ကိစ္စများပြေလည်သွားခြင်း
Vol. 143 Ch. 2143
“မင်းသမီးမုန့်ယောင်... ကျုပ်ခင်ဗျားကို ကူညီပေးမယ်”
ပကတိအင်မော်တယ်ကျင်းယွဲ့က ရှေ့သို့ထွက်လာခဲ့၏။
သို့သော်လည်း သူလှုပ်ရှားလိုက်သည့်ခဏမှာပင် သူက အေးစက်နေသောစိတ်ဆန္ဒတစ်ခု သူ့အပေါ်လွှမ်းခြုံလာသည်ကို ခံစားလိုက်ရ၏။
ရေခဲလိပ်ပြာက နတ်မိမယ်မိုချင်ကိုလှည့်ပတ်ပြီး သန်မာသောရန်လိုစိတ်နှင့်အတူ သူ့ကိုစိုက်ကြည့်ကာ အေးစက်နေသောအော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
သူသည် အတိတ်ကာလတုန်းက ဤရေခဲလိပ်ပြာနှင့် ရန်ငြိုးရန်စတချို့ရှိခဲ့လေသည်။
ယခုအချိန်မှာ ရေခဲလိပ်ပြာသည် သူ့ကိုပစ်မှတ်ထားလာခဲ့ပြီဖြစ်၏။ ကြီးမားသောတိုက်ပွဲတစ်ခုဖြစ်ပွားလာမည်ဆိုလျှင် သူသည် ဒုံမင်းအင်မော်တယ်ကို ကူညီဖို့နေနေသာ သူပင်လျှင် ရေခဲလိပ်ပြာထံကနေ ရုန်းထွက်နိုင်မည်ဆိုလျှင် အလွန်ကံကောင်းလှပြီဖြစ်၏။
ဒင်...
ရုတ်တရက်မုန့်ယောင်ကပြုံး၍ သူမ၏ လက်ဖျားဖြင့် ဒုံမင်းကြိုးကို ညင်သာစွာတီးခတ်လိုက်၏။ သို့သော်လည်း အဲ့ဒီမှာ မည်သည့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှမပါဝင်ပေ။ ထိုအစား အဲ့ဒါက ရေများစီးဆင်းနေသောအသံကဲ့သို့ သာယာနာပျော်ဖွယ်ကွယ်ကောင်းနေ၏။
တိုက်ပွဲနယ်မြေရှိတင်းကျပ်မှုက သိသိသာသာပြေလျော့သွားလေသည်။
“နင်က... အဲ့လောက်ထိခေါင်းမာနေပြီဆိုမှတော့... ညီမမိုချင် ငါနင်နဲ့မတိုက်ခိုက်တော့ဘူး”
မုန့်ယောင်က ညင်သာစွာပြုံးပြလိုက်၏။
“ငါတို့တစ်ယောက်ကိုတစ်ယောက်သိလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ... ငါတို့က ဒီလိုသေးငယ်တဲ့ကိစ္စတစ်ခုနဲ့ တိုက်ခိုက်နေစရာမလိုဘူး... ဟာသတစ်ခုဖြစ်သွားလိမ့်မယ်... ဒါပေမဲ့ နင်က သူတို့နှစ်ယောက်ကို အခုချိန်မှာကာကွယ်ပေးနိုင်ပေမယ့် နင်ကသူတို့ကိုအမြဲတမ်းကာကွယ်ပေးနိုင်မှာမဟုတ်ဘူး”
ထိုသို့ပြောရင်း မုန့်ယောင်က သူမ၏ ဒုံမင်းကိုသိမ်းဆည်းကာ လှည့်ထွက်သွား၏။
ဤနေရာမှာနေလည်း မထူးတော့မှတော့ သူမသည်ဆက်လက်၍အချိန်ဖြန်းနေစရာ မလိုတော့ပေ။
လျှောက်ရမည့်လမ်းက အရှည်ကြီးကျန်သေးလေသည်။ ယနေ့အငြိုးအတေးက ဖြစ်ပေါ်လာခဲ့ပြီဖြစ်ပြီး အနာဂတ်မှာ ရန်လောရှုနှင့် ဆူဇီမိုကို သတ်ဖြတ်နိုင်မည့် အခွင့်အရေးတစ်ခု သေချာပေါက်ရှိလာပေလိမ့်မည်။
မင်းသားယွမ်ကျောက မကျေမချမ်းဖြစ်နေ၏။
မုန့်ယောင်ပေါ်ထွက်လာစဥ်က သူမ၏ စွမ်းပကားက ပြိုင်ဘက်ကင်းပြီး လူတိုင်းက သူမ၏ ထက်ရှမှုကို ရှောင်လွှဲရလေသည်။ သူတို့သည် ဆူဇီမိုကိုအသက်ရှင်လျက် ဖမ်းဆီးနိုင်ခဲ့လုနီးပါးဖြစ်ခဲ့၏။
မထင်မှတ်ထားစွာပင် ပန်းချီအင်မော်တယ်ရောက်ရှိလာပြီးနောက် အခြေအနေက နောက်တစ်ဖန်တည်ငြိမ်သွား၏။
ယခု... မုန့်ယောင်ကပင်လျှင် ထွက်ခွာသွားတော့မည်ဖြစ်၏။
မုန့်ယောင်၏ ထွက်ခွာမှုသည် ကောင်းကင်နှင့်မြေကြီးကတက္ကသိုလ်သို့ ဝင်ရောက်တော့မည့် ဆူဇီမိုကို မည်သူကမှ မတားဆီးနိုင်တော့ဟု အဓိပ္ပါယ်ရလေသည်။ ထိုအချိန်ကျလျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ နောက်ခံနှင့်အတူ သူ့အနေဖြင့် ဆူဇီမိုကိုတိုက်ခိုက်ဖို့က အဆတစ်ရာသို့မဟုတ် မဆတစ်ထောင် ပိုမိုခက်ခဲလာပေတော့မည်။
“အစ်မမုန့်ယောင်... ခင်ဗျားဒီတိုင်းပဲထွက်သွားတော့မို့လား”
မင်းသားယွမ်ကျောက မနေနိုင်တော့ဘဲ လှမ်းအော်ခေါ်လိုက်၏။
“ဆူဇီမိုက အရမ်းကိုရွံရှာစက်ဆုပ်ဖို့ကောင်းတယ်... သူက ကျုပ်တို့ကိုတောင်မှ တကယ်ပဲစွပ်စွဲပြောဆိုခဲ့တယ်... ကျုပ်တို့နှစ်ယောက်က...”
“ပါးစပ်ကိုပိတ်ထား”
မုန့်ယောင်က သုန်မှုန်နေသော အမူအရာနှင့်အတူ အော်ငေါက်လိုက်၏။
သူမ၏ အင်္ကျီလက်စကို လက်ပြန်ဝေ့ယမ်းပြီး မင်းသားယွမ်ကျော၏ ရင်ဘတ်ကို ပစ်ရိုက်ချလိုက်၏။
ဘန်း...
ပကတိအင်မော်တယ်တစ်ယောက် တိုက်ခိုက်မှု၏ ကြောက်စရာကောင်းသောစွမ်းအားက မင်းသားယွမ်ကျော၏ ခန္ဓာကိုယ်ကိုချက်ချင်းပင်ပေါက်ကွဲ၍ သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားစေ၏။
ထိုသည်ကိုတွေ့မြင်သောအခါ ကျင့်ကြံသူများစွာက ကြောင်အ,မှင်တက်သွားကြ၏။
ဒုံမင်းအင်မော်တယ်မုန့်ယောင်သည် သူမ၏ မောင်အပေါ်မှာပင် ဤမျှအထိ ရက်စက်ကြမ်းတမ်းနေလိမ့်မည်ဟု မည်သူကမှထင်မှတ်မထားပေ။
မင်းသားယွမ်ကျော၏ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သော သိပ်သည်းပြင်းထန်သည့်စွမ်းအားက သူ၏ အမြုတေစိတ်ဝိညာဥ်ကိုပါ သတ်ဖြတ်ပစ်ဖို့လုံလောက်နေ၏။
ဘေးမှာရှိသော ပကတိအင်မော်တယ်ကျင်းယွဲ့၏ အမူအရာကရုတ်ချည်းပြောင်းလဲသွားပြီး ရှေ့သို့ခပ်မြန်မြန်တက်ကာ မင်းသားယွမ်ကျော၏ အမြုတေစိတ်ဝိညာဥ်ကို ကယ်တင်ပေးလိုက်၏။
ကိုယ်ကာယခန္ဓာကိုယ်တစ်ခုဆုံးရှုံးရခြင်းသည် ကောင်းကင်အင်မော်တယ်များအတွက် မသေစေနိုင်ပေ။
အဲ့ဒီမှာသွေးတစ်စက်ကျန်ရှိနေသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ်ကို ပြန်လည်စုစည်းနိုင်၏။
သို့သော်လည်း အမြုတေစိတ်ဝိညာဥ်ဖျက်ဆီးခံရပါက သေဆုံးသွားရပေလိမ့်မည်။
“မင်းသမီးကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ”
ပကတိအင်မော်တယ်ကျင်းယွဲ့က အမူအရာအေးစက်နေသည့် မုန့်ယောင်ကိုကြည့်ပြီး အလောတကြီးပြောလိုက်၏။
“အရှင်မင်းသားယွမ်ကျောက စကားကိုထိန်းထိန်းသိမ်းသိမ်းမပြောတဲ့အတွက် သူကတကယ်ပဲအပြစ်ပေးခံရထိုက်ပါတယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူကဘုရင်ကျင်းရဲ့ သားတစ်ယောက်ဖြစ်နေတုန်းပဲ... ကျေးဇူးပြုပြီး သနားညှာတာမှုပြပေးပါ မင်းသမီး”
မင်းသားယွမ်ကျော၏ အမြုတေစိတ်ဝိညာဥ်သည် ပကတိအင်မော်တယ်ကျင်းယွဲ့၏ ကယ်တင်ခြင်းခံလိုက်ရသော်လည်း သူကထိုအခိုက်အတန့်မှာ လုံးဝကိုမှင်တက်နေ၏။
သူသည် စောစောကစကားကိုပြောခဲ့သည့်အကြောင်းအရင်းမှာ သူသည် မုန့်ယောင်၏ အမျက်ဒေါသကို ထပ်မံ၍ဆွပေးလိုသောကြောင့်ဖြစ်၏။
အဲ့ဒါမှသာ သူမက ဆက်လက်၍ တိုက်ခိုက်မည်ဖြစ်လေသည်။
သို့သော်လည်း ထိုစကားကြောင့် မုန့်ယောင်က သူ့ကို ဘာ့ကြောင့် သတ်ဖြတ်လုနီးပါး ပြုလုပ်ခဲ့သလဲ သူနားမလည်နိုင်ပေ။
ထိုစကားကိုပြောခဲ့သောသူက ဆူဇီမိုဖြစ်၏။ သူမကသတ်ဖြတ်ချင်သည်ဆိုလျှင် မုန့်ယောင်သည် ဆူဇီမိုကိုသာ ကိုင်တွယ်သင့်လေသည်။ သူမကဘာ့ကြောင့် သူ့ဘက်ကိုလှည့်လာရတာလဲ။
မင်းသားယွမ်ကျောက ငေးငိုင်နေသော်လည်း ဘေးကနေရပ်ကြည့်နေသူတစ်ယောက်အဖြစ် ဆူဇီမိုက အရာရာတိုင်းကိုရှင်းလင်းစွာ နားလည်သဘောပေါက်နေ၏။
မုန့်ယောင်သည် ထိုသို့ပြုလုပ်ရခြင်းအတွက် သူမမှာရည်ရွယ်ချက်နှစ်ခုရှိနေ၏။
ပထမတစ်ချက် အဲ့ဒါက သူမ၏ အမျက်ဒေါသများကို ဖြေဖျောက်ဖို့ဖြစ်၏။
သူမသည် ဤတစ်ခေါက်ရောက်ရှိလာသောအခါ သူမလိုချင်သည့်အရာကိုမရရှိနိုင်ခဲ့ပေ။ ထိုအစားသူမသည် ဆူဇီမို၏ စွပ်စွဲပြောဆိုခြင်းကိုခံခဲ့ရ၏။ ထို့ကြောင့် သူမသည် မကျေမနပ်ဖြစ်နေပြီး သူမ၏ ရင်ထဲရှိ အမျက်ဒေါသများကို ဖွင့်ထုတ်စရာနေရာမရှိဖြစ်နေ၏။
ဒုတိယတစ်ချက် သူမသည် သူမ၏ ရိုးသားမှုကို သက်သေပြချင်လေသည်။
သူမသည် မင်းသားယွမ်ကျောနှင့် ပတ်သက်ငြိစွန်းနေသည်ဟု ဆူဇီမိုက ပြောဆိုခဲ့မှတော့... သူမသည် သူ့ကို သတ်ဖြတ်ပြီး သူ့မောင်၏ သွေးဖြင့် သူမ၏ ရိုးသားမှုကို သက်သေပြရမည်ဖြစ်၏။
ဒုံမင်းအင်မော်တယ်နှင့် ထိတွေ့ဆက်ဆံလာရပြီးနောက် ဆူဇီမိုသည် သူမအပေါ် ထင်မြင်ချက်အချို့ရှိလာခဲ့၏။
ဤနတ်မိမယ်သည် အပေါ်ယံမှာ ချောမောလှပသည့်ပုံပေါ်သော်လည်း သူမ၏ အတွင်းစိတ်က တကယ့်ကိုရက်စက်ကောက်ကျစ်လွန်းလေသည်။
သူမသည် အခြားသူများ၏ အသက်နှင့်ပတ်သက်လျှင် သူမမောင်ကိုပင်ဂရုမစိုက်ပေ။
သူမသည် သူမလိုချင်သည့်အရာကို မည်သည့်နည်းလမ်းနှင့်မဆို ရယူဖို့ကြိုးစားပေလိမ့်မည်။
“ဘယ်လောက်တောင်ရက်စက်လိုက်လဲ... မင်းသားယွမ်ကျောက သေလုနီးပါးပဲ”
“သူတို့နှစ်ယောက်က တာအိုလက်တွဲဖော်တွေ သေချာပေါက်မဟုတ်လောက်ဘူးလို့ ငါထင်တယ်.. မဟုတ်ရင်သူက သူ့ရဲ့တာအိုလက်တွဲဖော်ကို ဘယ်လိုလုပ်ပြီး အဲ့လောက်ထိရက်စက်နိုင်ပါ့မလဲ”
လူအုပ်ကြီးက ဆွေးနွေးပြောဆိုလိုက်ကြ၏။
မုန့်ယောင်သည် သူမလိုချင်သည့်အရာကို ရရှိသွားသည်ကိုတွေ့မြင်ရသောအခါ ထပ်မံ၍တိုက်ခိုက်ဖို့ကို အရေးလုပ်မနေတော့ပေ။ သူမက နတ်မိမယ်မိုချင်၊ ယန်လောရှုနှင့် ဆူဇီမိုတို့ကိုကြည့်ပြီးလှည့်ထွက်သွား၏။
နတ်မိမယ်မိုချင်၏ အမူအရာက ပျော့ပျောင်းသွားပြီး သူမကစိတ်သက်သာစွာသက်ပြင်းချလိုက်၏။
သူမသည် အခြားတစ်ယောက်ယောက်နှင့် တကယ်ပဲတိုက်ခိုက်လိုခြင်း သို့မဟုတ် သတ်ဖြတ်လိုခြင်းမရှိပေ။
သူမသည် တစ်သီးတစ်ခြားနေရသည်ကိုသဘောကျပြီး အစကတည်းကလောကီရေးရာများနှင့် ခပ်ခွာခွာနေခဲ့လေသည်။
သူမက ဤနေရာသို့ရောက်ရှိလာသည်မှာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိလေသည်။
ရထားလုံးအတွင်းမှာ...။
မိန်းကလေးက သူမ၏ ရင်ဘတ်ကို ညင်သာစွာဖိလိုက်၏။
“အဲ့ဒီမိန်းမကြမ်းက နောက်ဆုံးတော့ထွက်သွားပြီပေါ့လေ... သူက ဒုံမင်းအင်မော်တယ်တဲ့လား... သူက ဘီလူးမတစ်ကောင်နဲ့ပိုတူနေတယ်”
“မင်းသမီး... သူက မင်းသမီးတို့နဲ့ အတူယှဥ်တွဲရပ်တည်နိုင်အောင် ဘာများအခွင့်အာဏာရှိနေလို့လဲ... ထွီ”
မိန်းကလေးက မကျေမနပ်ခံစားနေရပြီး ရွံရှာစက်ဆုပ်စွာဖြင့် တံတွေးထွေးလိုက်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ပြုံးပြလိုက်၏။
“သူ့ရဲ့ ဒုံမင်းပညာရပ်ကတော့ တကယ်ပဲမဆိုးဘူး”
သူမ၏ ဒုံမင်းပညာရပ်ကလွဲလျှင် ဒုံမင်းအင်မော်တယ်နှင့်ပတ်သက်၍ ထိုက်တန်လောက်အောင်ဖော်ပြစရာဘာမှမရှိဟု သူမကသွယ်ဝိုက်ပြောဆိုလိုက်ခြင်းဖြစ်၏။
“ဒါနဲ့...”
ရုတ်တရက် မိန်းကလေးက တစ်စုံတစ်ရာတွေးမိသွားပြီး ထပ်မံ၍မေးလိုက်၏။
“မင်းသမီး... ပန်းချီအင်မော်တယ်က အဲ့လောက်ထိ စွမ်းအားကြီးမားနေတယ်ဆိုတော့.. သူက လူတစ်ယောက်ကိုတွေ့မြင်ရမယ်ဆိုရင် သူကအဲ့ဒီလူရဲ့ရုပ်ပုံကိုရေးဆွဲပြီး သူ့ရဲ့ဓမ္မတာအိုကို ထည့်သွင်းပေါင်းစည်းနိုင်မှာလား”
“အဲ့လိုသာဆိုရင်တော့... သူကတော်တော်လေးကြောက်ဖို့ကောင်းလိမ့်မယ်... သူက မင်းသမီးကိုမြင်မယ်ဆိုရင် မင်းသမီးရဲ့တိုက်ခိုက်ရည်ခွန်အားနဲ့ယှဥ်နိုင်တဲ့ မင်းသမီးရဲ့ကိုယ်ပွားတစ်ခုကို သူကရေးဆွဲနိုင်မှာလား”
“မရဘူး”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“နတ်မိမယ်မိုချင်က ပန်းတွေ... သစ်ပင်တွေ... ငှက်တွေ... တောကောင်တွေ... တောင်တန်းတွေ... မြစ်တွေနဲ့ သက်ရှိတွေအားလုံးကိုပဲရေးဆွဲနိုင်တယ်လို့ငါကြားထားတယ်... ဒါပေမဲ့ သူက လူသားတစ်ယောက်ရဲ့ရုပ်ပုံကို တစ်ခါမှမရေးဆွဲခဲ့ဘူး”
“ဟမ်... ဘာလို့လဲ”
မိန်းကလေးက တွေဝေရှုပ်ထွေးစွာဖြင့် မျက်လုံးပြူးနေ၏။
“အဲ့ဒါတော့ငါလည်းမသိဘူး”
ခဏမျှစဥ်းစားတွေးတောပြီးနောက် ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ပြောလိုက်၏။
“အဲ့ဒီမှာ သူပန်းချီဆွဲဖို့ထိုက်တန်တဲ့လူတစ်ယောက်ယောက်ကို မတွေ့သေးလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့... ဒါမှမဟုတ် လူသားနှလုံးသားက ရှုပ်ထွေးလွန်းတဲ့အတွက် အဲ့ဒါကိုပုံဖော်ဖို့က ခက်ခဲနေလို့လည်းဖြစ်ရင်ဖြစ်မှာပေါ့”
“မျက်နှာဖုံးကိုကြည့်ပြီး စာအုပ်တစ်အုပ်ကို အကဲဖြတ်လို့မရဘူး”
မိန်းကလေးက တီးတိုးရေရွတ်ပြီး အတွေးနက်သွားလေသည်။
လေထဲတွင်...
မင်းသားယွမ်ကျောက သူ၏ သွေးကိုအသုံးချကာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခဲ့ပြီးပြီဖြစ်၏။
ထိုသို့ဆိုလျှင်တောင် မုန့်ယောင်၏ စောစောကတိုက်ခိုက်မှုသည် သူ၏ မျိုးဆက်သွေးထက်ဝက်ကျော်ကို ဖျက်ဆီးခဲ့ပြီး သူက သွေးချီအမြောက်အမြားကိုဆုံးရှုံးခဲ့ရ၏။
သူသည် အနာဂတ်မှာ ပြန်လည်သက်သာမလာခင် အချိန်အတော်ကြာသည့်အထိ အနားယူကာအားဖြည့်ရပေတော့မည်။
မင်းသားယွမ်ကျောသည် ဆူဇီမိုကို ကြမ်းကြုတ်ခက်ထန်စွာ စိုက်ကြည့်ပြီး သူ့ကို အရှင်လတ်လတ်ဝါးမျိုချင်နေ၏။
သူက အရမ်းကိုထိခိုက်နစ်နာခဲ့ရ၏။
ပထမတစ်ချက် သူသည်လျှို့ဝှက်ဆန်းကြယ်သောစာတစ်စောင်ကို လက်ခံရရှိခဲ့၏။ ထို့နောက် သူက အမှားအယွင်းတစ်စုံတစ်ရာမရှိစေရန် လုံလောက်သည့် ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ပြီး အာဏာပါးကွက်သားအစောင့်တပ်သားတစ်ရာကျော်ကို ခေါ်ဆောင်လာခဲ့၏။
သို့သော်လည်း သူတို့အားလုံးက အမြစ်ဖြတ်ချေမှုန်းသုတ်သင်ခံလိုက်ရလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
သူပင်လျှင် သူ့အစ်မ၏ သေလုနီးပါး ကိုယ်တိုင်ရိုက်နှက်ခြင်းကိုခံခဲ့ရ၏။
သူသည် ရယ်စရာဟာသတစ်ခုဖြစ်လာခဲ့လေပြီ။
အဲ့ဒါတွေအားလုံးက ဆူဇီမိုကြောင့်ဖြစ်၏။
“အရှင်မင်းသားပြန်ကြရအောင်”
မင်းသားယွမ်ကျောက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်ကိုတွေ့မြင်ရသောအခါ ပကတိအင်မော်တယ်ကျင်းယွဲ့က မနေနိုင်တော့ဘဲ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။
“အခုဆိုရင်.. ပန်းချီအင်မော်တယ်က အခြေအနေကို ထိန်းသိမ်းထားပြီ... မင်းသမီးမုန့်ယောင်ကလည်း ထွက်ခွာသွားခဲ့ပြီ... ကျုပ်တို့မှာ ဆူဇီမိုကို ခေါ်ထုတ်သွားနိုင်စရာနည်းလမ်းမရှိတော့ဘူး”
“လျှောက်ရမယ့်လမ်းက အရှည်ကြီးကျန်ပါသေးတယ်... အနာဂတ်မှာ ဒီကောင်လေးကိုကိုင်တွယ်ဖို့အတွက် အခွင့်အရေးတစ်ခုသေချာပေါက်ရှိလာမှာပါ”
ပကတိအင်မော်တယ်ကျင်းယွဲ့ပြောသည်မှာ မမှားသည်ကို မင်းသားယွမ်ကျောကလည်း သိရှိထားလေသည်။
သူ၏ ရင်ထဲရှိ မကျေမချမ်းမှုများအားလုံးနှင့် အမျက်ဒေါသများကို ပြန်လည်မျိုချထားရုံသာတတ်နိုင်လေသည်။
“သွားကြတာပေါ့”
မင်းသားယွမ်ကျောက အံကိုကြိတ်ကာပြောလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က နတ်မိမယ်မိုချင်ဘက်သို့ လက်သီးနှစ်ဖက်ကိုယှက်ပြပြီး မင်းသားယွမ်ကျောနှင့် အထီးကျန်ကြယ်နှင့်အတူ ထွက်ခွာသွားလေသည်။
သိပ်မကြာခင် သူတို့က ပျောက်ကွယ်သွားကြ၏။