← Chapters

အခန်း (၁၂၆)

Vol. 9 Ch. 126

အခန်း (၁၂၆)

Vol. 9 Ch. 126

“အဲတာကောင်းတယ်”

ခရမ်းရောင်ဝတ်စုံနှင့်လူသည် တစ်ချက်ကလေးမှ ပြန်လည် မငြင်းပယ်တော့ချေ။ ချက်ချင်း ဆိုသလိုပဲ ခေါင်းညိတ်ပြလိုက်၏။ သူသည် ဖန်းနီရှန်ကို လှမ်းကြည့်ကာဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “မိန်းကလေး… ကျုပ်တို့ ရင်နိုင်ငံတော်က သူတော်စင်ကောင်းချီး ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံခဲ့တယ် ဆိုပေမဲ့ ကျုပ်တို့ဆီမှာလည်း ဓားကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ နည်းစနစ်တွေ ရှိတယ်လေ။ အချိန်ယူပြီးတော့ သေချာစဉ်းစားပါ။ ဂိုဏ်းတစ်ခုကို ဝင်တယ်ဆိုတာ အရေးကြီးတဲ့ ကိစ္စပဲ။ အထူးသဖြင့် မင်းလို တကိုယ်တော် ကျင့်ကြံသူပေါ့။ ဘာနောက်ခံမှ မရှိတဲ့ နတ်နယ်မြေတစ်ခုခုကို ဝင်ရောက်မိသွားမယ်ဆိုရင်တော့ မင်းရဲ့ဘဝက လက်ရှိအခြေအနေမှာပဲ အဆုံးသတ်သွားလိမ့်မယ်”

“အမှန်ပဲလေ”

တုရန်ဝူလင်သည်‌ ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် ခရမ်းရောင်ဝတ်စုံနှင့်လူကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားကလည်း ဓားကျင့်ကြံခြင်း လမ်းစဉ်ကို လှမ်းလျှောက်တဲ့လူတစ်ယောက်လို့ ထင်တယ်။ ဒီလမ်းက တကယ့်ကို စိန်ခေါ်မှုတွေ များတယ်လေ။ တကယ့်ကို တတ်ကျွမ်းလှတဲ့ လမ်းညွှန်သူတစ်ယောက်ရဲ့ လမ်းညွှန်ပြသမှုကိုလည်း လိုအပ်သေးတယ် မဟုတ်လား။ ဒါမှ လမ်းမမှားမှာလေ”

“တုရန်ဝူလင်”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ခရမ်းရောင်ဝတ်စုံနှင့်လူသည် ဒေါသထွက်လုနီးပါး ဖြစ်သွား၏။ တစ်ဖက်လူသည် တော်ဝင်ရင်နိုင်ငံတော်ကို လာရောက်ကာ နှိမ့်ချနေလေသည်လား။

“ကျုပ်က အစစ်အမှန်စကား ပြောတာပါ” တုရန်ဝူလင်သည် ပြုံးကာ ပြောလိုက်၏။ ဂိုဏ်းချုပ်ဟောင်းတစ်ယောက် ဖြစ်သည်မို့ သူသည် ကောင်းမွန်လှသည့် ဟန်ပန်အမူအရာမျိုး တည်ရှိ၏။ လွယ်လွယ်ကူကူနှင့် ဒေါသမထွက်နိုင်ချေ။

“ကျွန်မ… ကျွန်မ”

ဖန်းနီရှန်သည် သူမ၏ရှေ့တွင် ရှိနေသည့် လူနှစ်ယောက်ကို လှမ်းကာကြည့်ရှုပြီး မူးနောက်နောက်ပင် ခံစားနေမိ၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံဆုံရသည်မှာ သူမအတွက် ပထမဦးဆုံးအကြိမ်သာဖြစ်၏။

ပုံမှန်အားဖြင့် များပြားလှသည့် ဂိုဏ်းအသီးသီးသည် တပည့်များကို နည်းလမ်းအမျိုးမျိုးဖြင့် လက်ခံတတ်ကြ၏။ သာမန်လူတစ်ယောက်သည် ဂိုဏ်းတစ်ခုကို ဝင်ရောက်ချင်သည်ဆိုပါက များပြားလှသည့် စစ်ဆေးမှု များကို ဖြတ်ကျော်ကာ ဝင်ရောက်လာရ၏။ သံသယကင်းစင်ပြီး လိုအပ်သည့်ပါရမီပြည့်စုံသည်ဆိုမှသာ ဂိုဏ်းထဲသို့ ဝင်ခွင့်ရကြသည်။

သို့ပေမဲ့ အဘယ်ကြောင့် တစ်ဖက်လူများသည် တိုက်ရိုက်ဆိုသလိုပဲ သူမကို ဂိုဏ်းထဲသို့ ဝင်ရောက်ရန် ပြောဆိုနေရသနည်း။ သူမအနေနှင့် ဆိုးယုတ်သည့် စိတ်ထားများ ရှိနေလျှင် ခက်ပေလိမ့်မည်။

“ဆရာ… ကျွန်မ ဘာလုပ်ရမလဲ” ဖန်းနီရှန်သည် စိတ်ထဲမှ မေးမြန်းလိုက်၏။

“စိတ်မပူနဲ့ ငါ့တပည့်”

အဘွားအို၏ အသံသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့၏။ “ကောင်းကင်ပါရမီရှင်စာရင်းကို ကျေးဇူးတင်ရမှာပဲ။ မင်းရဲ့နောက်ခံသူကို တကိုယ်တော်ကျင့်ကြံသူလို့ ပြသထားတယ်လေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ စွမ်ဆောင်ရည် အရဆိုရင် မင်းရဲ့နောက်ကွယ်မှာ ဂိုဏ်းတစ်ခုခုရှိတယ်ဆိုရင် အဲဂိုဏ်းနာမည်ကို ထုတ်ဖော်ပြသမှာပေါ့။ ဒါကြောင့် ဒီလူတွေက မင်းရဲ့ပတ်သက်ပြီးတော့ သူလျှိုဖြစ်နိုင်တယ်ဆိုတဲ့ သံသယရှိမှာ မဟုတ်ဘူး”

“ပိုပြီး အရေးကြီးတာက မင်းက ကောင်းကင်ပါရမီရှင်စာရင်းရဲ့ သုံးဆယ့်တစ်ယောက်မြောက် နေရာမှာ ရှိတယ်။ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီဂိုဏ်းနှစ်ခုရဲ့ တပည့်တွေက မင်းကို ယှဉ်နိုင်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့က ကောင်းကင်ပါရမီရှင်စာရင်းမှာ ပါဝင်တဲ့ လူငယ်ပါရမီရှင် တစ်ယောက်ကို အလျင်စလိုနဲ့ ခေါ်ယူပြီး သူတို့ရဲ့ အားအင် အဆင့်ကို တိုးတက်လာအောင် ဖန်တီးပြုချင်နေတာပဲ”

ဤစကားစုသည် ဖန်းနီရှန်ကို တကယ်ပဲ သဘောပေါက် နားလည်သွားစေခဲ့သည်။

ဤစကားကို တုရန်ဝူလင် ကြားမည် ဆိုလျှင်လည်း ဘာတစ်ခုမှ ထူးထူးခြားခြား ပြောဆိုနေလိမ့်မည် မဟုတ်ချေ။ သူ၏တပည့်သည် အစစ်အမှန်ပင် ဖန်းနီရှန်ကို မယှဉ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ကောင်းကင်ပါရမီရှင် စာရင်း၏ ကိုးဆယ့်ကိုးယောက်မြောက် စာရင်းတွင်သာ တည်ရှိသောကြောင့် ဖြစ်၏။

ရေတွက်လို့မရအောင် များပြားလှသည့် လူသားပါရမီရှင်စာရင်းတွင် ထိပ်ဆုံးတစ်ရာ စာရင်းဆိုသည်မှာ အကန့်အသတ်မဲ့ အောင်မြင်မှုများကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်။

သို့ပေမဲ့ တော်ဝင်ရင်နိုင်ငံတော်သည် ထိုအရာနှင့် ပတ်သက်၍ သဘောမတွေ့သလို ဖြစ်နေမိ၏။ သူတို့၏ လူငယ်ပါရမီရှင်များသည် ထိုစာရင်းထဲ၌ တစ်ယောက်မှ မပါဝင်ခဲ့ချေ။ လက်ရှိ သူတို့ နတ်ဘုရား အင်ပါယာပင်လျှင် ကြောင်တောင်တောင် အခြေအနေမျိုး၌ တည်ရှိနေသည် ဖြစ်သောကြောင့် ယခုကဲ့သို့ အခြေအနေဆီသို့ ရောက်ရှိနေခြင်းမှာ လက်သင့်ခံနိင်စရာ ကိစ္စပင်။

“ဒီတော့ ကျွန်မ သူတို့ကို ငြင်းလိုက်ရမှာလား” ဖန်းနီရှန်က စဉ်းစားလိုက်၏။ သူမတွင် အစောကတည်းက ဆရာ တစ်ယောက်ရှိ၏။ ထို့ကြောင့် နောက်တစ်ယောက်ကို မလိုချင်ပေ။ ထို့အပြင် သူမ၏ဆရာကို ခန္ဓာကိုယ် ပြန်လည် ရရှိအောင် ကူညီပေးမည်ဟု ကတိပေးထားခဲ့၏။ သူမသည်သာ တခြားသောဂိုဏ်းတစ်ခုခုဆီသို့ ဝင်ရောက်လိုက်သည် ဆိုပါက တခြားသောဂိုဏ်းများသည် သူမ၏ဆရာကို မည်ကဲ့သို့ ဆက်ဆံကြမည်နည်း။ သူမကို အသုံးချမှာလား သို့မဟုတ် တန်ဖိုးထားမှာလား။ မည်သည့်အရာကမှ အာမ မခံနိုင်ချေ။

“မလိုဘူး”

အဘွားအိုသည် သက်ပြင်းအသာချကာ ပြောလိုက်၏။ “အဆုံးသတ်မှာတော့ မင်းကို အနှောက်အယှက် အတားအဆီး ဖြစ်စေတာက ဒီဆရာပဲလေ။ မင်းဆီမှာသာ ဒီဆရာ မရှိဘူးဆိုရင် မင်းအနေနဲ့ နတ်နယ်မြေတစ်ခုခုကို ဝင်ရောက်ပြီးတော့ နတ်မိမယ်တစ်ယောက် ဖြစ်လာနိုင်တယ်လေ။ မင်းရဲ့ အရည်အချင်းက နတ်နယ်မြေတစ်ခုရဲ့ အရင်းအမြစ် ပံ့ပိုးမှုနဲ့ဆိုရင် ရီချန်ထက်ပိုပြီး သာလွန်ကောင်းမွန်တဲ့ အောင်မြင်မှုကို ရရှိမှာ သေချာတယ်။ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးအဆင့်မှာ ရင်ဘောင်တန်းရပ်နိုင်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်”

ယုရှင်းချန် မည်သူဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ အဘွားအိုက မသိရှိချေ။ သူမ၏ မျက်လုံးထဲမှာတော့ ယုရှင်းချန် သည် ရီချန်ထက် အနည်းငယ် အားကောင်းလှ၏။ သို့ပေမဲ့ အားအင်အဆင့်ဆိုသည်မှာ အကန့်အသတ်ဖြင့် တည်ရှိ နေ၏။ အင်ပါရီယာ ကလန်တစ်ခု၏ အမွေအနှစ်များကို ဆက်ခံရယူနိုင်သည့် နောက်ခံတစ်ခုခုများ တည်ရှိနေလေသည်လား။

“ဆရာ… ဒါတွေအားလုံးက တပည့် လိုလိုချင်ချင်နဲ့ ဖြစ်ခဲ့တဲ့ အရာတွေပါပဲ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုပါဘူး”

ဖန်းနီရှန်သည် အလောတကြီးဖြင့် ပြောလိုက်၏။ “ဆရာသာ မရှိဘူးဆိုရင် လက်ရှိ တပည့်က ဒီလို အခြေအနေမျိုးတောင် ရှိနေမှာ မဟုတ်ဘူး”

“တော်ဝင်ဓားဂိုဏ်းကို ဝင်လိုက်” အဘွားအိုသည် ရုတ်တရက် မှတ်ချက်ပေးလိုက်၏။ သူမတပည့်၏ ပင်ကိုယ် စွမ်းရည်သည် သူမ လုပ်နိုင်သည်ထက် ပိုမိုကာ အားကောင်းလှသည်ဖြစ်ကြောင်းကို မည်သူမှ မသိရှိချေ။ နတ်နယ်မြေတစ်ခု၏ အထောက်အပံ့များ မရှိဘူးဆိုလျှင်တောင်မှ သူမသည် မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် ကောင်းကင်ပါရမီရှင်စာရင်း၏ သုံးဆယ့်တစ်ယောက်မြောက်နေရာကို ရောက်ရှိအောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။ သူမ တပည့်၏ အလားအလာသည် တော်ဝင်ဓားဂိုဏ်း၏ အကူအညီနှင့်ဆိုလျှင် မည်မျှ အခြေအနေထိ ထောင်တက်သွားမည်ဆိုသည်ကိုလည်း သိချင်နေမိသည်။

“တော်ဝင်ဓားဂိုဏ်းရဲ့ အထောက်အပံ့ ရပြီးတဲ့နောက်မှာ ငါ့တပည့်က ဘယ်လောက်ကြီးမားတဲ့ အလားအလာ တစ်ခုကို ပိုင်ဆိုင်နိုင်မလဲဆိုတာ ငါသိချင်တယ်”

“ဆရာ… တော်ဝင်ဓားဂိုဏ်းကို ကျွန်မဝင်ဖို့ တကယ်လိုလို့လား” ဖန်းနီရှန်သည် နှုတ်ခမ်းကို ကိုက်ကာဖြင့် မေးမြန်းလိုက်မိ၏။

“လုပ်ပါ”

အဘွားအိုသည် အသာရယ်ကာ ပြောလိုက်သည်။ “ရူးကြောင်ကြောင်တပည့်… ဆရာ ထွက်သွားမှာ မဟုတ်ပါဘူး။ တော်ဝင်ဓားဂိုဏ်းမှာ မင်းရဲ့ ဓားကျင့်ကြံခြင်းလမ်းစဉ် ပိုမိုအားကောင်းစေဖို့ ရေတွက်လို့ မရအောင် များပြားတဲ့ အခွင့်အလမ်းတွေရှိတယ်။ ပြီးတော့ ငါ့ရဲ့ တစ်ဦးတစ်ယောက်တည်း မှတ်ဉာဏ်၊ အသိပညာ တွေက နတ်နယ်မြေတစ်ခုရဲ့ အမွေအနှစ်တွေနဲ့ အရင်ကတည်းက ရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ။ ဒီဆရာရဲ့ စီစဉ်ပေးမှုအတိုင်း မင်း လိုက်လိုက်ပါ”

ဖန်းနီရှန်သည် ခေါင်းကို အသာမော့လိုက်၏။ ပြီးသည့်နောက် သူမ၏ရှေ့တွင် ရှိနေသော လူနှစ်ယောက်ကို လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “ဂျူနီယာ ဖန်းနီရှန်က တော်ဝင်ဓားဂိုဏ်းကို ဝင်ချင်ပါတယ်”

“အမ်”

ခရမ်းရောင်ဝတ်စုံနှင့် လူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် သုန်မှုန်သွားခဲ့သည်။

တခြားတစ်ဖက်တွင်ရှိသော တုရန်ဝူလင်မှာတော့ လက်ခုပ်လက်ဝါး တီးကာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ကောင်းပြီ… ဒီနေ့ကစပြီး မင်းက တော်ဝင်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်ပြီ။ ဂိုဏ်းကို ပြန်ရောက်ပြီဆိုတာနဲ့ ငါ မင်းအတွက် ဆရာတစ်ယောက် ရှာပေးမယ်”

“မလိုပါဘူး”

ဖန်းနီရှန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ဒါပေမဲ့ ကျွန်မမှာ ဆရာ ရှိပြီးသားပါ။ ဘဝတစ်သက်တာမှာ တခြားဆရာတစ်ယောက်ကို လက်မခံနိုင်တော့ပါဘူး”

“အမ်”

တုရန်ဝူလင်၏ မျက်နှာတစ်ခုလုံးသည် အေးခဲ့သွားခဲ့၏။ သူ၏ အပြုံးသည် ကြောင်အအနှင့် ဖြစ်သွားခဲ့၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် ထပ်မံပြုံးကာ ပြောလိုက်၏။ “ဒါဆိုလည်း အဆင်ပြေတာပဲလေ။ တော်ဝင်ဓားဂိုဏ်းရဲ့ တပည့်ဖြစ်ရုံနဲ့တင် လုံလောက်ပါပြီ။ တော်ဝင်ဓားဂိုဏ်းအနေနဲ့ အနာဂတ်မှာ မင်းကို မမျှမတ ဆက်ဆံမှာ မဟုတ်ပါဘူး။ တခြားဘာမှ မရှိတော့ဘူးဆိုရင် မင်း အခု ငါနဲ့အတူ တော်ဝင်ဓားဂိုဏ်းကို လိုက်ခဲ့မယ် မဟုတ်လား”

“ကောင်းပါပြီ” ဖန်းနီရှန်က ခေါင်းညိတ်လိုက်သည်။

တုရန်ဝူလင်သည် လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက် ဓားအလင်းတန်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ပြီးသည့်နောက် ထွက်ခွာသွားရန် ပြင်လိုက်၏။ ထွက်ခွာ မသွားခင်မှာပဲ သူသည် ခရမ်းရောင်ဝတ်စုံနှင့်လူကို လှောင်သလို ပြောင်သလို အမူအရာဖြင့် ကြည့်ရှုလိုက်၏။

“……….” ဤအကြည့်သည် တစ်ဖက်လူကို တကယ်ပင် ဒေါသထွက်စေခဲ့သည်။

………..

တစ်ချိန်တည်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့တွင် ရေတွက်လို့ မရအောင် များပြားလှသည့် လူများ စုဝေးရောက်ရှိလျက် ရှိနေပြီး အရှေ့တွင် ရှိနေသည့် ကျောက်ချပ်ကြီးကို ကြည့်ရှုနေခဲ့ကြ၏။

“အားလုံးပဲ.. ဒီမှာလာကြည့်အုံး။ ကောင်းကင်ပါရမီရှင်စာရင်းက ပြောင်းလဲသွားခဲ့ပြီ။ ဖန်းနီရှန်က တကိုယ်တော် ကျင့်ကြံသူမဟုတ်တော့ဘူး။ သူမမှာ ဂိုဏ်းရှိသွားပြီ။ တော်ဝင်ဓားဂိုဏ်းတဲ့ဟ”

All Chapters