အခန်း (၁၃၀)
Vol. 9 Ch. 130
ကျောက်စိမ်းပြားနှစ်ပြားကို ပစ်ပေးပြီးသည့်နောက် လီယွင်သည် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။ “စနစ်... အပြင်ဘက်မှာ ကျောက်တိုင်တစ်ခု ဖန်တီးလိုက်တော့”
ဂျိန်း
ကျယ်လောင်လှသော မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီးသည့်နောက် သုံးဆယ့်ခြောက်ပေခန့် မြင့်မားလွန်း လှသည့် ကျောက်တိုင်ကြီးတစ်ခုသည် မြေအောက်မှ ပေါ်ပေါက်လာသည်။
“ဘာကြီးလဲ” အပြင်ဘက်တွင် ကြည့်ရှုနေသည့် လူများအားလုံးသည် ကြောင်အသွားခဲ့ကြ၏။ ၎င်းတို့သည် အသာခေါင်းလှည့်ကာ ကြည့်ရှုလိုက်ကြ၏။
“ကြည့်ရတာ နောက်ထပ် ပါရမီရှင်စာရင်းတစ်ခုနဲ့ တူတယ်” ကျောက်တိုင်၏ရှေ့တွင် ရပ်လျက် ရှိနေသည့် လူငယ်သည် သေသေချာချာ စစ်ဆေးပြီးသည့်နောက် မသေချာ မရေရာသလို ပြောလိုက်သည်။
“ဟမ်” တကိုယ်တော် ကျင့်ကြံသူများထဲမှ အဘိုးအိုသည် ရုတ်တရက် မျက်လုံးများ တောက်ပသွားခဲ့၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဖြစ်နိုင်တာက ..... ဒီအဘိုးကြီးရဲ့ အတွေးကို နန်းဆောင်သခင်က ကြားလို့ တကိုယ်တော် ကျင့်ကြံသူတွေအတွက် ပါရမီရှင်စာရင်းကို ဖန်တီးပေးတာ ဖြစ်နိုင်တယ်။ အဲလိုပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား၊ လမ်းဖယ်စမ်း၊ လမ်းဖယ်စမ်း ဒီအဘိုးကြီး ကြည့်လိုက်အုံးမယ်”
“ဟေ့ အဘိုးကြီး.... ကျုပ်ကိုမတွန်းနဲ့လေ” တစ်စုံတစ်ယောက်သည် အပြစ်တင်ပြောဆိုလိုက်သည်။
အဘိုးကြီးသည် လူကြားထဲမှာတိုးထွက်ကာဖြင့် ကျောက်တိုင်၏ ရှေ့ဆီသို့သွားပြီး သေသေချာချာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ သူ၏မျက်လုံးထဲတွင် ရှိနေသည့် စိတ်လှုပ်ရှားမှုများသည် တစ်ခါတည်း စိတ်ပျက်မှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
“အင်း မွန်းစတားကလန်တွေအတွက် ကောင်းကင်ပါရမီရှင်စာရင်းပဲ”
“မွန်းစတားကလန်မျိုးနွယ်တွေဆိုတာက တော်ဝင်သွေးမျိုးဆက်ကို မပိုင်ဆိုင်ဘူးဆိုလျှင် သူတို့အနေနဲ့ သာမန် မွန်းစတားတွေပဲ။ ဘာများထူးခြားမှာမို့လို့လဲ”
“ဟင့် ကြည့်အုံး၊ ဒီမှာ ရွှေတောင်ပံ တော်ဝင်ဖန်းကလန် ရှိတာပဲ” တစ်စုံတစ်ယောက်က ထကာပြောလိုက်၏။
“ရွှေတောင်ပံ တော်ဝင်ဖန်းကလန် မပါဘူးဆိုရင်တောင် ထူးဆန်းနေတာပဲ။ ဘာပဲပြောပြော ဆယ့်ခုနှစ် နေရာမှာရှိတဲ့ ကျင်းချန်ပဲ။ သူက စောဏလေးတင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ ဝင်သွားတာ မဟုတ်လား”
“ဖြစ်နိုင်တယ်။ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်က လူဦးရေနည်းပါးလွန်းတယ်။ ဒါကြောင့် မျိုးဆက်သစ်တွေ မွေးထုတ်ဖို့ အရမ်း ခက်ခဲလွန်းတယ်။ သူတို့ကလန်ထဲက တစ်ဦးတည်းသော စာရင်းဝင်တဲ့လူက ဒီသခင်လေးပဲ ရှိတာပဲ”
“ခုနက ငါတို့ကို လှောင်ပြောင်ပြီး ဝင်သွားတဲ့သူက ကောင်းကင်ပါရမီရှင် စာရင်းမှာ ၁၇ ယောက်မြောက် ရတယ်လား”
အားလုံးသော သူတို့သည် စိတ်ထဲတွင် အေးစက်သည့် ခံစားချက်များကို ရရှိလာခဲ့၏။
အရာအားလုံးကို ထည့်ကာမတွက်လျှင်ပင် ကျင်းချန်သည် ကြီးမားလှသည့် အောင်မြင်မှုကို ပိုင်ဆိုင်မည့်လူတစ်ယောက်မှန်း သက်သေထင်ရှား ပြသခဲ့ပြီး မဟုတ်ပါလား။ ဤကဲ့သို့သော စာရင်းတွင် ပါဝင်သူသည် အနာဂတ်၌ တော်ဝင်သူတော်စင် တစ်ယောက်ပင် ဖြစ်လာနိုင်စွမ်း ရှိနေသည်။
“ဒါနဲ့.. ရွှေရောင်ကျီးကန်းကလန်ကို သတိပြုမိလား” တစ်စုံတစ်ယောက်သည် ဝင်ကာပြောဆိုလိုက်၏။ ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ လူပေါင်းများစွာတို့သည် စာရင်းကို ဝင်ကာ ကြည့်ရှုလိုက်၏။ ချက်ချင်းပဲ အားလုံးတို့သည် အကြီးအကျယ်ဖြင့် ပြောဆို ဆွေးနွေးလျက်ရှိနေ၏။
“စာရင်းထဲမှာ သုံးယောက်တောင်ပါတာပဲ”
“ရွှေရောင်ကျီးကန်းကလန်ရဲ့ အကြီးဆုံးက တတိယနေရာမှာ ရှိတယ်၊ ဒုတိယမင်းသားကတော့ ဆယ့်ရှစ်ယောက်မြောက်မှာ။ တတိယမင်းသားကတော့ ခုနှစ်ခြောက်ယောက်မြောက်မှာ။ ဒါကောင်းကင်က ငြင်းပယ်ရလောက်တဲ့ ကလန်ပဲ”
“ရွှေရောင်ကျီးကန်းကလန်ကတော့ အတိတ်က အောင်မြင်မှုတွေ ပြန်ယူတော့မယ်နဲ့တူတယ်”
“ရွှေရောင်ကျီးကန်းကလန်က မွန်းစတားကလန်တွေကြားထဲမှာ တကယ့်ကို တော်ဝင်မိသားစုပဲလေ။ အနာဂတ်မှာ မွန်းစတားအင်ပါယာ ဖြစ်လာပြီဆိုလို့ရှိရင် မွန်းစတားကလန်ကြီးတစ်ခုလုံးကို ပြန်လည် ပေါင်းစုဖို့ ကြိုးစားလိမ့်မယ်။ ဒါဆိုလို့ရှိရင် လူသားမျိုးနွယ်တွေအနေနဲ့ ခက်ခဲမှုကို ရင်ဆိုင်ရမှာသေချာတယ်”
လက်ရှိအခြေအနေမှာတော့ လူပေါင်းများစွာတို့သည် မျက်မှောင်ကုပ်ကာဖြင့် စဉ်းစားလျက်ရှိနေကြ၏။ ရှိရှိသမျှသော လူပေါင်းအားလုံးတို့သည် ထိုအကြောင်းအရာကို တွေးတောပြီးသားဖြစ်၏။
မူလအားဖြင့် မွန်းစတားကလန်များသည် လူသားမျိုးနွယ်များနှင့် ယှဉ်ပြိုင်နိုင်မည့်လူများ မဟုတ်ကြချေ။ သို့ပေမဲ့ မွန်းစတားကလန်များ ပူးပေါင်းကာ တိုက်ခိုက်မည်ဆိုလျှင်တော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ကျင့်ကြံသူ အရေအတွက်ကို ရရှိကြမှာ သေချာသည်။
လူသားမျိုးနွယ်များသည် တစ်ကယ့်ကို ကြိုးစားကာ ခုခံသည် ဆိုလျှင်တောင်မှ များပြားလှသည့် မွန်းစတားကလန်များ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ နှစ်ဘက်သား စစ်ဖြစ်ပွားသည် ဆိုသည်နှင့် ကျိန်းသေပေါက် ခန့်မန်း၍မရအောင် ဆိုးဝါးလှသည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
“အဆင့် (၁၇) မှာရှိတာ”
ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းမှာတော့ ကျင်းချန်သည် သူ၏ နတ်ဘုရားအာရုံကို ပြန်လည်ရုပ်သိမ်းပြီးနောက် စိတ်သက်သာရသလို သက်ပြင်းချလိုက်၏။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤအဆင့်နှင့်ပတ်သက်၍ သူသည် အလုံးစုံ စိတ်ကျေနပ်မှုတော့ မရှိချေ။ သူ၏ မျှော်လင့်ချက်အရဆိုလျှင် အနည်းဆုံး ထိပ်ဆုံးဆယ်ယောက် စာရင်းတွင် ပါဝင်သင့်၏။ ထိပ်ဆုံး ဆယ်ယောက်စာရင်းတွင် မပါဝင်သည်ဆိုပါက ဘိုးဘေးများ၏ ဂုဏ်ကျက်သရေကို ကျဆင်းအောင် ပြုလုပ်မိသည်နှင့် ဆင်တူပေလိမ့်မည်။
သို့ပေမဲ့ သူ ရွှေရောင်ကျီးကန်းကလန်၏ ဒုတိယမင်းသားနှင့် တိုက်ခိုက်ခဲ့သည် ဖြစ်ကြောင်းကို ဘယ်သူမှ မသိရှိချေ။ ယခု နန်းဆောင်သခင်က သိရှိလို့နေခဲ့၏။ ကောင်းကင်ပါရမီရှင်၏ စာရင်းကို ပြသသည့်နေရာတွင် ဒုတိယမင်းသားနှင့် တိုက်ခိုက်၍ သရေကျသည့် အကြောင်းကိုပါ ပါဝင်လျက်ရှိနေ၏။
ထို့ကြောင့် ကျင်းချန်သည် အံ့အားတသင့် ဖြစ်လို့နေခဲ့၏။ ထို့ပြင် တစ်ဖက်လူသည် သူ၏အောက်တွင် တည်နေရာ ချထားခြင်းကိုခံရသည်။ သူတို့သည် သရေသာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်၏။ အဘယ့်ကြောင့် သရေပွဲ ဖြစ်ထားသည့် လူနှစ်ယောက်သည် အထက်အောက် တည်ရှိနေရသနည်း။
“ကြည့်ရတာ ငါ့ရဲ့ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်ဖို့အတွက် တိုက်ခိုက်ဖို့ လိုမယ်နဲ့တူတယ်” ကျင်းချန်သည် မျက်လုံးကို အသာဖွင့်လိုက်၏။ ရွှေရောင်အလင်းတန်းများသည် သူ၏မျက်လုံးထဲတွင် တောက်ပလျက် ရှိနေ၏။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ အသာဦးညွတ်ကာ ပြောလိုက်၏။
“မွန်းစတားကလန်တွေရဲ့ ကောင်းကင်ပါရမီရှင်စာရင်းကို ဖန်တီးပေးတဲ့အတွက် နန်းဆောင်သခင်ကို ကျေးဇူး အများကြီးတင်ပါတယ်။ ဒါကတော့ ကျုပ်အတွက် လေးစားသမှုပါပဲ။ ကျေးဇူးပြုပြီး လက်ခံပေးဖို့ မျှော်လင့်ပါတယ်”
“ဟမ်” လီယွင်သည် ကျင်းချန်ကို နက်နဲလှသည့်အဓိပ္ပါယ်ဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်လာပြီးသည့်နောက် ဤလူငယ်ရွှေရောင်ဖန်းလေးသည် သာမန် ထက်ပိုသည့် ပါရမီကို ပိုင်ဆိုင်သည်ဖြစ်ကြောင်း လီယွင်က သိရှိခံစားမိပြီးသား ဖြစ်သည်။
စိတ်ဝိညာဉ် ဆေးပင်ကို လက်ခံပြီးသည့်နောက် လီယွင်သည် နှစ်သိမ့်လိုက်၏။
“ဒီစာရင်းက ခဏတာပဲလေ၊ လက်ရှိကို ကိုယ်စားပြုတာဖြစ်ပြီး အနာဂတ်ကို ကိုယ်စားပြုတာမဟုတ်ဘူး။ မင်းအနေနဲ့ ကျင့်ကြံခြင်းကို ကြိုးကြိုးစားစား ပြုလုပ်မယ်ဆိုရင် တစ်ဖက်လူတွေကို လိုက်မှီနိုင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်”
“အခုလိုမျိုး ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ” ကျင်းချန်သည် ပျော်ရွှင်သွားမိသည်။
ကောင်းကင်၏လျှို့ ဝှက်ချက်များကိုပင် တွက်ချက်နိုင်စွမ်း ရှိနေသည့် ဆန်းကြယ်လွန်းလှသည့် နန်းဆောင် သခင်သည် သူ့အား ပါရမီရှိပြီး တစ်ဖက်လူများကို လိုက်မှီနိုင်သည်ဟု ပြောဆိုခဲ့သည်မဟုတ်ပါလား။ ထို့ကြောင့် သူ့၌ တောက်ပသည့် အနာဂတ်ရှိသည်ဟု ဆိုလိုခြင်းပင်။
မတ်တပ်ထရပ်ပြီးသည့်နောက် ကျင်းချန်သည် အပြင်ဘက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် သူသည် လက်သီးကိုဆုပ်ကာဖြင့် ယဉ်ယဉ်ကျေးကျေး ပြောလိုက်၏။ “နောက်ကျနေပါပြီ။ အရင်ဆုံး သွားလိုက်ပါအုံးမယ်”
“အင်း” လီယွင်သည် အသာ ခေါင်းညိတ်ပြလိုက်သည်။