နင်က နိမ့်ကျသက်ရှိပဲ.. အဲဒါကြောင့်ပဲ နင်က ဘယ်လို ပြုမူနေထိုင်ရမလဲ မသိတာ ဖြစ်မယ်”
ယန်လောရှု၏ မျက်နှာပေါ်ရှိ ကြွက်သားများက အနည်းငယ် တုန်ယင်လာခဲ့၏။
သူ၏ စိတ်ခံစားချက်များက တလိပ်လိပ် ထိုးတက်လာသော်လည်း သူ့မှာ တည်ငြိမ်သော အမူအရာတစ်ခု ရှိနေဆဲဖြစ်၏။
“ကျုပ်က တက္ကသိုလ်က ဂျူနီယာတစ်ယောက်ဆိုတော့ နာမည်ဂုဏ်သတင်း သိပ်မရှိဘူး.. ခင်ဗျားက ကျုပ်ကို မကြားဖူးတာ ပုံမှန်ပါပဲ နတ်မိမယ် မုန့်ယောင်”
မုန့်ယောင်က သူမ၏ ခေါင်းကို ညင်သာစွာ ခါလိုက်၏။
“ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က ဘာတွေဖြစ်နေတာပါလိမ့်.. သူတို့က အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲကို ဧည့်ခံကျင်းပပေးဖို့အတွက် ဘယ်လို ပြုမူနေထိုင်ရမလဲ မသိတဲ့ နိမ့်ကျသက်ရှိတစ်ယောက်ကို တကယ်ပဲ စေလွှတ်လိုက်တယ်ပေါ့… သူတို့က ပိုပြီးတော့ကို ဆိုးဝါးလာနေတာပဲ”
“အဲဒါက တက္ကသိုလ်ရဲ့ စီစဉ်ပေးမှုတစ်ခုပဲ.. ကျုပ်က ကိုယ့်သဘောနဲ့ကိုယ် ဘယ်လို မဆင်မခြင် ဘယ်ဆုံးဖြတ်ချက်ကိုမှ ချရဲမှာ မဟုတ်ဘူး.. ဒီခရီးစဉ်မှာ ကျုပ်ထမ်းဆောင်ရမယ့် တာဝန်ကိုပဲ ကျုပ်သိထားတယ်”
ယန်လောရှုက မှင်သေသေဖြင့် ပြောလိုက်၏။
“အို.. နင့်ရဲ့ တာဝန်က ဘာလဲ”
မုန့်ယောင်က မေးလိုက်၏။
ယန်လောရှုက ပြောလိုက်၏။
“ကျုပ်တို့ဂိုဏ်းအတွက် အသင့်တော်ဆုံး တပည့်ဂိုဏ်းသားကို ရွေးချယ်ဖို့ပဲ”
ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“ဘယ်လို ပြင်ပ အဟန့်အတား အနှောင့်အယှက်နဲ့မှ ကျုပ်က တွန့်ဆုတ်သွားမှာ…”
“ဟမ့်”
မုန့်ယောင်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
ယန်လောရှုသည် စကားဆုံးအောင် မပြောရသေးခင်မှာပင် နောက်တစ်ဖန် ဖြတ်အော်ခံလိုက်ရ၏။
ဤတစ်ခေါက်မှာ မုန့်ယောင်က နှာတစ်ချက်မှုတ်လိုက်ရုံသာ ဖြစ်၏။ သို့သော်လည်း ဧရာမ တူတစ်လက်က သူ၏ ရင်ဘတ်ပေါ်သို့ ဆင်းသက်လာပြီး သူ၏ နှလုံးကို ပြင်းထန်စွာ ထုရိုက်လိုက်သည့်အလားပင်။
ယန်လောရှု၏ မျက်နှာက ပြာနှမ်းသွားပြီး သူ၏ ရင်ဘတ်က လေးလံလာသည်ဟု ခံစားရ၏။ အဲဒါက အလွန်တရာ သက်သောင့်သက်သာ မရှိဘဲ သူ၏နှလုံးက ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ခံစားနေရ၏။
ဒုံမင်းအင်မော်တယ် မုန့်ယောင်က သူ့ကို သတ်ဖြတ်ချင်သည်ဆိုလျှင် သူမက လက်ညှိုးတစ်ချောင်းကိုပင် မြှောက်စရာ မလိုပေ။
“အဲဒါက နင့်အတွက် သင်ခန်းစာပဲ”
မုန့်ယောင်က အေးစက်စွာ ပြောလိုက်၏။
“နင် ဆက်အတင့်ရဲပြီး ကောင်းမှန်း ဆိုးမှန်း နားမလည်ဘူးဆိုရင် ငါ နင့်ကို အခုပဲ သတ်ပစ်နိုင်တယ်”
ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ ကျင့်ကြံသူများစွာက ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြ၏။
အဲဒါက ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ပြောဆိုခြင်း ဖြစ်၏။
ဒုံမင်းအင်မော်တယ်၏ နည်းလမ်းများနှင့် ပတ်သက်၍ မည်သူကမှ သံသယမဝင်ရဲပေ။
မုန့်ယောင်က ပြောလိုက်၏။
“ငါ နင့်ကို ပြောလိုက်မယ်.. ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က ဓားအင်မော်တယ် ယွဲ့ဟွား ဒီနေ့ ဒီနေရာကို ရောက်လာမယ်ဆိုရင်တောင် သူက ငါ့ကို မျက်နှာသာပေးရမယ်လေ.. နင့်ကိုယ်နင် ဘယ်သူထင်နေလို့လဲ”
ယန်လောရှုက ခါးသက်စွာ ရယ်မောလိုက်၏။
“နတ်မိမယ် မုန့်ယောင်.. စီနီယာအစ်ကို ယွဲ့ဟွားကို ကျုပ်နေရာကို အစားထိုးပေးဖို့အတွက် ကျေးဇူးပြုပြီး တက္ကသိုလ်ကို သတင်းစကားပို့ပေးပါ.. အဲဒါနဲ့ ပတ်သက်ပြီး ကျုပ် ဘာမှပြောမှာ မဟုတ်ဘူး”
“ဟမ့်”
မုန့်ယောင်၏ အမူအရာက အေးစက်လာပြီး သူမ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က တလိပ်လိပ် ထိုးတက်လာ၏။
ဤကောင်းကင်အင်မော်တယ်၏ ထပ်တလဲလဲ ရန်စမှုက သူမ၏ သတ်ဖြတ်လိုစိတ်ကို နိုးထလာစေခဲ့၏။
ပကတိအင်မော်တယ် ကျင်းယွဲ့သည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်ကို စိုးရိမ်ပူပန်နေပြီး ယန်လောရှုနှင့် အခြားသူများကို တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူမမှာ ငဲ့ကွက်ထိန်ချန်မှု များစွာ မရှိပေ။
သူမက ဒုံမင်းအင်မော်တယ် ဖြစ်၏။ သူမက မထင်ပေါ်သည့် ဤကောင်းကင်အင်မော်တယ်ကို သတ်ဖြတ်လိုက်မည်ဆိုလျှင်တောင် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်က သူမကို ဆန့်ကျင်လိမ့်မည် မဟုတ်ဟု သူမက ယုံကြည်လေသည်။
“စီနီယာ အစ်ကိုယန်.. ကျေးဇူးပြုပြီ ပြန်လာခဲ့ပါ”
တက္ကသိုလ်မှ ကျင့်ကြံသူတစ်ယောက်က မနေနိုင်တော့ဘဲ ဝင်ပြောလိုက်၏။
လူဝမ်ပင်းကလည်း စိုးရိမ်ကြောင့်ကြနေ၏။
“စီနီယာအစ်ကိုယန်.. သူက ဂိုဏ်းကို အခုချိန်ထိ မဝင်ရောက်ရသေးဘူး.. အပြင်လူတစ်ယောက်အတွက်ကြောင့် ခင်ဗျားက အဆင့်မြင့်အင်မော်တယ် မုန့်ယောင်ကို ဘာလို့ ခင်ဗျားအသက်နဲ့ ရင်းပြီး အတိုက်အခံလုပ်နေမှာလဲ”
“မင်းတို့တွေက ဘယ်လို ပေါက်တတ်ကရစကားတွေကို ပြောနေတာလဲ”
ယန်လောရှုက ရုတ်တရက် လှည့်အော်လိုက်၏။
“ငါက တက္ကသိုလ်ကို ဝင်ရောက်ပြီး မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံထားတယ်.. ငါပြုလုပ်တဲ့ အရာရာတိုင်းအတွက် ငါ့မှာ ရှင်းလင်းတဲ့ အသိစိတ်တစ်ခု ရှိနေရမယ်”
“ဒီလူက အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ အနိုင်ရပြီး အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းကို ဝင်ရောက်ဖို့ အဆင့်မီနေပြီ.. သူ့ကို ဘယ်လိုလုပ်ပြီး အပြင်လူတစ်ယောက်လို့ သတ်မှတ်နိုင်မှာလဲ.. ဒုံမင်းအင်မော်တယ် မုန့်ယောင်က စွမ်းအားကြီးမားတယ်ဆိုပေမဲ့ သူ့ကို ခေါ်သွားဖို့အတွက် သူမမှာ ဘာအခွင့်အာဏာ ရှိလို့လဲ”
“ငါ ဒီနေ့ နောက်ဆုတ်လိုက်မယ်ဆိုရင် ငါက ဘယ်လိုဖြောင့်မတ်မှန်ကန်မှုကိုမှ ကျင့်ကြံနိုင်မှာ မဟုတ်တော့ဘူး”
ယန်လောရှုက စိတ်လိုလက်ရ ပုံစံနှင့်အတူ ဒေါနှင့်မာန်နှင့် ထိုစကားများကို ပြောဆိုလိုက်၏။ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး လှုပ်ရှားယိမ်းယိုင်သွား၏။
“ကောင်းပြီလေ.. နင်က သေချင်တယ်ဆိုမှတော့ ငါက နင့်ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
မုန့်ယောင်က မှင်သေသေ အမူအရာတစ်ခုနှင့်အတူ အေးစက်စွာ ပြောလိုက်၏။
ထိုသို့ သူမ ပြောလိုက်သည့် ခဏမှာပင် လေထဲမှာ ဒုံမင်းသံက ထွက်ပေါ်လာခဲ့၏။
ဒုံမင်းသံသည် ထူးဆန်းသော နတ်ဆိုးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပြီး လေဟာနယ်ထဲမှာ ဝဲဂယက်များကို ပေါ်ထွက်လာစေကာ ယန်လောရှုထံသို့ ဖြန့်ကြက်လာခဲ့၏။
ဝဲဂယက်များက အားနည်းသည့်ပုံပေါ်သော်လည်း ယန်လောရှုက သူတို့ကို လုံးဝ မခုခံနိုင်ပေ။
ထိုစဉ်မှာပင် နှင်းဖြူရောင် လိပ်ပြာတစ်ကောင်က ရုတ်တရက် ပျံသန်းလာခဲ့ပြီး တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်လာခဲ့၏။