အခန်း (၁၁၉)
Vol. 9 Ch. 119
ဘုန်း
ရောင်စဉ်အလင်းနတ်နယ်မြေ၏ အထက်တွင် မုန့်ရှင်းကျီသည် မတ်မတ်ရပ်လျက် ရှိနေ၏။ အားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက်ရှိနေပြီး ထိုအရာများသည် တောင်များ၊ မြစ်များကိုပင် ဝါးမျိုလုမတတ်ပင်။ သူသည် လောကကြီး တစ်ခုလုံးကို အုပ်မိုးကာ ကြည့်ရှုလျက်ရှိ၏။
ခန္ဓာကိုယ်တစ်ခုလုံးတွင် အမဲရောင်မြူများ ရစ်သိုင်းလျက်ရှိပြီး သူ၏ အစစ်အမှန် ပုံပန်းသွင်ပြင်ကို ဖုံးကွယ်ထားခဲ့၏။ စူးရှလှသည့် မျက်ဝန်းတစ်စုံသည် အမဲရောင် အလင်းတန်းများ ထွက်ပေါ်လျက်ရှိ၏။ ၎င်းကို ကြည့်ရှုလိုက်သည့် လူများအားလုံးသည် ကြက်သီးမွေးညှင်းများပင် ထကုန်ကြ၏။ ဝိညာဉ်များပင်လျှင် တုန်ခါသွားခဲ့ကြသည်။
ဤကဲ့သို့ ခန့်မှန်း၍ မရနိုင်အောင် အားကောင်းလှသည့် ကျင့်ကြံသူသည် အဘယ်ကြောင့် ဤတည်နေရာဆီသို့ ရောက်ရှိလာခဲ့ရသနည်း။ ထို့အပြင် ဤလူ၏ အကြည့်တစ်ချက်သည် အလုံးစုံသော ဖျက်ဆီးခြင်းများကို ပေးစွမ်းနိုင်ခဲ့၏။ ၎င်းအား တန်ပြန်တိုက်ခိုက်ရန် မပြောနှင့် မော့ကာကြည့်ရှုလိုက်သည်နှင့် တပြိုင်နက် ပျက်သုန်းခြင်း လမ်းစဉ်ဆီသို့ လှမ်းလျှောက်ဝင်ရောက်သွားသကဲ့သို့ပင်။
ဒွီ
မုန့်ရှင်းကျီသည် လက်ကို မြှောက်လိုက်၏။ ကောင်းကင်ယံထက်ဆီမှ ကြီးမားလှသည့် လက်ဝါးရိုက်ချက်ကြီးသည် အောက်သို့ ကျဆင်းလာခဲ့၏။ တဝုန်းဝုန်းပင် မြည်လျက်ရှိ၏။ ချက်ချင်းဆိုသလိုပဲ နဂါးကျိုင်းတုတ်ကို ကိုင်ဆောင် ထားသည့် အဘွားအိုသည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။
“ဘယ်သူလဲ” အဘွားအိုသည် ကြောက်လန့်တကြားဖြင့် ထအော်လိုက်၏။ သူမသည် အင်ပါရီယာလက်နက်ကို အဆုံးစွန်အထိ အသက်သွင်းကာဖြင့် ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးနှင့်လည်း တိုက်ခိုက်လျက် ရှိနေသေး၏။ သို့ပေမဲ့ သူမ၏ နောက်ဘက်ဆီမှ တစ်စုံတစ်ယောက်က လာရောက်တိုက်ခိုက် လိမ့်မည်ဟု ဘယ်လိုမှ မထင်ခဲ့ချေ။ ထို့အပြင် သူမ၏နောက်တွင် ရောင်စဉ်အလင်းနတ်နယ်မြေသည်သာ ရှိသည် မဟုတ်ပါလား။
ဘန်း ....။
သူမ၏ ကျန်းချီတစ်ဝက်လောက် ကုန်ခမ်းနေသည့်အချိန်တွင် ဤတိုက်ခိုက်ချက်ကို ရင်ဆိုင်လိုက်ရသည့်အခါ မှာတော့ မည်သည့်ခုခံမှုကိုမှ မပြုလုပ်နိုင်တော့ချေ။ ခန္ဓာကိုယ်တစ်ခုလုံးသည် ပျောက်ကွယ်သွားခဲ့ပြီး ဝိညာဉ် သာလျှင် ကျန်ရှိတော့၏။
သူမသည် ခေါင်းကိုမော့ကာဖြင့် အနောက်ဘက်တွင် ရှိနေသည့်လူကို လှမ်းကာ ကြည့်ရှု လိုက်၏။ ၎င်းသည် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ထို့ကြောင့် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထကာ အော်ဟစ်လိုက်မိသည်။ “ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက လူပါလား”
“အင်း… အမြင်တော့ စူးရှသေးတာပဲ” မုန့်ရှင်းကျီသည် မထီလေးစား ပြုံးလိုက်မိ၏။
သူ့အနေနှင့် ကြီးမားလှသော လက်ကြီးကို ဆန့်ထုတ်လိုက်၏။ ဤတစ်ကြိမ်မှာတော့ သူသည် တစ်ဖက်လူကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။ ကောင်းကင်ယံတွင် ရှိနေသည့် အင်ပါရီယာ လက်နက်ကို လှမ်းကာ ဆွဲလိုက်ခြင်းပင်။
အသူရာနဂါးကြေးအိုးကြီးသည် အင်ပါရီယာလက်နက်တစ်ခုဖြစ်သည်ဆိုသော်လည်း သူ၏သခင် သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် မည်သူမှ ထိုအရာကို ပိုင်ဆိုင်သည်ဟု မသတ်မှတ်နိုင်တော့ချေ။ ကွာစီအင်ပါယာ တစ်ယောက်၏ ဖိနှိပ်မှုအောက်တွင်တော့ လက်နက်သည် မည်သို့မှ ခုခံနိုင်ခြင်း မရှိတော့ချေ။
“ဘယ်လိုဖြစ်ပြီး ဝင်လာတာလဲ” ဝိညာဉ်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သော အဘွားအိုသည် ခပ်တင်းတင်းဖြင့် လှမ်းကာ အော်ဟစ်လိုက်၏။ သူမသည် ခေါင်းကိုလှည့်ကာဖြင့် နတ်နယ်မြေ၏ အဓိကဟောခန်းဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူမ၏ မျက်လုံးထဲတွင်တော့ ဖော်ပြ၍ မရနိုင်လောက်အောင် ပြင်းထန်လွန်းလှသော သတ်ဖြတ် လိုခြင်းဆန္ဒများ ပြည့်နှက်လျက် ရှိနေ၏။ ရောင်စဉ်အလင်းနတ်အရှင်သည် တကယ်ပဲ သူလျှိုတစ်ယောက် ဖြစ်နေလေသည်လား။
သို့ပေမဲ့ ကြက်သွေးရောင် ဘိုးဘေးကြီး သေချာပြောခဲ့သည်မှာ ရောင်စဉ်အလင်းနတ်အရှင်သည် ကောင်းကင်နတ်ဆိုးနန်းတော်၏ သူလျှိုသာလျှင်ဖြစ်၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက အဘယ်သို့ ရောက်ရှိလာရသနည်း။
“ဘာဇာတ်ကြောင်းနေနေ ခင်ဗျားသိဖို့ မလိုအပ်ဘူး။ နောက်ဘဝကိုသာ သွားလိုက်တော့” မုန့်ရှင်းကျီက မဖြေဆို ခဲ့ချေ။ လက်တစ်ဖက်နှင့် အင်ပါရီယာလက်နက်ကို ဖိနှိပ်ခဲ့ပြီးသည့်နောက် နောက်တစ်ကြိမ် ထပ်မံကာ ရိုက်နှက်လိုက်သည်။
မိုးကြိုးပစ်ချသံကဲ့သို့ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး လေများသည် တဝှီးဝှီးနှင့် တိုက်ခတ်နေ၏။ ကြီးမားလွန်းလှသည့် လက်ဝါးချက်ကြီးသည် အရာအားလုံးကို ဖျက်ဆီးတော့မလိုပင် ရှိနေ၏။ ထိုအရာသည် အောက်တွင် ရှိနေသည့် လူများကိုပါ လွှမ်းခြုံသွားခဲ့လေ၏။
“မဟုတ်ဘူး” အဘွားအိုသည် စိတ်ပျက်လက်ပျက်ဖြင့် ထကာ အော်ဟစ်လိုက်၏။ ကွာစီအင်ပါယာ တစ်ယောက်နှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူမ၌ မည်သည့်ခုခံမှုမှ မရှိချေ။ ဤကဲ့သို့ ရိုက်ချက်တစ်ခုတည်းအောက်တွင် သူမ၏ စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် ပျောက်ကွယ်သွားရလေသည်။
“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ကွာစီအင်ပါယာ… ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ တကယ်ပဲ ကြီးကြီးကျယ်ကျယ် တိုက်ခိုက်ချင်နေတာလား” ထိုအချိန်မှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ပုံပန်းသွင်ပြင်နှင့် လူသုံးယောက်တို့ ပေါ်ပေါက်လာခဲ့၏။
ထိုသုံးယောက်သည် တော်ဝင်သူတော်စင်များဖြစ်ပြီး မကြာခင် အဆင့်ချိုးဖြတ်နိုင်မည့် အော်ရာများလည်း ထွက်ပေါ်လျက်ရှိသည်။ ၎င်းတို့၏ မျက်လုံးများတွင် အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေ၏။ အနောက်ဘက်တွင် ကြယ်မြစ်ကြီးတစ်ခု လွှမ်းခြုံထားလောက်သည့် ကြီးမားသော အရှိန်အဟုန်ကို ပေးစွမ်းနေသည်။
ကွာစီအင်ပါယာ မရှိဘူးဆိုလျှင်တောင်မှ ရောင်စဉ်အလင်းနတ်နယ်မြေသည် တော်ဝင်သူတော်စင် လေးယောက်ကို ဖန်တီးပျိုးထောင်နိုင်သေး၏။ ဤအရာသည် ကြောက်မက်ဖွယ်ကောင်းလှသည့် နောက်ခံပင် ဖြစ်နေသည်။ တခြားသော အားအင်အဆင့်များနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုပါက ဤလူစာရင်းသည် တကယ်ပင် အားလုံးသော သူများကို ဖျက်ဆီးပစ်ရန် လုံလောက်သည့် လူစာရင်းပင် ဖြစ်၏။ သို့ပေမဲ့ မုန့်ရှင်းကျီနှင့် ရင်ဆိုင်ရသည့် အချိန်တွင်တော့ ဘာမှမဟုတ်ကြချေ။
ကျင့်ကြံခြင်းအဆင့် မြင့်မားလေ အဆင့်ချိုးဖြတ်ရန်အတွက် ပိုမိုကာ ခက်ခဲလေပင်ဖြစ်၏။ တော်ဝင်သူတော်စင်နှင့် ကွာစီအင်ပါယာတို့၏ကြားတွင် ကွာခြားချက်သည် အလွန်ကြီးမားလွန်းလှ၏။
“အင်း… ဒီလောက်နဲ့ မလုံလောက်သေးဘူး” မုန့်ရှင်းကျီ၏ အမူအရာသည် မပြောင်းလဲချေ။ အေးစက်စက်ဖြင့် ပြောလိုက်သည်။
“ဘယ်လောက်ရဲရင့်လိုက်လဲ” တော်ဝင်သူတော်စင်များထဲမှ တစ်ယောက်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။
“အတူတူ ပေါင်းပြီးတော့ အင်ပါရီယာလက်နက်ကို ပြန်ယူကြရအောင်” တခြားသော တော်ဝင်သူတော်စင် တစ်ယောက်က ဝင်ပြောလိုက်သည်။
ဤစကား ပြောပြောပြီးချင်းမှာပဲ ၎င်းတို့ သုံးယောက်သည် သူတို့၏ အစစ်အမှန် သွေးအဆီအနှစ်များကို အသက်သွင်းကာဖြင့် အင်ပါရီယာလက်နက်ကို လွှမ်းခြုံရန် ကြိုးစားကြတော့၏။
တဝုန်းဝုန်းအသံများ ထွက်ပေါ်လာပြီး အသူရာနဂါးကြေးအိုးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလျက် ရှိနေသည်။ အင်မော်တယ်အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေပြီး တည်နေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်အရာ အလင်းတန်းများနှင့် ထွန်းတောက်နေသည်။
မုန့်ရှင်းကျီပင်လျှင် အပြည့်အဝ ဖိနှိပ်နိုင်စွမ်း ရှိနေသည်ဆိုလျှင်ပင် ထိုအရာကို သေသေချာချာ ထိန်းချုပ်ထားရန် ဆိုသည်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်လို့လာခဲ့၏။
“အမ်” သူသည် တော်ဝင်သူတော်စင် သုံးယောက်ဆီသို့ အေးစက်စက်ဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ တစ်ဖက်လူ များကို သုတ်သင်ရှင်းလင်းပစ်နိုင်ခြင်း မရှိပါက သူ၏လက်ထဲတွင် ကိုင်ထားသည့် အင်ပါရီယာလက်နက်သည် ပြန်လည်ကာ ပါသွားတော့မှာ သေချာ၏။ ထို့အပြင် အသူရာနဂါးကြေးအိုးကြီးသည် ရှေးရောင်စဉ်အလင်း အင်ပါယာ ပိုင်ဆိုင်ခဲ့သည့်အရာဖြစ်၏။ သေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ မျိုးဆက် သုံးယောက်က တည်ရှိနေသေးသည်။
အင်ပါရီယာလက်နက်သည် ရောင်စဉ်အလင်းအင်ပါယာနှင့် အော်ရာချင်း တူညီသည့်လူများကိုသာ ဦးစားပေးမှာ သေချာ၏။ သူသည် ကွာစီအင်ပါယာတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ တော်ဝင်သူတော်စင် သုံးယောက်ဆီမှ အင်ပါရီယာလက်နက်ကို ထိန်းချုပ်နိုင်ဖို့ ဆိုသည်မှာ တကယ့်ကို မဖြစ်နိုင်သည့် စိတ်ကူးယဉ်မှု တစ်ခုကဲ့သို့ပင်။
ဤသုံးယောက်သည် အင်ပါရီယာလက်နက်ကိုသာ အပြည့်အဝ ပြန်လည်ကိုင်ဆောင်နိုင်သည်ဆိုပါက စွမ်းအား အကုန်ကို အသုံးပြု၍ သူ့ကို တိုက်ခိုက်တော့မှာ သေချာ၏။
“သေချင်နေတာပဲ” မုန့်ရှင်းကျီက အေးစက်စက် အော်ဟစ်လိုက်သည်။
သူ လက်ကို ယမ်းခါလိုက်တော့ လေဟာနယ်ထဲတွင် များပြားလှသည့် အစီအရင်သင်္ကေတများ ဖြစ်တည်လာခဲ့တော့သည်။ ဤအရာသည် အစီအရင်တစ်ခု ဖြစ်၏။ ကွာစီအင်ပါယာတစ်ယောက်၏ အားအင်အဆင့်နှင့် သက်တောင့်သက်သာ ဖန်တီးခဲ့သည့် အစီအရင်တစ်ခုပင် ဖြစ်လို့နေခဲ့သည်။ ထိုအရာသည် တော်ဝင်သူတော်စင် သုံးယောက်ကို လွှမ်းခြုံသွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်လိုခြင်း အလင်းတန်းများသည် တဝုန်းဝုန်းနှင့် အစီအရင်ထဲ၌ တိုက်စားလျက် ရှိနေ၏။
ဝေါ့ ဝေါ့ ဝေါ့
ဇွိ ဇွိ
သွေးများ လွင့်စင်သွားခဲ့၏။ လက်ရှိအချိန်မှာတော့ တော်ဝင်သူတော်စင် သုံးယောက်လုံးသည် ဒဏ်ရာဗရပွနှင့် ဖြစ်လို့နေခဲ့၏။ ၎င်းတို့သည် အင်ပါရီယာလက်နက်ကို ပြန်လည်ရရှိရမည့်အစား ဆိုးဆိုးရွားရွား အခြေအနေသို့ပင် ရောက်ရှိသွားခဲ့သည်။
“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း… မင်းတို့ ဒီနေ့လုပ်ရပ်က ငါတို့ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ ဘိုးဘေးကြီး လင်းရှောင် ပြန်လာတာနဲ့တပြိုင်နက် ပြဿနာတက်မယ့် ကိစ္စပဲ” တော်ဝင်သူတော်စင်သည် အံကိုကြိတ်ကာ ပြောလိုက်၏။
“အတိအကျပဲ”
တခြားသော သူတော်စင်ကလည်း ဝင်ကာ ပြောဆိုလိုက်၏။ “ကျုပ်တို့ ဘိုးဘေးလင်းရှောင်ကို သတင်းပေးခဲ့ပြီးပြီ။ ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနဲ့ ပေးဆပ်ရမယ့် တန်ဖိုးကို ပြင်ဆင်ထားလိုက်တော့”
“ဟား ဟား ဟား ဟား”
မုန့်ရှင်းကျီသည် နှာခေါင်းရှုံ့လိုက်၏။ သူသည် အင်ပါရီယာလက်နက်ကို ထပ်မံကာ ဖိနှိပ်ရန် ကြိုးစားနေခဲ့၏။ ပြီးသည့်နောက် သူသည် အင်္ကျီလက်ကို ယမ်းခါပြီး ထိုအရာကို သိမ်းဆည်းလိုက်၏။ ပြီးနောက် ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။
“ရှုပ်ထွေးကြယ်ပင်လယ်ဆိုတာ သွားချင်တိုင်းသွား၊ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်လို့ရတဲ့ အရာမျိုးလို့ မင်းတို့ ထင်နေတာလား။ တော်ဝင်အင်ပါယာဆိုရင်တောင်မှ ကြောက်မက်ဖွယ်ကောင်းတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ခဲ့ ရသေးတာ။ သူ့လို ကွာစီအင်ပါယာတစ်ယောက်အနေနဲ့ အသက်ရှင်ရက် ပြန်လာဖို့ဆိုတာ မသေချာ၊ မရေရာတဲ့ ကိစ္စပဲ။ သူ့ကို ကူညီပြီးတော့ လက်စားချေဖို့ မျှော်လင့်နေသေးတာလား။ တော်တော်ဆိုးတဲ့ကောင်ပဲ”
ဤစကား ထွက်ပေါ်လာသည့်အချိန်မှာတော့ တော်ဝင်သူတော်စင်သုံးယောက်တို့၏ မျက်နှာများသည် ဖြူလျော် သွားခဲ့၏။ ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးများပင်လျှင် ဆူထွက်လာခဲ့သည်။
ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် အဘယ်ကြောင့် ဤကိစ္စကို သိရှိရသနည်း။ သူတို့ လေးယောက်သာလျှင် ဘိုးဘေးလင်းရှောင် တစ်ယောက် ရှုပ်ထွေးကြယ်ပင်လယ်ဆီသို့ သွားသည်ဆိုသည့်အကြောင်းကို သိရှိကြ၏။ တစ်စုံတစ်ယောက်သည် ထိုသတင်းအချက်အလက်ကို တခြားသူများကို ပြောဆိုခဲ့လေသည်လား။
“လင်းရှောင် ပြန်လာတဲ့အထိ စောင့်မယ်ဆိုရင်တောင် သူ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို လာနိုင်မှာ မဟုတ်ဘူး။ လာမယ်ဆိုရင်လည်း အဆင်ပြေမှာ မဟုတ်ဘူးလေ။ သူ လာပြီဆိုတာနဲ့ ငါသတ်တာကို ခံရမှာပဲ”
မုန့်ရှင်းကျီသည် ထူးမခြားနားသလို ပြောလိုက်၏။ “မင်းတို့ကတော့ အရင်ဆုံး သွားနှင့်လိုက်ကြတော့”
ဘုန်း
မုန့်ရှင်းကျီသည် သူ၏ လက်ဝါးရိုက်ချက်ကို ဖြန့်ကျက်လိုက်၏။ လေဟာနယ်တစ်ခုလုံးတွင် ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး အစီအရင်သည် ပျောက်ကွယ်သွားခဲ့၏။ တော်ဝင်သူတော်စင် သုံးယောက်တို့ သည်လည်း အစီအရင်နှင့်အတူ ပျောက်ကွယ်သွားခဲ့လေ၏။ မြေပြင်ပေါ်တွင် ကျလျက်ရှိနေသည့် တော်ဝင် သူတော်စင်အဆင့် လက်နက်သုံးခုကိုတော့ မုန့်ရှင်းကျီသည် တစ်ပါတည်း သိမ်းဆည်းလိုက်သည်။
ဤတစ်ကြိမ်မှာတော့ သူသည် ကံကောင်းခြင်းတရားကို ပိုင်ဆိုင်နေပြီဖြစ်၏။ အင်ပါရီယာအဆင့် လက်နက်တစ်ခု၊ တော်ဝင်သူတော်စင်အဆင့် လက်နက်သုံးခု၊ ရောင်စဉ်အလင်းနတ်နယ်မြေ နှစ်ပေါင်းများစွာ သိမ်းဆည်းထား ခဲ့သည့် အရင်းအမြစ်များ အားလုံးတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်တွင် သူကုန်ကျခဲ့သည့် အရာများကို ပြန်လည်ကာ ကာမိမှာ သေချာ၏။ ပိုမိုကာပင် အကျိုးကျေးဇူးများ ရရှိပေဦးမည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်က တကယ့်ကို နာမည်နဲ့ ထိုက်တန်တဲ့အရာပဲ။ သူက တော်ဝင်အင်ပါယာရဲ့ အစီအရင်ကိုတောင်မှ ချိုးဖြတ်နိုင်မယ့် နည်းလမ်းကို သိရှိတယ်လေ” မုန့်ရှင်းကျီသည် စိတ်ခံစားချက် အပြည့်နှင့် သက်ပြင်းချလိုက်မိသည်။
ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ အရင်းအမြစ်များကို ရရှိပြီးသည့်နောက် သူသည် လင်းရှောင်လာရောက်ကာ လက်စားချေမည် ဆိုလျှင်တောင် ပြန်လည်ကာ တုံ့ပြန်နိုင်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ပိုမိုအားကောင်းသည့်အခြေအနေဆီသို့ တည်ထောင်ထားနိုင်လောက်ပြီ ဖြစ်သောကြောင့်ပင်။
“ဒါမှမဟုတ် ငါ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက သတင်းအချက်အလက်တွေကို ဆက်ပြီး ဝယ်သင့်လား။ လင်းရှောင် ပြန်လာတဲ့အချိန်မှာ သူ့ကို ချောင်းပြီးတော့ တိုက်ခိုက်ဖို့ပေါ့” မုန့်ရှင်းကျီသည် တွေးတောလိုက်မိ၏။
ဤအကြံအစည် ရရှိလာပြီးသည့်နောက် သူ၏ မျက်နှာတစ်ခုလုံးသည် လင်းလက်လာခဲ့၏။ သူသည် လက်ကို အသာဆန့်တန်းပြီးသည့်နောက် နတ်ဘုရားအလင်းတန်းများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာဖြင့် အရာပစ္စည်း အားလုံးတို့သည် သူ၏ အင်္ကျီလက်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
ရောင်စဉ်အလင်းနတ်နယ်မြေမှ အရင်းအမြစ်များ အားလုံးကို ယူဆောင်ပြီးသည့်နောက်မှာတော့ သူသည် လင်းရှောင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဝယ်ယူရန် အဆင်သင့် ဖြစ်လို့နေခဲ့သည်။ သူ့အတွက် အရှုံးမရှိသော စီးပွားရေးတစ်ခုပင်။