← Chapters

တောအုပ်ထဲမှတိုက်ပွဲ

Vol. 11 Ch. 150

တောအုပ်ထဲမှတိုက်ပွဲ

Vol. 11 Ch. 150

အခန်း (၁၅၀) တောအုပ်ထဲမှတိုက်ပွဲ

ကျန်းလန်နှင့် လုန်ယွိ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီး တည်ရှိရာ တောင်ထိပ်မှ လမ်းလျှောက်ဆင်းသက်လာကြသည်။

ကျန်းလန်က လုန်ယွိကို လှမ်းကြည့်လိုက်သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်သူ လုန်ယွိက ကျောက်စိမ်းရေကန်သို့ ပြန်ရမည် ဖြစ်လေသည်။

သူမအနေဖြင့် ကျောက်စိမ်းရေကန်မှ ထွက်ခွာလာသည်မှာ အချိန်အနည်းငယ် ကြာမြင့်နေပြီ ဖြစ်လေရာ ယနေ့တော့ ပြန်ရန် အချိန်တန်ပြီ ဖြစ်သည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ... ကျောက်စိမ်းရေကန်ကို ပြန်မှာလား…"

ကျန်းလန်၏ မေးခွန်းကို လုန်ယွိက ခေါင်းညိတ်အဖြေပေးလိုက်သည်။

ထို့နောက် သူတို့ (၂)ယောက်လုံး ခြေလှမ်းများကို ရပ်တန့်လိုက်ကြလေ၏။

ကျန်းလန် စကားထပ်မဆိုနိုင်ခင်မှာပင် လုန်ယွိက စိမ်းပြာရောင်ပုတီးစေ့လေးတစ်ခုကို ထုတ်ယူပြီး ကျန်းလန်ထံ ကမ်းပေးလိုက်သည်။

သူမက ခေါင်းငုံ့လိုက်ရင်း…

"ဒါလေးကို ရှင့်ကိုပဲ ပြန်ပေးလိုက်တော့မယ်...."

စိမ်းပြာရောင် ပုတီးစေ့လေး…။

ထိုပုတီးစေ့လေးနှင့် ရင်းနှီးနေသလို ကျန်းလန် ခံစားလိုက်ရသည်။

ကျန်းလန်က သူမပေးသည့် ပုတီးစေ့လေးကို လှမ်းယူလိုက်သည့်အခါ လုန်ယွိက ကျန်းလန်ကို မော့ကြည့်လိုက်သည်။

ကျန်းလန်ကလည်း လုန်ယွိကို ကြည့်နေလေရာ အကြည့်ချင်းဆုံသွားလေသည်။

လုန်ယွိ၏ မျက်ဝန်းများထဲတွင် ချက်ချင်းပင် စိတ်ရှုတ်ထွေးမှုများထင်ဟပ်လာပြီး ကျန်းလန်ထံမှ ချက်ချင်း အကြည့်ပြန်လွှဲလိုက်သည်။

"ကျွန်မ ပြန်တော့မယ်…"

ထို့နောက် လုန်ယွိ ဓားကို စီးနှင်ကာ ကျန်းလန်အနားမှ အလျှင်အမြန် ထွက်ခွာသွားလေတော့သည်။

ကျန်းလန်မှာ သူမကို တားဆီးချိန်ပင် မရလိုက်ပေ။

ဓားကိုစီးနှင်ကာ ပျံသန်းထွက်ခွာသွားသည့် အလှဧကရီလေးကိုသာ ကျန်းလန် တအံ့တသြဖြင့် ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့သည်။

လုန်ယွိက နူးညံ့စွာဖြင့် ခေါင်းကို ငုံ့လိုက်သည့်အခါ လေနုအေးများကြား ရှက်သွေးဖြာနေသည့် ကြာပန်းလေးနှင့် သဏ္ဍန်တူသည်ဟု ကျန်းလန်တွေးလိုက်မိသည်။

ထို့နောက် လုန်ယွိပေးသွားသည့် ပုတီးစေ့လေးကို ငုံ့ကြည့်လိုက်ရင်း…

"ဘာလို့ ဒီပစ္စည်းလေးကို ငါ့ကို ပေးသွားရတာလဲ…"

အံ့အားသင့်စွာဖြင့်ပင် တွေးတောရင်း ကျန်းလန် ပုတီးစေ့လေးကို လေ့လာကြည့်လိုက်သည်။

ထို့နောက် ချက်ချင်းပင် သဘောပေါက်သွားပြီး လုန်ယွိက သူ့ကို ပုတီးစေ့လေး ပြန်ပေးသည်ကို အံ့သြခြင်း မဖြစ်မိတော့ပေ။

ပုတီးစေ့လေးမှာ ယခင်က သူ့ထံမှ ရှောင်ယွိ တောင်းယူသွားသည့် "ဂိုဏ်းတူအစ်မလုန်ယွိ ရေချိုးနေသည့်မြင်ကွင်း" ကို မှတ်တမ်းတင်ထားသည့် မှော်ဝင်ပစ္စည်းလေး ဖြစ်လေသည်။

ကျန်းလန် ပုတီးစေ့လေးကို သေသေချာချာ သိမ်းဆည်းထားလိုက်သည်။

ပထမဆုံးအကြိမ် ပုတီးစေ့လေးကို ရရှိခြင်းနှင့် ယခု ပုတီးစေ့လေးကို ပြန်လည်ရရှိခြင်းက အခြေအနေမတူပေ။

ယခုအချိန်တွင် ပုတီးစေ့လေးက သာမန်ပုတီးစေ့လေးတစ်ခု မဟုတ်တော့ပေ။ သူနှင့်စေ့စပ်ထားသူမိန်းမပျို ရေချိုးနေသည့် မြင်ကွင်းကို မှတ်တမ်းတင်ထားသည့် ပုတီးစေ့လေး ဖြစ်နေခဲ့ပြီ ဖြစ်၏။

ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည့် လုန်ယွိ၏ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ကျန်းလန် ငေးကြည့်နေခဲ့သည်။

ပြီးမ နဝမတောင်ထွတ်သို့ လမ်းလျှောက်ပြန်လာခဲ့လေသည်။

ညဘက်လမ်းလျှောက်ရသည်က သူ့ကို နိုးနိုးကြားကြား ရှိနေစေသလို တွေးတောစရာရှိသည်များကိုလည်း အေးအေးဆေးဆေး တွေးတောနိုင်ပေသည်။

အရင်အချိန်များတုန်းက လုန်ယွိကို အေးစက်ပြီး မာနကြီးသူတစ်ယောက်ဟု ကျန်းလန် ထင်ခဲ့မိသည်။ ထို့ကြောင့် သူနှင့် စေ့စပ်ရမည်ဆိုသောအခါ လုန်ယွိအနေဖြင့် သူ့ကို အထင်သေးမည်လားဟု တွေးခဲ့မိသည်။

သို့သော် တကယ်တမ်းတွင် ထိုသို့ မဟုတ်ခဲ့ပေ။

လုန်ယွိက မင်္ဂလာပွဲကို လက်ခံခဲ့သည့်အပြင် သူ့ကိုလည်း မုန်းတီးအထင်သေးခြင်း မရှိခဲ့ပေ။

ယခု လုန်ယွိက သူ့ထံမှ ယူသွားခဲ့သည့် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးကို ပြန်ပေးသွားခဲ့သည်။

ဤသည်က သူတို့ (၂)ယောက်၏  ဆက်ဆံရေး ပိုမိုတိုးတက်လာစေချင်သည့် အဓိပ္ပါယ်ဖြစ်ကြောင်း ကျန်းလန် နားလည်လိုက်သည်။

လုန်ယွိဘက်မှ ထိုသို့သောသဘောထားရှိမည်ဆိုလျှင် သူ့အနေဖြင့် စေ့စပ်ပွဲကို ဖျက်သိမ်းရန် အခွင့်အရေးရခဲ့လျှင်ပင် ကျန်းလန်အနေဖြင့် ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။

လက်ရှိတွင်တော့ သူ နဝမတောင်ထွတ်သို့ပြန်ပြီး မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့်ရောက်အောင် တံခါးပိတ်ကျင့်ကြံရမည် ဖြစ်သည်။

ထို့နောက် အင်တော်တယ်အဖြစ် အဆင့်တက်ရောက်နိုင်ရန် ပြင်ပသို့ ထွက်ခွာပြီး အခွင့်အရေး ရှာဖွေရပေမည်။

ကျန်းလန်က ထုံးစံအတိုင်းပင် ဖြတ်လမ်းကို အသုံးပြုကာ နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။ ဖြတ်လမ်းက တောအုပ်တစ်ခုကို ဖြတ်သန်းရလေသည်။

တောအုပ်ကို ဖြတ်သန်းလမ်းလျှောက်လာစဉ် တစ်စုံတစ်ခု လွဲချောနေကြောင်း ကျန်းလန် ခံစားလိုက်ရသည်။

ကျန်းလန် နောက်သို့လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဒီ ပတ်ဝန်းကျင်မှာ တန်ခိုးစွမ်းအား အတက်အကျတွေ ဖြစ်နေတာပဲ…"

ကျန်းလန် ချက်ချင်းပင် ခြေလှမ်းများကို ခပ်သုတ်သုတ်လှမ်းလိုက်သည်။

တောအုပ်ထဲတွင် တစ်စုံတစ်ခု မူမမှန်သသည်ကို ခံစားရသောကြောင့် အန္တရယ်မကြုံတွေ့ရခင် နဝမတောင်ထွတ်သို့ အမြန်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ယခုအချိန်မှ ဓားကိုစီးနှင်ပြီး ပျံသန်းသွား၍လည်း မဖြစ်နိုင်ပေ။ သူက ရန်သူအတွက် ထင်ရှားသည့် ပစ်မှတ်တစ်ခု ဖြစ်သွားနိုင်သည်။

တောအုပ်ကလည်း ကျယ်ပြန့်သည့်တောအုပ်တစ်ခု ဖြစ်လေရာ အန္တရယ်က အချိန်မရွေး ကျရောက်လာနိုင်သည်။

အချိန်အတန်ကြာလမ်းလျှောက်ပြီးနောက် လူ (၂)ယောက် သူ့ထံသို့ ချဉ်းကပ်လာသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။

ထိုလူ (၂)ယောက်ပုံစံက အတော်လေး ဖရိုဖရဲဖြစ်နေပြီး ဝရုန်းသုန်းကား ပြေးလွှားလာကြခြင်း ဖြစ်သည်။

တစ်ယောက်က…

"မဖြစ်ဘူး… ဒီပုံအတိုင်းဆို သူတို့ ကျုပ်တို့ကို ဖမ်းမိတော့မယ်…"

နောက်တစ်ယောက်က…

"ဟုတ်တယ်… ကျုပ်တို့ ခွန်လွန်တောင်က ထွက်သွားနိုင်အောင် နည်းလမ်းရှာရမယ်…"

သူတို့ အပြေးအလွှားဖြင့် ပြာယာခတ်နေစဉ်မှာပင် သူတို့ရှေ့တွင် လူတစ်ယောက် ရှိနေသည်ကို တွေ့မြင်လိုက်ကြလေ၏။

ရုတ်တရက် လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူတို့ ထိတ်လန့်သွားကြလေသည်။ သို့သော် ထိုသူက မူလဝိညာဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်မှန်း သိရှိလိုက်သည်နှင့် အနည်းငယ် စိတ်အေးသွားကြသည်။

အနားသို့ရောက်သည်နှင့် ထိုသူက ယနေ့ နဂါးမင်းသမီးလေးနှင့်စေ့စပ်သည့် ဇာတ်လိုက်ကျော်ဖြစ်ကြောင်း သိလိုက်ကြ၏။

တစ်ယောက်က…

"ဘယ်သူများလဲလို့ နဝမတောင်ထွတ်က ကျန်းလန်ကိုး… ၊ လုန်ယွိလက်ထဲက ဖားပြုတ်ကောင်ပဲ…"

ကျန်းလန်က စကားမပြောဘဲ ထိုသူ (၂)ယောက်ကို အကဲခတ်နေ၏။

"မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူ (၂)ယောက်ပဲ… ၊ ကြည့်ရတာ သူတို့ကို တစ်ယောက်ယောက်က လိုက်ဖမ်းနေတာ ဖြစ်ရမယ်… ၊ ဒီတော့ တောအုပ်ထဲမှာ သူတို့ (၂)ယောက်ပဲ ရှိတာတော့ မဖြစ်နိုင်ဘူး…"

ထိုလူ (၂)ယောက်ကိုကြည့်ပြီး ကျန်းလန် ခန့်မှန်းလိုက်သည်။

ထိုသူများက ခွန်လွန်တောင်မှ တပည့်များ ဝတ်ဆင်လေ့ရှိသည့် တူညီဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

သူလျှိုတွေလား ၊ သစ္စာဖောက်တွေလား…။

သို့တည်းမဟုတ် ခွန်လွန်တပည့်များအဖြစ်ဟန်ဆောင်ပြီး ဂိုဏ်းအတွင်းသို့ ခိုးဝင်လာကြသူတွေလား…။

ထိုသို့ဆိုလျှင် သူတို့နောက်သို့ လိုက်လံဖမ်းဆီးနေသူက မည်သူ ဖြစ်ပါသနည်း။

ယခင်က သူလျှိုများစွာကို ကျန်းလန်တွေ့မြင်ဖူးလေသည်။ ထိုသူလျှိုများကို သူ့လက်ဖြင့်ပင် သတ်ဖြတ်ခဲ့ဖူးသည်။

"ဟွန်း… ကျုပ်တို့တော့ ကံကောင်းတာပဲ… ၊ ဒီကောင်က ခွန်လွန်တောင်အတွက် အရေးပါတဲ့သူကွ… ၊ သူ့ကို ဓားစာခံအဖြစ် ဖမ်းသွားကြမယ်…"

ထိုသူက စကားပြောရင်း ကျန်းလန်ရှိရာသို့ ဦးတည်လမ်းလျှောက်လာသည်။

သူက ကျန်းလန်ကို ဖမ်းဆီးရန် မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် တန်ခိုးစွမ်းအားများကိုပင် အပြည့်အ၀ ထုတ်ဖော်အသုံးပြုခြင်း မရှိပေ။

မူလဝိညာဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်က သူ့အတွက် ဘာမှ မဟုတ်ပေ။ ကြက်လေးငှက်လေးဖမ်းသလို ဖမ်းဆီးနိုင်မည် ဖြစ်သည်။

"ကဲ… ဘာအရည်အချင်းမှမရှိဘဲ နာမည်ကြီးဖြစ်ရတာကိုသာ အပြစ်တင်ပေတော့…"

စကားသံနှင့်အတူ ထိုသူက ကျန်းလန်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

နဂါးမယ်လေးနှင့် စေ့စပ်ထားသူကို ဓားစာခံအဖြစ် ဖမ်းဆီးလိုက်ခြင်းက သူတို့အတွက် အသက်ရှင်ရန် မျှော်လင့်ချက်ကို ဖမ်းဆုပ်မိခြင်းပင် ဖြစ်သည်။

အခြားတစ်ယောက်ကတော့ သူ့အဖော်က ကျန်းလန်နှင့်တိုက်ခိုက်နေသည်ကို အရေးစိုက်ဟန် မရှိပေ။ ထိုသူက ရှေ့ဆက်လျှောက်သွားပြီး ပတ်ဝန်းကျင်အခြေအနေများကို အကဲခတ်နေသည်။

သူ့ကိုကြည့်ရသည်မှာ တစ်စုံတစ်ယောက် သူတို့နောက် လိုက်လာမည်ကို စိုးရိမ်နေဟန် ရှိသည်။

မူလဝိညာဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် တိုက်ခိုက်ခြင်းက စိတ်ဝင်စားစရာ သိပ်မရှိလှပေ။

မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ကျန်းလန်ကို ဖမ်းဆီးလိုက်နိုင်မည် ဖြစ်သည်။

သို့သော် အချိန်အနည်းငယ်ကြာသည်အထိ အနောက်ဘက်မှ တိုက်ပွဲက အသံတိတ်နေသောကြောင့် ထိုသူ အနည်းငယ် သံသယ ဖြစ်သွားသည်။

သူက ကျောခိုင်းလျှက်နှင့်ပင် သူ့အဖော်ကို စကားလှမ်းပြောလိုက်သည်။

"ဟေ့ကောင်… မင်း ပွဲမသိမ်းသေးဘူးလား… ၊ သူတို့တွေ ကျုပ်တို့နဲ့ နီးလာနေပြီနော်… အမြန်လုပ်…"

သူတို့ အရမ်းအချိန်ဖြုန်း၍ မဖြစ်ပေ။

"ပွဲသိမ်းသွားပြီလေ…"

ထိုစကားသံက သူ့အဖော်က ပြောလိုက်သည့် စကားသံမဟုတ်ပေ။

ကျန်းလန်၏ အသံဖြစ်၏။ သူ့အသံက တည်ငြိမ်ပြီး အေးစက်နေသည်။

မရင်းနှီးသောအသံကို ကြားလိုက်ရသဖြင့် ထိုသူ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ချက်ချင်း နောက်သို့ လှည့်ကြည့်လိုက်သည်။

အနောက်ဘက် မနီးမဝေးတစ်နေရာတွင်ရပ်နေသည့် ကျန်းလန်ကို တွေ့မြင်လိုက်ရသည်။

သူ့အဖော်ကတော့ ခန္ဓာကိုယ်တစ်ဝက် အမှုန့်ဖြစ်နေပြီး ပြေပြင်ထက်လဲကျ အသက်ပျောက်နေပြီ ဖြစ်သည်။ ပတ်ဝန်းကျင်လေထုထဲတွင်တော့ သွေးမှုံများလွင့်ပျံလျှက် ရှိသည်။

ခြောက်ခြားစရာမြင်ကွင်းကို တွေ့လိုက်ရသောကြောင့် ထိုသူ၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နက်သွားသည်။

သို့သော် သူက ချက်ချင်းပင် ကြောက်စိတ်ကို ဖိနှိပ်လိုက်ရင်း…

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"

ဟု ရေရွတ်လိုက်၏။

မူလဝိညာဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်က မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ရန်မှာ လုံး၀ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်သည်။

ထို့ပြင် သူ့နားထဲတွင် ထူးခြားကျယ်လောင်သည့် တိုက်ပွဲသံများကိုလည်း ကြားလိုက်ရခြင်း မရှိပေ။

သူ၏ အဖော်က တိတ်တဆိတ်ပင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

ကျန်းလန်က သူ့နံဘေးတွင်လဲကျနေသည့် ခန္ဓာကိုယ်တစ်ပိုင်းပြတ်အလောင်းကောင်ကို ငုံ့ကြည့်လိုက်ရင်း…

"ဒီကောင်က စွမ်းအားလည်းမကြီးဘူး… ရန်သူကိုလည်း လျှော့တွက်တယ်… ၊ ဒီတော့ တမလွန်ကို မြန်မြန်ရောက်သွားတာပေါ့ကွာ…"

ထို့နောက် ကျန်းလန်က သူ့ရှေ့မှ လူကို လှမ်းကြည့်လိုက်ရင်း အေးစက်သည့်လေသံဖြင့်…

"အခု မင်းအလှည့်ပဲ…"

ကျန်းလန်ရှေ့မှလူက သူ့ရင်ထဲမှ အကြောက်တရားကို ချိုးနှိမ်လိုက်ရင်း…

"ဟွန်း… ဆရာကြီးပုံစံလာဖမ်းမနေနဲ့… ၊ မင်းက နဂါးမျိုးနွယ်တွေနဲ့ မဟာမိတ်ပြုဖို့ ခွန်လွန်တောင်ရဲ့ အသုံးချခံ နယ်ရုပ်လေးဆိုတော့… အကြီးအကဲတွေက စွမ်းအားမြင့်မားတဲ့ မှော်ဝင်ပစ္စည်းတွေ မင်းကိုပေးထားမှာပဲ… ၊ ဒါ ဘာများဆန်းလို့လဲ… ၊ အေး… ဒါပေမဲ့ မှော်ဝင်ပစ္စည်းတွေက မင်းတစ်ယောက်တည်းမှာပဲ ရှိတာမဟုတ်ဘူးကွ…"

စကားဆုံးသွားသည်နှင့် ထိုသူက မှော်ဝင်ပစ္စည်းတစ်ခုကို အသုံးပြုပြီး ကျန်းလန်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သူ့တွင် ရွေးခြယ်စရာ မရှိပေ။ ခွန်လွန်တောင်မှ အသက်ရှင်လျှက် လွတ်မြောက်ရန် ကျန်းလန်ကို ဓားစာခံအဖြစ် ဖမ်းဆီးရမည် ဖြစ်သည်။

ထိုသူ၏ တိုက်ခိုက်မှုက အလွန်လျှင်မြန်ပြီး စွမ်းအားလည်း အပြည့်အ၀ အသုံးပြုထားသည်။

မူလဝိညာဉ် ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ကို မည်သည့်နည်းနှင့်မှ ရှုံးနိမ့်နိုင်မည်မဟုတ်ဟု သူက ယုံကြည်ထားသည်။

သူသေကိုယ်သေ တိုက်ခိုက်ရမည်ဆိုလျှင်တောင် ကျန်းလန်ကို သတ်ဖြတ်ပြီး ခွန်လွန်တောင်ကို နောင်တတရားများ ပေးအပ်ချင်ခဲ့သည်။

စက္ကန့်ပိုင်းအတွင်း ထိုသူ ကျန်းလန်ရှေ့သို့ ရောက်ရှိလာသည်။

ကျန်းလန်က ထိုသူ၏ တိုက်ခိုက်မှုကို ခုခံမည့်ပုံစံ မရှိပေ။

ထိုသူက ကျန်းလန်ကို သေချာပေါက် ထိန်းချုပ်နိုင်တော့မည်ဟု တွေးလိုက်စဉ်မှာပင်…

လက်သီးချက်တစ်ချက်က သူ့ထံသို့ ရုတ်တရက် ဝင်ရောက်လာသည်။

လက်သီးချက်က ထိုသူကိုင်ထားသည့် မှော်ဝင်ပစ္စည်းထံသို့ တန်းတန်းမတ်မတ်ဝင်ရောက်သွားပြီး မှော်ဝင်ပစ္စည်း အပိုင်းပိုင်း ကျိုးပျက်သွားသည်။

ထို့နောက် ကျန်းလန်၏ လက်သီးချက်က ထိုသူ၏လက်မောင်းကို တစ်ဆက်တည်းထိမှန်သွားသည်။ ချက်ချင်းပင် လက်မောင်းတစ်ခုလုံး သွေးမှုံမျးအဖြစ် ပြောင်းလဲသွား၏။

ထိုသူ မယုံကြည်နိုင် ဖြစ်နေစဉ်မှာပင်…

နောက်ထပ် လက်သီးချက်တစ်ချက်က ထိုသူ၏ ခန္ဓာကိုယ်ပေါ်သို့ ထပ်မံကျရောက်လာသည်။

"ဘုန်း…"

အရိုးကျိုးသံများ ထွက်ပေါ်လာပြီး ထိုသူ၏ ခန္ဓာကိုယ်က သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။

ထိုသူ အသက်မပျောက်ခင် အချိန်ခဏလေးတွင်…

"ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"

ဟု ရေရွတ်လိုက်၏။

နောက်ဆုံးတော့ သူ့အဖော် မည်သို့ သေဆုံးခဲ့ရသည်ကို ထိုသူ သိရှိသွားပြီ ဖြစ်သည်။ တစ်ဖက်လူက မှော်ဝင်ပစ္စည်းအသုံးပြု တိုက်ခိုက်ခြင်း မဟုတ်ပေ။

သို့သော် တစ်ဖက်လူက အဘယ့်ကြောင့် ဤမျှ စွမ်းအားကြီးမားနေရပါသနည်း။

တစ်ဖက်လူက လက်သီးတစ်ချက်တည်းဖြင့်ပင် မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေခဲ့သည်လား။

"ဘန်း…"

ထိုသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများက မြေပြင်ထက် ပြိုလဲ ကျသွားသည်။

သွေးမှုံများက လေထဲတွင် လွင့်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ထို့နောက် ကျန်းလန်က တိုက်ပွဲသဲလွန်စများကို အခြားသူများမသိရှိစေရန် သစ်ရွက်အမြင်စွမ်းအား အသုံးပြုကာ ဖျောက်ဖျက်ပစ်လိုက်သည်။

"တခြားလမ်းကသွားမှ ဖြစ်တော့မယ်…"

ကျန်းလန် တွေးလိုက်သည်။

တောအုပ်ထဲတွင် အခြားသူများလည်း ရှိနေသေးသည်။ ကျန်းလန်နေဖြင့် သတိထားသည်က အကောင်းဆုံး ဖြစ်သည်။

ကျန်းလန် ဖြတ်လမ်းမှ မသွားတော့ဘဲ လမ်းမကြီးဘက်မှ သွားရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် တောအုပ်ထဲမှထွက်လာပြီး လမ်းမကြီးထက်တွင် ပုံမှန်အတိုင်းပင် လမ်းလျှောက်လာခဲ့လေတော့၏။

လမ်းမကြီးအတိုင်းသွားရသည်က အနည်းငယ် ခရီးရှည်လေသည်။ သို့သော် လမ်းမကြီးထက်တွင်တော့ သူ့ကို မည်သူမှ တိုက်ခိုက်ရဲမည် မဟုတ်ပေ။

တောအုပ်ထဲတွင် ရှိနေသည့် ကျင့်ကြံသူများက တန်ခိုးစွမ်းအားမည်မျှ မြင့်မားသည်ကို ခန့်မှန်းရန် ခက်ခဲသည်။

အင်မော်တယ်များ ရှိနေမည်ဆိုပါက ကျန်းလန်အတွက် အလွန်အန္တရယ်များမည် ဖြစ်သည်။ လမ်းမကြီးထက်တွင်ဆိုလျှင်တော့ သူ့အနေဖြင့် စိတ်ပူစရာ မရှိပေ။

နဝမတောင်ထွတ်သို့ သွားရာလမ်းက အနည်းငယ် လူပြတ်သော်လည်း ကျန်းလန်ကို မည်သူမှ တိုက်ခိုက်ရဲကြမည် မဟုတ်ပေ။

သို့သော်…

သူ့အထင်မှားသွားပြီဖြစ်ကြောင်း မကြာမီပင် ကျန်းလန် သိလိုက်ရလေတော့၏။

ထိုသူများသည်ကား လမ်းမကြီးထက်တွင်လည်း တိုက်ရဲခိုက်ရဲသူများ ဖြစ်နေကြသည် မဟုတ်ပါလား။

All Chapters