အခန်း (၁၂၄)
Vol. 9 Ch. 124
အင်ပါရီယာ ရီကလန်၏ နယ်စပ် ၊ မိုင်တစ်သောင်း သဲဝါဒေသ …..
တည်နေရာ တစ်ခုရှိ ပုံရိပ်ယောင်အစီအရင်အတွင်းမှာတော့ ဖန်းနီရှန် သည် ငြိမ်ငြိမ်သက်သက်နှင့် တန်ခိုးကျင့်လျက် ရှိ၏။ သူမ၏ ဆံနွယ်များသည် ရေတံခွန်ကဲ့သို့ အနောက်ဖက်တွင် ကျလျက် ရှိနေပြီး နတ်မိမယ် တစ်ပါးကဲ့သို့ပင် လှပစေ၏။ ခဏလောက် ကြာပြီးသည့်နောက် သူမသည် မျက်လုံးကို ဖွင့်ပြီး အသာ မေးမြန်းလိုက်၏။ "ဆရာ …. အပြင်ကလူတွေ ထွက်သွားကြပြီလား။ "
သူမအနေဖြင့် ဤတည်နေရာတွင် တစ်လခန့် ကျင့်ကြံနေခဲ့ရသည်။ ဤအတောအတွင်း လူပေါင်းများစွာတို့သည် သူမ၏ ခေါင်းပေါ်မှ ပျံသန်းသွားခဲ့ကြ၏။ ထိုထဲတွင် သူတော်စင်များပင် ပါဝင်လျက် ရှိ၏။ တချို့သော သူများသည် သူမကို ဂိုဏ်းသားအဖြစ် ခေါ်ယူရန် ကြိုးစားချင်နေကြောင်းကို သူမက ကောင်းကောင်းနားလည်၏။ သို့ပေမဲ့ သူမကို ဖမ်းဆီးပြီး ရောင်စဉ်အလင်းနတ်နယ်မြေဆီ ပေးပို့ချင်သည့် လူများလည်း တည်ရှိနေသေးသည်။
သူမ၏ လက်ရှိ အားအင်အဆင့်သည် အားမနည်းလှသော်လည်း သူမ၏ အသက်မှာတော့ ငယ်လွန်းလှချေ၏။ အသက်ကြီးပိုင်း အတွေ့အကြုံရင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရပါက သူမအနေဖြင့် တစ်ယောက် နှစ်ယောက်ကိုသာ ရင်ဆိုင်နိုင်စွမ်း ရှိ၏။ လူပေါင်းများစွာကို တိုက်ခိုက်ရန်မှာ သူ့အတွက် ကြီးမားသည့် စိန်ခေါ်မှုပင် ဖြစ်၏။
နတ်အရှင်တစ်ယောက်သာ ရောက်လာပါက သူမအနေဖြင့် အားနည်းလှသည့် နတ်အရှင်ဖြစ်လျှင်တောင်မှ မတ်မတ်ရပ်နိုင်ရန် အခွင့်အရေး မရှိချေ။
"ထွက်မရသေးဘူး"
အသံတစ်ခုသည် လက်စွပ်ထဲမှ ထွက်ပေါ်လာခဲ့၏။ အဘွားအိုသည် ဝိညာဉ် အခြေအနေဖြင့် တည်ရှိနေသေး၏။ သူတော်စင်အဆင့်၏ တိုက်ခိုက်ခြင်းကို ခံရပြီးသည့်နောက် သူမအနေဖြင့် နောက်တစ်ချက် ခုခံရန် အားအင်ပင် မကျန်တော့ချေ။
"ရောင်စဉ်အလင်းနတ်နယ်မြေက အရမ်းကို လွန်လွန်းတယ်" ဖန်းနီရှန််သည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ သူမ၏ ဖီးနစ်ကဲ့သို့ လှပသည့်မျက်လုံးများထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြည့်နှက်လျက် ရှိ၏။
ရှင်းလင်းစွာပင် တစ်ဖက်လူသည် ရိုးရိုး သိုင်းပညာယှဉ်ပြိုင် တိုက်ခိုက်မှုတွင် နတ်အဆင့် လက်နက်ကိုပါ ထုတ်ဖော်၍ တိုက်ခိုက်ခဲ့သေး၏။ တိုက်ပွဲကို ရှုံးနိမ့်လျှင် ရှုံးနိမ့်ကြောင်း ဝန်ခံရပေမည်။ သို့ပေမဲ့ အဘယ့်ကြောင့် သူမကို သတ်ဖြတ်ရန် ကြိုးစားရသနည်း။
သူမအနေဖြင့် အမှတ်မထင်ဆိုသလို ခုခံကာကွယ်ရင်း တစ်ဖက်လူကို သတ်ဖြတ်မိခဲ့၏။ ထိုအရာအတွက် သူမအား အပြစ်တင်ရမည်လား။ နတ်အဆင့် လက်နက်များ ဆိုသည်မှာ လူငယ်မျိုးဆက်များထဲတွင် အားကောင်းလွန်းသော လက်နက်အဖြစ် သုံးသပ်၍ရ၏။ ထိုအရာများကို ထုတ်ဖော် အသုံးပြုသည့် နေရာတွင် ကျွမ်းကျင်ဖို့ ဆိုသည်မှာ အိမ်မက်မက်သကဲ့သို့ပင် ခက်ခဲလွန်းလှချေသည်။
"ရောင်စဉ်အလင်းနတ်နယ်မြေက နတ်သားတော်တစ်ယောက် ဖြစ်လာဖို့ တကယ်ကို ကြိုးကြိုးစားစားနဲ့ ပျိုးထောင်ခဲ့တာလေ။ ဒီတော့ သူတို့ရဲ့ ဒေါသက ကြီးမားလိမ့်မယ်။ နှစ်ဝက်အတွင်းမှာ ဒီလူတွေ အားလုံး စိတ်ပြောင်းသွားလိမ့်မယ်။ ပြီးရင် ပုံမှန်အတိုင်း ဖြစ်သွားမှာပါ။"
အဘွားအိုက ဆက်ပြောလိုက်၏။ “သူတို့ ငါတို့ကို မရှာနိုင်ဘူးဆိုရင် အင်ပါရီယာရီကလန်ရဲ့ နယ်မြေက ထွက်သွားပြီလို့ ထင်ကြမှာပဲ"
"နှစ်ဝက်"
ဖန်းနီရှန််၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွား၏။ နှစ်ဝက်ဆိုသည္မှာ သူမအတွက် များပြားလွန်းလှ၏။ ဤအတောအတွင်း မည်မျှ များပြားသည့် ပါရမီရှင်များ သူမကို ကျော်ဖြတ်သွားမည်နည်းကို မသိရှိနိုင်ချေ။ ပါရမီရှင်စာရင်းတွင် တစ်စုံတစ်ယောက် ကျော်ဖြတ်သွားသည်နှင့် လိုက်မီရန်မှာ ခက်ခဲပေလိမ့်မည်။
ဘုန်း ……။
သူတို့နှစ်ယောက် ပြောဆိုတုန်းမှာပဲ အစီအရင်ကြီးသည် ရုတ်တရက် ယမ်းခါသွား၏။
"မကောင်းတော့ဘူး"
သူမ၏ မျက်လုံးများသည် လေးနက်သွား၏။ စိတ်တစ်ခုလုံးသည်လည်း လှုပ်ရှားသွားခဲ့၏။ အချိန်အတော်ကြာ ပုန်းအောင်းပြီးတဲ့နောက်တွင် သူမကို ရှာဖွေတွေ့ရှိသွားခဲ့ပြီလား။
အစီအရင်၏ အပြင်ဖက်မှာတော့ များပြားလှသည့် ခရမ်းရောင် တိမ်တိုက်များ ဖြစ်တည်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လှိုင်းများသည် ကောင်းကင်ယံတွင် ဖြစ်တည်လာခဲ့တော့၏။ သတ်လတ်ပိုင်း လူတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေပြီး အလွန်အားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်ပြသလျက် ရှိနေသည်။
"အင်း ဒီနေရာမှာ ပုံရိပ်ယောင် အစီအရင်တစ်ခု ရှိနေတာပဲ။ မနီးကပ်ရင် ရှာဖွေနိုင်ဖို့ဆိုတာ သိပ်မလွယ်လှဘူး။ ဒီပုံရိပ်ယောင် အစီအရင်ကို ဖန်တီးတဲ့သူက တစ်ခြားသူတွေကို လှည့်စားဖို့ ကြိုးစားနေရတဲ့ ဖန်းနီရှန်ပဲ ဖြစ်ရမယ်။ သူမကို ရှာတွေ့လိမ့်မယ်လို့ ငါမထင်မိဘူး။ သူမရဲ့ သတင်းကိုသာ ရောင်စဉ်အလင်းနတ်နယ်မြေဆီ ပေးပို့နိုင်ရင် ကျင့်ကြံခြင်း အရင်းအမြစ်တွေနဲ့ လဲလှယ်နိုင်မယ်။ ဒါဆိုရင် ငါက အလယ်အလတ် နတ်အဆင့် ကျင့်ကြံသူအဖြစ် တတ်လှမ်းနိုင်မှာပဲ"
ဤအတွေးများကို တွေးမိသည့်နောက် သတ်လတ်ပိုင်းလူသည် အားရပါးရ ရယ်မောလိုက်၏။ သူ၏ ဆံနွယ်များ ပင် ယမ်းခါလျက် ရှိနေ၏။ သူ၏ မျက်လုံးများသည် နတ်ဘုရားမီးအိမ်ကဲ့သို့ပင် စူးရှတောက်ပလျက် ရှိနေသည်။ သူသည် လက်ကို အသာမြောက်ပြီးသည့်နောက် ရိုက်ချလိုက်၏။
"ဖန်းနီရှန် ငါမင်းကို ပင့်ဖိတ်ရမှာလား"
ဘုန်း ….။
အစီအရင်ကြီးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားခဲ့၏။ တစ်ချက်ရိုက်လိုက်ရုံဖြင့် အက်ကွဲကြောင်းများပါ ဖြစ်တည်လာခဲ့သည်။
အဆုံးသတ်မှာတော့ အစီအရင်သည် အားနည်းလာ၏။ သူမ၏ ဆရာသည် အားကောင်းလှသည့် အစီအရင်များကို ဖန်တီးနိုင်သည် ဆိုသော်လည်း ပစ္စည်းများကို လိုအပ်နေ၏။ သူမကဲ့သို့ တစ်ကိုယ်တော် ကျင့်ကြံသူအနေဖြင့် သူမ၏ ကျင့်ကြံခြင်းအဆင့် ဤနေရာအထိရောက်အောင် ထောက်ပံ့ပေးနိုင်သည်ကပင် အံ့ဩစရာ ကောင်းလှပြီ ဖြစ်၏။ အစီအရင်နှင့် ပတ်သက်သည့် ကုန်ကြမ်း ပစ္စည်းများကို ရနိုင်ရန်မှာ တကယ်ပင် ခက်ခဲလွန်းလှချေ၏။
"ကောင်းကင်သဘာဝ အဆင့်"
အပြင်ဖက်တွင် ရှိနေသည့် လူ၏ အဆင့်ကိုခန့်မှန်းပြီးသည့်နောက် ဖန်းနီရှန််၏ စိတ်တစ်ခုလုံးသည် ပိုမိုကာ လေးနက်လာခဲ့၏။ သူမသည် အသက်ကို ပြင်းပြင်းရှုပြီးသည့်နောက် လက်ကို ယမ်းခါလိုက်သည်။
အစီအရင်ကို ဖယ်ရှားပြီးနောက် အစီအရင်အတွက် အသုံးပြုထားသည်များကို ပြန်လည်ကာ သိမ်းဆည်းလိုက်၏။ ဤအရာသည် သူမ စုဆောင်းထားခဲ့ရသည့် အရာများဖြစ်၏။ သာမန်ပါရမီရှင်များကို ခုခံရာတွင် အသုံးပြုသည့် အရာများဖြစ်သောကြောင့် သူမ၏ရှေ့တွင် ရှိနေသည့် သူအတွက်တော့ ဤအရာသည် သဲအိမ်သာသာပင် ဖြစ်လိမ့်မည်။ ထို့ကြောင့် တစ်ဖက်လူ ဖျက်ဆီးခြင်းကို အတိုင်းသား ထိုင်ကာ ကြည့်ရှုနေခြင်းထက် သိမ်းဆည်းကာဖြင့် အပြင်ဖက်သို့ ထွက်လာခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"နောက်ဆုံးတော့ ထွက်လာဖို့ ရွေးချယ်လိုက်ပြီကိုး"
သက်လတ်ပိုင်းလူ၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူသည် လက်တချောင်း ညွှန်လိုက်သည့် အချိန်မှာတော့ ခရမ်းရောင် နဂါးကဲ့သို့သော အလင်းတန်းများ ထွက်ပေါ်လာပြီး ဖန်းနီရှန်ဆီသို့ တိုးဝင်လာခဲ့၏။
ကြည့်ရှုလိုက်သည်နှင့် ဤသက်လတ်ပိုင်းလူသည် တစ်ခါတည်း တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိနိုင်သည်။ တစ်ဖက်လူသည် သူတော်စင်တစ်ယောက်၏ လက်မှပင် လွတ်မြောက်အောင် ပြေးနိုင်စွမ်း ရှိ၏။ ထို့ကြောင့် သူ့အနေဖြင့် ဒုက္ခခံကာ လိုက်လံ ဖမ်းဆီးသည့် အလုပ်ကို မလုပ်ချင်ပေ။
"ကောင်းကင်သဘာဝ အဆင့်လား"
ဖန်းနီရှန််၏ အစိမ်းရောင် ပိုးအင်္ကျီ သည် လှုပ်ခါသွားခဲ့၏။ သူမ၏ မျက်လုံးထဲ၌ နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လာခဲ့၏။ သူမသည် မြန်မြန်ဆန်ဆန်ဖြင့် ချဉ်းကပ်သွားခဲ့ပြီး ခရမ်းရောင်နဂါးအား လက်ထဲတွင် ရှိနေသော ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်၏။
ရှလွမ်
ဓားအလင်းတန်းများသည် နေရောင်အောက်၌ ရေစက်များ ကျလာသကဲ့သို့ တောက်ပစူးရှလှသည်။
ဘုန်း ….။
ကျယ်လောင်လှသော အသံနှင့်အတူ ထိပ်တိုက်တွေ့ဆုံသော ဓားအလင်းတန်းများသည် ခရမ်းရောင် နဂါး၏ တားဆီးခြင်းကို ခံလိုက်ရ၏။ အဆင့်ကြီးနှစ်ခု ကွာခြားချက်ဆိုသည်မှာ တကယ်ပင် ကြီးမားလှ၏။ သာမန်ပါရမီရှင် တစ်ယောက်အနေဖြင့် မည်ကဲ့သို့ ဆက်လက်ကာ တိုက်ခိုက်ရမည်နည်း။
ရွှီး ….။
ဖန်းနီရှန််၏ သေးငယ်လှသော ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ သူမ၏ အော်ရာများသည် ကျဆင်းသွားခဲ့ပြီး သွေးများအန်ထွက်လာခဲ့၏။ တစ်ချက်ရိုက်ရုံနှင့် ကြီးကြီးမားမား ဒဏ်ရာရှိသွားသည်မှာ ထင်ရှားလှ၏။
"မင်းဆီမှာ အားအင်ရှိတယ်။ ဒါပေမဲ့ ငါ့အတွက်တော့ မဟုတ်ဘူး"
ကောင်းကင်ပါရမီရှင်စာရင်း၏ သုံးဆယ့်တစ်ယောက်မြောက်တွင် ရှိနေသည့် လူငယ်ပါရမီရှင်ကို အနိုင်ယူပြီးနောက် သက်လတ်ပိုင်းလူသည် အမှန်ပင် စိတ်ကျေနပ်နေ၏။ သို့ပေမဲ့ သူသည် နှစ်ပေါင်း တစ်ထောင်ကျော်သာ အသက်ကြီးကြောင်းကိုတော့ မေ့လို့နေခဲ့၏။ သို့ပေမဲ့ ကိစ္စမရှိချေ။ သူသည် ပါရမီရှင်ကို နိုင်အောင်တိုက်ခိုက်နိုင်သည့် လူပင် မဟုတ်ပါလား။
"ငါနဲ့အတူ ရောင်စဉ်အလင်းနတ်နယ်မြေကို လိုက်ခဲ့" သက်လတ်ပိုင်းလူက အော်ဟစ်လိုက်သည်။
သူ၏ ကြီးမားလှသည့် လက်ကြီးသည် ဆင်းသက်လာခဲ၏။ တဆက်တည်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စုပ်ယူခြင်း စွမ်းအင်များ ထွက်ပေါ်လာပြီး ဖန်းနီရှန်ကို ချုပ်နှောင်လေ၏။
"မောက်မာလိုက်တဲ့ အရူး"
သူမ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချူပ်ပြီးနောက် ဖန်းနီရှန််၏ အော်ရာများသည် ပြောင်းလဲသွားခဲ့၏။ သူမသည် မတူညီသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။ မျက်လုံးများသည် သာမန်ထက်ပိုကာ အေးစက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာများကိုလည်း ထုတ်ဖော်လာခဲ့၏။
ဖန်းနီရှန်သည် အဆုံးစွန်ထိ အားကုန်ထုတ်ကာ လှုပ်ရှားတိုက်ခိုက်ရန် ပြင်လိုက်သည့် အချိန်မှာပဲ ကောင်းကင်ယံမှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"တော်ဝင်ဓားဂိုဏ်းရဲ့လူကို ဘယ်သူထိရဲလဲ။ ဘယ်သူက သတ္တိပေးထားတာလဲ …. ပြောစမ်း"