စေ့စပ်ပွဲဖျက်မယ်?
Vol. 13 Ch. 222
ရှောင်ဝမ်သည် ရေဆေးထားသောစတော်ဘယ်ရီများကို အကြီးအကဲကုန်းဆီသို့ယူလာကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“သခင်ကြီး၊ ရှောင်မိသားစုက နောက်ထပ်စတော်ဘယ်ရီတစ်သုတ် ထပ်ပို့လိုက်တယ်”
အဘိုးကုန်းသည် စတော်ဘယ်ရီများကိုကြည့်ကာ ရှောင်လင်းယွီက သူမ၏စိုက်ခင်းမှ တစ်သန်းကျော်ရရှိနိုင်ကြောင်း ပြောဆိုခဲ့သည်ကို ပြန်တွေးနေသည်။ ထိုအချိန်က သခင်ကြီးကုန်းက မိန်းကလေးမှာ အလွန်ရယ်စရာကောင်းပြီး ယုံကြည်ချက်မြင့်မားသည်ဟု ထင်ခဲ့သည်။
ဂရုစိုက်ခြင်းနှင့် စိုက်ပျိုးခြင်းနည်းစနစ်တို့အပြင် စတော်ဘယ်ရီစိုက်ပျိုးခြင်းသည် မိုးလေးဝသနှင့် ပထဝီပတ်ဝန်းကျင်တို့အပေါ်တွင်လည်း မူတည်နေသည်။ ရှင်းယင်ခရိုင်မှာ စတော်ဘယ်ရီစိုက်ပျိုးရန် သင့်တော်သောနေရာတစ်ခုမဟုတ်ပေ။ ထို့ကြောင့် မိန်းကလေးက အကျိုးအမြတ်ပြုလုပ်ရန် ယုံကြည်မှုမြင့်မားနေသည်ကို သူကသိချင်နေခဲ့သည်။
ဒါပေမယ့်လည်း စတော်ဘယ်ရီတွေက သူ့ရှေ့ကို ရောက်လာပြီဖြစ်တဲ့အတွက် သူမှားသွားမှန်း သိလိုက်သည်။ သူက စတော်ဘယ်ရီတွေကိုစားကြည့်ခဲ့ပြီး အရသာမှာ မမေ့နိုင်စရာပင်ဖြစ်သည်။
သခင်ကြီးကုန်းသည် စတော်ဘယ်ရီတစ်လုံးကိုယူကာ သူ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ နှစ်ကြိမ်ဝါးပြီးနောက် တစ်ခုလုံးကိုမြိုချလိုကရင်း သူကပြုံးပြီး မေးလိုက်သည်။
“ရှောင်ဝမ် လင်းယွီကသူ့စိုက်ခင်းကို ဘယ်လိုလုပ်နေလဲသိလား? သူက အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တွေစိုက်နိုင်ပြီးတော့ အခုစတော်ဘယ်ရီတွေရောပဲ!”
ရှောင်ဝမ်ကပြောလိုက်သည်။
“သခင်ကြီး ကျွန်တော်ကြားတာတော့ လျှို့ဝှက်ချက်က သူ့ရဲ့နွားဘုရင်ငယ်လေးတဲ့။ ရွာသားတိုင်းက သူ့အိမ်က နွားချေးတွေကို ယူဖို့ သွားနေကြတာကို သခင်ကြီးသတိမထားမိဘူးလား? နွားဘုရင်ငယ်လေးရဲ့ချေးနဲ့စိုက်ပျိုးတဲ့သီးနှံတိုင်းက အရသာရှိပြီးတော့ အားမာန်ပြည့်စေတယ်။ ကျွန်တော်ကြားတာတော့ ရွာသားတော်တော်များများက သီးနှံတွေစိုက်ပျိုးပြီးတော့ ရောင်းချင်ကြတယ်။ အဲ့ဒါကြောင့် ရှောင်လင်းယွီနဲ့ စာချုပ်ချုပ်ကြတယ်။ သူတို့စိုက်တဲ့သီးနှံတွေကို ရှောင်လင်းယွီဆီ တိုက်ရိုက်ရောင်းပြီးတော့ ရှောင်လင်းယွီက တခြားသူတွေကို ပြန်ရောင်းတယ်”
၎င်းကိုကြားကာ သခင်ကြီးကုန်း ၏မျက်လုံးများ ရွှန်းရွှန်းတောက်သွားသည်။ သူကမျက်လုံးကျုံ့ကာ ပြောလိုက်သည်။
“ရှောင်ဝမ် မင်း ရှောင်လင်းယွီခေါင်းက တခုခုမှားနေပြီလို့ မထင်ဘူးလား? ရွာသားတွေရဲ့ အသီးအနှံတွေရောင်းထွက်ဖို့ ကူညီမယ်လို့ သူကဘာလို့ ကတိပေးရတာလဲ? သူက အမြတ်ရအောင်လုပ်နိုင်ရင်တော့ကောင်းပါတယ် ဒါပေမယ့် မရရင် သူ့မှာ တာဝန်ရှိသွားပြီ။ စီးပွားရေးလုပ်နေတဲ့လူတစ်ယောက်အနေနဲ့ ဆုံးရှုံးမှုမရှိတာ သေချာအောင် လုပ်ရမှာမဟုတ်ဘုးလား?”
ရှောင်ဝမ်က သူ၏ခေါင်းကိုဆန့်ကာ ရိုးစင်းပြီးရိုးသားသော ပုံစံဖြင့် ပြောလိုက်သည်။
“သခင်ကြီး ဒါက မစ္စရှောင် လူကောင်းတစ်ယောက်လို့ ပြောချင်တာပဲလေ။ သူက ရွာသားတွေကိုကူညီပေးချင်တာနေမှာပေါ့”
စီးပွားရေးအကြောင်းမသိသည့် ရှောင်ဝမ်လျှင်ပင် ရှောင်လင်းယွီမှာ လည်ဝယ်သောစီးပွားရေးတစ်ခု လုပ်မနေကြောင်းကိုသိသည်။
“ပြီးတော့ ကျွန်တော်တို့က အရင်ကတည်းက ထောင်ယွမ်ရွာမှာနေလာတာပဲ။ မစ္စရှောင်ကတုံးအတဲ့လူမဟုတ်မှန်းလည်း သိနေတာပဲ။ သူ့မှာ အစီအစဉ်တွေရှိလို့ဖြစ်မှာပေါ့”
ရှောင်ယွမ်က ပြတ်ပြတ်သားသားသရုပ်ခွဲကြည့်လိုက်သည်။
“ဒီစတော်ဘယ်ရီကိုနမူနာယူကြည့်လိုက်လေ။ ကျွန်တော်ကတော့ ရှင်းယင်ခရိုင် ကစတော်ဘယ်ရီတွေမစိုက်နိုင်ဘူးလို့ကြားထားတာ။ ဒါပေမယ့် အစ်မရှောင်ကကျွန်တော်တို့အကုန်လုံးမှားကြောင်း သက်သေပြသွားတယ်။ စတော်ဘယ်ရီတွေကကြီးတယ်။ လုံးဝမမှည့်သေးတာတောင်အရသာရှိတယ်။ ပြီးတော့ အထွက်လည်းများတယ်။ အကုန်မရောင်းသေးတာတောင် ၄၀၀၀ကနေ ၅၀၀၀ယွမ်လောက်ရနေလောက်ပြီ။ ဟုတ်တယ်မလား?”
သခင်ကြီးကုန်း က ၎င်းကိုတွေးပြီး ပြောလိုက်သည်။ “ဒါပေမယ့် ဒါက နွားဘုရင်လေးကြောင့်လေ။ အဲ့ဒါမရှိဘူးဆိုရင် ကောင်မလေးက ဒီစတော်ဘယ်ရီတွေကို စိုက်နိုင်ပါ့မလား?”
ရှောင်ဝမ်က တုံ့ပြန်ကာ
“ဒါပေမယ့် မစ္စရှောင်မှာ နွားဘုရင်လေးရှိတယ်လေ! ဒါကအခိုင်မာဆုံးအကြောင်းရင်းပဲ”
ရှောင်ဝမ်က ဆက်လိုက်သည်။
“ကြည့်ရတာတော့ မစ္စရှောင်နဲ့ နွားဘုရင်ငယ်လေးက ရေစက်ရှိပုံပဲ။ နွားလေးကို နွားစားကျက်မှာတုန်းက ဘယ်သူမှအရေးတယူလုပ် မတွေးကြဘူး။ ဒါပေမယ့်လည်း သူ့အမေအသတ်ခံရမယ့်အချိန်မှာ မစ္စရှောင်ကို တားဆီးခဲ့တယ်။ ပြီးတော့ မစ္စရှောင်ကသူ့ကို ခေါ်လာပြီး သူကလည်း သူမနောက် ထောင်ယွမ်ရွာကို လိုက်လာတယ်။ “သိပ်မကြာခင်မှာပဲ သူ့ရဲ့မစင်က စိုက်ခင်းထဲကအရာတွေကို ပိုပြီးတော့ကောင်းကောင်းဖြစ်ထွန်းနိုင်ကြောင်း တွေ့ခဲ့တယ်။
မစ္စရှောင်က သူနဲ့သူ့အမေရဲ့အသက်ကို ကယ်ပေးတဲ့အတွက် နွားဘုရင်ငယ်လေးက ကျေးဇူးတင်နေတယ်လို့ လူတော်တော်များများပြောကြတယ်။ ဒါကြောင့် သူ့ကို ဘုရားသခင်က မှော်နဲ့စောင့်ရှောက်ပြီးတော့ မစ္စရှောင်ရဲ့သီးနှံတွေကို ကောင်းကောင်းဖွံ့ဖြိုးလာဖို့ ကူညီပေးခဲ့တယ်”
ရှောင်ဝမ်က နှစ်လိုသောသဘောကျမှုတစ်ခုဖြင့်
“ဒါက မစ္စရှောင်ရဲ့ကံကောင်းမှုပဲ ဟုတ်တယ်မလား?”
သခင်ကြီးကုန်း ကနှစ်ကြိမ်ညည်းကာ စတော်ဘယ်ရီနှစ်လုံးကို ယူလိုက်သည်။ သူက ၎င်းတို့ကို စားလိုက်ပြီး မေးလိုက်သည်။
“ဟောက်အာက ဒီစတော်ဘယ်ရီကို စားဖူးလောက်မယ်ထင်လား?”
ရှောင်ဝမ်က အံ့အားသင့်ကာ မသေချာမှုဖြင့် ပြောလိုက်သည်။
“အဲ့ဒါတော့မသိဘူး။ မစားဖူးလောက်သေးဘူးထင်တယ်”
အကြီးဆုံးသခင်လေးသည် နေ့စဉ်နိုင်ငံခြားသို့ ပျံသန်းနေရသည်။ သူက နိုင်ငံခြားကစတော်ဘယ်ရီတွေကို စားဖူးနိုင်ပေမယ့် အဲ့ဒီစတော်ဘယ်ရီတွေက ဒီစတော်ဘယ်ရီတွေထက် ပိုကောင်းတာတော့ မဖြစ်နိုင်ဘူး။
“ဟင်း!”
သခင်ကြီးကုန်း ကအထင်အမြင်သေးစွာ ပြောလိုက်သည်။
“ငါတောင် ဒီလိုအရသာရှိတဲ့ စတော်ဘယ်ရီမျိုးမစားဖူးတာ အဲ့ဒီကောင်လေးကရော ဘယ်လိုလုပ်စားဖူးပါ့မလဲ?” သူသည် သူ၏မြေးမှာ ဤအလွန်အရသာရှိသော စတော်ဘယ်ရီများကို မစားရသေးကြောင်း သေချာနေသည်။
ရှောင်ဝမ်သည် သူ၏လက်ထဲရှိ ပန်းကန်တစ်ချပ်ဖြင့် တည့်တည့်ရပ်နေကာ အသံမထွက်ခဲ့ပေ။ သခင်ကြီးကုန်းက ခနလောက်စဉ်းစားပြီး ပြောလိုက်သည်။
“လင်းယွီရဲ့နေရာကိုသွား။ စတော်ဘယ်ရီနည်းနည်းဝယ်ပြီး သူတို့ စမ်းမြည်းလို့ရအောင်ပို့ပေးလိုက်!”
သူသည် ကုန်းထျန်းဟောက်၊ လီယွမ်ဟန်နှင့် မြို့တော်ရှိ မိတ်ဆွေဟောင်းများကို ပြောနေခြင်းဖြစ်သည်။
“ဟုတ်ကဲ့ပါ။” ရှောင်ဝမ်က အမိန့်လက်ခံပြီးနောက် ပြန်ဖြေလိုက်သည်။
ရှောင်ဝမ်ထွက်ခွာသွားသည့်နောက် သခင်ကြီးကုန်း ကပြုံးကာ ပြောလိုက်သည်။
“ဒီအံ့ဩဖို့ကောင်းတဲ့စတော်ဘယ်ရီတွေကိုစားပြီးတဲ့အခါ အဲ့ဒီလူတွေ တရွရွဖြစ်ပြီး မနာလိုနေမှာပဲ!”
ထောင်ယွမ်ရွာရှိသူ၏နေ့ရက်များမှာ ပို၍ပို၍ ငြိမ်းချမ်းလာသည်။ မြို့ကြီးများ၏ ယောက်ယက်ခတ်သွားလာလှုပ်ရှားမှုများနှင့် အချို့သူများ၏နှောင့်ယှက်မှုများမပါဘဲ သူ၏ခန္ဓာကိုယ်မှာ မြန်မြန်ဆန်ဆန်ပြန်ကောင်းလာသည်။
ပြီးခဲ့သည့်ခုနစ်ရက်က ဒေါက်တာဟွမ်က သူ၏ကိုယ်ကိုစစ်ဆေးရန်လာသည့်အခါတွင် အစွန်းလေးနှင့်နည်းနည်းလေးသာ ကပ်လွဲသွားသည့် သူ၏နှလုံးနားရှိကျည်ဆံမှာ အံ့အားသင့်ဖွယ်ပြန်လည်ကောင်းမွန်လာသည်။ နည်းနည်းပိုဝေးဝေးရောက်သွားပါက ကျည်ဆံကိုခွဲစိတ်မှုလုပ်ရင်း ဖယ်ပစ်ရမည်ဖြစ်သည်။ သူ၏ယခင်ဒဏ်ရာများပင်လျှင် ကောင်းမွန်လာသည့်လက္ခဏာများ ပြနေသည်။
ဒေါက်တာဟွမ်က ရှော့ရသွားပြီး ဤအံ့ဩဖွယ်ဖြစ်ရပ်ကို ပြောလိုက်သည်။ “ထောင်ယွမ်ရွာက တကယ့်ကို အထောက်အကူဖြစ်တာပဲ။ ကျွန်တော်လည်း ဒီကိုပြောင်းလာသင့်တယ်။ သခင်ကြီး ကျွန်တော်ခင်ဗျားကို အဖော်ပြုပေးမယ်!”
သခင်ကြီးကုန်း ကရယ်မောလိုက်သည်။
“လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ် ဟဟဟ!”
သူ၏ခန္ဓာကိုယ်ပြန်လည်သက်သာလာသည်ကို သိရသည့်အတွက် သခင်ကြီးကုန်း ပျော်ရွှင်နေခဲ့သည်။ ထို့ပြင် သူ၏မြေးကို အသက်ရှည်ရှည်နေမည်ဟုလည်း ကတိပေးထားသည်။ အသက်ရှည်ခြင်း၏လိုအပ်ချက်မှာ ကောင်းမွန်သောကျန်းမာရေးပင်ဖြစ်သည်။
ဒေါက်တာဟွမ်သည် မြို့တော်မှ နာမည်ကြီးဆရာဝန်တစ်ယောက်ဖြစ်သည်။ သူကထိုကဲ့သို့ မျက်ချေဖျက်ထွက်ခဲ့လို့မရပေ။ ရက်နည်းနည်းလေးသာနေပြီး ပြန်သွားရတာကတော့ နှမြောစရာပင်ဖြစ်သည်။ ဆက်သာနေပါက စတော်ဘယ်ရီများ မြည်းစမ်းခွင့်ရမည်ဖြစ်သည်။
ခနကြာပြီးနောက် သခင်ကြီးကုန်း ကလေးလံစွာ သက်ပြင်းချကာ ပြောလိုက်သည်။
“ငါ့ခန္ဓာကိုယ်ကအခုသက်သာနေပြီ။ ဒါပေမယ့် ငါ့အတွက်မြစ်လေးတစ်ယောက်မပြောနဲ့ဦး ငါ့အကြီးဆုံးမြေးရဲ့ မိန်းမကိုတော့ မမြင်ရသေးဘူး။”
“ရှောင်ထောင်ကသာ လင်းယွီကိုမကြိုက်နေဘူးဆိုရင် လင်းယွီက ငါ့ရဲ့မြေးချွေးမဖြစ်လာမှာ!”
“ဒါပေမယ့် ငါကြားတာတော့ လောင်ကျန်းက ရှောင်ထောင်အတွက် အိမ်ထောင်ပြုဖို့ စီစဉ်ထားတယ်ဆို။ ဒီလိုဆိုရင် လင်းယွီဘယ်လိုလုပ်မှာလဲ?”
“လောင်ကျန်းရဲ့အကျင့်အရဆို သူလင်းယွီအကြောင်းသိရင်တောင် သူ့ကိုထိခိုက်အောင်လုပ်မှာပဲ။ ငါသူ့ကို ကာကွယ်ပေးရမယ်”
……
“ဒါ စတော်ဘယ်ရီတွေလား?”
ကာစတန်မာတစ်ယောက်က တစ်ဝက်မှည့်နေသောစတော်ဘယ်ရီများကိုကြည့်ပြီး မှတ်ချက်ပေးလိုက်သည်။
“ဒါတွေက အရမ်းမစိမ်းလွန်းဘူးလား? ချဉ်နေမှာပေါ့?”
စတော်ဘယ်ရီများကို ဆိုင်၏စင်ပေါ်တွင် တင်ထားသည်။ အတန်းလိုက်စီထားပြီး အတော်လေးချစ်စရာကောင်းနေသည်။ အနားသတ်အစွန်းများက နီရဲနေပြီး အောက်ခြေကတော့ စိမ်းသေးသည်။ စတော်ဘယ်ရီအကြောင်းသိသူများကတော့ အရသာကောင်းမွန်ရန် လုံးဝနီရဲသွားရမှန်း သိကြသည်။ မဟုတ်ပါက အတော်ချဉ်နေလိမ့်မည်။
“ပြီးတော့ ဒါတွေကအရမ်းဈေးကြီးတယ်။ တစ်ကတ်တီကို ယွမ်၆၀တောင်ပဲ!”
“ဘုရားရေ ဒါတော်တော်ဈေးကြီးတာပဲ! ဈေးမှာ ဒါတွေကို တစ်ကတ်တီ၄၀နဲ့ပဲရောင်းတာ!”
“ဒါပေမယ့် ဒီကဟာတွေက ဈေးကထက်တောင်ပိုကြီးနေသေးတယ်။ လူတွေကလည်း လုဝယ်နေတုန်းပဲ။ ဒါကြောင့် စတော်ဘယ်ရီတွေက ပုံမှန်ထက် ဈေးနည်းနည်းပိုကြီးနေတာဖြစ်ရမယ်။ ဒါပေမယ့် စိမ်းနေတုန်းတော့ စားကောင်းပါ့မလား?”
“အနံ့ကတော့ ချိုမွှေးမွှေးလေး။ အရသာရှိလောက်ပါတယ်”
“အရသာကောင်းရမှာပေါ့ မဟုတ်ရင် ဆိုင်ရှင်က ထုတ်ရောင်းပါ့မလား!”
“မှန်တယ်! ဒီနေရာကပစ္စည်းတွေက အမြဲတမ်းအရည်အသွေးမြင့်တယ်!”
ထိုအချိန်တွင် လျိုချွမ်းဟွာသည် စတော်ဘယ်ရီတစ်ပန်းကန်ကိုယူလိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ကာစတန်မာတို့ ဒီစတော်ဘယ်ရီတွေ အရသာရှိမရှိဆိုတာသိဖို့ မြည်းကြည့်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ဆောင်ပုဒ်ကအမြဲတမ်းအတူတူပါပဲ။ ကျွန်မတို့ရဲ့သီးနှံတွေက အမြဲတမ်းဈေးသင့်ပါတယ်!”
နမူနာများကျွေးသည်ကိုကြားကာ ကာစတန်မာများက ၎င်းတို့ကို မြန်မြန်ဆန်ဆန်ဆွဲစားလိုက်ကြသည်။ ဒီဆိုင်ကရောင်းတဲ့ သီးနှံမှန်သမျှက အကောင်းတွေချည်းပဲလေ။ ဒီလိုအလကားပါရမှတော့ ဘယ်သူက မမြည်းချင်ဘဲနေမှာလဲ?
လူအများတိုးကျိတ်နေကြသည်ကိုမြင်ကာ လျိုချွမ်းဟွာက အော်လိုက်သည်။
“တစ်ယောက်ကို တစ်လုံးစီပဲယူကြပါ!”
မျက်စိတစ်မှိတ်အတွင်းမှာပဲ စတော်ဘယ်ရီများပျောက်ကုန်တော့သည်။
“ဝိုး ဒီစတော်ဘယ်ရီတွေက တကယ်အရသာရှိတာပဲ!”
ဤကြားနေကျစကားသံများ ဆိုင်ထဲတွင် ပျံ့နှံ့သွားသည်။
“တကယ်ကောင်းတယ်။ နည်းနည်းလေးတော့ချဉ်တယ်! ဒါပေမယ့်လည်း ဒီခပ်ချိုချိုမွှေးမွှေးအနံ့လေးက အရသာမှာပါ တစ်ထပ်တည်းပဲ!”
“ဒါတွေမှည့်လာရင်ပိုချိုလာမယ်လို့ ငါလောင်းရဲတယ်!”
“ဒါပေမယ့် ဒါတွေကနည်းနည်းဈေးကြီးနေတယ်!”
သူတို့၏နေ့စဉ်ဝင်ငွေသည် စတော်ဘယ်ရီတစ်ကတ်တီအတွက် လုံလောက်ရုံလေးသာရှိသည်။
“ဟုတ်တယ် ဒါပေမယ့်လည်း အရမ်းအရသာကောင်းတယ်။ ငါတို့ တစ်ခါလောက်ပဲစားရတာ! ငါကတ်တီတစ်ဝက်ယူမယ်”
စတော်ဘယ်ရီများမှာ ကြီးမားသည်။ ကတ်တီဝက်တွင်အတော်များများ ပါလိမ့်မည်ဖြစ်တာကြောင့် အတော်လေးလုံလောက်ပေသည်။
“ငါလည်းကတ်တီဝက်ယူမယ်!”
“ငါတစ်ကတ်တီလိုချင်တယ်!”
စတော်ဘယ်ရီများကို မြည်းကြည့်သူများ ချက်ချင်းဆွဲဆောင်ခံလိုက်ရသည်။ ကံမကောင်းစွာပင် ဆက်လက်မြည်းကြည့်လိုလျှင်တော့ ပိုက်ဆံပေးရတော့မည်ဖြစ်သည်။
မကြာမီပင် စတော်ဘယ်ရီဆယ်ကျင်ကုန်သွားသည်။ လျိုချွမ်းဟွာက အံ့ဩသွားလေသည်။ ထို့နောက်တွင်ထပ်မံကာ စတော်ဘယ်ရီများကို စွဲသွားကြပြန်သည်။ သူမဆိုလျှင်လည်း ၎င်းတို့အတွက် မြင့်မားသောဈေးတစ်ခု ပေးလိုစိတ်ရှိမည်ပင်။ ထို့ပြင် ရှောင်လင်းယွီ၏ကာစတန်မာများအတွက် လူနေမှုအဆင့်အတန်းမှာ ယေဘုယျအားဖြင့် သာမန်ထက်မြင့်သည်။ သူတို့သည် အံ့ဩဖို့ကောင်းလောက်အောင်အရသာရှိသောစတော်ဘယ်ရီများကို ဝယ်ယူရန် တွ့န်တိုနေဖို့မလိုပေ။
ကာစတန်မာတစ်ယောက်သည် စတော်ဘယ်ရီများကို ကိုင်ကြည့်ပြီးနောက် အပြုံးတစ်ခုဖြင့်မေးလိုက်သည်။
“အစ်မ ဒီစတော်ဘယ်ရီတွေကဘယ်ကလဲ? ပြည်ပကတင်တာလား?”
တစ်ယောက်ကပြောလိုက်သည်။ “ပြည်ပကတင်တာဆိုရင်တော့ ၆၀ယွမ်ဆိုတာ အဲ့လောက်ဈေးမကြီးပါဘူး”
“အမှန်ပဲ၊ ပြည်ပစတော်ဘယ်ရီတွေက များသောအားဖြင့်တော့ တစ်ကတ်တီကို ရာချီကျတတ်တယ်။ ဘာလို့လဲဆိုတော့ အခွန်ခတွေနဲ့ အရင်းကြောင့်ပဲ”
လျိုချွမ်းဟွာက ပြုံးကာ ပြောလိုက်သည်။
“ဒီစတော်ဘယ်ရီတွေကို ကျွန်မတို့ကိုယ်တိုင်စိုက်ထားတာပါ။ ကြိုက်တယ်ဆိုရင် ကိုယ့်ဟာကိုလည်းစိုက်လို့ရတယ်။ အဲ့ဒီလိုလုပ်မယ်ဆိုရင်တော့ တစ်ကတ်တီကို ၄၅ယွမ်နဲ့ ရနိုင်တာပေါ့”
လူတော်တော်များများ လျိုချွမ်းဟွာကို မယုံကြည်ကြပေ။
“ဒီစတော်ဘယ်ရီတွေက အိမ်စိုက်လား?”
“ဘယ်လိုလုပ်ဒီလောက်အရသာရှိနေရတာလဲ?”
“ဒါပေမယ့်ငါတို့ကြာတာတော့ ရှင်းယင်ခရိုင် ကစတော်ဘယ်ရီစိုက်ဖို့ နေရာကောင်းမဟုတ်ဘူးတဲ့”
“ငါလည်းအဲ့ဒီလိုပဲကြားတယ်။ စိုက်ပျိုးရေးသမားတွေ စတော်ဘယ်ရီစိုက်ကြည့်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် သေးပြီးချဉ်နေတာတွေပဲ ရခဲ့တယ်။ စတော်ဘယ်ရီအရသာနဲ့တောင်မတူဘူး”
“အစ်မ မင်းငါတို့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား? ဒီစတော်ဘယ်ရီတွေကို တကယ်ကိုယ်တိုင်စိုက်ထားတာလား?”
လျိုချွမ်းဟွာကပြောလိုက်သည်။
“ဒီဆိုင်ထဲမှာရှိတာအားလုံးက ထောင်ယွမ်ရွာမှာစိုက်ထားတာ။ ကျွန်မတို့ ဒါတွေကိုပြည်တွင်းမှာပဲ စိုက်ထားတာပါ”
“မင်းငါတို့ကိုပြောတဲ့ ကိုယ်တိုင်လာခူးရင် တစ်ကတ်တီကို ၄၅ယွမ်နဲ့ရတယ်ဆိုတာကရော လိမ်နေတာမဟုတ်ဘူးမလား?”
ထို့ပြင် ဈေးနှုန်းကွာခြားမှုက နည်းနည်းများနေသည်။
စတုတ္ထဒေါ်လေးရှောင်က ပြုံးပြီးပြောလိုက်သည်။
“ဒါသူဌေးပြောတဲ့အတိုင်းပဲ၊ ဒါကြောင့် ချစ်ရတဲ့ကာစတန်မာတွေရေ၊ ကျွန်မတို့ရဲ့စတော်ဘယ်ရီတွေကိုတကယ်ကြိုက်တယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ထောင်ယွမ်ရွာကို လာခူးနိုင်ပါတယ်”
ဆိုင်ကစတော်ဘယ်ရီတွေကိုရောင်းချခြင်းရဲ့အဓိကရည်ရွယ်ချက်က လူသိများဖို့ပဲ။
“အိုခေ ငါတို့အချိန်ရရင်သွားကြည့်လိုက်မယ်”
တစ်ကတ်တီလျှင်၄၅ယွမ်သည် ဈေးမှစတော်ဘယ်ရီများ၏ဈေးနှုန်းထက် အရမ်းတော့မကြီးလှပေ။ အခြားဆိုင်များသည် စတော်ဘယ်ရီတစ်ကတ်တီလျှင် ၄၀ယွမ်ပတ်လည်ရောင်းကြသည်။
“ငါလည်းသွားမယ်။ ငါ့ကလေးတွေကိုခေါ်သွားပြီး ကျေးလက်ကဘဝကို အတွေ့အကြုံယူခိုင်းမယ်”
“အမှန်ပဲ ကလေးတွေလည်းခရီးထွက်ရမယ်။ သူတို့တွေက ပုံမှန်ဆိုအိမ်မှာနေပြီး Tvပဲကြည့်နေကြတာ။ အပြင်လည်းမထွက်ချင်ကြဘူး။ အပြင်ထွက်ရင်တောင် တစ်ယောက်ယောက်က သူတို့နောက်က လိုက်ပေးရဦးမှာ။ မဟုတ်ရင် ငါတို့လူကြီးတွေ ဘယ်လိုစိတ်လွတ်ကိုယ်လွတ်နေနိုင်ပါ့မလဲ?”
“ဒါအသင့်တော်ဆုံးအခွင့်အရေးပဲ!”
မိဘများသည် စတော်ဘယ်ရီခူးရန် ထောင်ယွမ်ရွာသို့သွားမည့်အကြောင်းနှင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုစောင့်ရှောက်မည့်အကြောင်း ဆွေးနွေးနေခဲ့ကြသည်။
…..
ပေကျင်းတွင် လူနှစ်ယောက်စကားပြောဆိုနေကြသည်။
“ဘာပြောလိုက်တယ်?”
ချင်ယန်သည် တစ်ဖက်လူကို မယုံသင်္ကာဖြင့်မေးလိုက်သည်။
“ရှင်က ကျွန်မကို စေ့စပ်ပွဲဖျက်စေချင်တာလား?”
ကျန်းထောင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ် ချင်ယန်။ ကိုယ့်ဘက်က စေ့စပ်ပွဲဖျက်လိုက်မယ်ဆိုလို့ရှိရင် မင်းရဲ့ဂုဏ်သတင်းကို နာမည်ဆိုးထွက်စေလိမ့်မယ်။ ဒါကြောင့်မလို့ စေ့စပ်ပွဲဖျက်တဲ့လူက မင်းဖြစ်စေချင်တယ်”
“ဘာလို့လဲ?”
ချင်ယန်ကသူမ၏လှပသောမျက်လုံးများကို ပြူးကာ နားမလည်သည့်ပုံဖြင့်မေးလိုက်သည်။ သူမ၏လက်များသည် ဂါဝန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူမသည် ကျန်းထောင်ကိုမကြိုက်သော်လည်း လက်ထပ်ပွဲ၏ကိစ္စကိုဆုံးဖြတ်ရန်မှာ သူမအပေါ်တွင် မမူတည်နေပေ။ ဒါပေမယ့်လည်း သူမအငြင်းခံလိုက်ရတာကိုတော့ သဘောမကျပေ။ ၎င်းသည် သူမကို ကြီးမားသောဒုက္ခတစ်ခုကြုံတွေ့ရသကဲ့သို့ ခံစားရစေသည်။
သူမသည် မြို့တော်တွင် နံပါတ်တစ်ရေပန်းစားသူဖြစ်သည်။ ဒါပေမယ့်လည်း ကျန်းထောင်ကသူမကို စေ့စပ်ပွဲဖျက်ဖို့ လာပြောနေသည်။ ဆိုလိုတာက သူကလည်း အဲ့ဒီလူလိုပဲ သူမကိုငြင်းလိုက်ခြင်းဖြစ်သည်။
ဘာလို့လဲ?
သူမသည် စေ့စပ်ပွဲကို ပယ်ဖျက်ချင်ခဲ့သော်လည်း သူ၏အကြုံပြုချက်အရတော့မဟုတ်ပေ။ သူမကို ဘယ်လိုလုပ်များ ငြင်းပယ်နိုင်ရတာလဲ?
***