ကျန်းထောင်၏ခုခံမှု
Vol. 13 Ch. 223
“ထျန်းဟောက် ရှင်းယင်ခရိုင်က သခင်လေးကျန်းရဲ့ လှုပ်ရှားတွေမှုကို တစ်ယောက်ယောက်ကထပ်ပြီး စုံစမ်းနေပြီပြီ” လီယွမ်ဟန်က ကုန်းထျန်းဟောက်ကို တင်ပြလိုက်သည်။
ကုန်းထျန်းဟောက်က အနည်းငယ်မျက်မှောင်ကြုံ့လျက်
“ဒီတခေါက်ကရောဘယ်သူလဲ?”
“ကြည့်ရတာတော့ ချင်မိသားစုက တယောက်ယောက်နဲ့တူတယ်” လီယွမ်ဟန်က ပြောလိုက်သည်။ လီယွမ်ဟန်သည် ကျန်းထောင်နှင့် ပက်သက်၍အသေအချာကို မကျေနပ်ပေ။ ကျန်းထောင်သည် သခင်ကြီးကျန်း၏ရှေ့တွင် ခလုတ်တိုက်မိသွားသည်။ ထျန်းဟောက်က သူ့ကို သတိပေးပြီးသားဖြစ်သည်။ ချင်မိသားစုထဲမှာ ဒီအမှားတစ်ခုထဲကိုပဲ ဘာလို့ထပ်လုပ်ရတာလဲ? ဒါကသူတို့သိတဲ့ အေးဆေးပြီးတည်ငြိမ်တဲ့ ကျန်းထောင်မဟုတ်ဘူးလေ။
သူက သခင်ကြီးကျန်းနှင့် မပြောဆိုရသေးဘဲ ချင်မိသားစုကို ဤကိစ္စထဲဆွဲထည့်နေပြန်ပြီ။ ရှောင်လင်းယွီကို တစ်ခုခုဖြစ်စေချင်နေတာလား?
သခင်လေးကျန်းက ဘာတွေစဉ်းစားနေတာလဲ?
ကုန်းထျန်းဟောက်က လီယွမ်ဟန်၏တင်ပြချက်ကိုကြားကာ အနည်းငယ်ထူးဆန်းမှုကို ခံစားမိလိုက်သည်။
“ချင်မိသားစုဝင်လား? ဘာတွေဖြစ်နေတာလဲ? ချင်မိသားစုက ဘာလို့ ထောင်ဇီကို ရုတ်တရက်စုံစမ်းရတာလဲ”
လီယွမ်ဟန်က ခနတွေးပြီး ပြောလိုက်သည်။
“ထျန်းဟောက် မနေ့တုန်းက သခင်လေးကျန်း ချင်ယန်နဲ့တွေ့ခဲ့သေးတယ်” ပြီးတော့ ဒီနေ့ချင်မိသားစုက လှုပ်ရှားမှုတစ်ခု လုပ်လိုက်တဲ့အတွက် အဲ့ဒီတွေ့ဆုံမှုနဲ့ တစ်ခုခုဆက်စပ်မှုရှိရမည်။
ကုန်းထျန်းဟောက်က ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် ဖုန်းကောက်ကိုင်ကာ ကျန်းထောင်ကို ခေါ်ဆိုလိုက်သည်။
ဖုန်းလက်ခံရရှိပြီးနောက်တွင် သူကတိုက်ရိုက်ပဲမေးလိုက်သည်။
“ထောင်ဇီ၊ မင်းမနေ့က ချင်ယန်ကို ဘာပြောလိုက်တာလဲ?”
ကျန်းထောင်က ဖုန်းကိုင်ထားသည့်လက်ကိုတင်းတင်းဆုပ်ပြီး ပြောလိုက်သည်။
“တကယ်တော့ ငါဘာမှမပြောလိုက်ဘူး။ ငါကသူ့ကို စေ့စပ်ပွဲကိုအရင်စဖျက်ပေးဖို့ပြောလိုက်တာ!”
“ဘာကွ?”
ဤတစ်ကြိမ်တွင် ကုန်းထျန်းဟောက်လည်း အံ့အားသင့်သွားသည်။ သူပြောလိုက်သည့်အခါ လေသံမှာတင်းမာလာသည်။
“မင်းအရမ်းစိတ်လိုက်မာန်ပါလုပ်နေတာမဟုတ်ဘူးလား? မင်းက ချင်ယန်ကို စေ့စပ်ပွဲဖျက်ဖို့ပြောလိုက်တယ်? အဲ့ဒါဖြစ်နိုင်မယ်လို့ထင်လို့လား?”
ကျန်းထောင်က မျက်မှောင်ကြုံလိုက်ကာ “ဒါပေမယ့် ချင်ယန်က သူလုပ်မယ်လို့ ငါ့ကိုပြောခဲ့ပြီးပြီ”
ကုန်းထျန်းဟောက်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ပြောလိုက်သည်။
“ဒါဆိုရင် ချင်မိသားစုက ဘာလို့ မင်းရဲ့ ရှင်းယင်ခရိုင်က လှုပ်ရှားမှုတွေကို စုံစမ်းနေရတာလဲ?”
“ဘယ်လို?!”
ကျန်းထောင်ကလည်း သိသိသာသာကို အနည်းငယ်အံ့အားသင့်သွားသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ချင်ယန်က သဘောတူတယ်လေ။ ဘာလို့ ချင်မိသားစုက ငါ့ကိုစုံစမ်းမှာလဲ။” သူ့ကို ဒီလိုတိတ်တဆိတ်စုံစမ်းရဲရအောင် သူတို့ကို ဘယ်သူသတ္တိပေးလိုက်တာလဲ
ကုန်းထျန်းဟောက်က ခပ်ဖြည်းဖြည်းသက်ပြင်းချကာ “ထောင်ဇီ ချင်ယန်က စေ့စပ်ပွဲဖျက်ဖို့သဘောတူပြီးပြီဆိုတာ မင်းသေချာလား? မင်းတို့ပြောဆိုကြတဲ့အပိုင်းမှာ ပြဿနာတွေရှိနေတာလည်းဖြစ်နိုင်တာပဲ”
ကျန်းထောင် နှုတ်ဆိတ်သွားသည်။
ထို့နောက် ကုန်းထျန်းဟောက်က တိုက်ရိုက်တဲ့တိုးသာမေးလိုက်သည်။ “ထောင်ဇီ မင်းဘာတွေလုပ်နေတာလဲ? ဘာလို့ မင်းမဟုတ်တဲ့အတိုင်းလျှောက်လုပ်နေတာလဲ။ မင်းဒါတွေကို တမင်လုပ်နေတယ်လို့ ငါသံသယဝင်လာပြီ။”
ကျန်းထောင်ဘက်က တိတ်ဆိတ်သွားပြန်သည်။
ကုန်းထျန်းဟောက် ဘာမှမကြားရတာကြောင့် သက်ပြင်းသာချလိုက်တော့သည်။ “ထောင်ဇီ မင်းဘာပဲလုပ်နေလုပ်နေ၊ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ငါမင်းကိုကူညီမှာပဲ။ ဒါပေမယ့် မင်းရဲ့ကတိကိုမှတ်မိဖို့တော့ ငါမျှော်လင့်တယ်” ဘယ်သူမှ မိသားစုငယ်လေးရဲ့နွေးထွေးမှုနဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးရဘူး။ အဲ့ဒီမိသားစုက သူတို့အကြာကြီးတောင့်တခဲ့ရတဲ့ အိမ်ဆိုတာမျိုးပဲ။
ကျန်းထောင်က တည်ကြည်စွာပြန်ဖြေလိုက်သည်။ “ငါ့ကတိကိုအမြဲတမ်းတည်တယ်!”
ကုန်းထျန်းဟောက် ဖုန်းချလိုက်ပြီးနောက် လီယွမ်ဟန်၏မျက်နှာထားမှာ အနည်းငယ်အံ့အားသင့်သွားသည်။
သူက “ထျန်းဟောက် သခင်လေးကျန်းက ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ မင်းထင်တာလား?” ဒါကတော့ မဖြစ်နိုင်ဘူး။ သခင်လေးကျန်းက ဒီလိုတုံးတုံးအအမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် သူက “ဒါပေမယ့် သူဘာလို့ဒါမျိုးလုပ်တာလဲ? ချင်မိသားစုက စပြီးစုံစမ်းပြီဆိုတာနဲ့ ရှောင်လင်းယွီကိုအန္တရာယ်ထဲ ဆွဲထည့်မိမယ်ဆိုတာ သူမသိဘူးလား?”
ကုန်းထျန်းဟောက်က သူ၏ခေါင်းကိုခါကာ ပြောလိုက်သည်။
“သူသိတယ်”
“ဒါဆိုရင်...”
လီယွမ်ဟန်က ရှုပ်ထွေးသွားသည်။
ကုန်းထျန်းဟောက် ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ငါက ရှောင်လင်းယွီနဲ့ သူ့မိသားစုကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ်ဆိုတာ သူသိလို့ပဲ။ ဒါကြောင့် သူဒါမျိုးလုပ်ရဲတာ”
“ဟမ်?!”
လီယွမ်ဟန်က အံ့ဩသွားပြန်သည်။
“ဒါပေမယ့် ဘာလို့ဒီလိုမျိုးလုပ်တာလဲ? ချင်ယန်အတွက်က စေ့စပ်ပွဲကိုဖျက်ပစ်ဖို့မှ မဖြစ်နိုင်တာ”
ကျန်းနဲ့ချင်မိသားစုကကြားက လက်ထပ်ပွဲက ချင်မိသားစုကအကြီးဆုံးသမီးနဲ့ ကျန်းမိသားစုရဲ့အကြီးဆုံးသားကြားကလေ။ သူတို့က ကောင်းကင်မှာဖန်ဆင်းပေးထားတဲ့ အတွဲလိုပဲဖြစ်သည်။
၎င်းမှာ ဟာသတစ်ခုမဟုတ်ပေ။ မည်သည့်ဘက်ကမှ စေ့စပ်ပွဲကိုဖျက်ခွင့်မရှိပေ။ တကယ့်လက်ထပ်ပွဲနေ့သို့ရောက်လာလျှင်တောင် သတို့သားရောသတို့သမီးပါ ဘာမှပြောပိုင်ခွင့်မရှိပေ။ သခင်လေးကျန်းသည် ဘာမှမလုပ်နိုင်သလို ချင်မိသားစုက မမလေးလည်းဘာမှမလုပ်နိုင်ပေ။ အရာအားလုံးကို မိသားစုနှစ်ခုက ဆုံးဖြတ်ပေးထားခြင်းဖြစ်သည်။ ချင်ယန်မှာ စေ့စပ်ပွဲကိုဖျက်ရန် အင်အားမရှိသလို ကျန်းထောင်ကလည်း ၎င်းကိုသိသင့်သည်။ ဒါပေမယ့် သူက သူမကိုဖျက်ဖို့ တိုက်တွန်းနေခဲ့သည်။
ဘာလို့လဲ?
ကုန်းထျန်းဟောက်၏စိတ်ထဲတွင် မရေရာသော ခန့်မှန်းမှုတချို့ရှိသည်။
ကျန်းထောင်က ကျန်းမိသားစု၏အင်အားကို လိုချင်သည်။ လက်ထပ်ပွဲဆိုသည်မှာ သူ့အတွက်တော့ စီးပွားရေးစီစဉ်မှုတစ်ခုသာဖြစ်သည်။ တနည်းအားဖြင့် သူသည် ချင်ယန်ကို အင်အားအတွက်သာ လက်ထပ်ခြင်းဖြစ်သည်။
ဤတစ်ကြိမ်မှာ သူကချင်ယန်ကို စေ့စပ်ပွဲဖျက်ရန် အရင်ပြောလိုက်သည်။ သူကငါးစာချနေခြင်းဖြစ်သည်။ သူဘာကိုမျှားနေမှန်းကိုတော့ ကျန်းထောင်ကိုယ်တိုင်သာသိလိမ့်မည်။
………
ကျန်းထောင်နှင့်တွေ့ဆုံမှုမှ ချင်ယန်ပြန်လာသောအခါ သူမ၏အခန်းထဲသို့ ဝင်ကာ ဝုန်းဒိုင်းကြဲလိုက်သည်။
ချင်ယန်က ခေါင်းအုံ့းကိုထုလိုက်ပြီး သူမ၏လက်ချောင်းထိပ်များက ခေါင်းအုံးကို ထိုးဖောက်လုနီးနီး ဖြစ်နေသည်။ သူမက အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“ကျန်းထောင်၊ ရှင်ကတော့ စည်းကျော်လိုက်ပြီပဲ!” သူက သူမကိုမကြိုက်သည့်အတွက် တကယ်ပဲ စေ့စပ်ပွဲဖျက်ပေးရန်ပြောလာသည်။ သူက သူမ၏ဂုဏ်သတင်းအတွက်ဟုပြောနေပေမယ့် တကယ်တမ်းတော့ သူမကိုအရှက်ခွဲနေခြင်းသာဖြစ်သည်။ သူက သူမကို သူနှင့်မတန်ဘူးဟု တွေးနေခြင်းဖြစ်သည်။
“ကျန်းထောင် ရှင်ကကျွန်မကို စေ့စပ်ပွဲဖျက်စေချင်တာလား? ဘယ်တော့မှရမယ်မထင်နဲ့!” ချင်ယန်က ခါးသီးစွာပြောလိုက်သည်။
မြို့တော်တွင် အင်အားကြီးသောမိသားစုအချို့ရှိသည်။ ကျန်းထောင်နှင့် ကုန်းထျန်းဟောက်တို့အပြင် အခြားဘယ်ယောက်ျားမှ သူမနှင့်တွဲဖက်မဖြစ်နိုင်ပေ။ သူတို့မှာ ဤလူနှစ်ယောက်လို မချောကြသလို အင်အားလည်းမရှိကြပေ။
ချင်ယန်၏ ပထမရွေးချယ်မှုမှာ ကုန်းထျန်းဟောက်ဖြစ်သည်။ ဒါပေမယ့်လည်း ကုန်းထျန်းဟောက်က သူ၏လက်ထပ်ပွဲကို ကိုယ်တိုင်ဆုံးဖြတ်ရန်အထိ အင်အားရှိပေသည်။ သူ၏နှလုံးသားမလှုပ်ရှားသေးသရွေ့ ဘယ်သူမှသူ့ကို လက်ထပ်ပွဲဆီ တွန်းအားမပေးနိုင်ပေ။
ချင်ယန်က ကုန်းထျန်းဟောက်ကိုလက်ထပ်ဖို့ တခါစိတ်ကူးဖူးသော်လည်း ဤတစ်သက်တွင်မဖြစ်နိုင်တော့မှန်း သူမသိလိုက်သည်။ ဤအခြေအနေမျိုးတွင် သူမက ဒုတိယအကောင်းဆုံးကို လက်ခံရမည်။
“ကျန်းထောင် ကျွန်မရှင့်ကိုလက်ထပ်မယ်!” ကျန်းထောင်က သူမ၏လက်သီးများကို ကျစ်ကျစ်ဆုပ်ကာ ဆုံးဖြတ်ချက်ချထားသည့် လေသံဖြင့်ပြောလိုက်သည်။ “ရှင်ကျွန်မကိုပေးထားတဲ့စော်ကားမှုတွေထက် အနာဂတ်မှာ ဆယ်ဆပြန်ပေးမယ်!”
အနာဂတ်ဆိုသည်မှာ ကျန်းထောင် သူမကိုချစ်မိသွားချိန်ဖြစ်သည်။
ချင်ယန်က မှန်တင်ခုံကို ကြည့်လိုက်သည်။ ထို့နောက် မိတ်ကပ်ဘောက်စ်ကိုထုတ်ကာ သူမမျက်နှာပေါ်တွင်ပေါင်ဒါများလိမ်းလိုက်သည်။ ထို့နောက် သူမ၏မျက်ခွံများပေါ်မှ တစ်စုံတစ်ခုကို ဖျက်ပစ်လိုက်သည်။ ခနကြာပြီးနောက် ချင်ယန်က ပြောင်းလဲသွားသည်။
သူမ၏မျက်လုံးများမို့မောက်နေပြီး သူမ၏သေးငယ်သောမျက်နှာမှာလည်း အနည်းငယ်ဖြူဆုတ်နေသည်။ သူမငိုထားသည်မှာ သိသာသည်။
သူမအဖေကိုရှာရန် အောက်သို့ဆင်းသွားလိုက်သည်။ “အဖေ သမီးစေ့စပ်ပွဲဖျက်ချင်တယ်!”
ချင်ရှင်းပေါင် ကအံ့ဩကာ မေးလိုက်သည်။
“ဘာလို့လဲယန်အာ၊ ဘာဖြစ်လို့လဲ?”
ချင်ယန်ကခေါင်းခါကာ “ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းပဲ ကျန်းထောင်က သမီးကိုသဘောမကျလို့။ ဒီနေ့သူက သမီးဆီလာပြီး စေ့စပ်ပွဲဖျက်ပေးဖို့ပြောသွားတယ်။ မဟုတ်ရင် သမီးတော့လက်ထပ်လိုက်ရင်တောင် ပျော်ရွှင်ရမှာမဟုတ်ဘူး”
“အဲ့ဒီအကောင်!”
ဖေဖေချင်က၎င်းကိုကြားလိုက်သောအခါ ဒေါသထွက်သွားသည်။
“စေ့စပ်ပွဲဆိုတာဒီလိုမျိုးဖျက်ပစ်လိုက်လို့ရလား။ သူက ချင်မိသားစုရဲ့မျက်နှာကို ဂရုမစိုက်တော့ဘူးလား?”
ချင်ယန်က “အဖေ သမီးနဲ့ကျန်းထောင်က မစေ့စပ်ရသေးမှတော့ စေ့စပ်ပွဲလို့ခေါ်ဖို့လိုပါသေးတယ်!” ၎င်းကိုပြောလိုက်ချိန်တွင် သူမအရမ်းဝမ်းနည်းပုံပေါ်နေသည်။ သူမက သူမကိုယ်သူမ ခံရသူအဖြစ် သရုပ်ဆောင်နေခြင်းဖြစ်သည်။
သူမ၏လုပ်ရပ်များက သူမကို ကြင်နာပြီး မတရားခံလိုက်ရသည့်အမျိုးသမီးဟု အခြားသူများကို ထင်မြင်စေသည်။ သူမကသဘောထားကြီးပြီး ကျန်းထောင်၏တောင်းဆိုမှုကိုသာ ဖြည့်ဆည်းပေးလိုခြင်းဖြစ်သည်။
၎င်းက ကျန်းထောင်ကို တာဝန်ယူမှုမရှိသည့်ပုံပေါက်စေသည်။ သူ့အတွက် သခင်မလေးတစ်ယောက်ကိုမကြိုက်သည်မှာ ကိစ္စတစ်ခုဖြစ်သော်လည်း မိန်းကလေးဘက်ကို စေ့စပ်ပွဲဖျက်ပေးဖို့ ဘာလို့တောင်းဆိုရတာလဲ?
သူကသူ့မျက်နှာကိုထိန်းဖို့လုပ်ခဲ့ပေမယ့် မိန်းကလေးဘက်ကကျတော့ရော?
သူမမျက်နှာကိုလည်း ထိန်းဖို့မလိုဘူးလား? ၎င်းက သူမအတွက် စော်ကားမှုတစ်ခုဖြစ်သည်။
အလိုလိုပင် ချင်ရှင်းပေါင်သည် သူ၏အကြီးဆုံးသမီးကို ဤကဲ့သို့ မတရားခံရခွင့်မပြုနိုင်ပေ။ သူက စိတ်ဆိုးစွာဖြင့်၊ “ဒါကို သခင်ကြီးကျန်း ကိုယ်တိုင်စီစဉ်ထားတာ။ ဒါက ကလေးတွေကြိုက်ကြိုက် မကြိုက်ကြိုက်ဖြစ်ကိုဖြစ်မှာပဲ! ယန်အာမစိုးရိမ်နဲ့။ အဖေ ကျန်းမိသားစုကို ရှင်းပြချက်တစ်ခုတောင်းလိုက်မယ်။ အဲ့ဒီကောင်က မင်းကိုဖျက်သိမ်းခိုင်းဖို့ ဘယ်လိုလုပ်ခေါ်ပြောရတာလဲ?”
ချင်ယန်၏မျက်လုံးများမှာ နီရဲနေပြီး သူမ၏မျက်နှာပေါ်တွင် မျက်ရည်စများရှိနေသည်။ သူမကမပြောမီ ခနလောက်တုံ့ဆိုင်းနေကာ၊ “အဖေ ကျန်းထောင်ကဖျက်ချင်နေမှတော့ ဒါကိုမေ့လိုက်ကြရအောင်”
သူမက ခုခံမှုကို တိုက်စစ်အနေဖြင့် သုံးနေခြင်းဖြစ်သည်။ ကျန်းထောင်မှာ ချင်ယန်၏ အကောင်းဆုံးရွေးချယ်မှုဖြစ်သောကြောင့် အလိုလိုပင် သူ့ကိုလက်လျှော့လိုက်မည်မဟုတ်ပေ။
သူမက သူမ၏အဖေနှင့် ချင်မိသားစု၏ စည်းမျဉ်းများကို နားလည်သည်။ သူမက လက်ထပ်ပွဲမှာ ကလေးကစားသလို မဟုတ်မှန်းသိသည်။ ၎င်းက သူမမကြိုက်တာနှင့် ဖျက်ပစ်လို့ရမည့် တစ်စုံတစ်ခုမဟုတ်ပေ။ သူမက ခံရသူနေရာတွင်နေပြီး ကျန်းမိသားစုက သူမကို အကြွေးတင်နေသလိုမျိုးခံစားရအောင် လုပ်ရမည်။ တချိန်တည်းမှာပဲ သူမက ကြင်နာသဘောထားကြီးပြီး နားလည်မှုပေးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ကိုလည်း ဖန်တီးရဦးမည်။
ချင်ရှင်းပေါင် ကဒေါသထွက်စွာပြောလိုက်သည်။ “ဘယ်လိုလုပ်ဒါကိုမေ့ပစ်နိုင်မှာလဲ? ယန်အာ သမီးဒါကို စိုးရိမ်ဖို့မလိုဘူး။ အဖေ သမီးအတွက် အားလုံးဖြေရှင်းပေးမယ်။ သမီးကတော့ အလှဆုံးသတို့သမီးလေးဖြစ်လာဖို့ပဲ စောင့်နေလိုက်!”
ချင်ယန်က ခေါင်းညိတ်ခဲ့သည်။ ထို့နောက် သူမကခနတုံဆို့င်းကာ ပြောလိုက်သည်။ “အဖေ ကျန်းထောင်မှာ အရင်နေရာတုန်းက သဘောကျခဲ့တဲ့မိန်းကလေးများ ရှိနေတာများလားမဟုတ်ဘူးဆိုရင် သူကဘာလို့ ရုတ်တရက်ကြီး စေ့စပ်ပွဲကို ငြင်းမှာလဲ?”
ချင်ရှင်းပေါင် ကမျက်မှောင်ကြုံ့ကာ မပြောမီ တုံ့ဆိုင်းနေပြီး၊ “ယန်အာ စိတ်မပူနဲ့။ သမီးက ကျန်းထောင်ကို လက်ထပ်ရမှာ။ သူတခြားတယောက်ကိုကြိုက်လည်း အရေးမကြီးဘူး။ ဘာလို့လဲဆိုတော့ သူက သမီးကိုပဲ လက်ထပ်နိုင်တာမလို့ပဲ”
“ဒါပေမယ့် အဖေ ကျန်းထောင်မှာ သူသဘောကျနေတဲ့လူရှိတယ်ဆိုရင် သမီးတို့ စုံတွဲကိုခွဲပစ်လို့မရဘူးမလား?”
ချင်ယန်က ခနတွေးလိုက်ပြီး
“ကျန်းထောင်ပြောသလိုပဲ။ သူကသမီးကို သဘောမကျဘူးဆိုလို့ရှိရင် သူသမီးကိုလက်ထပ်လိုက်ရင်တောင် သမီးပျော်ရွှင်ရမှာ မဟုတ်ဘူး”
“ဘယ်သူကဒီလိုပြောတာလဲ?” ချင်ရှင်းပေါင် က ကျယ်လောင်စွာ ပြောလိုက်သည်။ “ငါ့သမီးက လှပြီးတော့ သဘောထားကြီးတယ်ပညာလည်းတတ်ပြီး သားနားတယ်။ သမီးကိုလက်ထပ်ရမှာ သူ့ကံကြမ္မာပဲ။ ယန်အာ မှတ်ထား သမီးအရမ်းစိတ်ထားကောင်းနေလို့မရဘူး။ အဲ့ဒီအကောင်က သမီးရဲ့ကြင်နာမှုကိုအသုံးချနေတာ။ ဒါပေမယ့် စိတ်မပူပါနဲ့။ အဖေ သမီးအတွက် လက်စားပြန်ချေပေးမယ်”
“အဖေ...” ချင်ယန် မပွင့်တပွင့်ဖြင့် “သမီးတို့...စေ့စပ်ပွဲဖျက်လို့မရဘူးလား?”
“မရဘူး!” ချင်ရှင်းပေါင် ကလက်ကိုမြှောက်ကာ သူမကို တိုက်ရိုက်တားဆီးလိုက်သည်။ သူ၏မျက်နှာထားမှာ အလွန်လေးနက်နေပြီး၊ “ယန်အာ၊ ကျန်းမိသားစုက အကြီးဆုံးသခင်လေးကျန်းနဲ့ ချင်မျိုးနွယ်စု အကြီးဆုံးသခင်မလေးချင်တို့ကြားက လက်ထပ်ပွဲက ပြောင်းလဲလို့မဖြစ်နိုင်တဲ့အမှန်တရားပဲ။ ဆွေးနွေးနေစရာမလိုဘူး။ စေ့စပ်ပွဲဖျက်ဖို့ စိတ်တောင်မကူးနဲ့။ သွားပြီးအနားယူချေတော့! ကောင်းကောင်းအနားယူပြီး နှစ်ရက်အတွင်း သတို့သမီးလှလှလေးဖြစ်အောင်လုပ်!”
“ကောင်းပါပြီ” ချင်ယန်က ညင်သာစွာပြောလိုက်သည်။ “အဖေ သမီးအခန်းကိုပြန်ပြီး ခနအနားယူလိုက်ဦးမယ်”
သူမ၏အခန်းသို့ပြန်ရောက်သည်နှင့် တံခါးကိုမှီကာ ချေငံစွာပြုံးနေခဲ့သည်။ သူမကိုယ်သူမပြောလိုက်သည်။ “ကျန်းထောင် ရှင်ကကျွန်မကို စေ့စပ်ပွဲဖျက်စေချင်တယ်။ ဒါပေမယ့် ရှင်ဆန္ဒရှိသလို ကျွန်မလုပ်မှာမဟုတ်ဘူး”
…
သခင်ကြီးကျန်းတစ်ယောက် ဖုန်းပြောပြီးနောက် သူ၏မျက်နှာထားမှာ ချက်ချင်းမှောင်မိုက်သွားသည်။ သူဖုန်းချလိုက်ပြီးနောက် ကျန်းထောင်ကိုခေါ်ပေးရန် တစ်ယောက်ယောက်ကို ပြောလိုက်သည်။
“သခင်ကြီး အကြီးဆုံးသခင်လေးကျန်းက အိမ်ပြန်မလာဘူး။ သူ့ရဲ့ကိုယ်ပိုင်တိုက်ခန်းကို သွားတယ်!” အိမ်တော်ထိန်းက တင်ပြလိုက်သည်။
“ဒါဆို သူ့ကိုချက်ချင်းပြန်လာဖို့ပြောလိုက်!” သခင်ကြီးကျန်း ကပြတ်ပြတ်သားသား ပြောလိုက်သည်။
“ဟုတ်ကဲ့!”
တစ်နာရီကြာပြီးနောက် ကျန်းထောင် ဖြည်းဖြည်းချင်း ရောက်လာသည်။
စာဖတ်ခန်းထဲသို့ သူခြေချလိုက်သည်နှင့် ပစ္စည်းတစ်ခုက သူ့တည့်တည့်သို့ ပျံသန်းလာသည်။ သူက ၎င်းကို မရှောင်သလို မတားဆီးခဲ့ပေ။ ကြွေလက်ဘက်ရည်ခွက်က သူ၏နဖူးသို့ တည့်တည့်ထိမှန်သွားသည်။ ချက်ချင်းပင် သွေးများစီးကျလာပြီး သူ၏ခေါင်းတွင် ဒဏ်ရာကြီးတစ်ခုဖြစ်သွားသည်။
“မင်းအကောင်စုတ်!” သခင်ကြီးကျန်း ကအော်လိုက်သည်။ သူ၏လေသံမှာ အလွန်တင်းမာကာ အာဏာသံပါနေသည်။ သူက ခပ်တင်းတင်းအော်လိုက်သည်။ “ဒူးထောက်စမ်း!”
ကျန်းထောင်က ကျိုးနွံစွာဒူးထောက်ပြီး သူ၏နဖူးကဒဏ်ရာကို လျစ်လျူရှုလိုက်သည်။ ထို့နောက် သူက နားလည်ပုံဖြင့် မေးလိုက်သည်။ “အဘိုးက ကျွန်တော်ချင်ယန်ကို စေ့စပ်ပွဲဖျက်ဖို့ပြောလိုက်လို့ စိတ်ဆိုးနေတာမလား?”
“ဟမ့်!” သခင်ကြီးကျန်း ကအေးစက်စက်ခနဲ့လိုက်သည်။ “ဒီတော့ မင်းအမှားကို မင်းသိတယ်ပေါ့”၏
ကျန်းထောင်က ခိုင်မာသောထင်မြင်ယူဆချက်ဖြင့်၊ “အဘိုး ကျွန်တော့်အမှားကဘာလဲ? ကျွန်တော်ချင်ယန်ကိုမကြိုက်ဘူး။ အဘိုးကလည်း သူ့ကိုငြင်းဖို့ ခွင့်မပြုဘူးလေ။ အဲ့ဒါကြောင့် ချင်ယန်ကိုရှာပြီး စေ့စပ်ပွဲကို အရင်ဖျက်ပေးဖို့ ပြောလိုက်တာ”
“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ?” သခင်ကြီးကျန်း ကစားပွဲပေါ်ရှိ ပစ္စည်းတစ်ခုကို စိတ်ဆိုးဆိုးနှင့်ယူကာ ကျန်းထောင်ဆီသို့ နောက်တစ်ကြိမ် ပစ်ပေါက်လိုက်သည်။ ၎င်းမှာ မင်တုံးဖြစ်သည်။
၎င်းသည် ကျန်းထောင်၏ခေါင်းကို တည့်တည့်ထိသွားသည်။ ကျန်းထောင်က အားခနဲအော်ကာ ဘာမှမပြောလိုက်ပေ။ နောက်ထပ်တစ်ခု သူ၏ခေါင်းသို့ ခပ်ပြင်းပြင်းထိသွားသည်။ ကျန်းထောင်က ၎င်းကို ဖယ်ထုတ်လိုက်သည်။ “ကျွန်တော်က ဘယ်လိုမှားတာလဲ? ကျွန်တော် ချင်ယန်ကိုမကြိုက်ဘူး။ သူ့ကိုလက်ထပ်လိုက်ရင်လည်း သူ့ကိုနာကျင်စေရုံပဲရှိမှာ”
သခင်ကြီးကျန်း ကအေးစက်စွာ ပြောလိုက်သည်။
“ငါမင်းကို အရင်ကလည်း ပြောပြီးပြီ။ ဒီလက်ထပ်ပွဲမှာ မင်းခံစားချက်တွေက အရေးမကြီးဘူး။ ကျန်းမိသားစုနဲ့ ချင်မိသားစုကြားက လက်ထပ်ပွဲက ကျန်းမိသားစုကို အကျိုးအမြတ်ကောင်းတွေအများကြီး သယ်လာပေးလိမ့်မယ်။ ကျန်းမိသားစုရဲ့ အမွေခံတစ်ယောက်အနေနဲ့ မင်းဒီတာဝန်ကိုယူရမယ်”
ကျန်းထောင်က စဉ်းစားခြင်းမရှိဘဲ၊ “အဲ့ဒီလိုသာဆို ကျွန်တော် ကျန်းမိသားစုရဲ့ အမွေဆက်ခံသူမလုပ်တော့ဘူး!”
“ဒီအကောင်စုတ်!” ဤတစ်ကြိမ်တွင် သခင်ကြီးကျန်း ကအမှန်အကန် စိတ်ဆိုးသွားသည်။ သူက ပြတ်ပြတ်သားသားအော်လိုက်သည်။ “ဒီတာဝန်ကိုခွာချဖို့ မင်းငါ့ခွင့်ပြုချက်ကောတောင်းခဲ့လား?”
ကျန်းထောင်က၊ “အဘိုးသဘောမတူမှန်း ကျွန်တော်သိတယ်။ ဒါပေမယ့်အဘိုး ကျွန်တော် ကျန်းမိသားစုရဲ့ အမွေဆက်ခံသူဖြစ်ရတဲ့ အဓိကအကြောင်းရင်းကဘာလဲ? ကျွန်တော့်မှာ လွတ်လပ်ခွင့်လည်းမရှိဘူး အာဏာလည်းမရှိဘူး။ ကျွန်တော်က အဘိုးရဲ့လက်ထဲက အိမ်မွေးတိရစ္ဆာန်သာသာပဲ။ ဒီလိုဆိုရင် ကျွန်တော် သာမန်လူပဲလုပ်လိုက်တော့မယ်!”
ဘန်း!
***