အခန်း (၁၂၂)
Vol. 9 Ch. 122
နာရီအနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ရောင်စဉ်အလင်းနတ်နယ်မြေ၏ အထက်တွင် များပြားလှသည့် သူတော်စင်ဘုရင်များသည် ဘေးချင်းကပ်ကာ ရပ်လျက် ရှိနေကြ၏။
၎င်းတို့အားလုံးသည် မျက်မှောင်ကုတ်လျက် ရှိ၏။ တစ်စုံတစ်ခု ဆိုးရွားသည့်အရာများ ဖြစ်သွားခဲ့သည်ဖြစ်ကြောင်းကို နားလည်သွားမိကြသည်။
အောက်တွင်ရှိနေသည့် ရောင်စဉ်အလင်းနတ်နယ်မြေသည် ပုံမှန်ထက် ထူးခြားစွာဖြင့် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေလေ၏။ သင်္ချိုင်းကုန်းကြီး တစ်ခုကဲ့သို့ပင်။ ရောင်စဉ်အလင်းနတ်အရှင် တစ်ယောက်တည်းသာလျှင် ထွက်ပေါ် လာခဲ့၏။ ထိုသူမှလွဲလျှင် မည်သူမှ ထွက်မလာခဲ့ကြချေ။ ရောင်စဉ်အလင်းနတ်နယ်မြေတစ်ခုလုံးသည် ဖျက်ဆီးခံလိုက်ရပြီလား။
ဤအရာသည် အနည်းငယ် မယုံကြည် နိုင်ဖွယ်ရာပင်။ နတ်နယ်မြေတစ်ခု သုတ်သင်ရှင်းလင်းခံရခြင်း ဆိုသည်မှာ နှစ်ပေါင်းများစွာ အတွင်း တစ်ခါမှ မရှိခဲ့ဖူးချေ။ လက်ရှိ အခြေအနေမှာတော့ ထိပ်ဆုံးအဆင့် နတ်နယ်မြေတစ်ခုသည် ရုတ်တရက် ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
ပိုမို၍ အံ့အားသင့်ရသည်မှာ ရောင်စဉ်အလင်းနတ်နယ်မြေ၏ ကွာစီအင်ပါယာသည် တစ်ချက်ကလေးမှ ထွက်ပေါ် မလာခဲ့ချ။
ထိုသူ ဤတည်နေရာတွင် မရှိသည်မှလွဲ၍ တခြားမဖြစ်နိုင်ချေ။ ထို့အပြင် ရှိသည်ဆိုလျှင်လည်း ကွာစီအင်ပါယာနှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေမှာ သေချာ၏။ ထိုသို့ တိုက်ခိုက်နေမည်ဆိုလျှင် သူတို့အားလုံးသည် ဤတည်နေရာ၌ မတ်မတ်ရပ်ကာ ကြည့်ရှုနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
“ရောင်စဉ်အလင်းနတ်နယ်မြေက ဖျက်ဆီးခံလိုက်ရပြီလား” အရောင်ငါးမျိုး တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုသည် တီးတိုးရေရွတ်လိုက်၏။
“ဖြစ်နိုင်တယ်”
ဘေးတစ်ဖက်တွင် ရှိနေသည့် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်သည် လေးနက် တည်ကြည်စွာဖြင့် ပြောလိုက်၏။ သူမက ပြောလိုက်သည်။ “ရောင်စဉ်အလင်းနတ်အရှင်က ကျွန်မတို့ကို လိမ်ညာခဲ့တာ မဟုတ်ဘူးပဲ။ လက်ရှိ ရောင်စဉ်အလင်းနတ်နယ်မြေက မရှိတော့ဘူး”
“ဒါဆိုရင် လင်းရှောင်ကကော။ ရောင်စဉ်အလင်းနတ်နယ်မြေဆီမှာ ကွာစီအင်ပါယာ လင်းရှောင်ရှိတယ် မဟုတ်လား” တစ်စုံတစ်ယောက်သည် မျက်မှောင်ကုတ်ကာဖြင့် မေးမြန်းလိုက်၏။
“မရှိလို့ပေါ့”
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးက ခွန်းတုံ့ပြန်လိုက်၏။ “အင်ပါယာအဆင့်ကို ခြေတစ်လှမ်းသာ လိုတော့တဲ့ ကွာစီအင်ပါယာ တစ်ယောက်အနေနဲ့ ရောင်စဉ်အလင်းနတ်နယ်မြေထဲမှာ ရှိတယ် ဆိုရင် ကျိန်းသေပေါက် ထွက်ပြီးတော့ တိုက်ခိုက်ရမှာပေါ့”
အားလုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေကြ၏။ ရောက်ရှိလာသည့် လူများအားလုံးသည် နယ်မြေအသီးသီးဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်၏။ သို့ပေမဲ့ ကွာစီအင်ပါယာ တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် ဆိုသည်မှာတော့ လုံးဝဖြစ်နိုင်သည့် အရာမျိုး မဟုတ်ခဲ့ချေ။
တွေးကြည့်ပြီးသည့်နောက် အားလုံးသော သူတို့သည် ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီး၏ ဘေးတစ်ဖက်တွင် ရှိနေသည့် အင်ပါရီယာလက်နက်ကို လှမ်းကြည့် လိုက်သည်။
“ဒီတော့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ကွာစီအင်ပါယာက အစောကြီးကတည်းက ထွက်ခွာသွားတာလား” ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်၏။
“ဖြစ်နိုင်တယ်” အမျိုးသမီးသည် ခေါင်းကို ညိတ်လိုက်သည်။
ထိုအချိန်မှာတော့ လေထုတစ်ခုလုံးသည် လေးနက်တည်ကြည်သွားခဲ့တော့၏။ လူတော်တော်များများသည် ထွက်ခွာရမည်လား စဉ်းစားလျက် ရှိနေတုန်းမှာပဲ ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ မဲနက်လျက် ရှိနေသည့် နတ်ဆိုးစွမ်းအင်များ ပေါ်ပေါက်လာ၏။
“မကောင်းတော့ဘူး” ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီး၏ မျက်နှာသည် ပြောင်းလဲသွားခဲ့တော့၏။ သူသည် ချက်ချင်းပဲ သူ၏လက်နက်ကို လှမ်းကာ ဆုပ်ကိုင်လိုက်၏။ သူ၏လက်ဝါးတွင် စွမ်းအင်လုံးကြီး ဖြစ်တည်လာခဲ့၏။ တစ်ဖက်၏ အားအင်သည် အားနည်းလှသည်ဆိုသော်လည်း ကွာစီအင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒများ ပါဝင်လျက် ရှိနေ၏။ အင်ပါယာအဆင့် အစီအရင်ဆီမှ စိမ့်ထွက်လာခဲ့သည် ဆိုလျှင်တောင်မှ ထိုအရာသည် အားကောင်းလွန်းလှချေသည်။
ရောင်စဉ်အလင်းနတ်နယ်မြေထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို စိတ်ကူးယဉ်တွေးတောကြည့်ရန်ပင် ခက်ခဲလွန်းသွားခဲ့၏။ လက်ရှိအခြေအနေမှာတော့ ရှိရှိနေသမျှသော လူအားလုံးတို့သည် ကြက်သွေးရောင်ဘိုးဘေး ကြီး၏ လက်ထဲတွင် ရှိနေသည့် နတ်ဆိုးအော်ရာကို လှမ်းကာကြည့်ရှုလိုက်၏။
တိတ်ဆိတ်ငြိမ်သက်ကာ စဉ်းစားပြီးသည့်နောက် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုသည် သက်ပြင်းချကာ ပြောလိုက်သည်။
“မမှားနိုင်တော့ဘူး။ ဒါက ငရဲကိုးကောင် နတ်ဆိုးဖိနှိပ်ခြင်း ကျမ်းစာရဲ့ အော်ရာတွေပဲလေ။ ကျုပ်ခန့်မှန်းတာ မှန်တယ်ဆိုရင် မုန့်ရှင်းကျီ အသက်ရှင်နေသေးတယ်”
ငရဲကိုးကောင်ဂိုဏ်း စတင်တည်ထောင်စဉ်ကတည်းက ကွာစီအင်ပါယာ ဖြစ်လာသူများသည် ဂိုဏ်းကို စတင် ထည်ထောင်ခဲ့သူနှင့် မုန့်ရှင်းကျီတို့ပင် ဖြစ်သည်။ ထိုအရာသည် နတ်နယ်မြေများတွင် မှတ်တမ်းအဖြစ် တည်ရှိ နေ၏။
“မုန့်ရှင်းကျီ ဆိုတာ နှစ်နှစ်သန်းလောက် အသက်ရှင်နေထိုင်ခဲ့တဲ့ လူတစ်ယောက် မဟုတ်လား” တစ်စုံတစ်ယောက် က တီးတိုးရေရွတ်လိုက်သည်။
ဤအရာသည် တကယ့်ကို ရှည်လျားလွန်းလှသည့် အချိန်ကာလ အတိုင်းအတာတစ်ခုပင်ဖြစ်၏။ အင်ပါယာ တစ်ယောက်ပင်လျှင် ဤမျှ အသက်ရှင်မနေထိုင်ခဲ့ပေ။ အဘယ်ကြောင့် ကွာစီအင်ပါယာတစ်ယောက်က ဤမျှ အသက်ရှင် နေထိုင်နေရသနည်း။ ပြောရမည်ဆိုလျှင် သူသည် အစောကြီးကတည်းက သေဆုံးသွားသင့်၏။
“ဖြစ်နိုင်တာ သူ့ဆီမှ အသက်မသေစေနိုင်တဲ့ အထူးနည်းလမ်းတစ်ခုခု ရှိတာပဲဖြစ်မယ်” ကြက်သွေးရောင်မီးတောက် ဘိုးဘေးကြီးသည် အခြေအနေကို သုံးသပ်ကာ ပြောဆိုလိုက်သည်။
ဤအော်ရာများ ထွက်ပေါ်လာခဲ့ခြင်းသည် ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံး ကံဆိုးမိုးမှောင် ကျသွားခဲ့ပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်လေ၏။ မုန့်ရှင်းကျီသည် အထဲတွင် ရှိနေသည့် လူများအားလုံးကို သုတ်သင်ရှင်းလင်းပြီး ဖြစ်ပုံပေါ်၏။
ကွာစီအင်ပါယာ လင်းရှောင်မှာတော့ ထွက်ပေါ်မလာခဲ့ချေ။ ထို့ကြောင့် ဤတည်နေရာတွင် မရှိသည်ဆိုသည်မှာ သေချာသွားခဲ့၏။ ပြန်ရောက်ပြီဆိုလျှင် ထိုသူသည် ကွာစီအင်ပါယာမှတဆင့် အင်ပါယာ တစ်ယောက်အဖြစ် ဖြစ်လာနိုင်စွမ်းရှိနေလေ၏။ သို့ပေမဲ့ သေချာသည်မှာတော့ လင်းရှောင်အနေနှင့် ရောင်စဉ် အလင်းနတ်နယ်မြေကြီး တစ်ခုလုံး ဖျက်ဆီးခံရခြင်းအတွက် လွယ်လွယ်ကူကူဖြင့် လက်လျော့ပေးလိမ့်မည် မဟုတ်ချေ။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ထိပ်တန်းနေရာမှ ဝင်ရောက်ကာ တိုက်ခိုက်ခဲ့၏။ နောက်တွင် ကြက်သွေးရောင် မီးတောက်နတ်နယ်မြေကလည်း ပါဝင်လျက်ရှိ၏။ ထို့အပြင် အားလုံးတို့သည် အင်ပါရီယာလက်နက်များကို ကိုင်ဆွဲကာ တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်၏။
ထို့အတူ အားလုံးသော အခြေအနေထဲတွင် ကောင်းကင်နတ်ဆိုး နန်းတော်သည်လည်း မလွတ်မြောက်နိုင်ချေ။ ထိုအဖွဲ့အစည်းကလည်း ပါဝင်ပတ်သက်လျက် ရှိနေသည်။ အကြောင်းအရာအားလုံးတို့၏ အစသည် ရောင်စဉ် အလင်းနတ်နယ်မြေဆီသို့ ကောင်းကင်နတ်ဆိုးနန်းတော်ဆီမှ သူလျှိုတစ်ယောက်ကို စေလွှတ်ခြင်းနှင့် စတင်ခဲ့ခြင်း မဟုတ်ပါလား။
“ကောင်းကင်နတ်ဆိုးနန်းတော်က တစ်ယောက်ယောက် မပေါ်လာဘူးလား” တော်ဝင်သူတော်စင် တစ်ယောက်က ဟာသလုပ်လိုက်၏။
လက်ရှိ ဤကဲ့သို့သော အခြေအနေတွင် ကောင်းကင်နတ်ဆိုးနန်းတော် တစ်ခုလုံးသည် အစကနေ အဆုံးအထိ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေလေ၏။ မည်သူမှသည် ရှေ့ထွက်မလာခဲ့ချေ။ ရောင်စဉ်အလင်းနတ်အရှင် သေဆုံးခဲ့သည်ဆိုလျှင်တောင်မှ ၎င်းတို့သည် တစ်ချက်ကလေးမှ ပြောဆိုဝေဖန်မှုကို မပြုလုပ်ရဲကြချေ။ အရာအားလုံးသည် သူတို့နှင့် မသက်ဆိုင်သကဲ့သိုပင်။
“သူတို့က တောင်ရဲ့ဂိတ်တံခါးကို ပိတ်ထားပြီး ကုချင်း တီးနေလောက်ပြီနဲ့တူတယ်” တစ်စုံတစ်ယောက်သည် မှတ်ချက်ပြုလိုက်၏။
“ဟမ့်” တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုသည် နာနာကျင်ကျင်နှင့် ပြုံးလိုက်၏။ သူသည် ရောင်စဉ်အလင်းနတ်နယ်မြေကို လှမ်းမျှော်ကြည့်ရှုလိုက်၏။ မျက်လုံးထဲတွင်တော့ စိတ်ရှုပ်ထွေးသည့် အမူအရာများ ဖြစ်တည်လျက် ရှိနေသည်။ “အင်း… လူသားမျိုးနွယ်ကို တိုက်ခိုက်မယ့် မုန်တိုင်းကြီးကတော့ စလာပြီပဲ”
ဤမုန်တိုင်းကြီးသည် အဆုံးမဲ့ မကြီးထွားသေးခင်မှာပဲ အဓိက ဂိုဏ်းကြီးလေးခု ပါဝင်ပတ်သက်နေပြီဖြစ်၏။ ကြက်သွေးရောင်မီးတောက်နတ်ဂိုဏ်း၊ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၊ ကောင်းကင်နတ်ဆိုးနန်းတော်နှင့် ရောင်စဉ် အလင်းနတ်နယ်မြေတို့ပင် ဖြစ်၏။ မထင်မှတ်ထားစွာဘဲ ရောင်စဉ်အလင်းနတ်နယ်မြေသည် ပထမဆုံး သုတ်သင် ရှင်းလင်းခြင်းကို ခံလိုက်ရပြီဖြစ်၏။ နောက်ထပ် မည်သည့်အဖွဲ့အစည်း ဖြစ်လာမည်ဆိုသည်ကို မည်သူကမှ မသိရှိနိုင်ချေ။