← Chapters

အခန်း (၁၂၁)

Vol. 9 Ch. 121

အခန်း (၁၂၁)

Vol. 9 Ch. 121

“ဘာ”

ထိုစကားစုကို ပြော၍ မပြီးသေးခင်မှာပဲ များပြားလှသည့် ကျင့်ကြံသူများသည် ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးနားဆီသို့ ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး ခန့်မှန်းလို့မရအောင် အားကောင်းလှသည့် ကျင့်ကြံသူများ ဖြစ်ကြောင်း သက်သေပြနေကြသည်။ သူတို့ ပေါ်ပေါက်လာပြီးသည့်နောက် လေဟာနယ်တစ်ခုလုံးပင်လျှင် တွန့်လိမ်သွားခဲ့၏။

“ခုဏက ပြောလိုက်တာ အမှန်ပဲလား”

ကြာပန်းပုံစံသရဖူနှင့် အရောင်ငါးပါး တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုသည် မုတ်ဆိတ်မွေးကို ပွတ်သပ်ကာဖြင့် လေးနက်တည်ကြည်သည့် လေသံဖြင့် မေးမြန်းလိုက်၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ သတင်းအကြောင်း ကြားပြီးသည့်နောက် သူ့အနေနှင့် ငြိမ်ငြိမ်သက်သက် မနေနိုင်တော့ချေ။

“တကယ့်ကို ကျိန်းသေတာပေါ့”

ရောင်စဉ်အလင်းနတ်အရှင်သည် နှာခေါင်းရှုံ့လိုက်၏။ “ရောင်စဉ်အလင်းနတ် နယ်မြေက လက်ရှိအခြေအနေမှာ ဘာအသံမှ မထွက်ဘူး မဟုတ်လား။ ဘာလို့လဲဆိုတော့ အထဲမှာ ကွာစီ အင်ပါယာတစ်ယောက် လှုပ်ရှားနေလို့ပဲ။ ကျုပ် ထွက်ပြေးလာခဲ့တုန်းက တော်ဝင်သူတော်စင်သုံးယောက်တို့ ကွာစီ အင်ပါယာလက်ထဲမှာ တစ်ခါတည်း သေဆုံးခဲ့ကြတယ်”

“အမ်”

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ကျင့်ကြံခြင်းအဆင့်နှင့် ကျင့်ကြံသူများသည် ရုတ်တရက် အမူအရာများ လေးနက်သွားခဲ့ကြ၏။ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ တစ်ယောက်၏ မျက်လုံးထဲတွင် ရှိနေသည့် သဘောတရားကို တခြားသောတစ်ယောက်က နားလည်လိုက်မိ ကြသည်။

ရောင်စဉ်အလင်းနတ်နယ်မြေတွင် ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းထက် ပိုမိုကာ အားကောင်းလွန်းလှသည့် အကာအကွယ် အစီအရင် တည်ရှိ၏။ ရောင်စဉ်အလင်းနတ်အရှင်၏ စကားကို သူတို့သည် ကျိန်းသေပေါက် ယုံကြည်၍ မဖြစ်နိုင်ချေ။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ်နယ်မြေသည် လက်ရှိအချိန်၌ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်မှာတော့ ငြင်းပယ်၍ မရနိုင်ချေ။

နတ်နယ်မြေတစ်ခု၏ လက်ရှိအခြေအနေအရဆိုလျှင် ၎င်းတို့၏ နတ်နယ်မြေထဲသို့ သူလျှိုတစ်ယောက် ရောက်ရှိနေသည်ဟု ဝန်ခံလိုက်သည်နှင့် တပြိုင်နက် ကျိန်းသေပေါက် အုတ်အော်သောင်းနင်း ဖြစ်သွားရပေမည်။ အားလုံးသော သူတို့သည် ရှေ့ကို ထွက်လာကာဖြင့် အခြေအနေကို ဖြေရှင်းရပေလိမ့်မည်။

ဘုန်း

ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် လက်ငါးချောင်းကို ဖျစ်ညှစ်ပြီးသည့်နောက် ရောင်စဉ်အလင်း နတ်အရှင်အား တစ်ခါတည်း သတ်ဖြတ်ပစ်လိုက်သည်။

တစ်ဖက်လူသည် အသံပင် မထွက်ဘဲ သေဆုံးသွားခဲ့၏။

“အင်း.. သူပြောခဲ့တဲ့ စကားတွေကို ခင်ဗျားတို့ ယုံလား” ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် ထူးမခြား သလို မေးမြန်းလိုက်သည်။

“အင်း... ဆယ်ရာခိုင်နှုန်းလောက်တော့ ယုံတယ်”

အရောင်ငါးပါး တာအိုဝတ်စုံနှင့် အဘိုးအိုသည် လေထဲတွင် လွင့်မျောလျက် ရှိနေသည့် သွေးချီများကို အသာယမ်းခါကာဖြင့် စဉ်းစဉ်းစားစား ပြန်လည်ပြောဆိုလိုက်၏။

ရောင်စဉ်အလင်းနတ်နယ်မြေ၌ အလွန်အားကောင်းသော အကာအကွယ်အစီအရင်တစ်ခု တည်ရှိနေ၏။ ကွာစီအင်ပါယာတစ်ယောက်ကို မဆိုနှင့် တော်ဝင်အင်ပါယာတစ်ယောက် အထဲသို့ ချိုးဖြတ်ဝင်ရောက်သည် ဆိုလျှင်တောင်မှ လွယ်ကူလိမ့်မည် မဟုတ်ချေ။

“အင်း.. စောင့်ပြီး ကြည့်ကြတာပေါ့” ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် သေသေချာချာ စဉ်းစားကာဖြင့် ပြောဆိုလိုက်သည်။

ရောင်စဉ်အလင်းနတ်နယ်မြေ အနေနှင့် ငရဲကိုးကောင်ဂိုဏ်းမှ ကွာစီအင်ပါယာ၏ ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံနေရသည်ဆိုလျှင် အခြေအနေသည် မကောင်းလှချေ။ တစ်ဖက်လူသည် သူနှင့်တိုက်ခိုက်နေသူ၏ အင်ပါရီယာ လက်နက်ကို သိမ်းဆည်းသွားခြင်း ဖြစ်ပုံပေါ်၏။ ငြိမ်ငြိမ်သက်သက်ဖြင့် ကြည့်ရှုနေ၍တော့ မဖြစ်ချေ။

ရောင်စဉ်အလင်းနတ်နယ်မြေ အတွင်းမှာတော့ မုန့်ရှင်းကျီသည် အထက်အောက် ရှိရှိသမျှ အရာအားလုံးကို သိမ်းဆည်းလျက် ရှိနေ၏။ သူ၏ ခန္ဓာကိုယ်မှ နတ်ဆိုးအလင်းတန်းများ ထွန်းတောက်လျက် ရှိနေ၏။ သူသည် အပြင်ဘက်ဆီသို့ လှမ်းမျှော်ကြည့်ရှုကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။

“ရောင်စဉ်အလင်းနတ်နယ်မြေက ဒါလား။ အင်း.. နတ်ဆိုးလမ်းစဉ်ကို လှမ်းလျှောက်တဲ့ လူတစ်ယောက်က ဒါတွေအကုန်လုံးကို အပိုင်သိမ်းလိုက်မယ်။ ဟားဟား .... အပြင်ဘက်လူတွေ ဒါကို မသိကြဘူး”

“အင်း.. ဆိုးယုတ်လိုက်တဲ့လူ” သက်လတ်ပိုင်း လူတစ်ယောက်သည် လှမ်းကာ အော်ဟစ်လိုက်၏။ ယနေ့ အချိန်မှာတော့ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံခဲ့သည့် ကွာစီအင်ပါယာတစ်ယောက်သည် သူတို့၏ အိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်သာမက နတ်နယ်မြေထဲတွင် ရှိနေသည့် အရာအားလုံးကိုလည်း သိမ်းဆည်းနေလေသည်။

ထို့အပြင် နတ်နယ်မြေတွင် သူလျှိုတစ်ယောက် ရှိနေသည်ဆိုသည့် အချက်သည် အားလုံးသောသူတို့ရှေ့တွင် ပေါ်ပေါက်သွားခဲ့ပြီဖြစ်၏။ နှစ်သန်းချီ ဖန်တီးတည်ဆောက်ခဲ့ရသည့် ဂုဏ်သိက္ခာတရားသည် လက်ရှိအခြေအနေ မှာတော့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သူသည်သာ ဖိနှိပ်ခံထားရသည် မဟုတ်ပါက ချက်ချင်းဆိုသလိုပဲ ရောင်စဉ်အလင်း နတ်အရှင်ဆီ သွားရောက်ကာဖြင့် တိုက်ခိုက်သတ်ဖြတ်မိမှာ သေချာ၏။

“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်နတ်ဆိုးနန်းတော်... ရောင်စဉ်အလင်းနတ်နယ်မြေက ဒီနေ့ အရှက်ခွဲခံရမှုအတွက် အနာဂတ်မှာ အဆတစ်ရာကျော် ပြန်ပြီး ပေးဆပ်ရမယ်ဆိုတာ မှတ်ထားလိုက်” အိုမင်း ရင့်ရော်လျက် ရှိနေသည့် သူတော်စင်ဘုရင် တစ်ယောက်သည် ဒေါသတကြီးဖြင့် အော်ဟစ်ကြွေးကြော်လိုက်သည်။

“ခင်ဗျားဆီမှာ အခွင့်အရေး မရှိတော့ဘူး” မုန့်ရှင်းကျီသည် တည်ငြိမ်လျက် ရှိနေတုန်းပင်။ သူသည် လက်ချောင်း များကို အသာဖြန့်ပြီးသည့်နောက် အမဲရောင်လက်ကြီးတစ်ဖက်သည် ကောင်းကင်ယံဆီမှ ကျဆင်းလာခဲ့၏။ ထိုအဘိုးအိုအား တစ်ခါတည်း ဖိနှိပ်ကာ သတ်ဖြတ်လိုက်တော့၏။ အဘိုးအိုသည် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလေးတောင်မှ ကြွင်းကျန်ခြင်း မရှိဘဲ ပျောက်ကွယ်သွားရလေ၏။

တစ်ချိန်တည်းမှာပဲ မုန့်ရှင်းကျီက တွေးတောလိုက်မိသည်။ ရောင်စဉ်အလင်းနတ်အရှင်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကိုတောင် ရန်ပြုရဲနေသည်ဆိုမှတော့ ရောင်စဉ်အလင်းနတ်နယ်မြေ၏ ကံကြမ္မာသည် အစောကြီး ကတည်းက ကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။

ကြက်သွေးရောင်မီးတောက်နတ်နယ်မြေသည် အစပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အရာဖြစ်၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေနှင့် ဝင်ရောက်ရှင်းလင်းခြင်း မရှိဘူးဆိုလျှင်တောင်မှ တခြားသော ဂိုဏ်းဂဏ အသီးသီးတို့သည် ဝင်ရောက်ကာ ရှင်းလင်းကြမှာ သေချာ၏။

ဤကဲ့သို့ ကောင်းမွန်လှသည့် အခွင့်အရေးကို တခြားသူများကို မပေးအပ်သင့်ပေ။ သူသာ အကျိုးကျေးဇူးရအောင် ဖန်တီးပြုလုပ်ရပေမည်။

“ဘိုးဘေးကြီး”

ထိုအချိန်မှာတော့ ယန်ရှိုသည် ပျံသန်းရောက်ရှိလာပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်၏။ “ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အင်ပါရီယာကျမ်းစာကို ကျုပ် ရှာမတွေ့ခဲ့ဘူး”

“ဟမ်” မုန့်ရှင်းကျီသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် သဘောမတွေ့သလို ဖြစ်သွားမိ၏။ နတ်ဘုရား အာရုံများကို ပြန်လည်ဖြန့်ကျက်ကာ ရောင်စဉ်အလင်းနတ်နယ်မြေတစ်ခုလုံး ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရောင်စဉ်အလင်း အင်ပါရီယာကျမ်းစာ၏ အရိပ်အယောင်ကို မတွေ့ရှိရပေ။

“ထူးဆန်းလိုက်တာ”

သူသည် တီးတိုးရေရွတ်လိုက်မိ၏။ ပြီးသည့်နောက် အရှေ့တွင်ရှိနေသည့် သူတော်စင်ကို လှမ်းဆွဲပြီးသည့်နောက် ခပ်တင်းတင်း မေးမြန်းလိုက်၏။ “အင်ပါရီယာကျမ်းစာ ဘယ်ရောက်သွားလဲ”

“ကျုပ်ကို မသတ်ပါနဲ့။ အင်ပါရီယာကျမ်းစာ ဘယ်မှာရှိလဲဆိုတာ ကျုပ်မသိပါဘူး”

ထိုသူတော်စင်သည် တောင်းပန်လိုက်၏။ သူသည် ကွာစီအင်ပါယာတစ်ယောက်၏ အော်ရာများကို အစစ်အမှန်ပင် ကြောက်လန့်လျက် ရှိနေသည်။

“ဒါဆိုရင်”

မုန့်ရှင်းကျီသည် တည်ငြိမ်လျက် ရှိနေတုန်းပင်။ သူ၏မျက်စိဟောက်ပက်ကြီးသည် အမဲရောင် တွင်းနက်ကြီးနှစ်ခုကဲ့သို့ပင် ချာချာလည်လျက် ရှိနေ၏။ သူ၏ နတ်ဘုရားအာရုံများသည် တစ်ဖက်လူ၏ စိတ်ထဲသို့ တိုးဝင်ကာဖြင့် ကြည့်ရှုလျက် ရှိနေသည်။ မှတ်ဉာဏ်အားလုံးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ မုန့်ရှင်းကျီ၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။

“ရောင်စဉ်အလင်းအင်ပါရီယာ ကျမ်းစာက တော်ဝင်သူတော်စင်လေးယောက် ထိန်းသိမ်းထားတာပဲ။ အခု လေးယောက်လုံး သေဆုံးသွားခဲ့ပြီဆိုတော့ ကျမ်းစာဘယ်မှာရှိလဲဆိုတာကို သိတဲ့လူက လင်းရှောင်ပဲ ကျန်တော့ တာပေါ့။ ဒီလိုမှန်းသိရင် နန်းဆောင်သခင်ဆီကနေ သတင်းအချက်အလက်တွေ အများကြီး ငါ ဝယ်ယူခဲ့ပါတယ်”

မုန့်ရှင်းကျီသည် မသက်မသာဖြင့် သက်ပြင်းချလိုက်မိ၏။ ဤအတောအတွင်း သူသည် ဤကဲ့သို့ ဖြစ်မည်ဟု သူမထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ အင်ပါရီယာကျမ်းစာ ဆိုသည်မှာ အဘယ်သို့ လွယ်လွယ်ရရှိနိုင်မည်နည်း။ ရောင်စဉ်အလင်းနတ်နယ်မြေကဲ့သို့သော နေရာတွင်ပင်လျှင် အလုံခြုံဆုံးသောနေရာ၌ သိမ်းဆည်းထားမှာ သေချာသည်။

“ဒါပေမဲ့”

သူသည် တွေးတောလိုက်၏။ “ဒီလိုဆိုရင်တောင်မှ အခုလာရတဲ့ ခရီးက အလကား မဖြစ်ပါဘူး”

မုန့်ရှင်းကျီ သည် ပြင်ပလောကဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ များပြားလှသည့် တော်ဝင်သူတော်စင်များ တည်ရှိနေသည်ကို မြင်လိုက်ရ၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မဲမှောင်သွား၏။ သူသည် ယန်ရှိုကို အသာလှမ်းဆွဲကာဖြင့် ထွက်ခွာရန် ပြင်လိုက်သည်။

“ဘိုးဘေးကြီး… သွားတော့မှာလား။ ဒီထဲမှာ ယူစရာပစ္စည်းတွေ အများကြီး ရှိသေးတယ်‌လေ” ယန်ရှိုသည် လှမ်းကာ ပြောဆိုလိုက်၏။

“အခုအချိန်မှာ မသွားဘူးဆိုရင် နောက်ကျသွားလိမ့်မယ်” မုန့်ရှင်းကျီသည် လေးလေးနက်နက် ပြောလိုက်သည်။

အပြင်ဘက်မှာရှိနေသည့် လူများသည် အရူးများ မဟုတ်ကြချေ။ ရောင်စဉ်အလင်းနတ်နယ်မြေအနေနှင့် အချိန် အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေသည်ကို သတိပြုမိသည်ဆိုပါက အထဲတွင် ဘာဖြစ်သွားသည်ဆိုသည်ကို ကျိန်းသေပေါက် သိရှိနိုင်ပေလိမ့်မည်။ အချိန်ရောက်လာသည်ဆိုပါက မည်သူက စတင်ကာ လှုပ်ရှားမည်ဆိုသည်မှာ မသေချာတော့ချေ။

အစီအရင်ထဲသို့ လှမ်းမဝင်ခင်မှာဘဲ မုန့်ရှင်းကျီ၏ ခြေလှမ်းများသည် ရပ်တန့်သွားခဲ့၏။ ရောင်စဉ်အလင်းနတ်အရှင် ယခင်က ပြုလုပ်ခဲ့သည့် အကြောင်းအရာများကို စဉ်းစားပြီးသည့်နောက် သူသည် နှာခေါင်းကို ရှုံ့ကာဖြင့် လက်ကို မြှောက်လိုက်၏။ ရေတွက်လို့မရအောင် များပြားလှသည့် အဆုံးမဲ့နတ်ဆိုးအလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး ကြမ်းတမ်းလွန်းလှသည့် နဂါးကြီးများသည် ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့၏။

နတ်ဆိုးစွမ်းအင်များသည် အရာအားလုံးကို ထွင်းဖောက်ပြီးသည့်နောက် ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံးကို ဖိနှိပ်ကာ ဖျက်ဆီးလေတော့၏။ တော်တော်များများ မတုန့်ပြန်နိုင်ခင်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများသည် အရိုး၊ အသွေးထဲထိ စိမ့်ဝင်ကာဖြင့် အားလုံးသော သူတို့ကို သတ်ဖြတ်ကုန်၏။ ရောင်စဉ်အလင်း နတ်နယ်မြေတစ်ခုလုံးသည် လက်ရှိအခြေအနေမှာတော့ အမှောင်ဖုံးလျက် ရှိနေလေသည်။

All Chapters