← Chapters

အခန်း (၁၂၇)

Vol. 9 Ch. 127

အခန်း (၁၂၇)

Vol. 9 Ch. 127

“ဟမ်… တကယ်လား” လူပေါင်းများစွာတို့သည် ရောက်ရှိလာကာ ကြည့်ရှုလိုက်ကြသည်။

“ဖန်းနီရှန်က ဘယ်လိုဖြစ်ပြီးတော့ တော်ဝင်ဓားဂိုဏ်းထဲ ရုတ်တရက် ရောက်သွားတာလဲ။ ကြည့်ရတာ သူမကို တော်ဝင် ဓားဂိုဏ်းရဲ့ တစ်စုံတစ်ယောက်က ဖမ်းဆီးမိသွားတာလား”

“အဲလိုဖြစ်နိုင်တယ်။ ကံဆိုးတာက ငါတို့ ရှန်းထျန်ဓားဂိုဏ်းက ဓားဂိုဏ်းတစ်ခု ဖြစ်တယ်ဆိုပေမဲ့ ဒီကောင်မလေးကို တစ်လနီးပါးကျော် ရှာတာတောင်မှ မတွေ့ခဲ့ဘူးလေ”

“အင်း… တကယ့်ကို ဒုက္ခများခဲ့တာပဲ”

တကိုယ်တော် ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်ရင်းမှ သက်ပြင်းချကာ စဉ်းစားလိုက်မိသည်။ သူသည် ရင်ဘတ်ကို အသာဖိကာ ခြေဆောင့်ကာ ထွက်ခွာသွားခဲ့၏။

ကောင်းကင်ပါရမီရှင်စာရင်း၏ တစ်ဦးတည်းသော တကိုယ်တော် ကျင့်ကြံသူ ဖြစ်သည်မို့ သူမ အား တစ်ကိုယ်တော်ကျင့်ကြံသူများကြားထဲတွင် ပါရမီရှင်ဟု သုံးသပ် ဆုံးဖြတ်နိုင်၏။ သို့ပေမဲ့ ဘာမှတောင် မကြာလိုက်သေးချေ။ သူမသည် တကိုယ်တော် ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ချေ။ ဤအရာသည် တကိုယ်တော်ကျင့်ကြံသူများအတွက် ဆုံးရှုံးမှုပင် ဖြစ်ပေလိမ့်မည်။

“ဘယ်အချိန်မှာများ ငါတို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေက မားမားမတ်မတ် ရပ်တည်နေနိုင်မှာလဲ”

“စိတ်ပျက်စရာပဲ။ ကောင်းကင်ပါရမီရှင်စာရင်းကို တကိုယ်တော်ကျင့်ကြံသူတွေအတွက် သီးသန့်ခွဲထုတ်ပေးဖို့ အတွက် အကြံပြုချင်တယ်” စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်းထန်လွန်းလှပြီး ကြီးမားလှသည့် အရှိန်အဟုန်နှင့် ပြည့်စုံလွန်းလှသည့် အဘိုးအိုတစ်ယောက်သည် သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ကာ ပြောဆိုလိုက်၏။

“အတိအကျပဲ” တခြားသော အဘိုးအိုတစ်ယောက်ကလည်း ဝင်ရောက်ကာ ထောက်ခံ ပြောဆိုလိုက်သည်။

ရေတွက်လို့မရအောင် များပြားသော လူများသည် ချက်ချင်းဆိုသလိုပဲ သဘောတူညီလိုက်၏။

ကောင်းကင်ပါရမီရှင်စာရင်း၏ ထိပ်တန်းတစ်ရာ စာရင်းကို ပိုင်ဆိုင်သော လူပေါင်းများစွာတို့သည် နက်ရှိုင်းလှသည့် နောက်ခံကို ပိုင်ဆိုင်ကြ၏။ တကိုယ်တော်ကျင့်ကြံသူများအတွက် နေရာမရှိချေ။ ထိုအရာကို မမျှတဟု သူတို့က ခံစားနေမိကြသည်။

ကျင့်ကြံခြင်းလောကတွင် အင်အားကောင်းသော အဖွဲ့အစည်းများသာလျှင် အသိအမှတ် ပြုခံရပြီး သူတို့ကဲ့သို့ တကိုယ်တော် ကျင့်ကြံသူများအတွက် အသိအမှတ်ပြုခံရရန်မှာ လေထဲ အိမ်ဆောက်သလိုပင်။

“အင်း… တကိုယ်တော် ကျင့်ကြံသူတွေကတော့ အိမ်မက် မက်နေပြီပဲ”

အနီးအနားတွင် ရှိနေသည့် တစ်စုံ တစ်ယောက်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “တကိုယ်တော် ကျင့်ကြံသူတွေရဲ့ ကောင်းကင်ပါရမီရှင်စာရင်း ဆိုတာကို လုပ်ချင်သေးတာလား။ လုပ်တော့ရော ဘာလုပ်မှာလဲ။ ဘာမှ ထူးလာမှာမှ မဟုတ်တာ။ ဘောင်ဝင်ချင်တဲ့ သဘောထင်တယ်”

“လွန်လွန်းသွားပြီ”

အဘိုးအို၏ မုတ်ဆိတ်မွေးများသည် လှုပ်ယမ်းသွားခဲ့၏။ ၎င်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ခင်ဗျား ကျုပ်နဲ့ တိုက်ခိုက်ရဲလား”

“ကျုပ်က ဝမ်ခွန်ပဲ။ ထိုက်ချူးနတ်နယ်မြေရဲ့ အတွင်းစည်းတပည့် တစ်ယောက်ပဲ။ လမ်းညွှန်ပြသပေးဖို့ တောင်းဆိုပါတယ်”

“ဟမ့်”

အဘိုးအိုသည် စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း အပြင်ဘက်တွင် တည်ငြိမ်လျက် ရှိနေ၏။ “ဒါက တော်ဝင်သဲကန္တာရမြို့လေ။ ဒီနေ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို မျက်နှာသာပေးတဲ့အနေနဲ့ ကျုပ်က အားနည်းတဲ့သူတွေကို ဒုက္ခမပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်”

……….

တော်ဝင်သဲကန္တာရမြို့၏ မိုင်တစ်သိန်း အကွာအဝေးလောက်မှာတော့ ရွှေရောင်ရထားလုံးကြီး တစ်ခုသည် အလွန် လျင်မြန်သည့် နှုန်းထားဖြင့် သွားလာလျက် ရှိနေ၏။ ၎င်းသည် သေမျိုးလောကထဲသို့ ဆင်းသက်လာသည့် အင်ပါယာ တစ်ယောက်၏ ဟိတ်ဟန်မျိုးနှင့်ပင်။

ရထားလုံး၏ အထဲတွင်တော့ ရွှေရောင်ဆံပင်နှင့် လူငယ်တစ်ယောက်သည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာဖြင့် ထိုင်လျက် ရှိနေ၏။ ၎င်း၏ မျက်နှာသွင်ပြင်သည် တကယ်ပဲ အေးစက် တင်းမာလွန်းလှပြီး မျက်လုံးသည်လည်း ရွှေရောင်မျက်စိသူငယ်အိမ်များ ဖြစ်လို့နေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေသည့် အေးစက်မှု နှုန်းထားများသည် မိုင်တော်တော်ဝေးဝေးတွင် ရှိနေသည့် လူပေါင်းအားလုံးကိုပင် အေးစက်မှုကို ခံစားရစေ၏။

“ဦးလေးဖု .... တော်ဝင်သဲကန္တာရမြို့ကို ရောက်ဖို့အတွက် ဘယ်လောက်ကြာအုံးမလဲ” လူငယ်က မေးမြန်းလိုက်၏။ လူငယ်၏ အသံသည် ရွှေလို၊ သံလိုကဲ့သို့ပင် အေးစက်တင်းမာလျက် ရှိနေလေသည်။

ရထားလုံးကို မောင်းလျက်ရှိနေသည် ဦးလေးဖု ဟူသော အဘိုးအိုသည် မေးခွန်းကို ကြားသည့်အချိန်မှာတော့ အသာ ပြန်ဖြေလိုက်၏။ “နာရီဝက်လောက် ကြာပြီးရင် ရောက်ပါပြီ”

“အင်း… နောက်ဆုံးတော့ ရောက်တော့မှာပဲ” ထိုလူငယ်သည် တီးတိုးရေရွတ်လိုက်၏။ သူသည် ရွှေတောင်ပံ‌ တော်ဝင်ဖန်းကလန်၏ သခင်လေးလည်း ဖြစ်သည်။

ရီချန်နှင့် ကျောက်စိမ်းသီလ နတ်သားတော်တို့ တိုက်ခိုက်ပွဲ ပြီးသည့်အချိန်တွင် သူသည် ဘိုးဘေးနယ်မြေသို့ ပြန်သွားခဲ့၏။ ပြီးနောက် များပြားလွန်းလှသည့် လက်ဆောင်များကို ပြင်ဆင်ပြီး ဤနေရာဆီသို့ အလျင်အမြန်ဖြင့် ပြန်လာခဲ့ခြင်းဖြစ်၏။

ဤတစ်ကြိမ် သူ၏ ပစ်မှတ်သည် မွန်းစတားကလန်များ၏ ကောင်းကင်ပါရမီရှင်စာရင်းပင် ဖြစ်၏။ ထို့အပြင် လူသား မျိုးနွယ်များတွင်ပင် ဤကဲ့သို့ သတ်မှတ်ချက် ရှိသည်ဆိုလျှင် မွန်းစတားကလန်တွင် မရှိ၍ ဘယ်လိုလုပ် ဖြစ်မည်နည်း။ သူ့အနေနှင့် မွန်းစတားကလန်အားလုံး အကျိုးကျေးဇူး ရရှိရန်အတွက် ၎င်း၏ ပိုက်ဆံများကို ထုတ်ဖော်အသုံးပြုရသည်ကို စိတ်မကျေနပ်သည် ဆိုသော်လည်း ရွေးချယ်ခွင့် မရှိချေ။

ရွှေတောင်ပံ‌တော်ဝင် ဖန်းကလန် ဆိုသည်မှာ အဖွဲ့ဝင် အနည်းငယ်သာ ရှိ၏။ ရေတွက်မည်ဆိုလျှင် လက်နှစ်ဖက်ပင် မပြည့်ပေ။ ကောင်းကင်ပါရမီရှင်စာရင်းကို ထုတ်ဖော်လိုက်သည်ဆိုပါက ရွှေတောင်ပံ‌ တော်ဝင်ဖန်းကလန် တစ်ခုတည်း ထည့်သွင်းရမည် ဆိုလျှင်တောင်မှ လူစာရင်း ပြည့်လိမ့်မည် မဟုတ်ချေ။

အချိန်သည် မြန်မြန်ဆန်ဆန်ပဲ ကုန်လွန်သွားခဲ့၏။ နာရီဝက်လောက် ကြာပြီးသည့်နောက်…

ဘုန်း .....။

ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီး လေဟာနယ်ထဲတွင် ရွှေရောင်ရထားလုံးတစ်စင်းသည် အမြန်ဆုံး နှုန်းဖြင့် သွားလာလျက်ရှိ၏။ တော်ဝင်သဲကန္တာရမြို့သည် အစောကြီးကတည်းက တည်ငြိမ်လျက် ရှိနေလေ၏။

“အမ်” ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့မှာတော့ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခု ဖြစ်ပွားသည်ကို အာရုံခံမိပုံဖြင့် မျက်မှောင်ကုတ်လိုက်၏။ သူသည် ခေါင်းကို အသာမော့လိုက်သည်။

ခြစ်ခြစ်တောက် ပူလောင်လျက် ရှိနေသည့် နေလုံးကြီးကဲ့သို့ပင် ရွှေရောင်အလင်းတန်း တစ်ခုသည် အလွန်မြန်ဆန်သည့် နှုန်းထားဖြင့် ပျံသန်း လာသည်ကို မြင်ရသည့် အချိန်မှာတော့ မျက်စိစူးရှုလွန်းသောကြောင့် အားလုံးသော သူတို့သည် မျက်စိဖွင့်ရန်ပင် ခက်ခဲလျက် ရှိနေကြ၏။

ထိုကဲ့သို့သော ရောင်စဉ်ရောင်ဝါများကြားတွင် အရပ်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ်နှင့် ကြည့်ကောင်းလွန်းလှသည့် လူရိပ်တစ်ခုသည် ထိုင်လျက်ရှိနေပြီး ၎င်းသည် မြင့်မြတ်လွန်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ မိုးကောင်းကင်မှ သေမျိုးလောကဆီသို့ ဆင်းသက်လာခဲ့သည့် နတ်သားတစ်ပါးကဲ့သို့ပင်။ အလွန်အားကောင်းပြီး အကန့်အသတ်မဲ့လွန်းလှသည့် ဖိအားဒဏ်များသည် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးတွင် ပြည့်နှက်လာခဲ့ တော့၏။ အားလုံးသော သူတို့သည် ခေါင်းမော့ကာပင် မကြည့်ရှုရဲတော့ချေ။

ဘုတ် ဘုတ် ....။

ခြေသံထွက်ပေါ်လာခဲ့၏။ အလွန်မောက်မာလှသည့် ဟန်ပန်အမူအရာဖြင့် လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် လှမ်းလျှောက်လာခဲ့၏။ ထိုသူသည် ရွှေရောင်ဆံပင်များ ရှိနေပြီး ၎င်း၏ ရွှေရောင်မျက်လုံး ဆီမှလည်း အလွန် မောက်မာလှသည့် ဟိတ်ဟန်အမူအရာများ ထွက်ပေါ်လျက်ရှိ၏။

၎င်းထွက်လျှောက်လာသည် နှင့်တပြိုင်နက် အားလုံးသောသူများသည် သိမ်ငယ်သည့် စိတ်အခံများ ဖြစ်ပေါ်လာမိသည်။

ထိုသူသည် လူအုပ်ကြားကို လှမ်းကာကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ တည်ရှိနေ၏။

“ဒါ.. ရွှေတောင်ပံ တော်ဝင်ဖန်းကလန်က သခင်လေး မဟုတ်လား”

“ဟုတ်တယ်။ သူပဲ။ ရီချန်နဲ့ ကျောက်စိမ်းသီလ နတ်သားတော်တို့ တိုက်ခိုက်တဲ့အချိန်တုန်းက သူ့ကို မြင်ခဲ့ဖူးတယ်”

“ဘယ်လိုဖြစ်ပြီး မွန်းစတားကလန်က လူတွေက တော်ဝင်သဲကန္တာရမြို့ကို ရောက်လာရတာလဲ”

“တွေးနေစရာ မလိုဘူး။ ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို တွေ့ဖို့ လာခွင့်တောင်းတာ နေမှာပေါ့”

“မွန်းစတားကလန်က မွန်းစတားကလန်ပဲလေ။ သူတို့က တကယ့်ကို ယဉ်ကျေးမှု မရှိကြဘူး။ ကောင်းကင်ကတောင်မှ လှမ်းလျှောက်လာရဲတယ်လေ။ မြို့ထဲကို ခြေလျင်ဝင်ရမယ်ဆိုတာကို နားမလည်ကြဘူး”

“ကံကောင်းတာက တော်ဝင်သဲကန္တာရမြို့ရဲ့ သတ်ဖြတ်ခြင်းအစီအရင်က အသက်မသွင်းထားတာပဲ။ မဟုတ်ရင် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်ကတော့ အဖွဲ့ဝင်တစ်ယောက် လျော့တော့မှာပဲ”

ရွှေတောင်ပံ တော်ဝင်ဖန်းကလန် သခင်လေး၏ အကြည့်များသည် ဓားကဲ့သို့ ထက်ရှလွန်းလှ၏။ သူသည် အားလုံးသောများကို ဝေ့ဝိုက်ကာ ကြည့်ရှုလိုက်၏။

တစ်ချက် ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် ပြောဆိုနေကြသူ များသည် ကြက်သီးမွှေးညှင်းများပင် ထသွားခဲ့ကြ၏။ အားလုံးသောသူတို့သည် နေကဲ့သို့ ပူလောင်လှသည့် အပူရှိန်ကြီးကို ခံစားလိုက်ရပြီး ကြီးမားလှသည့် ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ပခုံးပေါ်သို့ ထမ်းတင်လိုက်ရသလိုပင် ဖိအားဒဏ်ကို ခံစားလိုက်ကြရသည်။

“ဟမ့်” ရွှေတောင်ပံ တော်ဝင်ဖန်းကလန်က သခင်လေးသည် နှာခေါင်း ရှုံ့လိုက်၏။

“ရွှေတောင်ပံ တော်ဝင်ဖန်းကလန် အကြောင်းကို ဆွေးနွေးချင်တာ ရှိလို့လား” အေးစက်စက် အသံနှင့်အတူ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်၏ သခင်လေးသည် အနားပတ်ဝန်းကျင်ရှိ လူများကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။

ဘာသံမှ မကြားရသည့်နောက် သူ၏ခြေထောက်ကို အသာမြှောက်ကာဖြင့် ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲသို့ လှမ်းလျှောက်သွားသည်။ ခန်းမ၏ အတွင်းဘက်သို့ ဝင်ရောက်ပြီးသည့်နောက် သူသည် ပျောက်ကွယ်သွားလေ၏။

“မောက်မာလိုက်တာ”

“လူသားတည်နေရာထဲကို ဒီလိုမျိုး စွမ်းအင်အသုံးပြုပြီးတော့ ကြိုက်သလို ပြုမူရဲတယ်ပေါ့။ ဒီကနေ ထွက်မသွား နိုင်မှာကို မစိုးရိမ်ဘူးလား မသိဘူး”

“အတိအကျပဲ။ ကောင်းကင်ပါရမီရှင်စာရင်းက ပါရမီရှင်တွေသာ လာမယ်ဆိုရင် ကျိန်းသေပေါက် သူ့ကို ရိုက်နှက်ကြမှာပဲ”

“ဒီလောက်မောက်မာတဲ့ လူငယ်ကို ငါတစ်ခါမှ မမြင်ဖူးဘူး။ သူ့အကြောင်းပြောတာကိုတောင်မှ လက်မခံနိုင်ဘူး။ ကောင်းကင်ပါရမီရှင်စာရင်းကလူတွေတောင် ဒီလိုမျိုး မမောက်မာကြဘူးလေ”

“ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ဒုတိယနေရာမှာရှိတဲ့ ရီချန်တောင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က တော်ဝင် သဲကန္တာရမြို့ကို လာခဲ့သေးတယ်။ သူက ဒီနေရာမှာ ရို့ရို့ကျိုးကျိုး လာသွားတာပဲ မဟုတ်လား”

“အင်း.. ခင်ဗျားပြောတာမှန်တယ်”

All Chapters