← Chapters

မိန်းကလေးတစ်ယောက်ကို ဘယ်လိုရအောင်လိုက်မလဲ

Vol. 13 Ch. 219

မိန်းကလေးတစ်ယောက်ကို ဘယ်လိုရအောင်လိုက်မလဲ

Vol. 13 Ch. 219

ကျန့်ယောင်ကျူအိမ်သို့ပြန်ရောက်သည်နှင့် အဖိုးကျန့်က အလောတကြီးမေးလိုက်လေသည်။ “ငါ့မြေး အခြေအနေ ဘယ်လိုလဲ။”

ကျန့်ယောင်ကျူ၏မျက်နှာက ပြန်နီသွားပြန်ကာ၊ “ကျွန်တော် ဒီနေ့ သူနဲ့စကားတွေအများကြီးပြောခဲ့တယ်။”

“တိုးတက်လာတပဲ။ ကောင်းတယ်။ ကောင်းတယ်။” အဖိုးကျန့်သည် ထိုစကားကိုကြားပြီး ဝမ်းသာသွားလေသည်။ ထို့နောက် သူက စပ်စပ်စုစုဖြင့် ထပ်မေးလိုက်သည်။ “ဒီတော့ မင်းတို့ဘာတွေပြောခဲ့ကြလဲ။” သူ့အကြီးဆုံးမြေးလေးက နောက်ဆုံးတော့ ဉာဏ်အလင်းတွေ ပွင့်ကုန်ပြီပေါ့။

ကျန့်ယောင်ကျူလည်း မျက်နှာနီနီဖြင့် ပြောပြလေသည်။ “ကျွန်တော် သူအရမ်းချစ်စရာကောင်းတယ်လို့ ပြောခဲ့တယ်။ သူ့မျက်နှာက နီနေတာ။ တကယ်ချစ်ဖို့ကောင်းတယ်။”

“….” အဖိုးကျန့်ပြန်မေးလိုက်သည်။ “မင်းပြောခဲ့တာ ဒါအကုန်ပဲလား။”

“ပြီးတော့ ဒေါ်လေးကိုလည်း ကျွန်တော်ဆိုင်မှာ အလကားအလုပ်လုပ်ပေးချင်တဲ့အကြောင်း ပြောခဲ့သေးတယ်။”

ရုတ်တရက်ကြီး အဖိုးကျန့် အတော်လေး စိတ်ပျက်သွားမိတော့သည်။ သူက ကျန့်ယောင်ကျူကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆူပူတော့သည်။ “ငါ့မှာဘယ်လိုလုပ်များ ဒီလောက်တုံးတဲ့မြေးမျိုးရှိနေရတာလဲ။ မိန်းကလေးတစ်ယောက်ကို ဘယ်လိုပိုးပန်းရမလဲတောင်မသိတဲ့ကောင်။ မင်းကိုယ်မင် ကျန့်ချင်းကောရဲ့မြေးဆိုပြီး ဘယ်တော့မှမပြောနဲ့။ မင်းဒီလောက် နှေးတုံ့နှေးတုံ့လုပ်နေရင် ငါဘယ်တော့များမှ ငါ့မြစ်လေးကို ချီနိုင်တော့မှာလဲ။”

သူ့အကြီးဆုံးမြေးသည် အရာတော်တော်များများကို လုပ်နိုင်သော်လည်း မိန်းကလေးတွေနားရောက်ရင်တော့ ပါးစပ်ကပိတ်သွားလေသည်။ ဒါ့အပြင် သူ့ပုံမှန်ဝတ်ပုံစားပုံကိုပါ ထည့်ပေါင်းလိုက်ချိန်မှာတော့ မိန်းကလေးများစွာက သူ့ကိုကြောက်သွားကာ အနားပင် မကပ်ရဲကြတော့ပေ။ ဤသို့ဖြင့် သူ့အကြီးဆုံးမြေးမှာ အလေးအနက်ထားရတဲ့ဆက်ဆံရေးမျိုး တစ်ခါမှမရှိခဲ့ဖူးပေ။ တကယ်တော့ မိန်းကလေးများဘက်က ကျန့်ယောင်ကျူ၏နောက်ခံကြောင့် သူ့ကို စိတ်ဝင်စားကြောင်းပြသကြသော်လည်း ကျန့်ယောင်ကျူကတော့ သူတို့ကို သဘောမကျခဲ့ပေ။ သူက ရိုးရှင်းကာ၊ ကြင်နာတတ်ပြီး နူးနူးညံ့ညံ့နှင့် လှပသည့်မိန်းကလေးမျိုးကိုသာ ကြိုက်လေသည်။ သို့ပါသော်လည်း သူ့ရဲ့မတော်တရော်ဝတ်ဆင်မှုပုံစံက ထိုကဲ့သို့သော မိန်းကလေးမျိုးကို ဆွဲဆောင်နိုင်ခြင်းမရှိခဲ့ပေ။

ကျန့်ယောင်ကျူသည် သူ့အဖိုး၏ဆုံးမခြင်းခံနေရတာကြောင့် ရှက်နေကာ သူ၏ချောမောသည့်မျက်နှာလေးမှာ အနည်းငယ် မကျေမနပ်ဖြစ်နေဟန်လည်း ပေါ်လေသည်။ ရိုးရိုးသားသားပြောရလျှင် သူတကယ်ကို မိန်းကလေးတစ်ယောက်အား ဘယ်လိုဆွဲဆောင်ရမလဲ မသိနေပေ။

အဖိုးကျန့်က ခဏမျှတွေးကြည့်နောက် လက်သာယမ်းလိုက်တော့သည်။ “ထားလိုက်တော့။ ငါပဲကူညီပေးတော့မယ်။ မင်းလှုပ်ရှားတာကိုစောင့်နေရရင် ငါပဲ အရင်သေသွားလိမ့်မယ်။”

“အဖိုး!” ထိုစကားကိုကြားပြီး ကျန့်ယောင်ကျူ ထိတ်လန့်သွားလေသည်။ “အဖိုးလုပ်ရင် သူကြောက်သွားမှာပေါ့။”

“ငါက သူ့ကိုကြောက်အောင်လုပ်မှာလား” အဖိုးကျန့်တစ်ယောက် မယုံကြည်နိုင်စွာဖြင့် သူ့မြေးသူ လက်ညှိုးထိုးကာ စိုက်ကြည့်လိုက်လေသည်။ “မင်းဘာသဘောလဲကွ။”

ကျန့်ယောင်ကျူ တိတ်ဆိတ်နေခဲ့သည်။

အဖိုးကျန့်လည်း ကျန့်ယောင်ကျူ၏နားရွက်ကိုလိမ်ဆွဲလိုက်ပြီး၊ “ကောင်စုတ်လေး၊ မင်းကများ မင်းအဖိုးကို သံသယဝင်ရဲတယ်။ မင်းအဖွား ငါ့ကိုလက်ထပ်ဖို့သဘောတူအောင် ငါလှည့်ကွက်တွေ ဘယ်လောက်အများကြီး ထုတ်သုံးခဲ့မှန်း သိရဲ့လား။ အဲ့လိုသာမဟုတ်ရင် ဒီနေ့ မင်းဆိုတာတောင် ရှိလာမှာမဟုတ်ဘူး”

ကျန့်ယောင်ကျူလည်း သူ့အဖိုးကိုဖက်လိုက်ကာ၊ “အဖိုးကလည်း အဲ့ဒါ အဖိုးနဲ့အဖွားကြားကကိစ္စလေ။ အဖိုးရဲ့မြေးချွေးမအပေါ် အဲ့လိုလှည့်ကွက်မျိုးပဲ သုံးလို့ဖြစ်မလား။ အဲ့လိုအကွက်ဟောင်းတွေ အဖိုးမြေးအတွက် မိန်းမတစ်ယောက်ရအောင် ဆွဲဆောင်ပေးနိုင်မယ်လို့များ ထင်နေတာလား။”

အဖိုးကျန့်သည် တကယ်ကိုပဲ သူ့မြေး၏ခေါင်းကိုရိုက်ဖွင့်ကာ ကြည့်လိုက်ချင်တော့သည်။ ဒီလောက်ခေါင်းမာတဲ့ကောင်မျိုးက ဘယ်လိုလုပ်များ မိန်းကလေးတစ်ယောက်ကို လိုက်နိုင်မှာလဲ။ သူ ကူညီပေးပါမယ်လို့ပြောလိုက်ပေမယ့် ဟိုးအရင်ခေတ်က အကွက်တွေပဲ ပြန်သုံးပါမယ်လို့ ဘယ်တုန်းကများ ပြောမိလို့လဲ။ ဒေါသထွက်လိုက်တာ။

ကျန့်ယွင်ပင်း အိမ်ပြန်ရောက်လာချိန်မြင်လိုက်ရသည့်မြင်ကွင်းကတော့ သူ့အဖေက သူ့သားနားရွက်ကို ခပ်နာနာဆွဲလိမ်ထားသည့် မြင်ကွင်းသာဖြစ်လေသည်။ “အဖေ၊ ဒီတစ်ခေါက်ရော ကျူအာ ဘာအမှားလုပ်ပြန်ပြီလဲ။”

အဖိုးကျန့်က၊ “ငါပြောမယ်၊ ဒီကောင်လေးကလေ အရမ်းရယ်ရတယ်သိလား။ သူ ရှောင်ရှင်းရှင်းကို မြင်မြင်ချင်းချစ်မိသွားလိုက် ပိုးပန်းချင်တယ်ဆိုပြီးပြောလို့ ငါတို့နှစ်ယောက်လုံး သဘောတူထားတယ်လေ။ ဒါပေမယ့် သူ ဘယ်လိုလုပ်လာလဲသိလား။ ကောင်မလေးနားရောက်တာနဲ့ စကားတောင် ပုံမှန်မပြောနိုင်ဘူး။ ငါကူညီပေးမယ်ဆိုပြန်တော့လဲ သူက ငါ့ကိုအထင်သေးလိုက်သေးတယ်။ ငါ့မှာ ဘယ်လိုလုပ်များ ဒီလောက်မိုက်မဲတဲ့မြေးမျိုးရှိရတာလဲ။ မင်းအကျင့်တွေဆက်ခံတာပဲဖြစ်မယ်။ မင်းလည်း ငယ်ငယ်တုန်းက အရမ်းတုံးတာပဲလေ။”

ကျန့်ယွင်ပင်၊ “…” ဒီလိုဆို ကျွန်တော်တို့နှစ်ယောက်လုံး အဖေ့ဆီက အမွေရလာပဲမဟုတ်ဘူးလား။

ဒါပေါ့ ထိုစကားကိုတော့ ကျန့်ယွင်ပင်း ထုတ်မပြောရဲပါချေ။

သူက ပြုံးလိုကပ်ပြီး၊ “အဖေရယ်၊ ဒီလိုကိစ္စမျိုးက ဝင်မပါတာ ပိုကောင်းပါတယ်။ ကျူအာက အဲ့ဆိုင်မှာ အလုပ်သွားလုပ်မယ်လို့ ပြောတယ်မဟုတ်ဘူးလား။ သူတို့တစ်ယောက်နဲ့တစ်ယောက် ပိုသိလာကြရင် အချိန်ကြာလာတဲ့နဲ့ ခံစားချက်တွေလည်း တိုးလာမှာပါ။ အဖေက ဒီအတိုင်းလေးစောင့်ရင်း မြစ်လေးရောက်လာမယ့်အချိန်အတွက်သာ ပြင်ဆင်ထားလိုက်ပါ။”

အဖိုးကျန့်က လက်မခံပေ။ “ဒါပေမယ့် ငါစိတ်မရှည်ဘူးလေ။ ဒီကောင်လေး ဘယ်လောက်တုံးလည်းကို ကြည့်ဦး။ သူ့ပုံစံနဲ့ ဘယ်တော့များမှ ကောင်မလေးကို ရမှာလဲ။”

ကျန့်ယွင်ပင်းက၊ “ချစ်မိသွားဆိုတာ အချိန်ယူရတယ်လေ အဖေရဲ့။ ဒါမျိုးက အရမ်းအလျင်စလိုလုပ်လို့ရတာမှမဟုတ်တာ။ အဖေ့မြေးကို ကောင်မလေးကို အတင်းအကြပ်လုပ်စေချင်လို့လား။”

“အဲ့လိုတော့မဟုတ်ဘူးပေါ့။” အဖိုးကျန့်က တွေးပင်မတွေးဘဲ ငြင်းဆန်လိုက်သည်။ “ဒီမိန်းကလေးရဲ့ဂုဏ်သိက္ခာထိခိုက်စေမယ့်အလုပ်မျိုးတော့ ငါတို့လုံးဝမလုပ်ပါဘူး။”

“အဲ့ဒါပဲလေ။ ဒီတော့ ကျွန်တော်တို့ လူငယ်တွေကို အချိန်ပေးရမှာပေါ့။” ကျန့်ယွင်ပင်းက ဖြည်းဖြည်းချင်းနားချနေလေသည်။

“ဒါပေမယ့် ငါစိုးရိမ်နေတုန်းပဲ။” အဖိုးကျန့် သက်ပြင်းချလိုက်သည်။ “ငါတို့အိမ်မှာ အိမ်သခင်မတစ်ယောက်လောက် အမြန်ဆုံးရောက်လာဖို့ မျှော်လင့်တာပါ။ ဒီလိုမှပဲ အိမ်က အိမ်နဲ့တူလာမှာလေ။”

အဖိုးကျန့်တွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက်ရှိလေသည်။

အကြီးဆုံးသား ကျန့်ယွင်ပင်းသည် အလုပ်သမားရေးရာဌာန၏ဒါရိုက်တာ ဖြစ်သည်။ ကျန့်ယွင်ပင်းကတော့ ကျန့်ယောင်ကျူဟူသည့် သားတစ်ယောက် မွေးထားလေသည်။

အဖိုးကျန့်၏အငယ်ဆုံးသားကတော့ ကျန့်ယန်ပင်းဖြစ်ကာ ပညာရေးဌာနမှ ဒါရိုက်တာဖြစ်သည်။ သူကတော့ ရှောင်လင်းယဲ့၏အခန်းဖော်ဖြစ်သော ကျန့်ဟုန်မေ့့ဆိုသည့် သမီးလေးနှင့် ကျန့်ဟုန်ချင်းဆိုသည့် သားတစ်ယောက် မွေးထားသည်။

အဖိုးကျန့်၏သားသမီးများသည် သူတို့မိသားစုနှင့်သူတို့ ခွဲထွက်၍နေလေကြပြီ။

သို့သော်လည်း လွန်ခဲ့သည့် ၁၀နှစ်တုန်းက ကျန့်ယွင်ပင်းတို့ဇနီးမောင်နှံ အလုပ်ခရီးတစ်ခုတွင် မတော်တဆမှုကြုံခဲ့ရလေသည်။ ဇနီးဖြစ်သူက ကျန့်ယွင်ပင်းကိုကာကွယ်ရန် စတေးခံသွားခဲ့သည်။

ထို့နောက်မှာတော့ ကျန့်ယွင်ပင်းသည် ကျန့်ယောင်ကျူအတွက် ဘယ်တော့မှ ထပ်ပြီး အိမ်ထောင်မပြုတော့ပေ။ မိထွေးဖြစ်သူက သူ့သားလေးအပေါ် မကောင်းမည်ကို စိုးရိမ်ကာ သူ့သားလေး၏ခံစားချက်ကို တင်းမာသွားစေမည်ကိုလည်း ကြောက်မိသည်။ ဒါ့အပြင် သူ့ဇနီးအပေါ် သစ္စာဖောက်သလိုဖြစ်မည်ဟုလည်း ခံစားမိခြင်းကြောင့်ပင်။

ဒါကြောင့် အဖိုးကျန့်သည် သူ့သားကြီးနဲ့ မြေးကြီးကို စောင့်ရှောက်ရန်အတွက် ပြန်ပြောင်းလာခဲ့ခြင်းပင်။ မြေးအကြီးဆုံးအတွက် မင်္ဂလာပွဲအပြင် သူ့သားကြီး၏အိမ်ထောင်ရေးအတွက်လည်း စိုးရိမ်မိသေးသည်။ သက အခုထိ ငယ်ရွယ်နေတုန်းဖြစ်ကာ တစ်သက်လုံး တစ်ကိုယ်တည်းနေသွားနိုင်မည်မဟုတ်ပေ။ သူနဲ့အတူ အေးအတူပူအမျှခံစားပေးနိုင်မည့် ဇနီးတစ်ယောက်လိုအပ်ပေသည်။

ကျန့်ယွင်ပင်းကတော့ ကြင်ဖက်တွေ့ဆုံမှုအားလုံးကို ငြင်းဆန်ခဲ့သည်။ သူ့သားအရွယ်ရောက်ကာ လက်ထပ်ပြီးနောက်မှသာ သူ့ကိစ္စကို ပြန်စဉ်းစားချင်လေသည်။

လူအိုကြီး၏သက်ပြင်းချသံကိုကြားလိုက်ရ၍ ကျန့်ယွင်ပင်း အသာပြုံးပြလိုက်လေသည်။ “ဒီမိန်းကလေးက မဆိုးဘူးဆိုတာ ကျွန်တော်တို့အားလုံးလည်း သိနေတာပဲ။ အရေးအကြီးဆုံးက ကျူအာက သူ့ကို သဘောကျနေတယ်လေ။ ဒါပေမယ့် အချစ်ဆိုတာ နှစ်ဦးနှစ်ဖက်အသွားအလာရှိဖို့လိုတယ်။ ကျူအာကိုယ်တိုင် မိန်းကလေးကိုရအောင် စွမ်းဆောင်သင့်တယ်။ ကျွန်တော်တို့ အရမ်းဝင်စွက်ဖက်လို့မရဘူး။”

အဖိုးကျန့်လည်း ထိုသို့တွေးမိလေသည်။ “မင်းပြောတာ မှန်ပါတယ်။” ထို့နောက် သူက ကျန့်ယောင်ကျူ၏နားရွက်ကိုလွှတ်ပေးလိုက်ရင်း ခပ်တင်းတင်းပြောလိုက်လေသည်။ “ကျူအာ၊ လူတစ်ယောက်ရဲ့အချစ်ကိုရဖို့ဆိုတာ ရိုးသားမှုနဲ့ ကိုယ်တိုင်ကြိုးစားအားထုတ်မှုလည်းလိုတယ်။ မင်း သူ့နားကို ရိုးရိုးသားသားနဲ့ချဉ်းကပ်ရမယ်။ ဒီလိုဆို သူလည်း မင်းကို သေချာပေါက် ပြန်သဘောကျလိမ့်မယ်။”

“ဟုတ်ကဲ့ အဖိုး၊ ကျွန်တော်သိပြီ။” ကျန့်ယောင်ကျူ ခေါင်းညိတ်လိုက်သည်။

“ပြီးတော့ အချစ်စစ်အချစ်မှန်တဲ့လူနှစ်ယောက်က ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် မလိမ်ကြဘူး နားလည်လား။” အဖိုးကျန့်က လေးလေးနက်နက်ဖြင့် သတိပေးလိုက်သည်။

“ကျွန်တော် နားလည်ပါပြီ အဖိုး။” ကျန့်ယောင်ကျူလည်း အလေးအနက်ထားကာ ပြန်ခေါင်းညိတ်လေသည်။

….

“မင်းဘာလို့ ဒီထပ်ရောက်လာပြန်တာလဲ။” စတုတ္ထဒေါ်လေးရှောင်တစ်ယောက် ကျန့်ယောင်ကျူကို ဆိုင်တွင်ထပ်မြင်လိုက်ရသည်နှင့် ခေါင်းကိုက်လာမိတော့သည်။ “ငါတို့သူဌေးကပြောတယ်။ လောလောဆယ်တော့ ဆိုင်အတွက် လူမခေါ်သေးဘူးတဲ့။”

ပြောရရင် ဒီတစ်ခေါက်နဲ့ဆို ငါးကြိမ်တောင်ဖြစ်နေပြီ။ ဒီလူငယ်လေးကတော့ လုံးဝကို စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။

ကျန့်ယောင်ကျူ ပူပန်နေလေသည်။ “ဒေါ်လေး၊ သူဌေးက ဘယ်မှာလဲဟင်။ ကျွန်တော် သူနဲ့ တိုက်ရိုက်စကားပြောလို့ရမလား။” သူဒီနေရာမှာ အလုပ်ရမှသာ ရှောင်ရှင်းရှင်းနှင့်အတူတူအလုပ်လုပ်နိုင်မှာဖြစ်သည်။

“ငါတို့သူဌေးက ကိုယ်ဝန်ကြီးနေလေ။ ဆိုင်ကိုလာတာရှားတယ်။ မင်းသူ့ကိုရှာချင်ရင်တောင် ထောင်ယွမ်ရွာအထိသွားမှပဲရမယ်။”

“ထောင်ယွမ်ရွာ?” ကျန့်ယောင်ကျူ၏မျက်လုံးများ အရောင်တောက်သွားကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြန်ပြောလိုက်လေသည်။ “ကျွန်တော် သိပြီ။ ကျေးဇူးပဲ ဒေါ်လေး။”

ထို့နောက် သူ ထွက်သွားလေသည်။

လျိုချွမ်းဟွာ၊ “….” သူမသာ ထိုကောင်လေး ရှောင်ရှင်းရှင်းကို စိတ်ဝင်စားနေကြောင်း မသိထားပါက ရှောင်လင်းယွီကို စိတ်ဝင်စားနေခြင်းဟု ထင်မိပေလိမ့်မည်။

ကျန့်ယောင်ကျူတစ်ယောက် အလောတကြီးဖြင့် ထောင်ယွမ်ရွာသို့ ရောက်လာခဲ့သည်။

ရွာအဝင်သို့ရောက်သည်နှင့် ရွာသားတစ်ယောက်ကိုမြင်ကာ မေးလိုက်လေသည်။ “ဦးလေး၊ ဘော့စ်ရှောင်က ဘယ်မှာနေတာလဲသိလား။”

ရွာသားများသည် ရှောင်လင်းယွီကို ကာစတန်မာများလာရှာသည့်ဖြစ်စဉ်အား သိပ်ပြီး မအံ့ဩတော့ပေ။ ဒါမျိုးက မကြာခဏဖြစ်နေကျအရာပင်။ ထိုသို့ဖြစ်နေတာကပဲ ရွာသားများကို အလွန်အမင်း မနာလိုစိတ်များဝင်မိစေလေသည်။

လူတော်တော်များများ ဟင်းသီးဟင်းရွက်တွေ စိုက်ကြသော်လည်း သူတို့မှာတော့ ရောင်းမထွက်မည်ကို စိုးရိမ်နေကြချိန်တွင် ရှောင်လင်းယွီကတော့ ရောင်းဖို့မလောက်မည်ကို စိုးရိမ်နေရလေသည်။

လမ်းညွှန်မှုများအတိုင်း ရှောင်လင်းယွီ၏အိမ်သို့ ကျန့်ယောင်ကျူ‌ ရောက်ရှိလာသော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။

ရှောင်ရှောင်းဟွေ့သည် လမ်းပေါ်တွင် သူ့သူငယ်ချင်းလေးများနှင့် ကစားနေလေသည်။ သူ့ဒုတိယဒေါ်လေး၏အိမ်သို့ နောက်ထပ်ကာစတန်မာတစ်ယောက် ရောက်လာပြန်သည်ကိုမြင်သည်နှင့် သူက လှမ်းမေးလိုက်သည်။ “ဦးလေး၊ ရှောင်လင်းယွီကို ရှာနေတာလား။”

“ဦးလေး?” ကျန့်ယောင်ကျူ နှုတ်ခမ်းများမဲ့ရွဲ့သွားရသည်။ “ဟုတ်တယ်၊ ငါ ရှောင်လင်းယွီကိုရှာနေတယ်။ သူအခုဘယ်မှာလဲ သူငယ်ချင်းလေး။”

ကိုယ်ဝန်သည်အမျိုးသမီးများသည် လေ့ကျင့်ခန်းလုပ်ရန် လမ်းပတ်လျှောက်လေ့ရှိကြလေသည်။

“ကျွန်တော့် အကြီးဆုံးအစ်မက အခု စတော်ဘယ်ရီခင်းထဲမှာ။ ခေါ်သွားပေးမယ်လေ။” ထို့နောက် ရှောင်ရှောင်းဟွေ့က သူ့သူငယ်ချင်းမျးကို လှည့်ပြောလိုက်သည်။ “ငါ့အစ်မနဲ့တွေ့ဖို့ ဧည့်သည်ကိုခေါ်သွားပေးလိုက်ဦးမယ်။ မင်းတို့အရင်ကစားနှင့်ကြ။”

“ရှောင်နီချိုး၊ ငါတို့လည်း အတူလိုက်ခဲ့မယ်။” ထို့နောက် ကလေးတစ်အုပ်လုံးက စတော်ဘယ်ရီခင်းသို့ ရောက်ရှိလာလေသည်။

ရှောင်ရှောင်းဟွေ့က ကျန့်ယောင်ကျူအား စတော်ဘယ်ရီအခင်းတဲသို့ခေါ်သွားကာ လှမ်းအော်လိုက်သည်။ “အစ်မ၊ ကာစတန်မာတစ်ယောက် ရောက်နေပြန်ပြီ။”

ကျန့်ယောင်ကျူတစ်ယောက် ကြီးမားသည့် စတော်ဘယ်ရီအလုံးကြီးများကိုကြည့်ကာ အံ့အားသင့်သွားခဲ့သည်။

ရှင်းယင်ခရိုင်၏ရာသီဥတုအခြေအနေနှင့် မြေဆီလွှာသည် စတော်ဘယ်ရီမျိုး စိုက်ပျိုးရန်မသင့်လျော်ကြောင်း သူသိလေသည်။ သို့ပေမယ့် ဒီစတော်ဘယ်ရီတွေကတော့ မြင်ရတာတင် အလွန်လှလေသည်။ အသီးများက ကြီးမားက တချို့က စိမ်းနေတုန်းဖြစ်ပြီး တချို့ကတော့ နီရဲနေပြီပင်။

ကျန့်ယောင်ကျူ တံတွေးမြိုချရင်း သွားခူးစားချင်စိတ်တို့ဖြစ်ပေါ်နေလေသည်။ သို့သော်လည်း သူက လူယဉ်ကျေးလေးတစ်ယောက်ဖြစ်တာကြောင့် မခူးခင် ပိုင်ရှင်ကိုတော့ မေးရပေမည်။

သူက ကိုယ်ဝန်ကြီးနှင့်ရှောင်လင်းယွီကိုတွေ့သွားခဲ့သည်။ သူမက ငုတ်တုတ်ထိုင်ကာ စတော်ဘယ်ရီသီးတစ်လုံးကိုခူး၍ ပါးစပ်ထဲထည့်နေခြင်းပင်။ သူမဘေးတွင်လည်း သူမကို ကူညီပေးနေသည့်လူရှိလေသည်။

စတော်ဘယ်ရီသီးက အစိမ်းကြီးရှိသေးတယ်လေ။ သူမချဉ်ဘူးလားပဲ။

ရှောင်လင်းယွီက သူမမိဘများကိုလည်း ပြောလိုက်သည်။ “နည်းနည်းချဉ်သေးပေမယ့် အနံ့ကတော့မွှေးနေတာပဲ။ သမီးတို့ နောက်နှစ်ရက်လောက်ဆို စပြီးခူးလို့ရပြီ။ အဲ့ကျရင် တော်တော်ချိုနေမှာ။”

မေမေရှောင်နှင့်ဖေဖေရှောင်တို့လည်း စတော်ဘယ်ရီတစ်လုံးခူးစားလိုက်ကြည့်ကြသည်။

“ဟုတ်တယ်၊ အခုတော့ ချဉ်သေးတယ်ဆိုပေမယ့် ချိုလာမယ့်ပုံပဲ။ အဲ့ကျရင် အချဉ်ဓာတ်ပျောက်သွားလိမ့်မယ်။” ဒီလိုအရည်အသွေးမျိုးနဲ့သာဆိုလျှင် စတော်ဘယ်ရီတွေ သေးငယ်ကာ ချဉ်နေမည်အား စိုးရိမ်နေဖို့မလိုတော့ပေ။

သို့သော်လည်း သူတို့စိုက်ထားသည့် စတော်ဘယ်ရီပင်များမှာ အများကြီးဖြစ်ကြကာ အခုထိ ဝယ်သူမရှာရသေးပေ။ သူတို့သမီးသတ်မှတ်ထားသည့် ဈေးနဲ့ဆိုလျှင် ဝယ်သူရှာဖို့က ပြဿနာကြီးတစ်ခုဖြစ်လာပေမည်။ သူတို့စိုးရိမ်နေကြပါသော်လည်း သမီးဖြစ်သူကို မစိုးရိမ်စေချင်တာကြောင့် ထုတ်မပြောခဲ့ကြပေ။

“သမီးတို့ မနက်ဖြန်ကျရင် နည်းနည်းလောက်ခူးပြီး စမ်းရောင်းကြည့်ရအောင်။”

မေမေရှောင်က၊ “ဒါပေမယ့် ယွီအာ၊ စတော်ဘယ်ရီတွေက စိမ်းနေတုန်းလေ။ မှည့်တောင်မမှည့်သေးဘူး။ ရောင်းရပါ့မလား။”

“အမေ၊ သမီးတို့စတော်ဘယ်ရီတွေက မမှည့်သေးဘူးဆိုပေမယ့် တခြားစတော်ဘယ်ရီတွေရဲ့အရသာနဲ့ အတူတူဖြစ်နေပြီလေ။ ပြီးတော့ တချို့လူတွေက စတော်ဘယ်ရီဆို ချဉ်ချဉ်လေးမှ ကြိုက်ကြတာ။ သမီးတို့ရဲ့စတော်ဘယ်ရီတွေက ချိုချိုချဉ်ချဉ်အရောလေးလေ။”

မေမေရှောင်နှင့်ဖေဖေရှောင်တို့လည်း မငြင်းဆန်ကြတော့ပေ။

အခုချိန်အထိ ရှောင်လင်းယွီသည် ဘယ်တုန်းကမှ ဆုံးဖြတ်ချက်မမှားခဲ့ဖူးတာကြောင့် သူတို့လည်း သူမဆုံးဖြတ်သမျှကို နားထောင်လိုက်ကြသည်။

“အစ်မ၊ ဧည့်သည်ရောက်နေတယ်။” ရှောင်ရှောင်းဟွေ့က ခပ်လှမ်းလှမ်းကနေပြီး ထပ်အော်လိုက်ပြန်သည်။

ရှောင်လင်းယွီတို့ လှည့်ကြည့်လိုက်ချိန် စတော်ဘယ်ရီသီးများကို သွားရည်ကျမတတ်ကြည့်နေသည့် လူငယ်လေးတစ်ယောက်အား တွေ့လိုက်ရလေသည်။ သူက တံတွေးတောင်မှ မြိုချနေသေးသည်။

ရှောင်လင်းယွီမှာ ရယ်စရာကောင်းသည့်မြင်ကွင်းကြောင့် အမှန်ပင် ရယ်လိုက်မိလေသည်။

ကျန့်ယောင်ကျူလည်း နည်းနည်းရှက်သွားကာ သူ့မျက်နှာက ချက်ချင်းနီလာတော့သည်။

ရှောင်လင်းယွီက ပြုံးလျက်၊ “သခင်လေးကျန့်၊ ရှင့်ကို မကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ်နော်။”

ကျန့်ယောင်ကျူတစ်ယောက် မှင်သက်သွားကာ အံ့ဩတကြီး ပြန်မေးလာလေသည်။ “ဘော့စ်၊ ကျွန်တော့်ကို မှတ်မိတာလား။”

“မမှတ်မိစရာဘာရှိလို့လဲ။” ရှောင်လင်းယွီ ပြုံးနေခဲ့သည်။ “ရှင့်ရဲ့ပုံစံကပြောင်းသွားပေမယ့် လူကတော့ မပြောင်းဘူးလေ။”

ရှောင်လင်းယွီသည် မှတ်ဉာဏ်ကောင်းသူဖြစ်ကာ သူမတွေ့ဖူးသမျှလူတိုင်းကို မှတ်မိလေသည်။

ကျန့်ယောင်ကျူလည်း ရှက်ရှက်နှင့်ခေါင်းကုတ်လိုက်ရင်း၊ “ကျွန်တော် ပုံစံပြောင်းပြီးတော့ ကျွန်တော့်သူငယ်ချင်းတွေ တော်တော်များများက မှတ်တောင်မမှတ်မိကြဘူးလေ။ ဘော့စ်ကတော့ ကျွန်တော့်ကို တစ်ခါတည်းတွေ့ဖူးတာတောင် မှတ်မိနေသေးတယ်။”

မေမေရှောင်ကပြုံးလိုက်ကာ၊ “ငါတို့ယွီအာက မှတ်ဉာဏ်ကောင်းတယ်လေ။ လူတွေမျက်နှာကို ကောင်းကောင်းမှတ်နိုင်တယ်။”

ကျန့်ယောင်ကျူ ခေါင်းညိတ်လိုက်သည်။

ရှောင်လင်းယွီသည် ကျန့်ယောင်ကျူ၏ စတော်ဘယ်ရီသီးများပေါ်မှ မခွဲနိုင်မခွာရက်ဖြစ်နေသော အကြည့်များကို သတိထားမိတာကြောင့် သူလည်း စတော်ဘယ်ရီသီးကြိုက်လောက်သည်ဟု တွေးလိုက်သည်။

“သခင်လေးကျန့်၊ စတော်ဘယ်ရီတွေမြည်းကြည့်ပါလား။ အရသာသိရတာပေါ့။”

ရှောင်လင်းယွီ ထင်သည့်အတိုင်းပင်။ ကျန့်ယောင်ကျူသည် စတော်ဘယ်ရီသီးကို အမှန်ပင်ကြိုက်သူဖြစ်တာကြောင့် ချက်ချင်းမဆိုင်း တစ်လုံးခူးကာ သူ့ပါးစပ်ထဲသို့ ကောက်ထည့်လိုက်တော့သည်။

***

All Chapters