← Chapters

ကျန်းထောင်၏ခက်ခဲသောရွေးချယ်မှု

Vol. 13 Ch. 217

ကျန်းထောင်၏ခက်ခဲသောရွေးချယ်မှု

Vol. 13 Ch. 217

ကျန်းထောင်ပြန်လာသည့်သတင်းကြောင့် ချင်မိသားစုမှာ အလွန်ကိုပျော်ရွင်နေလေသည်။ သူတို့၏မူလအစီအစဉ်အရဆိုလျှင် မိသားစုနှစ်စုကြားမှာ စေ့စပ်ကြောင်းလမ်းမှုအကြောင်း ကြေညာရန် နောက်ထပ်နှစ်လစောင့်ရဦးမည်ဖြစ်သည်။ သို့သော်လည်း အခုတော့ ကျန်းထောင်က စောပြန်လာခဲ့တာကြောင့် သခင်ကြီးကျန်းက မင်္ဂလာကိစ္စကို စောစော ကြေညာဖို့ ဆုံးဖြတ်လိုက်လေသည်။

ချင်မိသားစုခေါင်းဆောင် ချင်ရှင်းပေါင်သည် သခင်ကြီးကျန်းထံမှာ ထိုကိစ္စကြားရချိန်တွင် အလွန်ကိုမှ ဝမ်းသာပျော်ရွှင်သွားခဲ့သည်။

သူက ချက်ချင်းပင် သမီးဖြစ်သူကို ဖုန်းဆက်လိုက်သည်။ “ယန်အာ ဘယ်ရောက်နေလဲ။”

“သမီးကော်ဖီဆိုင်မှာ။ ဘာကိစ္စရှိလို့လဲ အဖေ။”

အဆင့်မြင့်ကော်ဖီဆိုင်တစ်ဆိုင်တွင် ရှည်လျားနက်မှောင်သည့်ဆံနွယ်၊ ဖြူစင်ဝင်းအိသည့်အသားအရေရှိသည့် မိန်းကလေးတစ်ဦး သီးသန့်ခန်းတစ်ခန်း၏ ပြတင်းပေါက်ဘေးတွင် ထိုင်နေလေသည်။ သူမ၏ရုပ်ဆင်းသွင်ပြင်က အလွန်ထင်ရှားလှပကာ ကြီးမားသည့်ဝိုင်းစက်သည့် မျက်ဝန်းတစ်စုံ၊ သေသပ်သည့်မျက်ခုံးနှင့် ချယ်ရီရောင်နှုတ်ခမ်းတို့ပိုင်ဆိုင်လေသည်။ အမှန်ကို လှပလွန်းသည့်မိန်းမလှလေးပင်။

သူမကတော့ မြို့တော်၏အထက်တန်းလွှာအသိုင်းအဝိုင်းတွင် နာမည်ကြီးလှသည့် ချင်ယန်ပင်ဖြစ်လေသည်။

လက်ရှိတွင်တော့ သူမ၏လှပသောမျက်ဝန်းနက်များသည် မှန်ပြတင်းကိုဖြတ်ကာ သူမရှေ့ရှိ Imperial Palace အဆောက်အဦးကြီးကိုကြည့်နေခဲ့သည်။ ရံဖန်ရံခါ သူမဆီရောက်လာတတ်သည့်အကြည့်များကိုတော့ လျစ်လျူရှုထားလေသည်။

“ဟုတ်ကဲ့ သမီးသိပြီ။ ခဏနေပြန်လာခဲ့ပါ့မယ်။” ချင်ယန် ဖုန်းချလိုက်ပြီးနောက် Imperial Palace အဆောက်အဦးကို ထပ်ပြီး စိုက်ကြည့်နေပြန်သည်။ သူမက သက်ပြင်းအသာချလိုက်သော်လည်း သူမမျက်ဝန်းထဲတွင်တော့ မလိုလားသည့်ခံစားချက်တချို့ ရှိနေလေသည်။

ထို့နောက် သူမက အိတ်ကိုယူကာ ပြန်ရန်ပြင်လိုက်သည်။

ထိုအချိန်မှာပဲ ဝတ်စုံပြည့်နှင့်ရှူးဖိနပ်တစ်ရံဝတ်ထားသည့် အမျိုးသားတစ်ယောက်က သူမဆီသို့တန်းတန်းလျှောက်လာကာ စကားဆိုလေသည်။ “ဟဲလို မိန်းမလှလေး။”

ချင်ယန်ကတော့ ထိုလူကို လျစ်လျူရှုလိုက်သော်လည်း တစ်ဖက်ကတော့ သူမကို ဒီအတိုင်းထွက်သွားခွင့်ပေးနိုင်ဟန်မတူပေ။ ထိုလူက သူမလမ်းကိုပိတ်ကာ မီးဝင်းဝင်းတောက်နေသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ “တောင်းပန်ပါတယ်၊ မိန်းမလှလေး၊ မင်းက ငါ့ချစ်သူနဲ့အရမ်းတူနေလို့ပါ။ ငါ့ချစ်သူက မကြာသေး…” ခင်ကပဲ ဆုံးပါးသွားခြင်းဟုပြောကာ တစ်ဖက်မိန်းကလေး၏ ဂရုဏာသက်မှုကို လိုချင်ခြင်းဖြစ်သည်။

သို့သော်လည်း သူ စကားမဆုံးခင်မှာပဲ ချင်ယန်က ချိုသာကာ မထူးခြားနားသလိုပြောလာသည့်အသံအား ကြားလိုက်ရလေသည်။ “ဒါရှင်တို့နဲ့လွှဲခဲ့လိုက်မယ်။”

ချက်ချင်းဆိုသလို တစ်ဖက်သီးသန့်ခန်းထဲကနေပြီး အနက်ရောင်ဝတ်စုံနှင့်လူနှစ်ယောက် ထွက်လာလေသည်။ ကြည့်လိုက်ရုံဖြင့် သက်တော်စောင့်များဖြစ်ကြောင်း သိသာလှသည်။ ထိုလူနှစ်ယောက်က သူ့ရှေ့တွင် ဝင်ရပ်လိုက်ကာ အေးစက်စက်ဖြင့်ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး ထွက်သွားပေးပါ။”

သူ့မှာတော့ ကြောက်လွန်း၍ မျက်နှာတစ်ခုလုံးဖြူဖျော့သွားကာ ချိနဲ့စွာဖြင့် နောက်သို့နှစ်လှမ်းဆုတ်လိုက်မိလေသည်။ ဒီမိန်းကလေးရဲ့အဆင့်အတန်းက အင်အားကြီးမှန်း ထင်ရှားလှသည်။ သူတို့လို သာမာန်လူချမ်းသာမျိုးက သူမကိုစော်ကားဖို့ မတတ်နိုင်ပေ။

တခြားသော ချင်ယန်ကို စကားစရန်ကြိုးစားချင်နေသည့်လူများသည် ကြောက်လန့်သွားကြသည်။

ချင်ယန်၏လှပသည့်မျက်ဝန်းများက သူမပတ်ဝန်းကျင်မှ သူမအလှကြောင့် ဖမ်းစားခံလိုက်ရသူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းစွန်းတို့က ခပ်သာသာကွေးတက်သွားကာ သူမမျက်ဝန်းထဲတွင်တော့ မထီမဲ့မြင့်ပြုကာ အထင်သေးသည့်အကြည့်တို့ ပေါ်လာခဲ့သည်။ ထို့နောက်မှာတော့ သူမ ကော်ဖီဆိုင်ထဲက ထွက်ခဲ့လေသည်။

ချင်မိသားစုအိမ်သို့ပြန်ရောက်ပြီးနောက် ချင်ယန်က မေးလိုက်လေသည်။ “အဖေ၊ ဘာကိစ္စရှိလို့လဲ။”

ချင်ရှင်းပေါင်က ဝမ်းသာနေသည့်အမူအရာဖြင့် မေးလာခဲ့သည်။ “ယန်အာ၊ ကျန်းထောင်ပြန်ရောက်နေပြီလေ။ သမီးသိလား။”

“ကျန်းထောင်?” ရုတ်တရက်ကြားလိုက်ရတာကြောင့် ချင်ယန် အနည်းငယ်အံ့ဩသွားသော်လည်း ခေါင်းအသာယမ်းပြလိုက်လေသည်။ “သမီး မသိဘူး။”

သူမ ကျန်းထောင်နှင့်စေ့စပ်ရတော့မည်ဆိုသည့်သတင်းကို ကြားလိုက်ရကတည်းက သူမစိတ်က ဝေဝါးကာလမ်းပျောက်နေပြီး ‘ထိုလူ’ကလွဲ၍ တခြားဘယ်သူ့ကိုမှ ဂရုမစိုက်တော့ပေ။

ချင်ရှင်းပေါင်က အနည်းငယ်ဝေခွဲမရဖြစ်သွားလေသည်။ “ဘယ်လိုလုပ်မသိရတာလဲ။ အဆက်အသွယ်မရှိကြဘူးလား။ မင်းတို့နှစ်ယောက် သူငယ်ချင်းတွေ မဟုတ်ဘူးလား။”

ချင်ယန် ခေါင်းယမ်းလိုက်သည်။ “ကျန်းထောင် နယ်ဆင်းသွားကတည်းက သမီးတို့အဆက်အသွယ်ပြတ်သွားတာ။”

တကယ်တော့ သူမ ကုန်းထျန်းဟောက်နှင့် နီးကပ်လို၍သာ ကျန်းထောင်နှင့် သူငယ်ချင်းဖြစ်ခဲ့ခြင်းဖြစ်သည်။ ကျန်းထောင် နယ်ဘက်ဆင်းသွားပြီးနောက်မှာတော့ ကျန်းထောင်နှင့် ကုန်းထျန်းဟောက်သည်လည်း အဆက်အသွယ်နည်းလာတာကြောင့် ချင်ယန်သည်လည်း ကျန်းထောင်ကို သိပ်မဆက်သွယ်ဖြစ်တော့ပေ။

ချင်ရှင်းပေါင် အနည်းငယ်သင်္ကာမကင်းဖြစ်သွားသော်လည်း ဝမ်းသာအားရဖြင့် ဆက်ပြောလေသည်။ “ယန်အာ၊ အစောကပဲ သခင်ကြီးကျန်းဖုန်းဆက်တယ်။ ကျန်းထောင်ပြန်လာပြီဆိုတော့ မင်းတို့ ကြိုစေ့စပ်ထားလို့ရပြီတဲ့။”

“ကြိုပြီးစေ့စပ်ရမယ်?” ချင်ယန် အတော်လေးအံ့ဩသွားပုံရသည်။ “ဘာလို့လဲ။” သူမ စောစောစီးစီး မစေ့စပ်ထားချင်ပေ။ တကယ်တော့ လုံးဝကို မစေ့စပ်ချင်တာဖြစ်သည်။ ဒါပေါ့ ထိုလူနဲ့သာ စေ့စပ်ရမယ်ဆိုရင်တော့ အလွန်ပျော်ရွှင်နေမည်ပင်။ သို့ပါသော်လည်း သူမ ဂရုမစိုက်သည့်လူတစ်ယောက်နှင့်တော့ မစေ့စပ်ချင်ပေ။

ချင်ရှင်းပေါင်သည် ချင်ယန်၏တုန်လှုပ်သွားသည့်အမူအရာကို ပျော်ရွှင်သွားခြင်းဟု အထင်မှားသွားကာ ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်နေလေသည်။

သူ့သမီးသည် ကောင်းကင်ဘုံကဆင်းသက်လာသလားထင်မှတ်ရအောင် လှပလွန်းတာကြောင့် မိသားစုအကျိုးအတွက် ကူညီပေးနိုင်လေသည်။ ကျန်းထောင်ကတော့ အကောင်းမွန်ဆုံးရွေးချယ်မှုပင်။ ကုန်းမိသားစုက ကုန်းထျန်းဟောက်ကတော့ ပိုကောင်းတာပေါ့။ သို့ပေမယ့် ကုန်းထျန်းဟောက်တွင် ငွေရော အာဏာရော အဆင့်အတန်းပါ ပြည့်စုံပြီးသားဖြစ်တာကြောင့် သူ့မိသားစုအကျိုးအမြတ် ရေရှည်တည်တံ့နိုင်ရေးအတွက် စီးပွားရေးအရလက်ထပ်ကြောင်းလမ်းမှုအပေါ် မှီခိုနေစရာမလိုတော့ပေ။

ချင်ယန်နှင့်ကုန်းထျန်းဟောက်တို့သည် ငယ်စဉ်ကတည်းက ကောင်းမွန်သည့်ဆက်ဆံရေးရှိကြလေသည်။ ချင်ယန်၏ဖခင်သည် ကုန်းထျန်းဟောက်တစ်ယောက် တချိန်ချိန်တော့ ချင်ယန်ကို လက်ထပ်လိမ့်မည်ဟုပင် ထင်ခဲ့သေးသည်။

သို့သော်လည်း လီမိသားစု၏သမီးဖြစ်သူ ဝတ်လစ်စလစ်ဖြင့်နာမည်ကြီးသွားကာ မိသားစုသည်လည်း ဒဏ်ခံလိုက်ရချိန်မှာတော့ ချင်ရှင်းပေါင်၏နှလုံးက အဆမတန်တုန်လှုပ်သွားလေသည်။

ကုန်းထျန်းဟောက်သည် ရက်စက်ကာ အကြင်နာတရားကင်းမဲ့လေသည်။ သူသာ ချင်ယန်အပေါ် ခံစားချက်ရှိလျှင် အကောင်းဆုံးဆိုပေမယ့် သူ့မှာသာ ခံစားချက်မရှိဘဲ ချင်ယန်ကသာ သူ့ကို အတင်းလိုက်ကပ်နေမည်ဆိုလျှင် ဇာတ်သိမ်းကောင်းလိမ့်မည်မဟုတ်ပေ။

ချင်ယန်သည် ချင်မိသားစု၏အဆင့်အတန်းမြင့်လာရေးအတွက် အကျိုးအမြတ်အရလက်ထပ်ကြောင်းလမ်းမှုလုပ်ရာတွင် အဓိကအရေးပါသူဖြစ်သည်။

မြို့တော်တွင် ကုန်းမိသားစု၊ ကျန်းမိသားစု၊ လီမိသားစု၊ ချင်မိသားစု၊ ချူးမိသားစုနှင့် လန်မိသားစုဟူ၍ မိသားစုကြီး ၆ခုရှိကာ ဒါက သူတို့၏အာဏာအင်အားအရ အစဉ်လိုက်စီထားပြခြင်းလည်းဖြစ်သည်။

ချင်ရှင်းပေါင်အနေနှင့် သူ့သားမက်ကို ထိုမိသားစုကြီးများထဲကနေသာ ရွေးချယ်နိုင်မည်ဖြစ်သည်။ အကောင်းဆုံးရွေးချယ်မှုကတော့ ကုန်းမိသားစုဖြစ်ကာ သူ့နောက်တွင်တော့ ကျန်းမိသားစုရှိလေသည်။

လီမိသားစုသည်တော့ ချင်မိသားစု၏ရန်သူတော်ဖြစ်တာကြောင့် အကျိုးအမြတ်အရလက်ထပ်ကြောင်းလမ်းမှုရှိလာဖို့ မဖြစ်နိုင်ပေ။

ချင်ရှင်းပေါင်သည် ကုန်းမိသားစုနှင့် မင်္ဂလာကိစ္စကြောင်းလမ်းဖို့ ကြိုးစားခဲ့ပါသော်လည်း သခင်ကြီးကုန်းနှင့် ကုန်းထျန်းဟောက်တို့က ငြင်းပယ်ခဲ့ကြလေသည်။ ပြောရရင်တော့ ကုန်းထျန်းဟောက်က ချင်ယန်ကို လုံးဝစိတ်မဝင်စားခြင်းဖြစ်သည်။

ဒါကြောင့်ပဲ သခင်ကြီးကျန်းက ဒီမင်္ဂလာကိစ္စကို စိတ်ဝင်စားလာပုံပြသည်နှင့် မိသားစုခေါင်းဆောင်နှစ်ယောက်သည် ချက်ချင်းဆိုသလို တညီတညွတ်ဆုံးဖြတ်လိုက်ကြခြင်းပင်။ ထိုအကြောင်းသည် သူတို့အသိုင်းအဝိုင်းတွင်တော့ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။

ချင်ယန်သည် ထိုသတင်းကိုကြားပြီးနောက် ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်အထိ ထိတ်လန့်သွားကာ မျက်နှာတစ်ခုလုံးဖြူဖျော့ပြီး ခန္ဓာကိုယ်တစ်ခုလုံး အားနည်းပျော့ခွေသွားခဲ့သည်။

သို့ပေမယ့် သူမ၏ကံကြမ္မာကို မဆန့်ကျင်နိုင်ပေ။ ဒီအတွက်လည်း သူမအရင်ကတည်းက သူမစိတ်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

သို့ပေမယ့် တကယ်တမ်း စေ့စပ်ပွဲလုပ်တော့မည်သတင်းကို ကြားလိုက်ရချိန်မှာတော့ သူမစိတ်က လက်မခံနိုင်ဖြစ်နေတုန်းပင်။ သူမလည်း ခံစားချက်များကို မြိုသိပ်ကာ သူမအဖေရှေ့တွင်ရှိနေခြင်းကြောင့် ပုံမှန်လိုအတင်းဟန်ဆောင်ရင်း မေးလိုက်လေသည်။ “အဖေ၊ ကျန်းထောင်က ဩဂုတ်လမှပြန်လာမယ်လို့ ကြားထားတာပါ။ ဘာလို့ အခုချိန်ကြီး ပြန်ရောက်လာတာလဲ။”

ချင်ရှင်းပေါင်က ခေါင်းယမ်းလိုက်ပြီး၊ “အဖေလည်း မသိဘူး။” ထိုသို့ပြောပြီးနောက် သူက ချင်ယန်၏ပုခုံးကို အသာပုတ်ပြီး၊ “ယန်အာ၊ သူ စောစောပြန်လာတာ သတင်းကောင်းပဲလေ။ ကျန်းထောင်ကို ငါတို့သားမက်အဖြစ်မြန်မြန်ရမှဖြစ်မယ်၊ မဟုတ်ရင် တခြားမိသားစုတွေက လုသွားလိမ့်မယ်။ ယန်အာ၊ ကျန်းထောင်က သမီးအတွက်ရော မိသားစုအတွက်ပါ အကောင်းဆုံးရွေးချယ်မှုပဲ။ အဖေပြောတာ နားလည်ရဲ့လား။”

ချင်ယန်၏အမူအရာအနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သူမက ခေါင်းညိတ်လိုက်ပြီး၊ “ကျန်းထောင်နဲ့ လက်ထပ်ခွင့်ရလို့ သမီးလည်းအရမ်းပျော်ပါတယ် အဖေ။”

“ကောင်းတယ် ကောင်းတယ်။ နောက်နှစ်ရက်ဆို သမီးက ကျန်းမိသားစုရဲ့သတို့သမီးလောင်းဖြစ်တော့မှာ။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်တော့။”

“ကောင်းပါပြီ၊ အဖေ။”

…..

Imperial Palace လုပ်ငန်းစုတွင်..

လီယွမ်ဟန်တစ်ယောက် ဥက္ကဌရုံးခန်းထဲသို့ဝင်လာပြီးနောက် သူ့မျက်မှန်ကိုနှာခေါင်းပေါ်သို့ တွန်းတင်လိုက်လေသည်။ ထို့နောက် ကုန်းထျန်းဟောက်ကို အစီအရင်ခံလိုက်သည်။ “ထျန်းဟောက်၊ သခင်ကြီးကျန်းက သခင်လေးကျန်းကို သံသဝင်နေပြီ။ အခုပဲ ရှင်းယင်ခရိုင်ကို လူတွေလွှတ်လိုက်တယ်။” လီယွမ်ဟန် သင်္ကာမကင်းဟန်ဖြင့် မေးလာခဲ့သည်။ “သခင်လေးကျန်းက သူ ရှောင်လင်းယွီကိုကြိုက်နေတဲ့အကြောင်း သခင်ကြီးကျန်းကို ပြောလိုက်တာများလား။ မဟုတ်ရင် သခင်ကြီးကျန်း ဘယ်လိုလုပ် ဒီလောက်မြန်မြန်ဆန်ဆန် လှုပ်ရှားလာရတာလဲ။”

ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်သွားလေသည်။ “သခင်ကြီးကျန်းရဲ့အကဲခတ်နိုင်စွမ်းနဲ့ဆိုရင် ထောင်ဇီဘာမှမပြောရင်တောင်မှ မူမမှန်တာလေး နည်းနည်းလောက် သတိထားမိလိုက်ရုံနဲ့ သခင်ကြီးကျန်းက သံသယဝင်တော့မှာပဲ။”

“အာ…” လီယွမ်ဟန် အနည်းငယ် အံ့ဩမိသွားလေသည်။ “ဒါဆို သခင်လေးကျန်းရော ဒီအကြောင်း သိလောက်လား။”

ကုန်းထျန်းဟောက်သည် အနက်ရောင်ထိုင်ခုံကြီး၏နောက်မှီသို့ မှီချလိုက်ရင်း သူ၏နက်မှောင်သည့် မျက်ဝန်းများကို မှေးကျဉ်းလျက်၊ ပြောလာခဲ့လေသည်။ “သိပ်တော့မထင်ဘူး။”

ကျန်းထောင်ကို သခင်ကြီးကျန်းကိုယ်တိုင် ပျိုးထောင်ခဲ့ခြင်းဖြစ်သည်။

ကျန်းထောင်သည် သခင်ကြီးကျန်း၏လက်ဖဝါးထဲတွင်သာ ရှိလေသည်။ ကျန်းထောင်ဘက်က တစ်ခုခုလေး ပုံမှန်နှင့်သွေဖယ်လိုက်သည်နှင့် သခင်ကြီးကျန်းက တန်းသိသွားမည်ဖြစ်သည်။ ကျန်းထောင်သည် သခင်ကြီးကျန်း၏ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ ရုပ်သေးသဘာဝ ရုပ်သေးဆရာရှေ့တွင် ကြောက်ရွံ့တတ်ကြပေသည်။ ဒါကြောင့်ပဲ သူ့အားနည်းချက်တချို့ကို ထုတ်ပြလိုက်မိခြင်းဖြစ်မည်။

“ဒါဆို ငါတို့အခုဘာလုပ်ကြမလဲ ထျန်းဟောက်။” လီယွမ်ဟန်က စိုးရိမ်တကြီးပြောလိုက်လေသည်။ “သခင်ကြီးကျန်းရဲ့စိတ်ခံစားချက်ကင်းမဲ့တဲ့စရိုက်မျိုးနဲ့ဆိုရင် ရှောင်လင်းယွီအကြောင်း သိသွားတာနဲ့ သူ့ကိုတန်းပြီး အမှုန့်ကြိတ်ပစ်လိမ့်မယ်။

ဟုတ်တော့ဟုတ်ပါတယ်။ ငါ ရှောင်လင်းယွီနဲ့စစတွေ့တုန်းက သူ့အပေါ် ထင်မြင်ချက်သိပ်ကောင်းကောင်း မရှိခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်း အကြိမ်ရေတချို့ ဆက်သွယ်ပြီးတဲ့နောက်မှာတော့ သူက ကြင်နာတတ်ပြီး အထင်ကြီးစရာကောင်းတဲ့ သန်မာတဲ့အမျိုးသမီးတစ်ယောက်ဆိုတာ သိလိုက်ရတယ်။ သူ့လိုလူမျိုးက ကျန်းမိသားစုရဲ့ဖျက်ဆီးတာကိုခံလိုက်ရရင် သနားစရာကောင်းမနေဘူးလား။”

လီယွမ်ဟန် ထိုစကားတွေကိုပြောနေခြင်းမှာ သူ့ရှေ့ကယောက်ျားသားအတွက် ရည်ရွယ်ကာ ပြောနေခြင်းဟုတ်မဟုတ်ကိုတော့ မသိရပေ။ သူထိုစကားတွေကိုပြောနေချိန်တွင် နှုတ်ခမ်းစွန်းတို့က ကွေးတက်နေတာတော့ သိသာလှလေသည်။ သူက မျက်မှန်ကိုထပ်ပြီးပင့်တင်လိုက်ပြန်ကာ သူ့မျက်လုံးထဲက ပရိယာယ်တချို့ကို ဖုံးကွယ်ထားခဲ့သည်။

ကျန်းထောင်နှင့်ရှောင်လင်းယွီတို့တွဲဖြစ်မည့်အရေးအတွက်တော့ လီယွမ်ဟန်သည် သိပ်မမျှော်လင့်ထားပေ။ အဓိကအကြောင်းရင်းကတော့ ကျန်းမိသားစုကြောင့်ဖြစ်လေသည်။ ကျန်းထောင်၏အချစ်သည် ရှောင်လင်းယွီအတွက် အလွန်ကိုမှလေးလံသည့်အရာပင်။ ရှောင်လင်းယွီတစ်ယောက် ထိုလေးလံလှသည့် ချစ်ခြင်းမေတ္တာကို လက်ခံနိုင်မည်မဟုတ်ပေ။

ကျန်းထောင်သည် လွတ်လပ်စွာချစ်ကြိုက်ခွင့်မရှိသည့် ရုပ်သေးတစ်ရုပ်သာဖြစ်လေသည်။ ဒါကြောင့် အရင်ဆုံး သူ့ရုပ်သေးဆရာလက်က လွတ်အောင် ကြိုးစားမှသာဖြစ်မည်။

အမှန်အတိုင်းပြောရလျှင်တော့ ရှောင်လင်းယွီသည် သူ့ဘော့စ်နှင့်ပိုပြီး လိုက်ဖက်သည်ဟု လီယွမ်ဟန် ခံစားရသည်။ အကြောင်းအရင်းကိုတော့ သူ မရှင်းပြနိုင်သော်လည်း ဒီနှစ်ယောက်က တော်တော်လေး လိုက်ဖက်မှုရှိသည်ကိုတော့ အလိုလိုသိစိတ်ကနေ ခံစားနေမိသည်။

သို့သော်လည်း ကျန်းထောင်နှင့်သူ့ဘော့စ်သည် သူငယ်ချင်းအရင်းကြီးများဖြစ်နေလေသည်။

ကျန်းထောင်ကသာ ရှောင်လင်းယွီကို အရင်ဆုံးချစ်မိသွားခဲ့သူဖြစ်သည်။ ရှောင်လင်းယွီဘက်က လက်ခံသည်ဖြစ် လက်မခံသည်ဖြစ်စေ ကုန်းထျန်းဟောက်သာ ကြားဝင်ပါက ပညာမဲ့ရာကျပေသည်။ ဒါပေါ့၊ ကျန်းထောင်ကသာ ရှောင်လင်းယွီကို လက်လွှတ်လိုက်မယ်ဆိုရင်တော့ အခြေအနေက တစ်မျိုးပြောင်းသွားမှာပေါ့။

ကုန်းထျန်းဟောက် ခဏကြာအောင် တွေးနေခဲ့သည်။ “လူတွေခေါ်ပြီး စောင့်ကြည့်ခိုင်းထားလိုက်။ ဟိုအဖိုးကြီးရဲ့လူတွေ ရှောင်လင်းယွီကို ရှာမတွေ့တာသေချာအောင် လုပ်။”

လီယွမ်ဟန်ပြုံးလျက်ပြန်ဖြေလေသည်။ “ကောင်းပြီ။”

လီယွမ်ဟန်ထွက်သွားပြီးနောက်မှာတော့ ကုန်းထျန်းဟောက်က ကျန်းထောင်ကို ဖုန်းဆက်ခဲ့သည်။

“ထောင်ဇီ၊ မင်းအဖိုး သံသယဝင်သွားပြီ။”

ကျန်းထောင် ဖုန်းချလိုက်ပြီးသည်အထိ အနည်းငယ်ထိတ်လန့်နေတုန်းပင်။ ထို့နောက်မှာတော့ သူ၏အေးစက်စက်မျက်လုံးများထဲတွင် မျက်ရည်များပြည့်လာခဲ့သည်။

သူ့အဖိုးရဲ့ရှေ့မှောက်မှာတော့ သူဆိုတာ လူပြက်တစ်ယောက်သာဖြစ်လေသည်။ သူ့အမူအရာမှန်သမျှကို သူ့အဖိုးက ဖောက်ထွင်းမြင်နိုင်စွမ်းရှိနေသည်ပင်။

သူ ခါးခါးသီးသီး ပြုံးလိုက်မိသည်။ သူ့အဖိုးကို လျှော့တွက်မိခဲ့ခြင်းပင်။ သူ့ဘက်က စပြီးတောင် မခုခံရသေးသေးသော်လည်း သူ့အဖိုးကတော့ စတင်လှုပ်ရှားနေပြီဖြစ်သည်။

သူ အခုထိ အလွန်အားနည်းနေတုန်းပင်။ သူ့အားနည်းချက်ကပဲ လင်းယွီကို ထိခိုက်စေနိုင်သည်။ သူ့မိသားစုက သူချစ်ရသည့်အမျိုးသမီးကို ထိခိုက်စေနိုင်လေသည်။

သူ အာဏလိုအပ်သည်။ မိသားစုတစ်ခုလုံးကို ထိန်းချုပ်နိုင်မယ့်အာဏာ သူ့လွတ်လပ်ခွင့်ကို ကိုယ်တိုင်ထိန်းချုပ်နိုင်မယ့်အာဏာကို အလောတကြီးလိုအပ်နေသည်။ သို့ပါသော်လည်း ထိုအာဏာကိုရဖို့ရန်က အရင်ဆုံး လက်ထပ်မှဖြစ်မည်။ ဒါ့အပြင် တစ်ဖက်လူက သူ့အဖိုးလက်ခံသည့်လူလည်းဖြစ်ဖို့လိုသည်။ မဟုတ်ပါက သူ့အဖိုးက သူ့ကို ကျန်းမိသားစု၏အာဏာအား ပေးမည်မဟုတ်ပေ။ အာဏာသာမရှိလျှင် သူချစ်ရသည့်အမျိုးသမီးကိုလည်း ကာကွယ်နိုင်မည်မဟုတ်ပေ။ သို့ပေမယ့် သူသာ အာဏာလိုချင်ပြန်လျှင် သူချစ်ရသည့်အမျိုးသမီးကို လက်လွှတ်ရပေမည်။

တကယ်ကိုရွေးချယ်ရခက်သည့်လမ်းဆုံတစ်ခုပင်။ ကုန်းထျန်းဟောက်ပြောသလိုပဲ သူသာ ကျန်းမိသားစု၏ရုပ်သေးဘဝမှမလွတ်မြောက်နိုင်သေးလျှင် ချစ်ပိုင်ခွင့်မရှိတော့ဘူးလား

ဒီလိုသာဆို…

….

ကုန်းထျန်းဟောက်တစ်ယောက် ဖုန်းကိုချလိုက်ပြီးနောက် ငြိမ်ငြိမ်လေးထိုင်နေခဲ့သည်။

တွန့်ချိုးထားသည့် မျက်ခုံးများက ပြေလျော့သွားပြီဖြစ်ကာ အတွေးပင်လယ်ထဲ နစ်မြုပ်နေခဲ့သည်။

ကျန်းထောင် အစောကပြောခဲ့သည့်စကားမှာ၊ “ထျန်းဟောက်၊ ငါသာ လင်းယွီနဲ့သူ့မိသားစုကို မကာကွယ်နိုင်ခဲ့ရင် ကျေးဇူးပြုပြီး မင်းကပဲ ကူညီပြီးကာကွယ်ပေးပါ။ ဒါ ငါတို့ကြားက သဘောတူညီမှုပဲ။ ဒီမိသားစုငယ်လေးရဲ့ပျော်ရွှင်မှုကို ဘယ်သူ့ကိုမှ ဖျက်ဆီးခွင့်မပြုနိုင်ဘူး။”

ကုန်းထျန်းဟောက်လည်း ဖုန်းကိုကိုင်ထားရင်း နှုတ်ဆိတ်နေခဲ့သည်။ အတော်လေးကြာပြီးနောက်မှသာ သူပြန်ဖြေနိုင်ခဲ့လေသည်။ “ကောင်းပြီ။”

…..

“သေစမ်း၊ ဒီဆိုင်ရဲ့စီးပွားရေးက အရမ်းကောင်းတာပဲ။”

‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့် ဟင်းသီးဟင်းရွက်များဆိုင်’တွင် ဆံပင်ဝါဝါနှင့် ကျန့်ယောင်ကျူတစ်ယောက် ဆိုင်၏စီးပွားရေးကိုကြည့်ကာ အံ့ဩတကြီးဖြစ်လို့နေသည်။

“ဒေါ်လေး၊ ဒီဆိုင်ရဲ့စီးပွားရေးက နေ့တိုင်း ဒီလိုကောင်းနေတာပဲလား။” ကျန့်ယောင်ကျူသည် စတုတ္ထဒေါ်လေးရှောင်ကို စပ်စပ်စုစုဖြင့်မေးလိုက်သည်။

လျိုချွမ်းဟွာက မူမမှန်သည့်ကာစတန်မာကိုကြည့်ရင်း ခေါင်းအသာညိတ်လိုက်သည်။ “ဟုတ်တယ်။”

ကျန့်ယောင်ကျူက ဆိုင်ထဲကိုပတ်ကြည့်ရင်း အံ့ဩတကြီးပြောလာပြန်သည်။ “အသီးအရွက်တွေက ဈေးကြီးလိုက်တာ၊ ဒါတောင် စီးပွားရေးက ကောင်းနေတုန်းပဲနော်။ မယုံနိုင်စရာပဲ။”

ဒေါ်လေးရှောင်သည် ကျန့်ယောက်ကျူကို မမြင်ဖူးတာကြောင့် သူ၏ထူးထူးဆန်းဆန်း အပြူအမူကိုမြင်ပြီး သံသယဝင်လာခဲ့သည်။ သူမက ကျန့်ယောင်ကျူအနားသို့သွားလိုက်ကာ၊ “လူငယ်လေး၊ ဒေါ်လေး ဘာကူညီပေးရမလဲ။”

ကျန့်ယောင်ကျူလည်း ဒီတော့မှ သူရောက်နေရသည့် အကြောင်းအရင်းကို ပြန်အမှတ်ရသွားကာ ရှက်ရှက်နှင့်ခေါင်းကုတ်ရင်း ပြောလာလေသည်။ “ဒေါ်လေး၊ အလုပ်ခေါ်သေးလား။ ကျွန်တော် အလုပ်လျှောက်ချင်လို့ပါ။”

“မင်းက ဒီမှာ အလုပ်လုပ်ချင်တာလား။” လျိုချွမ်းဟွာ အံ့ဩသွားလေသည်။ ထို့နောက် သူမက ကျန့်ယောင်ကျူနှင့် သူဝတ်ဆင်ထားသည့် ထူးထူးဆန်းဆန်းပုံစံကို စေ့စေ့စပ်စပ်ကြည့်လိုက်ရင်း တွန့်ဆုတ်စွာပြောလိုက်သည်။ “လူငယ်လေး၊ ဒေါ်လေးတို့ဆိုင်မှာ လောလောဆယ် လူမခေါ်သေးဘူး။” ဒီကောင်လေးပုံစံနဲ့တင် ကာစတန်မာတွေကို ခြောက်လှန့်နိုင်တယ်လေ။ ဘယ်လိုလုပ် သူ့ကို ငှားရမှာလဲ။

“ဟမ်? လူထပ်မခေါ်တော့ဘူးလား။” ကျန့်ယောင်ကျူ စိတ်ပျက်သွားရသည်။ “ဒေါ်လေး၊ ကျွန်တော် ကောင်းကောင်းလုပ်နိုင်ပါတယ်။ စာရင်းဘယ်လိုတွက်ရမလဲဆိုတာလဲ သိတယ်။”

ဒေါ်လေးရှောင်ကတော့ ယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းဆန်နေတုန်းပင်။ “ဒါပေမယ့် ဒေါ်လေးတို့မှာ ကောင်တာထိုင်မယ့်သူရှိပြီးသားပါ။ ဒေါ်လေးတို့ ဝန်ထမ်းထပ်မလိုတော့ဘူး။”

‘လိုနေရင်တောင် ဒီလိုလူမိုက်လေးကို ငှားစရာလား။’

ကျန့်ယောင်ကျူ ခေါင်းကိုထပ်ကုတ်နေပြန်ကာ အသံတိုးတိုးဖြင့် ပြန်မေးလာလေသည်။ “ဒါဆို ဒေါ်လေးတို့ သန့်ရှင်းရေးရောလိုသေးလား။”

“ဘာ??” လျိုချွမ်းဟွာ သူ့နားသူပင် မယုံနိုင်ဖြစ်သွားသည်။

ထိုအချိန်မှာပဲ ကျန့်ယောင်ကျူ၏မျက်လုံးများက တောက်ပလာကာ ဝမ်းသာအားရ အော်ခေါ်လိုက်လေသည်။ “ရှောင်ရှင်းရှင်း!”

***

All Chapters