အကြံသမား သခင်ကြီးကုန်း
Vol. 13 Ch. 231
Zမြို့ရှိ National Union စူပါမားကတ်ရှေ့တွင် လူများသည် မနက်စောစောကတည်းက တန်းစီနေကြလေသည်။
ထိုစူပါမားကတ်သည် မြို့ထဲတွင် အကြီးမားဆုံးဖြစ်ပြီး ပုံမှန်အားဖြင့် အသက်ကြီးပိုင်းလူများသာ တံခါးဖွင့်ရန် စောင့်နေတတ်ကြပြီး လျှော့စျေးပစ္စည်းများကို အလုအယက် ဝယ်ကြလေသည်။
သို့သော် ဤနှစ်ရက်အတွင်း စောင့်နေသူများမှာ လူငယ်များဖြစ်လေသည်။
ဤအချိန်တွင် အမျိုးသား၊အမျိုးသမီးအုပ်စုတို့သည် အချင်းချင်း စကားပြောနေကြလေသည်။ "မနေ့က စတော်ဘယ်ရီတွေ ဝယ်မရခဲ့ဘူး။ ဒီနေ့တော့ ရအောင်ဝယ်မှဖြစ်မယ်။”
စတော်ဘယ်ရီများမှာ အကုန်မြန်သဖြင့် အလုအယက် ဝယ်ကြရလေသည်။
အသက်အရွယ်မျိုးစုံ စုနေကြသည်ဖြစ်ရာ ထိုစူပါမားကတ်၏ လုံခြုံရေးသာမကောင်းပါက ရန်ဖြစ်နေကြပြီး ဖြစ်နိုင်လေသည်။
"ဒီစတော်ဘယ်ရီတွေက ဘာလို့ဒီလောက်ကောင်းနေမှန်းမသိဘူး" အသက် ၁၈ ၁၉ ဝန်းကျင်သာရှိသော မိန်းမငယ်လေးသည် စဉ်းစားနေပုံမျိုးဖြင့် မေးလေသည်။ "ဒီလောက်ကောင်းတာ တစ်ခါမှ မစားဖူးဘူး"
ထိုအခါ သူမ၏ဘေးမှ ကောင်မလေးက"ဟုတ်တယ်။ အဲ့ဒါတွေက အပြင်မှာ စိမ်းနေပေမယ့် အရည်ရွှမ်းပြီး အနံ့အရသာ အရမ်းကောင်းတယ်။ မနေ့က နှစ်လုံးပဲ ဝယ်လို့ရလိုက်တာ စိတ်မကောင်းစရာပဲ။"
"ဒါပေမယ့်လည်း တစ်လုံးကို ၁၅ယွမ်ဆိုတာကြီးကတော့ ရူးချင်စရာကြီး။"ဟု တစ်ယောက်က ထောက်ပြလေသည်။
"စျေးကြီးပေမယ့်လည်း အလုအယက် ဝယ်နေကြတုန်းပဲလေ။ ငါသာသူဌေးဆိုရင်လည်း စျေးမြှင့်ရောင်းမှာပဲ"
"တံခါးဖွင့်ပြီ အမြန်လုပ်မှရမယ်"
လူငယ်တစ်သိုက်သည် အတတ်နိုင်ဆုံး အမြန်ပြေးသွားကြသော်လည်း အသက်ကြီးပိုင်းများသည် မီလာကြေလသည်။ သူတို့သည် လွန်စွာလျှင်မြန်လေသည်။
"နင်က အပြေးမြန်တယ် တာ့ဖေး။ စတော်ဘယ်ရီ ၅လုံးလောက် ယူခဲ့ပေး"
"ငါ့အတွက်ရော ငါးလုံးနော်"
တာ့ဖေးသည် အသီးထားသည့်နေရာကို သွားလိုက်ချိန်တွင် စတော်ဘယ်ရီများကို အလုအယက်ဝယ်နေကြပြီးဖြစ်သည်။ အထိအခိုက်များကို ကာကွယ်ရန် National Union စူပါမားကတ်ဘက်မှ စတော်ဘယ်ရီများကို ကတ်ထူစက္ကူဗူးနှင့် သေချာထုပ်ပိုးထားပြီး တစ်ဗူးလျှင် စတော်ဘယ်ရီတစ်လုံးစီ ပါဝင်လေသည်။
ထိုစတော်ဘယ်ရီများမှာ အလွန်အရသာရှိသည့်အတွက် သက်ကြီးပိုင်းများသည်ပင် အလုအယက် ဝယ်ကြလေသည်။ သူတို့မြေးများ လွန်စွာနှစ်သက်ကြသဖြင့် သူတို့ကိုယ်တိုင်အတွက်ဆိုလျှင် မဝယ်ဘဲနေနိုင်သော်လည်း မြေးများအတွက်ဆိုလျှင် အကုန်လုပ်မည်သာဖြစ်သည်။
ထိုအချိန်တွင် ဒုတိယထပ်တွင်ရှိနေသော ယန်ရူယွီသည် ပထမထပ်ရှိ လူအုပ်ကြီး အလုအယက် ဝယ်နေသည်ကို မြင်လိုက်သောအခါ ဝမ်းသာလေသည်။
သူမသည် ဘေးတွင်ရှိသော သက်လတ်ပိုင်းအမျိုးသားကြီးကို စကားလှမ်းပြောလိုက်လေသည်။ "သမီး မပြောဘူးလား။ စတော်ဘယ်ရီတစ်လုံးတည်းကို ဗူးထဲထည့်ပြီး ရောင်းရင်တောင် ဝယ်ကြမှာပါလို့"
ယန်ယီဟိုင်သည် ပြုံး၍ ပြောလေသည်။ "ဒီတစ်ခုတော့ သမီးကို အဖေကျေးဇူးကြွေးတင်သွားပြီ။ အခုနောက်ပိုင်း ဖောက်သည်တွေ လျှော့လာတဲ့ကိစ္စက ခေါင်းကိုက်စရာဖြစ်နေတာ" ထို့နောက် သူသည် မျက်နှာတည်တံ့သွားပြီး "ဒီအသီးတွေ ဘယ်ကဝယ်လဲဆိုတာ ဘယ်သူ့ကိုမှမပြောရဘူးနော် သမီး။” မဟုတ်ရင် ပြိုင်ဘက်တွေက လုသွားနိုင်တယ်။
"အဖေရယ် စိတ်ချပါ။ သမီးသိပါတယ်။" ယန်ရူယွီသည် ပြုံး၍ပြောလေသည်။
ယန်ယီဟိုင်သည် ခေါင်းညိတ်ပြလိုက်လေသည်။
ထိုအချိန်တွင် ယန်ရူယွီသည် "ရောင်းတဲ့သူတွေနဲ့ စကားပြောရအောင်လို့ သမီး ဒီနေ့ စတော်ဘယ်ရီခြံကို သွားမလို့"ဟု ပြောလေသည်။
"ဒီနေ့သွားမှာလား"ဟု ယန်းယီဟိုင်းသည် မျက်မှောင်ကြုတ်လိုက်ရင်း မေးလေသည်။
"ဟုတ်တယ်၊ အခုက စောသေးတယ်လေ။ ပြီးတော့ အဲ့နေရာကလည်း Zမြို့နဲ့ သိပ်ဝေးတာမှ မဟုတ်တာ။ အဲ့တော့ တစ်ချက်သွားကြည့်ချင်လို့"
ယန်ယီဟိုင် ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီ ဒါပေမယ့် အန္တရာယ်ကင်းဖို့က အဓိကနော်။ ကားကိုသေချာမောင်း ဟုတ်ပြီလား"
"အဖေရယ် သမီးက ကလေးမှ မဟုတ်တော့တာ သိပါတယ်နော်။ အဲ့ဒါဆို သမီးသွားလိုက်ဦးမယ်နော်"
သူမအဝေးပြေးလမ်းပေါ် ရောက်ချိန်တွင် ဖုန်းဝင်လာလေသည်။ နံပါတ်ကိုမြင်လိုက်သောအခါ သူမ၏ ရင်ထဲတွင် လေးလံသွားလေသည်။
ဖြစ်နိုင်လျှင် သူမသည် ဤဖုန်းကို မကိုင်ဘဲနေလိုသည်။
ဖုန်းလာသည်ကို မသိချင်ဟန်ဆောင်လိုက်ရမည်လား။
သူမသည် ကားကိုရပ်လိုက်ပြီး ဖုန်းကိုသတိကြီးစွာ ထား၍ ကြောက်လန့်နေသည့်အမူအရာဖြင့် ဖြေလိုက်လေသည်။
"အစ်ကို” သူမသည် ထိတ်လန့်ကြောက်ရွံ့သည် အသံဖြင့် ခေါ်လိုက်လေသည်။ “ဖုန်းဆက်တာ ဘာကိစ္စရှိလို့လဲ"
တစ်ဖက်မှ ယောကျ်ားလေးတစ်ယောက်၏ အသံပေါ်လာပြီး "အဲ့စတော်ဘယ်ရီသီးတွေက ရှင်းယင်ခရိုင် ထောင်ယွမ်ရွာကမလား"
"အမ်....ဟုတ်တယ်"
ထိုလူသည် တစ်ခုခုပြောလိုက်ရာ သူမမှာ စကားများပင် ထစ်သွားလေသည်။ "အစ်ကိုလည်း အဲ့ကိုသွားချင်လို့လား။ ဘယ်တော့လဲ"
"အခုပဲ"
"ဘာရယ်။" သူမသည် ရင်တုန်သွားလေတော့သည်။ "ကောင်းပါပြီ ညီမလည်းအခုအဲ့ကို သွားမလို့ အဲ့မှာဆုံကြမယ်လေ"
ဖုန်းချလိုက်ပြီးနောက်တွင် သူမသည် သက်ပြင်းချလိုက်မိလေသည်။ ကုမ္ပဏီကြီးတစ်ခု၏ CEOဖြစ်သော သူမ၏ဝမ်းကွဲအစ်ကို အကြီးဆုံးသည် ယခုကဲ့သို့ ကျေးလက်ဒေသဘက်ကို လာမည်မထင်ထားချေ။
သူမသည် စတော်ဘယ်ရီခြံသူဌေးနှင့် ဆွေးနွေးရန်နှင့် အနားယူရန် ထောင်ယွမ်ရွာသို့ သွားလိုခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် သူမသည် ရင်တမမ ဖြစ်နေရချေပြီ။
သူမသည် ကြောက်ရွံ့နေလေသည်။
သူမ၏အစ်ကိုဝမ်းကွဲဆိုသူမှာ သားရဲတစ်ကောင်ပင်။ ရုပ်ရည်မှာ မိန်းကလေးများထက် လှပရုံသာမက အကြံသမားတစ်ယောက်ဖြစ်ပြီး ယန်လုပ်ငန်းစုကြီး၏ သနားညှာတာစိတ် ကင်းမဲ့သော ဥက္ကဋ္ဌပင် ဖြစ်ပေတော့သည်။
သူရပ်နေရုံနဲ့ပင် ဘေးတွင်ရှိသော လူများကို ထိတ်လန့်စေနိုင်သည်။
သူမငယ်စဉ်ကတည်းကပင် သူ့ကိုမြင်လိုက်တိုင်း ခေါင်းအစခြေအဆုံး ကြက်သီးများပင် ထလာသည်ဖြစ်သည်။
သို့သော် သူသည် ထောင်ယွမ်ရွာသို့ သွားမည်ဖြစ်ပြီး သူမသည်လည်း ထိုသို့သွားမည်ဟု ပြောလိုက်ရာ ရှောင်ရန်မဖြစ်နိုင်တော့ချေ။
သူမသည် စိတ်လှုပ်ရှားလွန်း၍ ကားပင် စက်ရပ်သွားချေတော့သည်။ သူမကားမောင်းလာသည်မှာ ဆယ်စုနှစ်ကျော်ကြာပြီဖြစ်ပြီး ယခုကဲ့သို့ဖြစ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။
သူမလည်း စတီယာတိုင်ကို စိတ်မရှည်စွာကိုင်လိုက်ရင်း စက်ပြန်နှိုးလေသည်။
ဒီတစ်ခါတွင် စက်နှိုးသွားလေသည်။
……
"ကျန်တဲ့စတော်ဘယ်ရီတွေ အကုန်လုံးကို တစ်ကတ်တီ ၂၀၀ ယွမ်နဲ့ ဝယ်ချင်တယ်ဟုတ်လား သခင်ကြီး" ရှောင်ကျန်းယန်သည် သခင်ကြီးကုန်းကို အံ့သြစွာကြည့်လိုက်လေသည်။ သခင်ကြီးကုန်းမှာ အသီးသုပ်ကို ကလေးတစ်ယောက်ကဲ့သို့ မြိန်ရှက်စွာ စားနေလေသည်။
ထိုအသီးသုပ်မှာ ရှောင်လင်းယွီလုပ်ထားသည်ဖြစ်ပြီး စတော်ဘယ်ရီအပြင် အခြားအသီးများလည်း ပါဝင်လေသည်။
သခင်ကြီးကုန်းသည် ဇွန်းမချတမ်း စားနေလေသည်။
"ဒါက တော်တော်အရသာရှိတာပဲ။ မင်းလုပ်ထားတာလား ချိုးယင်း"
"မဟုတ်ပါဘူး။ ယွီအာလုပ်တာပါ။ ကျွန်မက အသီးသုပ်ကို ဘယ်လိုလုပ်ရမလဲ မသိပါဘူး"ဟု ချန်ချိုးယင်းက ဖြေလေသည်။
"ဒါဆိုရင်တော့ လင်းယွီက အတော်,တော်တာပဲ"
ရှောင်လင်းယွီ၊ ‘ဒါက သာမန်အသီးသုပ်လေးပါပဲ’
ရှောင်လင်းယွီက ပြောလေသည်။ "သခင်ကြီးအနေနဲ့ လျှော့စားတာ ကောင်းပါလိမ့်မယ်။ အသီးသုပ်က အအေးစာပါ။ များများစားရင် အစာအိမ်အတွက် မကောင်းပါဘူး”
"အဆင်ပြေပါတယ်။ ခန္ဓာကိုယ်က တစ်ဖြည်းဖြည်းပိုကောင်းလာနေတာ အိပ်ကောင်း စားကောင်းပဲ။ ငါက ကျန်းမာကြံ့ခိုင်ပြီး ဖျတ်လတ်ပါတယ်ကွ"
လူတိုင်း၊ “…..”
‘ဒါပေမယ့် အဖိုးရယ်၊ အသက်ပဲ ၈၀ပြည့်ပြီးနေပြီလေ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်မှပေါ့။’
"သခင်ကြီး အခုလို ထပ်စားလို့မရပါဘူး။ တကယ်လို့ အကြီးဆုံးသခင်လေးသိရင် ကျွန်တော့်ရဲ့ အပိုကြေးတွေအကုန် ဖြတ်လိုက်လိမ့်မယ်" ရှောင်ဝမ်သည် အရဲစွန့်ကာ ပြောလိုက်လေသည်။
"အဲ့ဒါငါနဲ့ဘာဆိုင်လဲ" သခင်ကြီးက မကျေနပ်ဟန်ဖြင့် ဆိုလေသည်။
လူတိုင်း၊ “…..”
သခင်ကြီးသည် ပန်းကန်ကိုချလိုက်ပြီးနောက် ကျေနပ်စွာဖြင့် လက်ကိုင်ပုဝါဖြင့် ပါးစပ်ကို သုတ်လိုက်လေသည်။
"ဒီစတော်ဘယ်ရီတွေက အရမ်းအရသာရှိတာပဲ။ ပြီးတော့ ငါ့မြေးကလည်းဝယ်နိုင်ပါတယ်"
လူတိုင်း၊ “…..”
'ဒါပေမယ့် သူလည်းပိုက်ဆံကို ချွေးနဲ့ရင်းပြီးရှာရတာပဲလေ သခင်ကြီး အခုလို သုံးနေလို့ဖြစ်ပါ့မလား။ သူကရော ဒီအကြောင်းတွေသိရဲ့လားပဲ'
ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် အချင်းချင်းကြည့်လိုက်ကြလေသည်။ 'ခေါင်းဆောင်ပြောတာ မမှားဘူး။ ညှိနှိုင်းရမယ့်အစား သူကစျေးကို တစ်ခါတည်း တိုက်ရိုက်ပြောလိုက်ပြီး စျေးကြီးပေးဝယ်တာသာ အကြီးဆုံး သခင်လေးသာသိရင် ထိုင်ငိုသွားနိုင်တယ်။'
"မင်းမှာ စတော်ဘယ်ရီဘယ်လောက် ကျန်သေးလဲ ကျန်းယန်။ ငါ့မြေးက ဘယ်လောက်ကျန်ကျန် အကုန်ဝယ်ခဲ့ဖို့ပြောတယ်။ မင်းမရှုံးစေရဘူးလို့ ငါအာမခံပါတယ်။"
လူတိုင်း၊ “…..”
သခင်ကြီးကုန်းက တစ်ကတ်တီကို ၂၀၀ ယွမ် ပေးဝယ်သည်ကို အဘယ့်ကြောင့် ရှုံးမည်နည်း။
ရှောင်ကျန်းယန်သည် ရှောင်လင်းယွီကို ကြည့်လိုက်ပြီး "လင်းယွီ၊ စိုက်ခင်းထဲမှာ စတော်ဘယ်ရီတွေ ဘယ်လောက်ကျန်သေးလဲ"ဟု မေးလေသည်။
"ပြီးခဲ့တဲ့ရက်တွေတုန်းက ၂၃၀၀၀ ကတ်တီ ရောင်းထားတာ။ ၆ မူကို စတော်ဘယ်ရီ ၄၀၀၀၀ ကတ်တီ ဝန်းကျင်ထွက်တော့ အခု ၂၀၀၀၀ ကတ်တီလောက် ကျန်ဦးမယ်ထင်ပါတယ်။"
ပုံမှန်အားဖြင့် လယ်တစ်မူသည် ၅၀၀၀မှ ၆၀၀၀ ကတ်တီထိသာ ထွက်သော်လည်း သူမတို့သည် စမ်းရေကိုအသုံးပြုကာ စိုက်ပျိုးခဲ့ခြင်းဖြစ်တာကြောင့် အသီးများမှာ ကြီးမားပြီး အထွက်နှုန်း ကောင်းလေသည်။
"ဒါနဲ့ အသီးတွေက တော်တော်ကြီးတယ်နော် လင်းယွီ" သခင်ကြီးကုန်းသည် စိတ်ဝင်စားစွာ မေးလေသည်။
"ဒါကတော့ သခင်ကြီးကို ကျေးဇူးတင်ရမှာပဲ" ရှောင်လင်းယွီသည် ပြုံး၍ပြောလေသည်။
သခင်ကြီးကုန်း၊ “…..”
လူတိုင်း၊ “…..”
လူတိုင်း ‘အမ်...ဘယ်လိုဖြစ်လို့’
"သခင်ကြီးကသာ ရှောင်ကွမ်းနဲ့ မခင်ဘဲ အစာတွေ အများကြီး မကျွေးခဲ့ဘူးဆိုရင် ကျွန်မတို့အတွက် သဘာဝမြေသြဇာတွေ ဘယ်လိုရလာပါ့မလဲ" ရှောင်လင်းယွီက ရှင်းပြလေသည်။
လူတိုင်း၊ “….”
“….”သခင်ကြီးကုန်းသည် ပြုံး၍ပြောလေသည်။ "ဪ ဒီလိုလား ငါဒီကိစ္စမှာ ပါနေမှန်းတောင် မသိခဲ့ပါလား။ ဒါဆိုရင်တော့ တစ်ကတ်တီကို ၂၅၀ ယွမ်နဲ့ ဝယ်မှပဲ"
လူတိုင်း၊ “…..”
‘၂၅၀ ဟုတ်လား ဒါကို တမင်လုပ်နေတာများလား’
ရှောင်ကျန်းယန်သည် ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။
"သခင်ကြီး အခုလိုလုပ်စရာ မလိုပါဘူး။ သခင်လေးက ဝယ်ချင်တယ်ဆိုမှတော့ ပုံမှန်စျေးနဲ့ပဲ ရောင်းပေးပါ့မယ်။"
သခင်ကြီးသည် လက်ခါပြလိုက်လေသည်။ "ကိစ္စမရှိပါဘူး ငါ့မြေးမှာက ပိုက်ဆံပေါပြီး သုံးစရာနေရာက မရှိဘူးလေ။ အဲ့တော့ သူ့အစားနည်းနည်း သုံးပေးရတာပေါ့"
ရှောင်ကျန်းယန် ရှက်သွားလေသည်။
‘သခင်ကြီးတို့ ချမ်းသာတာ သိပေမယ့် ပိုက်ဆံကို အခုလို လျှောက်မသုံးသင့်ဘူးလေ။ ကတ်တီတစ်ခုကို ၂၅၀ဆိုတာတော့ လွန်လွန်းပါတယ်’
“ကျွန်တော် ဘယ်လိုလုပ် သခင်ကြီးတို့ဆီက အခွင့်အရေး ယူရဲပါ့မလဲ" ရှောင်ကျန်းယန်သည် ခေါင်းခါ၍ ငြင်းလေသည်။
"အဖိုးက ဒီစျေးနဲ့ဝယ်ချင်တယ်ဆိုမှတော့ သမီးလက်ခံပါ့မယ်" လင်းယွီက ဆိုလေသည်။
လူတိုင်း၊ “…..”
သခင်ကြီးကုန်း၊ “….”
ဘာလို့လဲ ကတ်တီတစ်ခုကို ၂၅၀ဆိုတာ စျေးကြီးပေမယ့် အဖိုးကုန်းလို လူမျိုးအတွက်တော့ မများဘူးလေ။ အဖိုးက အရင်တုန်းက Rနိုင်ငံက တစ်ခုကို ၅၈၈၈ယွမ်ရှိတဲ့ စတော်ဘယ်ရီသီးကို ဝယ်စားခဲ့တာ။ ရှောင်မိသားစုခြံက လောက်တောင် မကောင်းဘဲနဲ့
“ယွီအာ!" ရှောင်ကျန်းယန် ကန့်ကွက်သည်မှာ ထင်ရှားလေသည်။ ထို့နောက်သူသည် ဒေါသသံဖြင့် “ငါတို့ ရိုးသားရမယ်လေ ဘယ်လိုလုပ် သခင်ကြီးတို့ဆီကနေ အမြတ်ယူရပါ့မလဲ"
"ဒါက စီးပွားရေးပါ အဖေ။ အကျိုးအမြတ်ရဖို့လိုပါတယ်"
"ရှောင်လင်းယွီ!" ကျန်းယန်၏ အသံသည် ကျယ်လာပြီး ဒေါသသံပါလေသည်။ "နင်ဒီလိုစကားမျိုး ဘယ်လိုလုပ်ပြောထွက်ရတာလဲ။ နင်က လူလိမ်လား။ စီးပွားရေးလုပ်တာ ဘယ်လောက်မှ မကြာသေးဘူး။ အကျင့်ကောင်းတွေ တတ်နေတယ်ပေါ့လေ"
လင်းယွီသည် ဘာမှမပြောချေ။
ကျန်းယန်မှာ ဒေါသထွက်လာလေသည်။
ဤသည်ကို မြင်သောအခါ မေမေရှောင်သည် ထွက်လာပြီး "ကျန်းယန် ရှင်တစ်ခုခု ပြောစရာရှိရင် ကောင်းကောင်းပြောပါ။ ဒေါသထွက်မနေပါနဲ့။"
ထို့နောက် သူမသည် လင်းယွီဘက်သို့ လှည့်လိုက်ပြီး မျက်နှာထားမှာ ပြောင်းလဲသွားလေသည်။ "ရှောင်လင်းယွီ သခင်ကြီးက ငါတို့အပေါ် ဒီလောက်ကောင်းခဲ့တာကို နင်ဘယ်လိုများ အခွင့်အရေး ယူရဲတာလဲ"
လူတိုင်း၊ “…..”
ထိုလင်မယားမှာ တစ်ကယ်လည်း လိုက်ဖက်ပါပေသည်။
"သခင်ကြီးက သူ့ဘာသာကမ်းလှမ်းတာလေ သမီးက လက်ခံလိုက်ရုံပဲကို" ရှောင်လင်းယွီကပြောလေသည်။
မေမေရှောင်သည် စိတ်ဆိုးသွားပြီး တီဗီအနားရှိ ကြက်မွေးသွားယူလေသည်။
သခင်ကြီးသည် သူမကို လှမ်းတားလိုက်ပြီး "ချိုးယင်း စိတ်လျှော့ပါ။ လင်းယွီက ကိုယ်ဝန်ကြီးနဲ့လေ"ဟု ဖျောင်းဖျလေသည်။
သူမသည် ကြက်မွေးကို ပြန်ချလိုက်သော်လည်း ဒေါသမပြေသေးချေ။
သခင်ကြီးကုန်း ရှက်သွားလေသည်။
သူသည် ထိုစျေးဖြင့် စကမ်းလှမ်းခဲ့သည်ဖြစ်သော်လည်း သူ့ကြောင့် ထိုမိန်းကလေးသည် သူမ၏မိဘများ ဆူခြင်းခံရလေသည်။
"ကျန်းယန်, ချိုးယင်း မင်းတို့ ကလေးကို မဆူသင့်ဘူး။ ငါက ဒီစျေးနဲ့ စပြီးကမ်းလှမ်းခဲ့တာ သူကလက်ခံခဲ့ရုံလေးပဲ။ ဒါက စီးပွားရေးရဲ့ သဘောသဘာဝပဲ။ မင်းတို့စတော်ဘယ်ရီတွေအတွက် စျေးကွက်အကြီးကြီးရှိတယ်။ အဲ့တော့ မင်းတို့ စျေးမြင့်ရောင်းသင့်တာပဲ။ ဒါ့အပြင် မင်းတို့ရဲ့ စတော်ဘယ်ရီတွေက တစ်နိုင်ငံလုံးမှာ အကောင်းဆုံးပဲ။ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးတောင်ဖြစ်နိုင်တယ်။ အဲ့တော့ ဒါကို ၂၅၀မဟုတ်ဘဲ ၂၅၀၀နဲ့ ရောင်းမယ်ဆိုရင်တောင် ငါဝယ်မှာပဲ"
‘အာ?’
***