တစ်ယောက်တည်းကျင့်ကြံခြင်း
Vol. 11 Ch. 152
အခန်း (၁၅၂) တစ်ယောက်တည်းကျင့်ကြံခြင်း
"ဂိုဏ်းတူညီလေး… နောက်ထပ် အချိန်တစ်နှစ် နှစ်နှစ်လောက် အကြောင်းမရှိဘဲ ဒီတောအုပ်ထဲကို မလာစေချင်ဘူး… ၊ တောအုပ်ထဲမှ နောက်နှစ်နှစ်အတွင်း ဒီလိုကိစ္စတွေက ဖြစ်နေဦးမှာပဲ…"
ကျိချိုးက ကျန်းလန်ကို စေတနာဖြင့် သတိပေးစကား ပြောလိုက်ခြင်း ဖြစ်သည်။
သူတို့ ခပ်သုတ်သုတ်လမ်းလျှောက်လာကြရင်း နဝမတောင်ထွတ်သို့ပင် နီးကပ်လာပြီ ဖြစ်သည်။
လမ်းလျှောက်လာကြသည့်အချိန်တစ်လျှောက်လုံး ကျိချိုးက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။ ကျိချိုးက သူ့ကို အမှန်တကယ် နဝမတောင်ထွတ်သို့ ပြန်လိုက်ပို့ခြင်း ဖြစ်သည်။
လမ်းမှာ တပည့်အချို့နှင့် တွေ့ရသည်မှလွဲပြီး ပြဿနာ ကြီးကြီးမားမား မရှိခဲ့ပေ။
ကျန်းလန်က…
"ဂိုဏ်းတူအစ်ကို သတိပေးတာ ကျေးဇူးတင်ပါတယ်…"
ကျိချိုးက…
"ဒါက ကျုပ် လုပ်ပေးရမယ့် တာဝန်ပါ… ၊ ကဲ… ကျုပ်လည်း အဖွဲ့ဆီ ပြန်လိုက်ဦးမယ်… ခွင့်ပြုပါဦး…"
"ဂိုဏ်းတူအစ်ကို ဂရုစိုက်ပါ…"
"ကျေးဇူးပဲ ဂိုဏ်းတူညီလေး…"
ကျိချိုးက အချိန်ဖြုန်းမနေတော့ပေ။
ချက်ချင်းပင် တောအုပ်တည်ရှိရာနေရာသို့ အလျှင်အမြန် ထွက်ခွာပျောက်ကွယ်သွားလေတော့သည်။
ကျန်းလန်ကတော့ သဲလွန်စမကျန် ပျောက်ကွယ်သွားသည့် ကျိချိုးကို ကြည့်နေပြီးမှ နဝမတောင်ထွတ်ပေါ်သို့ တက်လာခဲ့သည်။
ကျိချိုးပြန်ရောက်လာပြီး သူ့ကို တိုက်ခိုက်ဦးမည်လားဟု ကျန်းလန် တွေးမိသေးသည်။ သို့သော် ကျိချိုးက ပြန်မလာခဲ့ပေ။
ကျန်းလန် သူနေထိုင်ရာ အဆောက်အဦသို့ ပြန်ရောက်လာခဲ့သည်။
ထို့နောက် ခြံဝန်းအနောက်ဘက်တွင်ထိုင်ရင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်လည်တွေးတောနေမိသည်။
အရင်ဆုံး သူ လူ (၃)ယောက်နှင့် တွေ့ဆုံခဲ့ရသည်။
ပထမဆုံး ဆုံတွေ့ခဲ့ရသည့် လူ (၂)ယောက်မှာလည်း နောက်မှ တစ်စုံတစ်ယောက် လိုက်လာသောကြောင့် ထွက်ပြေးရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
သူနှင့် ထပ်မံတွေ့ဆုံခဲ့သည့် ကျင့်ကြံသူမိန်းမပျိုသည်လည်း သူမနောက်မှ တစ်စုံတစ်ယောက် လိုက်လာသောကြောင့် သူ့ကို ဖမ်းဆွဲတော့မတတ်အမူအရာဖြင့် အကူအညီပေးပါရန် တောင်းခံခဲ့သည်။
ထိုသူ (၃)ယောက်လုံးကို လိုက်လံဖမ်းဆီးနေသူများက ပေဖန်းဦးဆောင်သည့် တူညီဝတ်စုံဝတ်ထားကြသော အဖွဲ့ ဖြစ်လေသည်။
"သူတို့ပြောတဲ့ စာရင်းဆိုတာ ဘာကို ပြောတာလဲ မသိဘူး…"
"ငါ့ကိုတော့ စာရင်းထဲမပါလို့ မတိုက်ခိုက်ကြဘူး… ၊ ပြီးတော့ သူတို့အားလုံးက ငါ ဘယ်သူလဲဆိုတာ အတည်ပြုဖို့အတွက် ဂိုဏ်းတူအစ်ကိုပေဖန်း ရောက်လာတဲ့အထိ စောင့်နေကြတယ်…"
"ပြီးတော့ ငါက သူတို့ကို ကိုယ်ပိုင်အမှတ် ကျောက်စိမ်းပြား ပြလိုက်တော့ ငါ့ကို နဝမတောင်ထွတ်အထိ အန္တရယ်ကင်းကင်းပြန်ရောက်အောင် လိုက်ပို့ပေးကြတယ်…"
"ကြည့်ရတာ… ဒီလူတွေက သူလျှိုတွေတော့ မဖြစ်နိုင်ဘူး… ၊ ခွန်လွန်တောင်က တပည့်တွေပဲ ဖြစ်ရမယ်… ၊ သူတို့က တန်ခိုးစွမ်းအား ဒီလောက်မြင့်မားတာ တပည့်ရင်းတွေမဟုတ်ရင် လက်ရွေးစင်တပည့်တွေပဲ ဖြစ်ရမယ်…"
"ပြီးတော့… သူတို့အုပ်စုက သေသေချာချာ လေ့ကျင့်ထားတဲ့ အသင်းအဖွဲ့တစ်ခု ပုံစံမျိုးပဲ…"
ကျန်းလန် ခြံဝန်းအနောက်ဖက်တွင်ထိုင်ရင်း အကြောင်းအရာများစွာကို တွေးတောနေလေသည်။
နောက်ဆုံးတော့ ဆရာဖြစ်သူထံ သွားရောက်မေးမြန်းသည်က အကောင်းဆုံး ဖြစ်မည်ဟု တွေးလိုက်မိ၏။ အနည်းဆုံးတော့ အခြေအနေများကို ရှင်းရှင်းလင်းလင်း သိရှိရမည် ဖြစ်လေသည်။
ထို့နောက် ကျန်းလန် ဆရာဖြစ်သူနေထိုင်ရာ နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။
……………
"ဒုတိယတောင်ထွတ်က ပေဖန်း ဟုတ်လား…"
ကျန်းလန်မေးသည့်စကားကို ကြားသည်နှင့် မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်ရင်း ပြန်မေးလိုက်သည်။
"ဟုတ်တယ် ဆရာ… ၊ အသေအချာပဲ… တပည့် အပြန်လမ်းမှာ သူတို့နဲ့ ဆုံခဲ့ရတာ…"
ကျန်းလန်က သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
တောအုပ်ထဲတွင် သူနှင့် ဆုံတွေ့ခဲ့ပြီး သတ်ဖြတ်ပစ်ခဲ့သည့် လူ (၂)ယောက်အကြောင်းတော့ ထည့်မပြောခဲ့ပေ။ မဟုတ်ပါက သူဖုံးကွယ်ထားသည့်အရာများ ပေါ်သွားနိုင်သည် မဟုတ်ပါလား။
မော့ကျန်းသုန့်က…
"အခုချိန်မှာတော့ ဒီကိစ္စတွေကို မင်းကိုပြောပြလို့ မရသေးဘူး… ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် နည်းနည်း မြင့်မားလာရင် နားလည်လာပါလိမ့်မယ်…"
ကျန်းလန်က သဘောပေါက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူ၏ ကျင့်ကြံခြင်းအစစ်အမှန်က မရှိမှုအာကာသ ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း အများအမြင်တွင်တော့ မူလဝိညာဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်လေသည်။
မူလဝိညာဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူဆိုသည်က အတော်လေး စွမ်းအားကြီးသည့် ကျင့်ကြံသူဟု ဆိုနိုင်သော်လည်း အင်မော်တယ်ဖြစ်လာရန်ကတော့ များစွာ အလှမ်းဝေးသေးသည်။
မော့ကျန်းသုန့်က…
"ဒါနဲ့… မင်းနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ရော အခြေအနေဘယ်လိုလဲ…"
ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် သူ့နံဘေးမှ ထွက်ခွာသွားသည့် လုန်ယွိ၏ ပုံစံလေးကို ကျန်းလန် ပြန်လည် မြင်ယောင်လာမိသည်။
သူတို့၏ စေ့စပ်ပွဲကို လုန်ယွိက ခါးခါးသီးသီး ငြင်းဆန်ခဲ့ခြင်း မရှိပေ။
ကျန်းလန်က…
"ကျွန်တော်တို့ အဆင်ပြေပါတယ်…"
မော့ကျန်းသုန့်က ပြုံးလိုက်ရင်း…
"ကျောက်စိမ်းရေကန်နတ်ဘုရားမက မင်းဆီ မကြာခဏ လာလည်မယ်ဆိုရင်ရော… အဆင်ပြေပါ့မလား…"
"ဆရာ… ကျွန်တော် ကျင့်ကြံရဦးမယ်လေ…"
"ဘာလဲ… မြန်မြန် အင်မော်တယ် ဖြစ်ချင်နေပြီလား…"
"…………………"
ကျန်းလန် ဆွံ့အသွားသည်။
ဆရာဖြစ်သူ ပြောလိုက်သည့်စကား၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို ကျန်းလန် နားလည်လေသည်။
ဆိုလိုသည်မှာ အင်မော်တယ် မြန်မြန်ဖြစ်လျှင် လုန်ယွိနှင့် မြန်မြန် လက်ထပ်ရမည် မဟုတ်ပါလား။
မော့ကျန်းသုန့် သူ့တပည့်လေးကို အခက်တွေ့အောင် မစနောက်တော့ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက သေရည်အိုးလေးတစ်အိုးထုတ်ယူကာ ကျန်းလန်ထံ လှမ်းပေးလိုက်ရင်း…
"ဒါက မင်းအတွက်…"
သေရည်အိုးလေးကိုကြည့်ရင်း ကျန်းလန် စိတ်ရှုတ်ထွေးသွားသည်။
သူက သေရည်သောက်တတ်သူ မဟုတ်ဘဲ ၊ အဘယ့်ကြောင့် ဆရာဖြစ်သူက သေရည်အိုး လက်ဆောင်ပေးနေရပါသနည်။
"မင်းရဲ့ စေ့စပ်ပွဲအတွက် မင်္ဂလာလက်ဆောင်လေကွာ… ၊ ဘာလဲ… ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ စေ့စပ်ရတာ မင်းက မပျော်ဘူးလား…"
မော့ကျန်းသုန့်က ပြုံးရင်း မေးလိုက်သည်။
ကျန်းလန် သေရည်အိုးလေးကို ယူလိုက်သည်။
ဒီနေ့ သူ ပျော်ရွှင်မိလေသလား…။
လုန်ယွိ၏ သဘောထားကို နားလည်သွားပြီးသည့်နောက် ပျော်ရွှင်သည်မဆိုသာသော်လည်း မပျော်မရွှင်မဖြစ်သည်ကတော့ အမှန်ပင် ဖြစ်၏။
"ဟာ…"
သေရည်အိုးဆီမှ သေရည်ရနံ့ကို ရရှိလိုက်သည်နှင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
ဤသို့သောသေရည်မျိုးကို သူ အရင်က သောက်ခဲ့ဖူးလေသည်။
မော့ကျန်းသုန့်က…
"အဲဒီ သေရည်က ရတနာဝတ်ရည်သေရည်လို့ ခေါ်တယ်…"
မော့ကျန်းသုန့်က ဆက်ရှင်းပြသည်။
"ဒီသေရည်ကို အရမ်းလည်း သောက်မပစ်နဲ့ဦး… ၊ မင်း မရှိမှုအာကာသအဆင့်ကို အဆင့်တက်ခါနီးမှ သောက်ဖို့ ပေးတာ… ၊ ဒီသေရည်ကို သောက်လိုက်တာနဲ့ မင်းရဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ အခက်အခဲတွေအားလုံး ကျော်ဖြတ်နိုင်လိမ့်မယ်… ၊ အတော်လေး အဖိုးတန်တဲ့ သေရည်ပါပဲ…"
သူ့ထက်အရင် ဆရာဖြစ်သူက အခွင့်အရေးရသွားပြီဟု ကျန်းလန် တွေးလိုက်သည်။
ပြင်ပလောကသို့ ထွက်ခွင့်ရသည့်တစ်နေ့တွင် သူက အကြောင်းပြပြီး ရတနာဝတ်ရည်သေရညကို ဆရာဖြစ်သူအား လက်ဆောင်ပေးမည်ဟု ကြံစည်ထားခဲ့သည်။
ယခုကဲ့သို့ ဆရာဖြစ်သူက အရင်ဦးအောင် ပေးလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။
လောလောဆယ်တွင် သူက မူလဝိညာဉ်အဆင့်ပင် မအောင်မြင်သေးလေရာ ဆရာဖြစ်သူက အဘယ့်ကြောင့် စောစီးစွာဖြင့် ရတနာဝတ်ရည်သေရည်ကို လက်ဆောင်ပေးရပါသနည်း။
နဝမတောင်ထွတ်မှ တစ်ဖဝါးမှ မခွာဘဲ မရှိမှုအာကာသအဆင့် ရောက်သည်အထိ ကျင့်ကြံစေလိုခြင်းများလား။
ခန့်မှန်းမှုများပြုလုပ်ရင်းဖြင့်ပင် ကျန်းလန် ဆရာဖြစ်သူကို ကျေးဇူးတင်စကား ပြောလိုက်သည်။
"ကျေးဇူးပါပဲ ဆရာ…"
ထို့နောက် ကျန်းလန် နဝမတောင်ထွတ်အစွန်းမှ ထွက်ခွာလာခဲ့လေသည်။
ကျန်းလန် ထွက်ခွာသွားပြီး သိပ်မကြာမီ မော့ကျန်းသုန့်နံဘေးတွင် မြောင်ယွဲ့ ပေါ်လာလေ၏။
"ဂိုဏ်းတူအစ်ကို… ကျွန်မ မလိုအပ်တဲ့ကိစ္စတွေ လုပ်ခဲ့မိပြီလို့များ ရှင်ထင်သလား…"
မော့ကျန်းသုန့်က ခေါင်းခါရမ်းလိုက်ရင်း…
"မထင်ပါဘူး…"
မြောင်ယွဲ့က ကျန်းလန်ထွက်ခွာသွားရာဆီသို့ လှမ်းကြည့်လိုက်ရင်း…
"တကယ်တော့ ဒါတွေက မလိုအပ်ပါဘူး…"
ခဏနားပြီးမှ သူမက စကားဆက်ပြောလိုက်သည်။
"ရှင့်တပည့်က ဉာဏ်ကောင်းပြီးသားပဲလေ… ၊ ကျွန်မတို့ ဘာမှလုပ်မပေးဘူးဆိုရင်တောင်မှ သူက နဝမတောင်ထွတ်က တစ်ဖဝါးမှ ခွာမယ့်သူ မဟုတ်ဘူး… ၊ အပြင်က အခြေအနေတွေ မငြိမ်သက်မချင်း သူက တောင်ပေါ်ကဆင်းမယ့်ကလေး မဟုတ်ဘူးပဲ…"
မော့ကျန်းသုန့်က…
"ကျန်းလန်က အစကတည်းက သူလုပ်တဲ့အလုပ်တွေကို ကောင်းကောင်းနားလည်တဲ့သူပါ…"
ကျန်းလန်က သူ့အကန့်အသတ်ကိုသူ သိရှိသူ ဖြစ်သည်။
ကံကောင်းခြင်းများကို ရှာဖွေပြီး အခက်အခဲဒုက္ခများကို ရှောင်ရှားတတ်သည်မှာ လူတစ်ယောက်၏ ပင်ကိုယ်သဘဝပင် ဖြစ်သည်။
မြောင်ယွဲ့က…
"(၁၀)နှစ်ကြာအောင် တောင်သခင်တွေနဲ့ အကြီးအကဲတွေ ပညာသင်ကြားပို့ချပေးတာက ကျန်းလန် အာရုံစိုက်ခံရတာကို သေချာပေါက် လျှော့ချပေးနိုင်မှာပါ… ၊ ဒါကြောင့် စေ့စပ်ပွဲက နောက်ဆက်တွဲ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမယ် မထင်ပါဘူး… ၊ ဒါတွေကလည်း ဂိုဏ်းတူအစ်ကိုက တောင်းဆိုလို့ ကျန်းလန် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကျွန်မက စီစဉ်ပေးထားတာတွေပါ… ၊ ဒါပေမဲ့ တပည့်တွေကို သင်ကြားပို့ချပေးဖို့တော့ ဂိုဏ်းတူအစ်ကိုလည်း တာဝန်ယူပေးရမယ်နော်…"
မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်ရင်း…
"ကောင်းပါပြီ…"
ဤသို့သော ကိစ္စငယ်လေးများကို သူ့အနေဖြင့် ငြင်းစရာအကြောင်း မရှိပေ။
တပည့်ဖြစ်သူအတွက် သူက တတ်နိုင်သမျှ ကူညီပေးမည် ဖြစ်သည်။
ကျန်းလန်က သူ ဂုဏ်အယူရဆုံး တပည့်တစ်ယောက်ဖြစ်ပြီး သူ၏ ဂုဏ်သိက္ခာပင် ဖြစ်သည် မဟုတ်ပါလား။
"ကျန်းလန်က အင်မော်တယ်ဖြစ်လာဖို့က အတော်ခက်ခဲလိမ့်မယ်… ၊ အဲဒီအချိန်ကျ ဂိုဏ်းတူအစ်ကို ဘာလုပ်ဖို့ စီစဉ်ထားသလဲ…"
မြောင်ယွဲ့က မော့ကျန်းသုန့်ကို ကြည့်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
ခဏမျှ တိတ်ဆိတ်နေပြီးမှ မော့ကျန်းသုန့်က တည်ငြိမ်စွာဖြင့်…
"ပုံမှန်အတိုင်းပဲ သူ့ကို ဆက်ပြီး လမ်းပြပေးရမှာပေါ့…"
မြောင်ယွဲ့က မည်သည့်စကားမှ မပြောတော့ဘဲ နေရာမှာပင် ပျောက်ကွယ်သွားလေသည်။
………………
ကျန်းလန် မရဏဂူသို့ ပြန်လာခဲ့သည်။
သူက တစ်ယောက်တည်း ကျင့်ကြံခြင်းမပြုမီ အစီအရင်များကို အရင်ဆုံး ပြီးဆုံးအေင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ခွန်လွန်တောင်က လျှို့ဝှက်ချက်များနှင့်ပြည့်နေပြီး ထိုးဖောက်သိမြင်ရန် ခက်ခဲသည့် နေရာတစ်ခု ဖြစ်သည်။
ကံကောင်းစွာပင် သူနေထိုင်သည့် နဝမတာင်ထွတ်ကတော့ အနည်းငယ် ရိုးရှင်းသည်။
ကျန်းလန်ကတော့ အခြားတောင်ထွတ်မှ အခြေအနေများကို သိရှိခြင်း မရှိသလို ခွန်လွန်တောင်၏ ယေဘူယျအခြေအနေများကိုလည်း သိရှိခြင်း မရှိပေ။
တန်ခိုးစွမ်းအား နည်းပါးခြင်းက သူ့အတွက် အတားအဆီးတစ်ခုပမာ ဖြစ်နေသည်။
နောက်ပိုင်းမျိုးဆက်တပည့်များက မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အထင်ကြီးကြမည် ဖြစ်သော်လည်း သူ့ဆရာအတွက်တော့ မူလဝိညာဉ်အဆင့်ဆိုသည်က ဘာမှ မဟုတ်ပေ။
မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုသည်က ဆရာဖြစ်သူ၏ မျက်လုံးထဲတွင် ကလေးသာသာအဆင့်သာ ရှိလေသည်။
တောင်ထွတ်အသီးသီးမှ တပည့်ရင်းများထဲတွင် အင်မော်တယ်အဆင့် တပည့်များပင် များစွာရှိနေကြလေသည်။
အထူးသဖြင့် ဒုတိယတောင်ထွတ်မှ တပည့်များ ဖြစ်ကြ၏။
ထိုသူများအားလုံး အလွန်တရာ စွမ်းအားကြီးမားကြသည်။ သူတို့က အင်မော်တယ်ဖြစ်လာရန် အချိန်အနည်းငယ်သာ လိုအပ်တော့သည်။
"သာမန်ကျင့်ကြံသူတစ်ယောက်ဆိုရင် မရှိမှုအာကာသအဆင့်ကိုရောက်ဖို့ နှစ်ပေါင်း (၃၀၀) ဝန်းကျင်လောက် ကြာလိမ့်မယ်… ၊ ငါက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာဆိုတော့… ၊ နှစ်ပေါင်း (၃၅၀) လောက်ကြာမှ မရှိမှုအာကာသအဆင့်ကို ရောက်တဲ့ပုံစံမျိုး လုပ်ပြရမယ်…"
"ဒါပေမဲ့ ငါ့ရဲ့ လက်ရှိမြန်နှုန်းနဲ့ဆိုလို့ကတော့ နောင် နှစ်ပါင်း ခြောက်ဆယ် ၊ ခုနစ်ဆယ်လောက်ဆိုရင် မရှိမှုအာကာသအဆင့် အောင်မြင်လောက်ပြီ… ၊ ဒါဆိုရင် နှစ်ပေါင်း (၂၀၀) ပတ်ဝန်းကျင်မှာ မရှိမှုအာကာသအဆင့် အောင်မြင်တယ်လို့ ပြောလို့ရမယ်…"
"အဲဒီအချိန်ကျ တောင်အောက်ဆင်းလို့လည်း ဘာပြဿနာမှ မရှိနိုင်တော့ဘူး…"
ကျန်းလန် တွေးတောနေမိသည်။
သူက နှစ်ပေါင်း (၆၀) သို့မဟုတ် နှစ်ပေါင်း (၇၀) အတွင်း မရှိမှုအာကာသအဆင့် အောင်မြင်သည်အထိ အဆင့်တက်နိုင်မည် ဖြစ်သည်။
ထို့နောက် သူ ခွန်လွန်တောင်ပြင်ပသို့ သွားရောက်နိုင်တော့မည် ဖြစ်သည်။ စေ့စပ်ပွဲနှင့်ပတ်သက်သည့် သက်ရောက်မှုများလည်း သိပ်ပြီး ကြီးမားတော့မည် မဟုတ်ပေ။
ထို့ပြင် ခွန်လွန်တောင်သို့ မျိုးဆက်သစ်တပည့်များလည်း ထပ်မံရောက်ရှိလာကြမည် ဖြစ်သည်။ အဟောင်းများနေရာတွင် အသစ်များက အစားထိုးပေလိမ့်မည်။
ခွန်လွန်တောင်တွင် တက်ကြွလှုပ်ရှားနေသူ အများစုက တပည့်အသစ်လေးမျး ဖြစ်ကြသည်။ ထိုတပည့်အသစ်လေးများကတော့ ကျန်းလန် မည်သူဖြစ်ကြောင်း သိရှိကြမည် မဟုတ်ပေ။
သူ့ကို မည်သူမှ သတိမထားမိလေ ပြဿနာများကို ရှောင်ရှားနိုင်လေ ဖြစ်ပေလိမ့်မည်။
ထို့နောက် ကျန်းလန်က မရဏဂူပတ်ဝန်းကျင်မှ အစီအရင်များကို ပြီးပြည့်စုံအောင် စတင်ပြုလုပ်လိုက်သည်။
အစီအရင်တစ်ခုလုံး ပြီးဆုံးသွားရန် (၃)လ တိတိ အချိန်ယူခဲ့ရသည်။
ထို့နောက် အခြားသော ထောင်ချောက်အစီအရင်များကိုလည်း ကျန်းလန် ထပ်မံပြုလုပ်ထားသေးသည်။
သူ၏ အစီအရင်ပညာက သိပ်ပြီး မြင့်မားခြင်း မရှိသေးပေ။ သို့သော် သူ သိရှိသလောက်အပေါ် မှီတည်ပြီး အစီအရင်များကို စွမ်းအားမြှင့်တင်ထားလေသည်။
အစီအရင်များကို လက်စသတ်ပြီးသည်နှင့် ကျန်းလန် ကျင့်ကြံခြင်းကို စတင်လိုက်သည်။
သူ့အတွက်တော့ အချိန်ဆိုသည်က မြစ်ရေပမာ စီးဆင်းနေသည့်အရာ ဖြစ်သည်။ အချိန်ကို ဆုပ်ကိုင်မထားနိုင်သော်လည်း အစွမ်းကုန် အသုံးချနိုင်ရန် လိုအပ်သည်။
တစ်နှစ်တာကာလအတွင်း ကျန်းလန်၏ ကျင့်ကြံခြင်းက အတော်လေး တိုးတက်လာသည်။
ယနေ့တွင်တော့…
ကျန်းလန်က နဝမတောင်ထွတ်ခန်းမဆောင်နှင့် ရင်ပြင်ကို သန့်ရှင်းရေးပြုလုပ်ရန် ထွက်ခွာလာခဲ့သည်။
ထိုအခါ ရင်ပြင်ထက်တွင် လွင့်မျောနေသည့် ပုတီးစေ့လေးတစ်ခုကို တွေ့မြင်လိုက်ရလေတော့၏။