အခန်း (၁၂၅)
Vol. 9 Ch. 125
ကောင်းကင်ယံထက်တွင်တော့ ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်ဖြူများနှင့် အဘိုးအိုတစ်ယောက်သည် ဓားရှည်တစ်ခုကို ဓားလွယ်ခုတ် နောက်ကျောတွင် သိုင်းပိုးကာဖြင့် လေဟာနယ်ထဲသို့ လှမ်းလျှောက်လာခဲ့သည်။ ထိုသူသည် ဖန်းနီရှန်၏ အရှေ့သို့ ရောက်သည့်အချိန်မှာတော့ ပြုံးကာ နှုတ်ဆက်လိုက်သည်။
ပြီးနောက် တစ်ဖက်လူဆီသို့ အသာလှည့်ကာဖြင့် အေးစက်တင်းမာသော မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်၏။ “ဒီတော့ မင်းက တော်ဝင်ဓားဂိုဏ်းရဲ့ တပည့်ကို ရောင်စဉ်အလင်းနတ်နယ်မြေဆီ ပို့ချင်တာလား”
“အမ်” သက်လတ်ပိုင်းလူသည် ကြောင်အသွားခဲ့သည်။
ဘာတွေဖြစ်ကုန်သနည်း။ ,ကောင်းကင်ပါရမီရှင်စာရင်း၌ ဖန်းနီရှန်သည် တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့၏။ အဘယ်ကြောင့် ရုတ်တရက် တော်ဝင်ဓားဂိုဏ်းမှ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားရသနည်း။ ဖန်းနီရှန်သည် တော်ဝင်ဓားဂိုဏ်းမှ ဖြစ်သည်ဆိုပါက သူ့တွင် သတ္တိပေါင်း အဆတစ်ရာ ရှိသည်ဆိုလျှင်တောင်မှ သူမကို ဖမ်းဆီးရန် လာခဲ့လိမ့်မည် မဟုတ်ချေ။
သက်လတ်ပိုင်းလူသည်သာ ကြောင်အအ ဖြစ်သွားသည်သာမက သူ၏ ဘေးတွင် ရှိနေသည့် ဖန်းနီရှန်သည်လည်း ကြောင်အလျက်ရှိသည်။ သူမသည် မျက်လုံးများ ပေကလပ် ပေကလပ် လုပ်ကာဖြင့် လက်ရှိအခြေအနေကို နားမလည်သလို ဖြစ်နေမိသည်။ သူမသည် အဓိကဂိုဏ်းတချို့၏ ကာကွယ်ပေးခြင်းကို ခံနေရသည့်ပုံပင်။ ဤအရာသည် အလွန်အားကောင်းလှသည့် နောက်ခံတည်ရှိနေသည်ဆိုသည့် ခံစားချက်ပင် ဖြစ်နေသည်လား။
“ဆရာ.. တော်ဝင်ဓားဂိုဏ်းဆိုတာ ဘယ်လိုဂိုဏ်းလဲ” ဖန်းနီရှန်သည် စိတ်ထဲမှ မေးမြန်းလိုက်၏။
“အင်း… နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့တဲ့ ဓားကျင့်ကြံခြင်းဂိုဏ်းတစ်ခုပဲလေ။ သူတို့က သာမန်နတ်နယ်မြေထက် ဘယ်လိုမှ အားမနည်းဘူး” အဘွားအိုတစ်ယောက်၏ အသံက ပေါ်ပေါက်လာခဲ့သည်။
သူမသည် သာမန်နတ်နယ်မြေထက်အားမနည်းဟုသာ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ထိပ်တန်းနတ်နယ်မြေများနှင့် နှိုင်းယှဉ်၍ရသည်ဟု ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ တော်ဝင်ဓားဂိုဏ်းအနေနှင့် အင်ပါယာတစ်ယောက် ထွက်ပေါ်လာအောင် ပြုစုပျိုးထောင်ပေးခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ထိပ်တန်း နတ်နယ်မြေများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် လိုအပ်ချက်များ ရှိနေတုန်းပင်။
“ကျွန်မ သိပြီ” ဖန်းနီရှန်က နားလည်သွားမိ၏။
“စီနီယာ… ဒီကိစ္စမှာ နားလည်မှုလွဲတာ နေပါလိမ့်မယ်။ ကျုပ်တို့က ရောင်စဉ်အလင်းနတ်နယ်မြေအတွက်ပဲ လုပ်လိုက်တာပါ။ တခြားသော နည်းလမ်းနဲ့ ရန်ပြုမိတယ်ဆိုရင် စီနီယာအနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်” သက်လတ်ပိုင်းလူသည် ပြုံးရွှင်စွာဖြင့် ပြောလိုက်မိ၏။ သူသည် လက်သီးကို ဆုပ်ကာဖြင့် တောင်းပန်တိုးလျှိုး နေသည်။
ဖန်းနီရှန်နှင့် တော်ဝင်ဓားဂိုဏ်းတို့အကြား ဆက်နွယ်မှုကို သူ မသိသော်လည်း လက်ရှိအခြေအနေသည် သူ့အတွက် ကောင်းမွန်လှသည့် အခြေအနေ မဟုတ်ကြောင်းကိုတော့ နားလည်မိ၏။ ဤစီနီယာကိုသာ ဒေါသ ဖြစ်စေသည်ဆိုပါက သူ၏ အသက်သည် အာမခံချက် မရှိတော့ချေ။ ရောင်စဉ်အလင်းနတ်နယ်မြေ အနေနှင့်လည်း ဘယ်ကမှန်းပင် မသိသော သူ့ကို ကာကွယ်ပေးလိမ့်မည် မဟုတ်ချေ။
“အင်း”
အဘိုးအိုသည် တည်ငြိမ်အေးချမ်းလျက် ရှိနေ၏။ သူသည် ထူးမခြားနားသလို ပြောလိုက်၏။ “ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ နာမည်ကို အသုံးပြုပြီး ငါ့ကို ဖိအားပေးဖို့ လုပ်နေတာလား”
“အဲလို မလုပ်ရဲပါဘူး” သက်လတ်ပိုင်းလူသည် ထပ်မံကာ ဦးညွတ်လိုက်၏။ သူ့အနေနှင့် ယခင်ကထက် ပိုမိုကာ လေးစားသည့် ဟန်ပန်မျိုးကို ထုတ်ဖော်ပြသနေသည်။
“ဟား ဟား ဟား”
အဘိုးအိုသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ရောင်စဉ်အလင်းနတ်နယ်မြေက အစောကြီး ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ။ အဲဒီနယ်မြေကြီး မရှိတော့ဘူးဆိုမှတော့ မင်း ငါ့ကို အဲဒီနာမည် အသုံးပြုပြီး ရပ်တန့်အောင် ကြိုးစားနေလည်း အလကားပဲ”
“အမ်” သက်လတ်ပိုင်းလူနှင့် ဖန်းနီရှန်တို့ နှစ်ယောက်လုံးသည် တုန်လှုပ်သွားမိသည်။
ဘာတွေ ဖြစ်နေသနည်း။ ရောင်စဉ်အလင်းနတ်နယ်မြေသည် ဘယ်လိုဖြစ်ပြီး မရှိတော့သနည်း။ လတ်တလော နာမည်ကြီးမားလှသော နတ်နယ်မြေကြီးတစ်ခုသည် အဘယ်ကြောင့် ရုတ်တရက် ဖျက်ဆီးခြင်းကို ခံလိုက်ရသနည်း။ မယုံကြည်နိုင်ဖွယ်ရာပင်။
“စီနီယာ… နောက်နေတာလား” သက်လတ်ပိုင်းလူသည် အမှတ်မထင် မေးမြန်းလိုက်၏။
အလွန်အားကောင်းလှသည့် နတ်နယ်မြေတစ်ခုသည် သူ မည်သို့ပင်ကြည့်ကြည့် ဖျက်ဆီးခံရမည့် အရာမျိုး မဟုတ်ချေ။ ထို့အပြင် သူသည် ထိုသတင်းကို တစ်ခါမှ မကြားခဲ့ဖူးချေ။
“အင်း… ကျုပ်လို အဘိုးကြီးက မင်းလို ဂျူနီယာတစ်ယောက်ကို နောက်နေတယ်လို့ ထင်နေသေးတာလား” အဘိုးအိုက နှာခေါင်းရှုံ့လိုက်၏။ သူ၏ အနောက်ဘက်တွင် ရှိနေသော ဓားရှည်ဆီမှ ချလွမ်ဟူသော အသံနှင့်အတူ အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့၏။ လေထုထဲတွင် အေးစက်လှသည့် ဓားအလင်းတန်းများ ပေါ်ပေါက်လာခဲ့သည်။
သက်လတ်ပိုင်းလူသည် မျက်စိစူးသွားသောကြောင့် မျက်လုံးကိုပင် မနည်း ပြန်လည်ကာ ဖွင့်လိုက်ရ၏။ သတိ ပြန်ဝင်လာသည့်အချိန်မှာတော့ သက်လတ်ပိုင်းလူသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ဘယ်ရောက်သွားသနည်း။ ကြည့်ရသည်မှာ အငွေ့ကဲ့သို့ပင် ပျောက်ကွယ်သွားပုံပေါ်သည်။
“ကောင်မလေး… မင်းရဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုလဲ” အဘိုးအိုသည် အသာလှည့်ကာ မေးမြန်းလိုက်၏။ သူသည် ဖန်းနီရှန်၏ ပါရမီကို တကယ်ပင် မြင်ခဲ့၏။ ထို့ကြောင့် စိတ်သက်သာရာ ရသလိုလည်း ခံစားနေမိ၏။
သေသေချာချာ မကြည့်ဘူးဆိုပါက ဖန်းနီရှန်သည် ဓားအသိအမြင်အဆင့်ဆီသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို မည်သူမှ သတိပြုမိလိမ့်မည် မဟုတ်ချေ။ ဤအရာသည် ဓားကျင့်ကြံသူတစ်ယောက်၏ အရေးပါသည့် ခြေလှမ်းပင် ဖြစ်လေ၏။ အချိန်ကို ကြည့်ရမည်ဆိုလျှင် သူမ၏ အနာဂတ် အလားအလာသည် အကန့်အသတ်မဲ့ အခြေအနေဆီသို့ ရောက်ရှိနေပြီဖြစ်၏။ အနာဂတ်တွင် တော်ဝင်သူတော်စင်တစ်ယောက်ပင် ဖြစ်လာနိုင်စွမ်း ရှိနေ၏။ ထိုသို့ မဟုတ်ဘူး ဆိုလျှင်တောင်မှ ကွာစီအင်ပါယာအဆင့်ကို လွယ်လွယ်ကူကူ ရောက်ရှိနိုင်မည့် အဆင့်မျိုးပင်။
“ကျေးဇူးတင်ပါတယ် စီနီယာ… အသက်ကယ်တဲ့အတွက်ပါ” ဖန်းနီရှန်သည် ကျေးဇူးတင်စွာဖြင့် လေးလေးစားစား ဦးညွတ်ကာ ပြောဆိုလိုက်၏။
“ယဉ်ကျေးနေဖို့ မလိုဘူး”
အဘိုးအိုသည် မုတ်ဆိတ်မွှေးကို အသာပွတ်သပ်ကာ ပြောလိုက်၏။ သူ၏ အခြား လက်တစ်ဖက်ဖြင့် ကျောက်စိမ်းရောင်ပုလင်းတစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။ “ဒါက တော်ဝင်ဓားဂိုဏ်းရဲ့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးပဲ”
“မိန်းကလေး… မင်း ငါတို့ တော်ဝင်ရင်နိုင်ငံတော်ကို ဝင်ရောက်ဖို့အတွက် စိတ်ဆန္ဒရှိလား”
အဘိုးအို စကားပင် မဆုံးသေးချေ။ နောက်ထပ် သက်လတ်ပိုင်းလူတစ်ယောက်သည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းနဂါးသရဖူကိုလည်း ဆောင်းထားသေး၏။ ထိုသူသည် ကောင်းကင်ပေါ်မှ တစ်လှမ်းချင်း ဆင်းသက်လာခဲ့၏။
“ဟမ်”
လက်ရှိအခြေအနေမှာတော့ အဘိုးအို၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။ တစ်စုံတစ်ယောက်သည် သူ၏ တပည့်ကို လာရောက်ကာ လုယက်ချင်နေသည်လား။
“တာအိုရောင်းရင်း ပိုင်ချမ်း … ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး အကျိုးဆက်ကိုလည်း စဉ်းစားသင့်တယ်။ အဘိုးအိုသည် သဘောမတွေ့သလို ပြောလိုက်၏။
သူ၏ ခန္ဓာကိုယ်ဆီမှ အလွန်အားကောင်းလွန်းလှသည့် ဓားအော်ရာများ ထွက်ပေါ်လျက်ရှိနေပြီး အရာကိစ္စအားလုံးကို ပြေပြေလည်လည်နှင့် မဖြေရှင်းနိုင်ပါက ဆိုးရွားသည့် အခြေအနေဆီသို့ ပို့ဆောင်တော့မည် ဖြစ်ကြောင်းကို သိသာထင်ရှားအောင် ပြသလျက် ရှိနေလေသည်။
“ဟား ဟား ဟား ဟား”
ခရမ်းရောင်ဝတ်စုံနှင့်လူက ပြောင်စပ်စပ်ဖြင့် ပြောလိုက်တော့၏။ “တခြားသူတွေဆိုရင် ဒီလိုပြောလို့ ရပါတယ်။ ဒါပေမဲ့ တုရန်ဝူလင် ... ခင်ဗျားတပည့် ဘယ်လိုဖြစ်ပြီး သူတော်စင် ဖြစ်လာတယ် ဆိုတာ မေ့သွားတာလား။”
“ခင်ဗျား”
တုရန်ဝူလင်၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။ အစစ်အမှန်ပင်ဖြစ်သည်။ သူသည် ထိုအရာကို မငြင်းပယ်နိုင်ချေ။ သူ၏တပည့်သည် ယန်ရှိုနှင့်အတူ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်များကို ဝယ်ယူပြီးမှသာ သူတော်စင်ဖြစ်ခဲ့ခြင်းဖြစ်သည်။
အတိတ်တုန်းကသာဆိုလျှင် သူကသာ တစ်ခြားသူများ၏ ပျော့ကွက်ကို ထောက်ကာ ပြောဆိုဖူးသည့် လူတစ်ယောက်ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူသည် သူ၏ပျော့ကွက်များကို နင်းချေကာ ပြောဆိုလျက် ရှိနေလေ၏။ ရမ်ချင်းတု သူတော်စင်တစ်ယောက် ဖြစ်လာခြင်း၏ အကြောင်းအရင်း နောက်ကွယ်ကို သိသည့်လူဟူ၍ ဤလောကထဲတွင် လူအနည်းငယ်သာလျှင် ရှိ၏။
“အင်း… ကျုပ်တို့ အားလုံးက ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သတင်းအချက်အလက်တွေကို ရရှိခဲ့တာပဲလေ။ ပြီးတော့ အခုအချိန်မှာ ကျုပ်တို့ တိုက်ခိုက်မယ်ဆိုရင် အချိန်အတိုင်းအတာတိုအတွင်း အနိုင်ရရှိသူကို ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဒီလိုလုပ်ရအောင်။ ဒီမိန်းကလေးရဲ့ ဆုံးဖြတ်ချက်ကိုပဲ သဘောတူလိုက်ရအောင်။ သူမ ဘယ်ဂိုဏ်းကို ရွေးမလဲဆိုတာ အရင်ဆုံးရွေးချယ်ခိုင်းလိုက်ရအောင်”
တုရန်ဝူလင်သည် ခဏလောက် တွေးတော စဉ်းစားပြီးသည့်နောက် အကြံပြုလိုက်သည်။