← Chapters

အခန်း (၁၂၀)

Vol. 9 Ch. 120

အခန်း (၁၂၀)

Vol. 9 Ch. 120

ရောင်စဉ်အလင်းနတ်နယ်မြေ၏ အပြင်ဘက်တွင် ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီသည် တည်နေရာတွင် မတ်မတ်ရပ်ပြီး မျက်မှောင်ကုတ်လျက်ရှိ၏။ သူ၏မျက်လုံးများသည် ကြီးမားသည့် အစီအရင်ကြီးဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။

စောဏတုန်းက သူနှင့်တိုက်ခိုက်နေသည့် အဘွားအိုသည် ရုတ်တရက် အော်ဟစ်ရင်း ပျောက်ကွယ် သွားခဲ့၏။ သူ့အား ရှုံးနိမ့်သွားခဲ့သည်လား။ မဟုတ်သေးပေ။ သူမ၏ အားအင်အဆင့်သည် သူနှင့် နှိုင်းယှဉ်ရသည့် အရာတစ်ခု ဖြစ်၏။ ဤကဲ့သို့ လွယ်လွယ်ကူကူနှင့် ရှုံးနိမ့်ကာ သေဆုံးသွားလိမ့်မည် မဟုတ်ချေ။

ထို့အပြင် ရောင်စဉ်အလင်းနတ် နယ်မြေတွင် ရှိနေသည့် အင်ပါရီယာလက်နက်သည် ရုတ်တရက် ပျောက်ကွယ် သွားခဲ့၏။ မည်သည့်အခါကမှ မရှိခဲ့သလိုပင်။ ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက် သွားခဲ့၏။ အထဲတွင် ဘာတွေ ဖြစ်နေသည်ကို သူတိတိကျကျ သိချင်နေမိ၏။ သို့ပေမဲ့ သူ၏ အမြင်အာရုံကို အစီအရင်က ကာကွယ်ထားခဲ့သည်။

သူ တွေးတောလျက် ရှိနေတုန်းမှာပဲ ရောင်စဉ်အလင်းနတ်နယ်မြေ၏ အစီအရင်ထဲမှ အရိပ်တစ်ခု ထွက်ပေါ်လာ ခဲ့သည်။ ကျင့်ကြံခြင်း၏ အော်ရာများကို သုံးသပ်ရမည်ဆိုလျှင် အနည်းဆုံး သူတော်စင်အဆင့်တွင် ရှိနေ၏။

“ဒါက”

ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် တစ်ချက်လှမ်းကြည့်လိုက်၏။ သူ၏မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူသည် အေးစက်စက် အော်ဟစ်လိုက်၏။ “ရောင်စဉ်အလင်းနတ်အရှင်လား”

ဘုန်း

ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် ရုတ်တရက် ရောက်ရှိလာခဲ့၏။ သူသည် ရောင်စဉ်အလင်း နတ်အရှင်၏ အရှေ့ဆီသို့ ရောက်ရှိသွားသည်။

တစ်ဖက်လူသည် ခုခံချိန်မရဘဲ တစ်ခါတည်း ဖမ်းချုပ်ခြင်းကို ခံလိုက်ရ၏။

“မင်း... ကြက်သွေးရောင်မီးတောက်နတ်အရှင်ကို သတ်ခဲ့တယ်။ ပြီးတော့ ဒီလိုထွက်လာရဲတယ် ဟုတ်လား။ တကယ့်ကို သတ္တိကောင်းတဲ့လူပဲ” ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးက နှာခေါင်းရှုံ့လိုက်သည်။

“စီနီယာ... တကယ်တော့ နားလည်မှုလွဲတာပါ” ရောင်စဉ်အလင်းနတ်အရှင်က အော်ဟစ်လိုက်၏။

သူသည် ရှင်းပြရန်အတွက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။ ကြက်သွေးရောင်မီးတောက်နတ်အရှင်ကို မသတ်ဖြတ်ခဲ့ဘူးဟု ပြောဆိုမှသာလျှင် သူ၏အသက်သည် အာမခံချက်ရှိမှာဖြစ်၏။ ဤအရာသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ လှည့်ကွက်တစ်ခုသာဖြစ်ကြောင်း ပြောဆိုရှင်းလင်းရပေလိမ့်မည်။

သူ သေသေချာချာ ရှင်းပြနိုင်မည် ဆိုပါက အသက်ရှင်နိုင်လိမ့်မည်ဟု ရောင်စဉ်အလင်းနတ်အရှင်က တွေးတော ထားခဲ့၏။ ထို့အပြင် သူ၏ အနောက်ဘက်တွင် ကောင်းကင်နတ်ဆိုးနန်းတော်ကလည်း မားမားမတ်မတ် တည်ရှိနေ သေး၏။ မျှော်လင့်ချက်များကို လက်လျော့လိုက်ပြီ ဆိုလျှင်တောင်မှ လေထုထဲတွင် ရှိနေသည့် ကွာစီအင်ပါယာ တစ်ယောက်နှင့် ၎င်း၏ အင်ပါရီယာလက်နက်သည် ၎င်းကို ခြိမ်းခြောက်နိုင်သည့် ဖိအားမျိုးကို ပေးစွမ်းလျက် ရှိနေသေး၏။

သူဘာလုပ်နိုင်မည်နည်း။ ဘာမှလုပ်၍ မရချေ။ ရောင်စဉ်အလင်းနတ်နယ်မြေထဲတွင် ရှိနေသည့် လူပေါင်း များစွာတို့ ထွက်ကာ တိုက်ခိုက်မည်ဆိုပါက ကွာစီအင်ပါယာတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်နိုင်သည့် လုံလောက်သော အားအင်မျိုး မရှိချေ။

“နားလည်မှုလွဲတာ ဟုတ်လား”

ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် နှာခေါင်းရှုံ့လိုက်၏။ “မင်း... ရှန်းရှန်အကြီးအကဲ ငါးယောက်အကြောင်းကို သိလား”

“သိပါတယ်” ရောင်စဉ်အလင်းနတ်အရှင်သည် တုန်ယင်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။

“တော်ဝင်သဲကန္တာရမြို့ထဲမှာ သတ်ဖြတ်ခြင်းအစီအရင်တစ်ခုကို ဖန်တီးတာ မင်း သူတို့ကို အမိန့်ပေးခဲ့တာပေါ့” ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် ထပ်မံကာ မေးမြန်းလိုက်၏။

“ဟုတ်ပါတယ်”

ရောင်စဉ်အလင်းနတ်အရှင်သည် ခေါင်းညိတ်လိုက်၏။ ပြီးနောက် မြန်မြန်ဆန်ဆန် ထပ်ပြောလိုက်သည်။ “ကျုပ်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ကိုပဲ ပစ်မှတ်ထားခဲ့တာပါ။ ကြက်သွေးရောင် မီးတောက် နတ်အရှင်ကို ပစ်မှတ်ထားခဲ့တာ မဟုတ်ပါဘူး။ ပြီးတော့ အစီအရင်ကို ကျုပ်တစ်ယောက်တည်း ဖန်တီးခဲ့တာ မဟုတ်ဘူးလေ။ ကြက်သွေးရောင်မီးတောက်နတ်အရှင် သေဆုံးခြင်းနဲ့ပတ်သက်ပြီး ကျုပ်တကယ်ကို မသိခဲ့ပါဘူး”

“မင်း အဆုံးထိ ငါ့ကို လိမ်ညာဖို့ ကြိုးစားနေသေးတာပဲ”

ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် တင်းမာ ခက်ထန်သည့် အရှိန်အဝါများနှင့် ထပ်မံကာ ပြောဆိုလိုက်၏။ “မင်းက ကောင်းကင်နတ်ဆိုးနန်းတော်အရှင်ရဲ့ သားဆိုတာ အမှန်ပဲလား”

ဤစကားစုသည် ရောင်စဉ်အလင်းနတ်အရှင်အား တကယ်ပင် အသက်ရှုရပ်လုမတတ် ဖြစ်စေခဲ့၏။ နန်းဆောင်သခင်သည် သူမည်သူဖြစ်သည်ကို မသိရှိဟု သုံးသပ်ခဲ့မိ၏။ သို့ပေမဲ့ ကြည့်ရသည်မှာ နန်းဆောင် သခင်သည် ကြက်သွေးရောင်မီးတောက်နယ်မြေ တစ်ခုလုံးအား သူ၏အကြောင်းအရာများကို သတင်းပေးပို့ခဲ့ပုံပင်။

ခက်ခက်ခဲခဲ ပြန်လည်ကာ စဉ်းစားပြီးသည့်နောက် သူသည် လေဟာနယ်တစ်ခုလုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ အမြင်အရ များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများ တည်ရှိလို့နေခဲ့ပြီး အားလုံးသော သူများသည် နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံနေခဲ့၏။ ၎င်းတို့၏ မူလအသွင်အပြင်ကို ဖုံးကွယ်ထားသကဲ့သို့ပင်။ အားလုံး တို့သည် ပွဲကြည့်ပရိသတ်များသာ ဖြစ်၏။ အားလုံးသော သူတို့သည် ဝင်ရောက်ကာ ကူညီရန်အတွက် စိတ်ဆန္ဒ မရှိကြချေ။

ရောင်စဉ်အလင်းနတ်အရှင်အနေနှင့် ဤနေရာတွင် ကောင်းကင်နတ်ဆိုးနန်းတော်မှ အဖွဲ့ဝင်များ ရှိနေမလား ဆိုသည်ကို မသိရှိချေ။ လက်ရှိ သေချာသည်မှာတော့ ကောင်းကင်နတ်ဆိုးနန်းတော်မှ မည်သူမှသည့် သူ၏ရှေ့တွင် မတ်မတ်လာရောက် မရပ်ပေးခဲ့ကြချေ။ သူ၏ အဖေဆိုလျှင်တောင်မှပေါ့။

“ဟုတ်ပါတယ်”

ခဏလောက် ကြာပြီးသည့်နောက် ရောင်စဉ်အလင်းနတ်အရှင်သည် ခက်ခက်ခဲခဲ ပြောလိုက်၏။ ဤစကားစုတွင် ရှိသမျှ အားအင်များကို ထုတ်ဖော်ကာ ပြောဆိုလိုက်ရသကဲ့သို့ပင်။ ပြောဆိုပြီးသည့်နောက် အားအင်များ အားလုံးကို ကုန်ခမ်းသွားခဲ့သည်။

“မထင်မှတ်ဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင် ပြောဆိုသလို ရောင်စဉ်အလင်းနတ်အရှင်က ကောင်းကင်နတ်ဆိုး နန်းတော်ရဲ့သူလျှိုဖြစ်နေတာကိုး”

“ကောင်းကင်နတ်ဆိုးနန်းတော်က ဒီလိုနည်းလမ်းမျိုးကို သုံးတာကိုး။ သူတို့က ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံးကို စုံစမ်းနိုင်ခဲ့တာပဲ”

“အင်း. ဒီတစ်ကြိမ်မှာတော့ ကောင်းကင်နတ်ဆိုးနန်းတော်က ပြဿနာ တက်ပြီပဲ။ ရောင်စဉ်အလင်း နတ်နယ်မြေနဲ့ ကြက်သွေးရောင်မီးတောက်နတ်နယ်မြေ နှစ်ခုလုံးကို တပြိုင်နက်တည်း ပြဿနာရှာလိုက်သလိုပဲ။ သူတို့တွေ ဖျက်ဆီးခံရခြင်းကနေ လွတ်မြောက်ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး။ ပြီးတော့ နှစ်ဖက်လုံးဆီမှာ အင်ပါရီယာ လက်နက်တွေ ရှိတယ်လေ။ ကောင်းကင်နတ်ဆိုးနန်းတော်အနေနဲ့ ဘာမှ တက်နိုင်မှာ မဟုတ်ဘူး”

“သေချာတယ်။ မှန်တာပေါ့”

“တခြားတဖက်က ကြည့်မယ်ဆိုရင် ရောင်စဉ်အလင်းနတ်အရှင်က ဝန်ခံလိုက်ပြီလေ။ ရောင်စဉ်အလင်းနတ် နယ်မြေက ဘာလို့ မတုံ့ပြန်သေးတာလဲ”

“ဖြစ်နိုင်တာက သူတို့ ရှက်လွန်းလို့ မျက်နှာလာပြဖို့ ခက်နေတာ နေမှာပေါ့”

ရောင်စဉ်အလင်းနတ်အရှင်၏ စကားလုံးများကို အားလုံးသော သူတို့က ကြားခဲ့ရပြီးဖြစ်၏။ ကျယ်ပြောလှသော ကောင်းကင်ယံထက်တွင် ရှိနေသည့် လူအားလုံးသည် ထိုစကားကို ကြားပြီးသည့်နောက် အမူအရာများ ပြောင်းလဲသွားခဲ့၏။ လေထုထဲတွင် တီးတိုး ဆွေးနွေးသံများ ပေါ်ပေါက်လာခဲ့၏။

ရောင်စဉ်အလင်းနတ်အရှင်သည် နှစ်ပေါင်းများစွာအတွင်း လူပေါင်းများစွာတို့၏ အထင်အမြင်ကြီးခြင်းကို ခံထားရသည့် လူတစ်ယောက်ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ လမ်းညွှန်ပြသမှုကြောင့်သာ မဟုတ်ပါက အားလုံးသောသူတို့သည် သူ့ကို သူတော်ကောင်းဟု ထင်မှတ်နေပေလိမ့်မည်။

ရောင်စဉ်အလင်းနတ်အရှင်သည် သာမန်ထက်ပိုသည့် ပါရမီကို ပိုင်ဆိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ၎င်း၏ အနာဂတ်အောင်မြင်မှုသည် အကန့်အသတ် ကင်းမဲ့လွန်းလှ၏။ သူတော်စင်ဘုရင် သို့မဟုတ် တော်ဝင်သူတော်စင် အဆင့်ဆီသို့ လှမ်းတက်နိုင်မည်ဆိုပါက ရောင်စဉ်အလင်းနတ်နယ်မြေတစ်ခုလုံးကို သူ့အနေနှင့် ချုပ်ကိုင်ထားနို်ငပြီး ကောင်းကင်နတ်ဆိုးနန်းတော်ကိုပါ အများဆုံး ပံ့ပိုးနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကွာစီအင်ပါယာဖြစ်သည့် လင်းရှောင် ပြန်လာမည် ဆိုလျှင်တောင် အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။

“ဒီလိုဆိုမှတော့ လုပ်လိုက်ကြတာပေါ့”

ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် ထူးမခြားနားသလို ပြောဆို လိုက်၏။ သူသည် လက်ငါးချောင်းကို အသာဖြန့်ကျက်လိုက်တော့၏။ သူ့အနေနှင့် တစ်ချက်ကလေးမှ သနား ညှာတာမည့်ပုံ မပေါ်ပေ။ သူတော်စင်တစ်ယောက်သည် သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်စွမ်း ကျိန်းသေပေါက် လမ်းရှိလိမ့်မည် မဟုတ်ချေ။

“နေအုံး”

ရောင်စဉ်အလင်းနတ်အရှင်သည် ရုတ်တရက် အော်ဟစ်လိုက်၏။ ပြီးနောက် မြန်မြန်ဆန်ဆန် ပြောလိုက်သည်။ “စီနီယာ.. ကျုပ်ရဲ့အသက်ကို ချမ်းသာပေးပါ။ ကျုပ် လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်”

“ဪ”

ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် ခဏရပ်တန့်လိုက်၏။ ပြီးနောက် မေးမြန်းလိုက်၏။ “မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မင်းပြောတဲ့လျှို့ဝှက်ချက်ကို ကြည့်ရှုပြီး မင်းရဲ့ သေခြင်းတရားက သက်သက်သာသာ သေရမလား။ နာကျင်ကင်းမဲ့ခြင်းနဲ့ သေရမလား။ ကြမ်းကြမ်းတမ်းတမ်း သေရမလားဆိုတာ သိလာလိမ့်မယ်”

“အဲလိုလား”

ရောင်စဉ်အလင်းနတ်အရှင်သည် နာကျင်နေသည့် မျက်နှာသွင်ပြင်နှင့် ပြုံးလိုက်တော့သည်။ လက်ရှိ အခြေအနေမှာတော့ သူနားလည်သွားခဲ့ပြီဖြစ်သည်။

ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် သူ့ကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် သူသည် ရောင်စဉ်အလင်းနတ်နယ်မြေကို အသာလှမ်းကြည့် ပြီးသည့်နောက် သူ၏ မျက်လုံးထဲတွင် တင်းမာခက်ထန်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။

“သေဆုံးခြင်းကို ရှောင်လွှဲလို့ မရဘူးဆိုမှတော့ လောကကြီးတစ်ခုလုံးကို ဒီလျှို့ဝှက်ချက် ပြောပြရမှာပေါ့”

သူသည် စိတ်ဆုံးဖြတ်ချကာဖြင့် ပြောလိုက်သည်။ “လက်ရှိ ရောင်စဉ်အလင်းနတ်နယ်မြေထဲမှာ ငရဲကိုးကောင်နတ်ဆိုး ဂိုဏ်းက ကွာစီအင်ပါယာနဲ့ ယန်ရှိုတို့ ရှိတယ်”

All Chapters