← Chapters

အခန်း (၁၃၃)

Vol. 9 Ch. 133

အခန်း (၁၃၃)

Vol. 9 Ch. 133

“ဟမ်”

အသံကြားရသည့်အချိန်မှာတော့ တိုက်ခိုက်ရန် ရည်ရွယ်လျက်ရှိသည့် နှစ်ယောက်လုံးသည် ၎င်းတို့၏ ဆန်းကြယ်လှသော သိုင်းနည်းစနစ်များကို ထုတ်ဖော်နေရာမှ ပြန်လည်ရုတ်သိမ်းလိုက်၏။

ဤအသံသည် တကယ့်ကို ဂုဏ်သိက္ခာကြီးမားလွန်းလှသည့် နန်းဆောင်သခင်၏ အသံပင်ဖြစ်သည်။

ကျင်းချန်၏ နှလုံးသားတစ်ခုလုံးသည် စိုးရွံ့သွားမိ၏။ သူသည် တိုင်ချုးနတ်သားတော်ကို လှမ်းကြည့်ကာဖြင့် နှမျောတသ ဖြစ်လို့နေ၏။ တကယ့်ကို ထိုက်တန်လှသည့် ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်တွေ့ခဲ့ရ၏။ သို့ပေမဲ့ တိုက်ခိုက်ရန် လွှဲချော်ခဲ့ပြီဖြစ်၏။ နန်းဆောင်သခင်သည် ထိုကဲ့သို့ ပြောသည်ဆိုမှတော့ သူ့အနေနှင့် ရွေးချယ်ခွင့် မရှိဘဲ လက်လျော့ အရှုံးပေးရပေလိမ့်မည်။

“အင်း… မြို့ရဲ့အပြင်ဘက်ကို သွားပြီး တိုက်ခိုက်ရဲလား”

ကျင်းချန်၏ အကြည့်များသည် တကယ့်ကို တိုက်ခိုက်လိုစိတ် ပြည့်ဝလျက်ရှိ၏။ သူ၏ တိုက်ခိုက်လိုခြင်း ဆန္ဒများသည် ကောင်းကင်ယံသို့ပင် ရောက်ရှိလျက် ရှိနေ၏။

“ဘာလို့ မလုပ်ရဲရမှာလဲ”

တိုင်ချူးနတ်သားတော်သည် ချက်ချင်းဆိုသလိုပဲ ယုံကြည်ချက်ရှိရှိ ပြန်ပြောလိုက်၏။ လူသားပါရမီရှင်တစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် တစ်ဖက်လူထက် မည်သို့မှ အားမနည်းဟု သုံးသပ်နိုင်၏။ ထို့အပြင် အားနည်းသူတစ်ယောက်ဆိုလျှင် ကောင်းကင်ပါရမီရှင်စာရင်းတွင် အဘယ်သို့ ပါဝင်နိုင်မည်နည်း။

“ကောင်းပြီ” ကျင်းချန်၏ ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက်ရှိ၏။ ရွှေရောင်အလင်းများသည် တဖြတ်ဖြတ်နှင့် တောက်ပလျက် ရှိနေ၏။ သူသည် မြို့၏အပြင်ဘက်သို့ အသာလှမ်းကာ ပျံသန်းသွားခဲ့၏။

တိုင်ချူးနတ်သားတော်သည်လည်း ၎င်း၏ ရွှေရောင်နတ်ဘုရားလူဝံကြီး၏ နောက်ကျောပေါ်သို့ အသာလှမ်းတက် လိုက်ပြီးသည့်နောက် တစ်ဖက်လူ၏နောက်သို့ နီးနီးကပ်ကပ် လိုက်ပါသွားခဲ့သည်။

၎င်းတို့နှစ်ယောက် ထွက်ခွာ သွားသည်နှင့်တပြိုင်နက် တော်ဝင်သဲကန္တာရမြို့ထဲတွင် ရှိနေသော လူပေါင်းများစွာတို့၏ အမူအရာများသည် စိတ်ဝင်တစားနှင့် ဖြစ်လို့လာခဲ့သည်။ ဤအရာသည် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုသာလျှင်ဖြစ်၏။ သူတို့၏ မျှော်မှန်းချက်များသည်သာ မှန်ကန်သည်ဆိုပါက ဤတိုက်ပွဲသည် တကယ့်ကို သမိုင်းတလျှောက် ကောင်းမွန်လွန်းလှသည့် တိုက်ပွဲကြီး ဖြစ်လာတော့မှာ သေချာ၏။ ပါရမီရှင်နှစ်ယောက်တို့၏ တိုက်ခိုက်မှုဆိုသည်မှာ တကယ်ပင် ကြည့်ကောင်းလွန်းလှ ပေလိမ့်မည်။

တစ်ယောက်သည် အနာဂတ်တိုင်ချူးနတ်အရှင် ဖြစ်လာမည့်လူတစ်ယောက်ဖြစ်ပြီး တခြားတစ်ယောက်မှာတော့ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမည့်လူ ဖြစ်သည်။ ၎င်းတို့၏ ငယ်ရွယ်စဉ်က ရရှိခဲ့သည့် အောင်မြင်မှုများသည် အနာဂတ်တွင် ပြောမဆုံးပေါင် တောသုံးထောင်ကဲ့သို့ ပြောဆိုရမည့် အရာမျိုး ဖြစ်လာပေလိမ့်မည်။

“တိုက်ပွဲကို လွှဲချော်လို့ မဖြစ်ဘူး” တစ်စုံတစ်ယောက်က ထအော်လိုက်မိ၏။

“အတိအကျပဲကွ” တခြားသောတစ်ယောက်က ထပ်မံကာ ပြောဆိုလိုက်သည်။

ဆွစ် ဆွစ်

လေခွင်းသည့် အသံများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံတွင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့၏။ ၎င်းတို့သည် ပါရမီရှင်နှစ်ယောက် ထွက်ခွာသွားခဲ့သည့် တည်နေရာဆီသို့ ဦးတည်ကာ ပျံသန်းသွားခဲ့ကြ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းမှာတော့ လီယွင်သည် တစ်ဖက်လူနှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီး စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ သတ်ဖြတ်ခြင်းအစီအရင်၏ မတော်တဆမှု ဖြစ်ပွားခဲ့ပြီးသည့်နောက်ပိုင်း သူသည် တော်ဝင်သဲကန္တာရမြို့၌ နောက်ထပ် ဘေးအန္တရာယ်တစ်ခုခု ဖြစ်ပွားလာသည်ကို မမြင်ချင်တော့ပေ။

ဤလူငယ်နှစ်ယောက်သည် ပါရမီရှင်လူငယ်များ ဖြစ်သည်ဆိုလျှင်တောင်မှ ၎င်းတို့၏ အားအင်အဆင့်များသည် လျော့တွက်၍ရသည့်အရာမျိုး မဟုတ်ချေ။ အဓိက တိုက်ပွဲကြီးအဖြစ် ဤနေရာတွင် ဖြစ်တည်သည်ဆိုပါက တော်ဝင် သဲကန္တာရမြို့ကြီး တစ်ခုလုံးသည် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိသွားနိုင်၏။

နတ်အဆင့် သတ်ဖြတ်ခြင်း အစီအရင်၏ ကာကွယ်ပေးမှု ရှိနေသည် ဆိုလျှင်တောင်မှ မြို့တော်ဝန်သည် ထိုအရာကို အသက်သွင်းရဲလိမ့်မည် မဟုတ်ချေ။ လီယွင်အနေနှင့် ထိုကဲ့သို့သော လူနှစ်ယောက် တိုက်ခိုက်မှုကြောင့် မြို့ကြီး ဖျက်ဆီးခံလိုက်ရသည်ကို နှမျောတသ ကြည့်ရှုနေရသည်ထက် ဤကဲ့သို့ မောင်းထုတ်လိုက်ခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်မိသည်။

“စီနီယာ… စီနီယာရဲ့ အထင်အရဆိုရင် ဒီနှစ်ယောက်ထဲမှာ ဘယ်သူက အားကောင်းလဲ” ပိုင်ချမ်းဟန်က မေးမြန်းလိုက်၏။

“အမ်”

လီယွင်သည် တစ်ဖက်လူကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူသည် ထိုမေးခွန်းကို တိုက်ရိုက်ဆိုသလိုပဲ မဖြေဆိုခဲ့ချေ။ ထိုအစား ပိုင်ချမ်းဟန်ရှေ့သို့ လက်ဝါးဖြန့်လိုက်သည်။

“ဟမ်” ပိုင်ချမ်းဟန်၏ အမူအရာသည် အေးခဲသွားခဲ့၏။

လီယွင်သည် ဘာတစ်ခုမှ မပြောဘဲ အသာရယ်မောလိုက်သည်။ တိုက်ပွဲ၏ ရလဒ်ကို ပြောဆိုခြင်းဆိုသည်မှာ အချိန်ဖြုန်းခြင်းနှင့်ပင် ဆင်တူလှ၏။ အဘယ်ကြောင့်ဆိုသော် ရလဒ်သည် မကြာခင် နာရီအနည်းငယ်အတွင်း ပေါ်ပေါက်လာတော့မည် မဟုတ်ပါလား။

“ဟား ဟား ဟား ဟား”

ပိုင်ချမ်းဟန်က ရယ်မောလိုက်၏။ သူသည် ဘာတစ်ခုမှ ထပ်မပြောဆိုတော့ချေ။ သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာဖြင့် ပါရမီရှင်နှစ်ယောက်တို့၏ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုနေမိသည်။ သို့ပေမဲ့ တစ်ဖက်လူများသည် ခပ်ဝေးဝေး တည်နေရာဆီသို့ ရွေ့လျားသွားခဲ့၏။

လီယွင်၏ အမူအရာသည်လည်း ပြောင်းလဲသွားခဲ့၏။ သူ၏ လက်ရှိအဆင့်ဖြစ်သော နတ်အဆင့် စဦး ကျင့်ကြံခြင်းအဆင့်ဖြင့် သူသည် အချင်းဝက် မိုင်ပေါင်းတစ်ထောင်လောက်ကို ဖုံးလွှမ်းကာ ကြည့်ရှုနိုင်စွမ်းရှိ၏။ ထိုထက်ဝေးကွာသည့် အရာများကို မကြည့်ရှုနိုင်ချေ။

“ဒီနှစ်ယောက်က တကယ့်ကို လွန်လွန်းတာပဲ။ မိုင်ငါးရာလောက် သွားပြီး တိုက်ခိုက်လည်း လုံလောက်နေပါပြီ။ ဘယ်လိုဖြစ်ပြီး မိုင်တစ်ထောင်ကျော်ထိ သွားပြီး တိုက်ခိုက်နေရတာလဲ”

လီယွင်၏ အမူအရာသည် ပျက်ယွင်းသွား ခဲ့တော့၏။ သူသည် တီးတိုးပြောဆိုလိုက်၏။ “စနစ်… ငါ့ကို သူတော်စင်အဆင့်ထိ အဆင့်မြှင့်ပေးတော့”

[ဒင်… ကောင်းကင်လျှို့ဝှက်အမှတ် နှစ်သိန်းခြောက်သောင်းကို အသုံးပြုခဲ့၏။ လက်ခံသူ၏ ကျင့်ကြံခြင်း အဆင့်သည် သူတော်စင်စဦးအဆင့်သို့ ရောက်ရှိသွားခဲ့သည်]

စနစ်၏ အသံထွက်ပေါ်လာချင်းမှာပဲ လီယွင်၏ ကျင့်ကြံခြင်းအဆင့်သည် တရှိန်ထိုး တိုးတက်သွားခဲ့၏။ သူ၏ နတ်ဘုရားအာရုံများသည် ဒီရေလှိုင်းကဲ့သို့ တိုးပွားလျက် ရှိနေပြီး မိုင်တစ်ထောင်အကွာအဝေးအကျော်တွင် ရှိနေသည့် တည်နေရာကြီး တစ်ခုလုံးကို ဖုံးလွှမ်းကာ ကြည့်ရှုနိုင်၏။ ထိုတည်နေရာထဲတွင် ရှိနေသည့် အရာအားလုံး တို့သည် ပုံရိပ်ယောင်ကဲ့သို့ပင် သူ၏အသိစိတ် ပင်လယ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။

နတ်အဆင့် စဦးအဆင့်ဆီမှသည် သူတော်စင်အဆင့်ဆီသို့ ခုန်တက်သွားခြင်းအတွက် ကောင်းကင်လျှို့ဝှက်အမှတ် များတော့ ကုန်ဆုံးလျက် ရှိနေ၏။ လီယွင်သည် သူစုဆောင်းထားခဲ့သည့် ကောင်းကင်လျှို့ဝှက်အမှတ် သုံးသိန်း ငါးသောင်းအထဲမှ ထက်ဝက်ကျော်ထိကို အသုံးပြုခဲ့ရသည်။

“ဒီနှစ်ယောက် တိုက်ပွဲကို ကြည့်ရှုဖို့အတွက် ငါ့ရဲ့အားအင်အဆင့်ကို မြှင့်တင်လိုက်ရတယ်။ အင်း.. သောက်ကျိုးနည်း တမျိုးကြီး ပါလား” လီယွင်သည် အမှတ်မထင်နှင့် သက်ပြင်းချလိုက်မိ၏။

……….

တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက် မိုင်တစ်ထောင် အကွာအဝေး အတွင်းတွင်တော့ ….

ကျယ်ပြောလွန်းလှသည့် ကောင်းကင်ကြီးတစ်ခုတွင် ကျင့်ကြံသူများသည် စုဝေးရောက်ရှိနေ၏။ ၎င်းတို့သည် မိုင်တစ်ရာ အကွာအဝေးတွင် ရှိနေသည့် လူနှစ်ယောက်ဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။ ယနေ့ တိုက်ပွဲသည် အားလုံးသောသူတို့၏ အာရုံကို ဆွဲဆောင်နေသည်။

လက်ရှိ အခြေအနေတွင် တချို့သည် ကျောက်စိမ်းပြားများကို အစောကြီးကတည်းက ထုတ်ယူနှင့်ပြီးသား ဖြစ်သည်။ သူတို့သည် ဤတိုက်ပွဲကို‌ သေသေချာချာ မှတ်တမ်းတင်ကာဖြင့် တခြားပါရမီရှင်များကို ရောင်းချရန် ရည်ရွယ်နေကြခြင်းပင်။ တန်ဖိုးဖြတ်မရနိုင်သည့် တိုက်ခိုက်မှု၊ တိုက်ခိုက်ကွက်များ အားလုံးကို ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်ပါရမီရှင်စာရင်းတွင် ရှိနေသည့် တခြားသော ပါရမီရှင်များသည် ကျိန်းသေ‌ပေါက် စိတ်ဝင်စားမှာ သေချာ၏။

ဆိုရိုးစကားတစ်ခုရှိသည်။ မိမိကိုယ်ကို သိရှိရမည်။ ထိုအတူ ရန်သူကိုလည်း သိရှိရမည်။ ထိုမှသာလျှင် မရှုံးနိမ့်မှာ ဖြစ်၏။ မည်သူကသည် မိမိပြိုင်ဘက်၏ အခြေအနေကို သိရှိနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခံ မည်နည်း။

တိုက်ခိုက်ရေးတည်နေရာအတွင်းမှာတော့ နေအလင်းရောင်သည် စူးရှစွာဖြင့် ကျဆင်းလျက် ရှိနေ၏။ ကျင်းချန်သည် ရွှေရောင်အလင်းတန်းများ တလက်လက် တောက်ပကာဖြင့် ရပ်တန့်နေ၏။ ၎င်း၏ မျက်လုံးများ၌ စူးရှသည့် အလင်းတန်းများ ထွက်ပေါ်လျက်ရှိနေပြီး ကြည့်ရှုနေသူများ၏ ဝိညာဉ်ကို ဝါးမျိုလုမတတ်ပင်။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ပင်လယ်တစ်ခုကဲ့သို့ပင် အပြင်ဘက်သို့ ပျံ့နှံ့ထွက်ပေါ်လျက်ရှိ၏။

ဒွီး

မဲနက်လျက်ရှိသော ကြီးမားလွန်းသည့် ပုဆိန်ကြီးက ထွက်ပေါ်လာခဲ့၏။ ထိုပုဆိန်ကြီးကို ပခုံးပေါ်သို့ ထမ်းတင်ပြီးသည့်နောက် ကျင်းချန်သည် ငရဲပြည်မှ လှမ်းလျှောက်ထွက်လာခဲ့သည် နတ်ဆိုးသားရဲကြီး တစ်ကောင်ကဲ့သို့ပင်။

တခြားတစ်ဖက်မှာတော့ တိုင်ချုးနတ်သားတော်သည် တည်တည်ငြိမ်ငြိမ် ရပ်တန်လျက်ရှိသည်။ သူသည် တောင်ကြီးတစ်ခုအလား မရွေ့လျားခဲ့ချေ။ လေဟာနယ်ထဲတွင် မတ်မတ်ရပ်ပြီးနောက် သူ၏ရှည်လျားလှသော ဆံနွယ်များသည် လေထဲလွင့်မျောလျက် ရှိနေ၏။ ဝတ်စုံသည် တဝူးဝူးနှင့် လှုပ်ခါလျက်ရှိပြီး သူ၏ခေါင်းထက်တွင် ခရမ်းရောင် ရှေးနန်းတော်တစ်ခုက ပေါ်ပေါက် လာခဲ့၏။ ထိုအရာဆီမှ ဆန်းကြယ်လွန်းလှသော အလင်းတန်းများ ထုတ်လွှတ်လျက် ရှိနေ၏။ ထိပ်တိုက် မတိုက်ခိုက် ရသေးခင်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းလှသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိနေပြီဖြစ်၏။ ထိုကဲ့သို့သော အော်ရာများသည် ကြည့်ရှုသူများ အားလုံးကို အရိုးကွဲလုမတတ် အေးစိမ့်မှုကို ခံစားရစေခဲ့၏။

ခရက် ခရက် ခရက်

အောက်ဘက်တွင် ရှိနေသည့် ရှေးသစ်ပင်အိုများ အားလုံးသည် လိမ်ကျစ်လာခဲ့ပြီးသည့်နောက် မမြင်ရသည့် သတ်ဖြတ်လိုခြင်းဆန္ဒများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ မြေပြင်တစ်ခုလုံးသည် စတင်ကာ အက်ကွဲလာခဲ့သည်။

ဘုန်း

နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာပြီးသည့်နောက် တည်နေရာ၏ ခပ်လှမ်းလှမ်းတွင် ရှိနေသည့် တောင်ငယ်လေးတစ်ခုသည် ပြိုကျသွားခဲ့၏။ လေထဲတွင် ဖုန်များ အလိပ်လိပ် ဖြစ်တည်လျက် ရှိနေပြီး ကျောက်မှုန် ကျောက်မွှားများ လွင့်စင်လျက် ရှိနေလေ၏။

ဤကဲ့သို့သော မြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ လူပေါင်းများစွာတို့သည် ထိတ်လန့်စွာဖြင့် တံတွေးပင် မျိုချမိကြ၏။ တောင်များ ပြိုကျပြီးသည့်နောက် များပြားလှသည့် ငှက်များ၊ သားရဲများတို့သည် တွေ့ရာ တည်နေရာဆီသို့ ပြေးလွှားနေသောကြောင့် ရုန့်ရင်းဆန်ခတ်နှင့် ရှုပ်ထွေးကုန်သည်။

“နောက်ထပ် လက်ရည်ညီတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာတော့မှာလား” တစ်စုံတစ်ယောက်သည် လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်၏။

ဤတိုက်ပွဲသည် ဖန်းနီရှန်နှင့် ရောင်စဉ်အလင်းနတ်သားတော်တို့၏ကြား တိုက်ပွဲကိုပင် ပြန်လည်ကာ သတိရစေ တော့၏။ ဤနှစ်ယောက်သည် တူညီသည့်အဆင့်တွင် တည်ရှိသည် မဟုတ်လျှင်တောင်မှ တကယ့်ကို ကြမ်းတမ်း လှသည့် တိုက်ပွဲအော်ရာများကို ထုတ်ဖော်ခဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့၏ အားအင်အဆင့်သည် လက်ရည်ညီ နိုင်လောက်သည်။

All Chapters