လူတွေအများကြီးပဲ
Vol. 13 Ch. 226
ချူထျန်းလန် အိမ်သို့ပြန်ရောက်ချိန်တွင် သူမကလေးနှင့်ခင်ပွန်းမှာ အခန်းထဲတွင် တီဗီကြည့်နေကြလေသည်။
သူမခင်ပွန်း ဟောက်ရှောင်ဖုန်းနှင့် သူမကလေး ဟောက်ကျားကျားတို့က သူတို့ဇနီး/မိခင်ပြန်လာသည်ကို တစ်ချက်သာ လည်ပြန်ကြည့်လိုက်ကြပြီးနောက် တီဗီဘက်သာ ပြန်လှည့်သွားခဲ့ကြသည်။
ချူထျန်းလန်က အနားသို့လျှောက်လာရင်း မရေမရာဖြင့်မေးလိုက်သည်။ “ရှင်တို့နှစ်ယောက် ဘာတွေများကြည့်နေလို့ ဒီလောက်အလေးအနက်ဖြစ်နေတာလဲ။”
ဟောက်ကျားကျားက ပြန်ဖြေလေသည်။ “အမေ သမီးတို့ Gone with the Wind ကြည့်နေတာ။ အရမ်းကောင်းတာပဲ။”
ချူထျန်းလန်၊ “…” အဲ့ဇာတ်ကားက အရမ်းငြီးငွေ့စရာကောင်းတယ်ဆိုပြီး နာမည်ကြီးနေတဲ့ကားကြီး မဟုတ်ဘူးလား။
ချူထျန်းလန်လည်း သူမ ထောင်ယွမ်ရွာမှဝယ်လာသည့် စတော်ဘယ်ရီဗူးကို တိတ်တဆိတ်ထုတ်လိုက်ပြီး သားအဖနှစ်ယောက်ရှေ့မှ ကော်ဖီစားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။ “ဟုတ်ပါပြီ၊ ဒီမှာ စားကောင်းတာလေးတွေဝယ်လာတယ်။ မြည်းကြည့်ကြဦး။”
သို့သော်လည်း အဖေနှင့်သမီးကတော့ သူမစကားကို နားမဝင်ဘဲ တီဗီပေါ်ကနေ အကြည့်မခွာနိုင်ကြပေ။
ချူထျန်းလန် ခဏမျှတွေးနေပြီးနောက် ချက်ချင်းပင် ဗူးကို ဖွင့်ချလိုက်သည်။ ထိုသို့ဖြင့် စတော်ဘယ်ရီ၏မွှေးပျံ့သည့်အနံ့က ချက်ချင်းဆိုသလို အလုံးအရင်းနှင့်ပွင့်ထွက်လာတော့သည်။
သားအဖနှစ်ယောက်မှာ တပြိုင်နက်တည်း မျက်မှောင်ကြုတ်လိုက်မိကြပြီးနောက် နားမလည်နိုင်ဟန်ဖြင့် မေးကြလေသည်။ “ဘာတွေဒီလောက်မွှေးနေတာလဲ။ စတော်ဘယ်ရီနံ့လိုပဲ။”
ထို့နောက် နှစ်ယောက်သား အနံ့လာရာသို့ အကြည့်ရွှေ့လာခဲ့ကြသည်။
“ဝိုး စတော်ဘယ်ရီတွေပဲ။” ဟောက်ကျားကျားက ချက်ချင်းပင် အော်ဟစ်ရင်း ဗူးထဲမှ စတော်ဘယ်ရီတစ်လုံးကို နှိုက်လိုက်လေသည်။ ထို့နောက် သူမက စိတ်ရှုပ်သွားဟန်ဖြင့်၊ “အမေ၊ ဒီစတော်ဘယ်ရီတွေက ဖြူဖြူစိမ်းစိမ်းကြီး။ မမှည့်သေးဘူးလေ။ မချဉ်ဘူးလား။” ထို့နောက် သူမက စတော်ဘယ်ရီကို နှာခေါင်းနားကပ်ကာ အနံ့ခံကြည့်လိုက်ပြီးနောက်၊ “ဒါပေမယ့် အနံ့လေးကတော့ တော်တော်မွှေးတယ်။ အရသာရော ဘယ်လိုနေမလဲပဲ။”
ချူထျန်းလန်လည်း မျက်လုံးကိုလှန်လိုက်ကာ မကြည်မသာဖြင့် ပြန်ပြောလိုက်သည်။ “မကြိုက်မစား၊ မစားနဲ့တော့။”
“ဒီစတော်ဘယ်ရီက တကယ်ကောင်းတာပဲ။” ဟောက်ရှောင်ဖုန်းကတော့ စတော်ဘယ်ရီတစ်လုံးကို ပါးစပ်ထဲ ကောက်ထည့်ပြီးနေလေပြီ။ “နည်းနည်း ချိုချိုချဉ်ချဉ်လေးနဲ့။ ပြီးတော့ စတော်ဘယ်ရီရဲ့လတ်လတ်ဆတ်ဆတ်အရသာလေးလည်းရတယ်။ တကယ်ကိုအရသာရှိတာပဲ။ ကျားကျား တစ်လုံးလောက်စားကြည့်။ တကယ်အရသာရှိတယ်။”
ဟောက်ကျားကျားလည်း ချက်ချင်းပင် စတော်ဘယ်ရီတစ်လုံးကိုပါးစပ်ထဲထည့်ကာ ကိုက်ဝါးလိုက်သည်နှင့် သူမ၏ကြီးမားသည့်မျက်ဝန်းလေးများမှာ ပို၍ပင် ပြူးကျယ်သွားလေတော့သည်။
ထို့နောက် သူမက၊ “ဝိုး၊ ဒီစတော်ဘယ်ရီတွေက အရမ်းအရသာရှိတာပဲ။” သူမက ပြောပြောဆိုဆိုဖြင့် နောက်ထပ်စတော်ဘယ်ရီများကို ပါးစပ်ထဲကောက်ထည့်နေရင်း တစ်လုံးပြီးတစ်လုံး မြိုချနေလေသည်။
ဟောက်ရှာင်ဖုန်းကလည်း သူ့သမီးကိုချည်းအကုန်စားခွင့်မပြုထားပေ။ ထိုသို့ဖြင့် နှစ်ယောက်သား ရုပ်ရှင်ကားကိုပင် အာရုံမစိုက်နိုင်တော့ဘဲ စတော်ဘယ်ရီများကိုသာ လုစားနေကြတော့သည်။
ခဏကြာပြီးနောက်မှာတော့ ဟောက်ကျားကျားက သိချင်စိတ်ပြန်ဝင်လာခဲ့သည်။ “အမေ၊ ဒီစတော်ဘယ်ရီသီးတွေက ဘယ်ကဝယ်တာလဲ။ ဘာလို့ ဒီလောက်တောင် အရသာရှိတာလဲ။”
ချူထျန်းလန်က၊ “ထောင်ယွမ်ရွာက ဝယ်လာခဲ့တာ။”
“ထောင်ယွမ်ရွာ?” ဟောက်ရှောင်ဖုန်းက မျက်မှောင်ကြုတ်သွားကာ ထပ်မေးလာခဲ့သည်။ “ ‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့် အသီးအရွက်များဆိုင်’နဲ့ အတူတူပဲလား။”
ချူထျန်းလန် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တာပေါ့။”
ဟောက်ရှောင်ဖုန်းက ခေါင်းကိုငုံ့သွားပြီး တစ်စုံတစ်ခုကို အလေးအနက်တွေးတောနေလေတာကြောင့် ချူထျန်းလန်က မေးလိုက်လေသည်။ “ယောက်ျား၊ ရှင်ဘာတွေဒီလောက်တွေးနေတာလဲ။”
ဟောက်ရှောင်ဖုန်းက၊ “ငါတို့ ဒီသူဌေးနဲ့ပူးပေါင်းမှုလုပ်နိုင်မလား တွေးကြည့်နေတာ။”
ချူထျန်းလန်လည်း မျက်လုံးများအရောင်တောက်လာတော့သည်။ “ဖြစ်နိုင်လောက်တာပေါ့။ ဘော့စ်ရှောင်က စတော်ဘယ်ရီ ၆မူတောင်စိုက်ထားတာ။ စတော်ဘယ်ရီတွေအကုန်လုံးက အကြီးကြီးတွေနဲ့ အသီးလည်း အရမ်းတင်တယ်။ ကြည့်ရတာ အထွက်နှုန်းအရမ်းများမှာပဲ။”
ဟောက်ရှောင်ဖုန်းက၊ “သူတို့မိသားစု ဒီစတော်ဘယ်ရီတွေအကုန်လုံးကို မရောင်းပစ်ရလောက်သေးပါဘူးနော်။”
ဟောက်ရှောင်ဖုန်းသည် ထိုစတော်ဘယ်ရီများအတွက် ဈေးကွက်ကြီးတစ်ခုကို မြင်ထားပြီဖြစ်သည်။ သူက ခရိုင်ငယ်လေးတစ်ခုတွင် နေထိုင်သည်ဆိုသော်လည်း သူ့ကုမ္ပဏီကတော့ အဝယ်တော်ပိုင်းကို အဓိကလုပ်ကိုင်ခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင်တော့ သူသည် လက်ကားသမားဖြစ်ကာ ပစ္စည်းအမျိုးမျိုးကို ပြန်လည်ရောင်းချသူဖြစ်လေသည်။
သူ့စီးပွားရေးသည် လယ်ယာထွက်ကုန်များနှင့် အသီးအနှံများကို အဓိကထားခြင်းဖြစ်သည်။ သူ့ဈေးကွက်သည် အလယ်အလတ်မှအဆင့်မြင့်အထိရှိသည်။ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များကို ဝယ်ယူပြီးနောက် မြို့ကြီးများရှိ အဆင့်မြင့်စတိုးဆိုင်ကြီးများနှင့် စူပါမားကတ်ကြီးများတွင် ပြန်လည်ရောင်းချပေးခြင်းဖြစ်သည်။ ဥပမာအားဖြင့် ထောင်ယွမ်ရွာမှ မက်မွန်သီးများကို တဆင့်ဝယ်ယူပေးသည့်လူလည်း ဖြစ်ပေသည်။
သို့သော်လည်း သူ့ကုမ္ပဏီသည် အလယ်အလတ်အရွယ်အစားသာဖြစ်ကာ သူနှင့်ဆက်စပ်ထားသည့် လက်လီရောင်းသည့်လုပ်ဖော်ကိုင်ဖက်သည်လည်း အကန့်အသတ်နည်းလှသည်။ ဟောက်ရှောင်ဖုန်းသည် သူ့ကုမ္ပဏီကိုချဲ့ထွင်ရန်နှင့် စီးပွားဖက်များပိုမိုရှာဖွေရန် ရည်ရွယ်ထားခဲ့သော်လည်း အခွင့်အရေးမရခဲ့ပေ။ ဤစတော်ဘယ်ရီသီးများကို မြင်လိုက်ချိန်မှာတော့ သူစောင့်မျှော်နေသည့် အခွင့်အရေးကြီး ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိလိုက်တော့သည်။
ချူထျန်းလန်သည်လည်း ထိုအခွင့်အရေးကိုမြင်လိုက်သူဖြစ်ကာ သူမခင်ပွန်းဘာတွေးနေလဲဆိုသည်ကို ချက်ချင်း နားလည်သွားလေသည်။
သို့သော်လည်း သူမက ခေါင်းအသာယမ်းလိုက်ကာ၊ “ကျွန်မလည်း သိပ်တော့မသိဘူး။ မနက်ဖြန် ကျွန်မတို့အတူတူသွားပြီး ဘော့စ်ရှောင်ကို မေးကြရင်ရော။” ထိုသို့ပြောပြီးနောက် သူမက ခဏရပ်သွားကာ ပျော်ရွှင်မှုအပြည့်ဖြင့်ပြောလိုက်သည်။ “ဘော့စ်ရှောင်က အခု ပရိုမိုးရှင်းလုပ်နေတယ်။ စတော်ဘယ်ရီစိုက်ခင်းကို ပထမဆုံးလာလည်တဲ့ ကာစတန်မာ ၁၀၀ ကို သူတို့စိတ်ကျေနပ်တဲ့အထိ အသီးတွေခူးစားခွင့်ပြုတယ်တဲ့။ ကျွန်မလည်း နေ့လည်တုန်းက တော်တော်လေးပျော်ခဲ့ရတယ်။”
ဟောက်ကျားကျားမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။ “အမေ၊ တကယ်ပြောနေတယ်လား။ သမီးတို့ အဲ့မှာ စတော်ဘယ်ရီတွေ အလကားစားလို့ရတယ်ပေါ့။”
ချူထျန်းလန် ခေါင်းညိတ်လိုက်သည်။ “တကယ်ပေါ့၊ ဒီနေ့ အမေတို့သုံးယောက်ပဲ သွားရသေးတာ။ ပထမဆုံးကာစတန်မာ အယောက် ၁၀၀ ပြည့်ဖို့ အများကြီးကျန်သေးတယ်။”
ဟောက်ရှောင်ဖုန်းသည် သူ့လက်ထဲမှစတော်ဘယ်ရီများကိုကြည့်ရင်း ရုတ်တရက် ထပြောလာခဲ့သည်။ “မိန်းမ၊ ဒီစတော်ဘယ်ရီတွေက တစ်ကတ်တီကို ဘယ်လောက်ရောင်းလဲ။ သေချာပေါက် ဈေးကတော့ နည်းလောက်မှာမဟုတ်ဘူး။”
ချူထျန်းလန်က ခေါင်းညိတ်လိုက်ကာ၊ “ဟုတ်တယ်၊ စိုက်ခင်းမှာကိုယ်တိုင်သွားခူးရင်တော့ ဘော့စ်က လျှော့ဈေးလုပ်ပေးထားတယ်။ တစ်ကတ်တီကို ၄၅ယွမ်တဲ့။ ဆိုင်မှာဆိုရင်တော့ တစ်ကတ်တီကို ယွမ်၆၀ ရောင်းတယ်။”
ထိုစကားကိုကြားပြီး ဟောက်ရှောင်ဖုန်းက ခေါင်းတညိတ်ညိတ်ဖြစ်သွားလေသည်။ “ဒါ လုံးဝဈေးမကြီးဘူးပဲ။”
ချူထျန်းလန်သည်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ “အရသာဘက်ကကြည့်ရင်တော့ တကယ်ကို ဈေးကြီးတဲ့ထဲမပါဘူး။ ဒါပေမယ့် ယောက်ျား၊ ဒီစတော်ဘယ်ရီတွေက နာမည်မကြီးသေးဘူးနော်။ ကျွန်မတို့ဝယ်ပြီးရင် ရောင်းရောရောင်းလို့ရပါ့မလား။”
“ကျော်ကြားမှုဆိုတာ တဖြည်းဖြည်းနဲ့ရလာမှာပဲလေ။ ဒီလိုစတော်ဘယ်ရီသီးမျိုးကို စားဖူးတဲ့လူတိုင်း ဒီအရသာကို တစ်သက်မေ့နိုင်လောက်မယ်လို့မထင်ဘူး။”
“ဒါဆို ကျွန်မတို့ မနက်ဖြန် သွားကြည့်ကြရအောင်။” ချူထျန်းလန်က ခေါင်းညိတ်လိုက်သည်။
ထိုမနက်ခင်းတုန်းက ရောက်ရှိခဲ့သော ကျန်သည့်ကာစတန်မာနှစ်ယောက်တွင်လည်း တူညီသည့်အတွေးများရှိနေကြလေသည်။
….
နောက်တစ်နေ့မနက် ချူထျန်းလန်၏မိသားစု ထောင်ယွမ်ရွာသို့ရောက်လာချိန်မှာတော့ တစ်ခုခုတော့မှားနေကြောင်း ချူထျန်းလန် ခံစားမိလိုက်သည်။
ချူထျန်းလန်မှာ ပါးစပ်အဟောင်းသားဖြင့် သူမရှေ့မှ လူအုပ်ကြီးကိုကြည့်နေမိသည်။
သူမ ရွာထဲသို့ဝင်လိုက်သည်နှင့် နေရာတိုင်း ကားများထိုးထားသည်ကိုတွေ့လိုက်ရလေသည်။
လူတွေစည်စည်ကားကားဖြစ်နေသည်ကိုမြင်ပြီး ၁၂နှစ်အရွယ် ဟောက်ကျားကျားတစ်ယောက် စပ်စုချင်စိတ်ကလေးများပေါ်လာကာ၊ “အမေ၊ ဘာလို့ လူတွေဒီလောက်များနေတာလဲ။ သူတို့တွေအကုန်လုံး စတော်ဘယ်ရီခူးဖို့ ရောက်လာကြတာလား။”
ချူထျန်းလန်က ချီတုံချတုံဖြင့် ပြန်ဖြေလိုက်သည်။ “အဲ့လိုဖြစ်မယ်ထင်တာပဲ။”
ဟောက်ကျားကျားက မျက်မှောင်ကြုတ်သွားလေသည်။ “ဒါဆို သမီးတို့ ပထမဆုံး အယောက် ၁၀၀ ထဲ ဝင်နိုင်ပါဦးမလား။”
“အမေလည်း မသိတော့ဘူး။” ချူထျန်းလန်လည်း မရေမရာဖြင့် ပြန်ဖြေလိုက်သည်။
ဒီလောက်လူတွေအများကြီး ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ဟောက်ကျားကျားက၊ “အမေ သမီးတို့ သွားကြဦးမှာလား။”
စိုက်ခင်းထဲမဝင်ခင် လူတိုင်းက အရင်ဆုံးငွေချေသွားရမည်က ပုံမှန်ဖြစ်လေသည်။ ထို့နောက်မှာတော့ သူတို့စိတ်ကြိုက် စားချင်သလောက် ခူးစားနိုင်ပြီဖြစ်သည်။ သူတို့သာ စတော်ဘယ်ရီသီးတွေကို အိမ်ပြန်ဝယ်သွားချင်လျှင်တော့ သူတို့ခူးထားသမျှကို ချိန်ကာထိုအတွက် ငွေပေးချေရမည်ဖြစ်သည်။
ချူထျန်းလန်က ခဏမျှတွေးကြည့်လိုက်ပြီးနောက်၊ “အမေ သွားမေးကြည့်လိုက်ဦးမယ်။”
မိသားစုသုံးယောက် ကားပေါ်မှ ဆင်းလိုက်ကြသည်။ ချူထျန်းလန်က စတော်ဘယ်ရီစိုက်ခင်းတဲသို့ ထွက်သွားချိန် ဟောက်ရှောင်ဖုန်းတို့သားအဖကတော့ ဘေးနားမှာတစ်ပတ်လျှောက်ပတ်နေလေသည်။
ချူထျန်းလန်က မေမေရှောင်အနားသို့သွားလိုက်ကာ၊ “အစ်မကြီး၊ ကျွန်မ မနေ့တုန်းက လာသေးတယ်လေ။ ကျွန်မကို မှတ်မိသေးလား။”
မေမေရှောင်က ပြုံးလျက်၊ “မစ္စချူပါလား။ သေချာပေါက် မှတ်မိတာပေါ့။”
ချူထျန်းလန်လည်း ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးလျက် မေးလိုက်သည်။ “ဒီလောက်လူတွေအများကြီး ရောက်လာကြမယ်လို့ ကျွန်မ မထင်ထားမိဘူး။ ကျွန်မကိုယ် ကျွန်မ စောလှပြီထင်နေတာ။ ဒီလူတွေက ကျွန်မထက်တောင် ပိုစောနေကြသေးတယ်။”
မေမေရှောင်က ပြုံးလိုက်လေသည်။ “ဒါကတော့ အားလုံးရဲ့ပံ့ပိုးကူညီမှုကိုပဲ ကျေးဇူးတင်ရမှာ။”
ထိုသို့ဖြင့် ချူထျန်းလန်လည်း လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်တော့သည်။ “ဒါနဲ့ အစ်မကြီး၊ ပထမဆုံး ကာစတန်မာ အယောက် ၁၀၀အတွက် နေရာကျန်သေးလား။”
မေမေရှောင်က၊ “စိတ်မကောင်းပါဘူးရှင်၊ လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ အယောက် ၁၀၀ ပြည့်သွားတာ။ မနေ့တုန်းက ဆိုင်က ကာစတန်မာတွေတော်တော်များများက ဒီပရိုမိုးရှင်းအကြောင်း သိလိုက်ကြတယ်လေ။ ဒါကြောင့် ဒီနေ့ သူတို့မိသားစုတွေကိုပါခေါ်ပြီး စတော်ဘယ်ရီလာခူးကြတာ။”
ရိုးရိုးသားသားပြောရလျှင် ရှောင်မိသားစုသည်လည်း ထိုမျှလူအများကြီး ချက်ချင်းရောက်ချလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့် အသီးအရွက်များဆိုင်’၏ ဂုဏ်သတင်းသည် ရှင်းယင်ခရိုင်တစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။ ရှောင်လင်းယွီတစ်ယောက် စတော်ဘယ်ရီ စရောင်းလိုက်သည်နှင့် ထိုသတင်းမှာ ကာစတန်မာများကြား ချက်ချင်းပျံ့သွားတော့သည်။
စတော်ဘယ်ရီများသည် ပြည်တွင်းမှာပဲ စိုက်ပျိုးကာ ပိုင်ရှင်ကလည်း စတော်ဘယ်ရီခင်းတွင် အစီအစဉ်ကောင်းလေးပါ လုပ်ထားခဲ့လေသည်။ ဒါ့အပြင် ယနေ့သည် အားလပ်ရက်လည်းဖြစ်တာကြောင့် ကာစတန်မာတော်တော်များများက ကျေးလက်ဒေသဘဝနေထိုင်မှုအကြောင်း အတွေ့အကြုံရအောင် သူတို့ကလေးတွေခေါ်လာခဲ့ကြသည်။
ထိုသို့ဖြင့် မကြာလိုက်ပါဘဲ ပထမဆုံး အယောက် ၁၀၀ အတွက် တစ်နေရာမှမကျန်တော့ပေ။
ချူထျန်းလန်က မေးလိုက်သည်။ “အစ်မကြီး ဒါဆို ကျန်တဲ့ကျွန်မတို့အတွက်ကျ ဘယ်လိုဈေးရှိလဲ။”
မေမေရှောင်က၊ “ဒီနေ့အတွက်တော့ လူကြီးတစ်ယောက်ကို ယွမ်၁၀၀၊ ကလေးတစ်ယောက်ကို ယွမ်၅၀၊ ၇နှစ်အောက် ကလေးတွေအတွက်ကတော့ ဝင်ခွင့်အလကားသတ်မှတ်ထားပါတယ်။”
ချူထျန်းလန်လည်း ခေါင်းညိတ်လိုက်ကာ သူမခင်ပွန်းနှင့်ကလေးကို လက်ယပ်ခေါ်လိုက်ပြီး၊ “အစ်မကြီး၊ ကျွန်မတို့မိသားစုက လူကြီးနှစ်ယောက်နဲ့ ကလေးတစ်ယောက်။ ဆိုတော့ ယွမ် ၂၅၀ ပေါ့။”
ချူထျန်းလန်က မေမေရှောင်ထံသို့ ယွမ်၃၀၀ ပေးလိုက်ရာ မေမေရှောင်က ယွမ် ၅၀ ပြန်အမ်းလေသည်။
ထိုသို့ဖြင့် မိသားစုသုံးယောက်လည်း စိုက်ခင်းတဲထဲသို့ ချက်ချင်းဝင်သွားကြတော့သည်။
သေချာပေါက် စတော်ဘယ်ရီခင်း ခြောက်မူလုံးကိုတော့ လူတွေစိတ်ကြိုက်ခူးလို့ရအောင် ရှောင်လင်းယွီ ဖွင့်မပေးထားပါဘူး။ ကာစတန်မာတွေကြောင့် အခင်းတွေပျက်စီးသွားမည်ကို သူမစိုးရိမ်လေသည်။ ထိုအစား သူမက တစ်မူကိုသာ ဧည့်သည်များဝင်ရောက်ရန်အတွက် အမှတ်အသားပြုလုပ်ထားလေသည်။
“ဝိုး၊ စတော်ဘယ်ရီတွေကို ကြည့်ပါဦး။” အထဲသို့ဝင်လိုက်ပြီးပြီးချင်း ဟောက်ကျားကျားက အံ့ဩတကြီးရေရွတ်လိုက်သည်။ ပြောရလျှင် ရှင်းယင်ခရိုင်သည် စတော်ဘယ်ရီစိုက်ပျိုးရန်မသင့်တော်သော နေရာဖြစ်လေသည်။ လူတော်တော်များများသည် အရင်က စတော်ဘယ်ရီပင်အစစ်များကို ကိုယ်တိုင် မမြင်ဖူးခဲ့ကြဘဲ တီဗီပေါ်မှာလောက်သာ တွေ့ဖူးကြလေသည်။
အခုတော့ သူတို့ကိုယ်တိုင် စိုက်ခင်းထဲသို့ရောက်လာပြီဖြစ်တာကြောင့် စိတ်ဝင်စားစရာ အတွေ့အကြုံကောင်းတစ်ခုပင်။ ထိုသို့သော အတွေ့အကြုံက ကလေးများအတွက်တော့ အလွန်ထူးခြားလေသည်။
“ဝါး… လူတွေကလည်း အများကြီးပဲ။” ဟောက်ကျားကျားက ထပ်ပြီး အံ့ဩတကြီးပြောလိုက်သည်။ “ဟေး၊ ဖက်တီးလေး၊ နင်လည်း ဒီရောက်နေတာပဲ။”
ထို့နောက် ဟောက်ကျားကျားက ချူထျန်းလန်ကို ပြောလိုက်သည်။ “အမေ၊ သမီးရဲ့အတန်းဖော်လည်း ဒီရောက်နေတယ်။ သမီး သူ့ကို သွားနှုတ်ဆက်လိုက်ဦးမယ်နော်။”
ချူထျန်းလန်က ခေါင်းညိတ်လိုကသ်ည်။ “ဒါပေါ့ သတိတော့ထားလျှောက်နော်။ စတော်ဘယ်ရီပင်တွေနဲ့ စတော်ဘယ်ရီသီးတွေအပေါ် မနင်းမိစေနဲ့။”
“ဟုတ် ဟုတ်၊ သိပြီ။” ဟောက်ကျားကျားက ပြေးရင်း အော်သွားခဲ့သည်။
ဟောက်ရှောင်ဖုန်း၏မျက်မှန်က တစ်ချက်လက်သွားလေသည်။ ထို့နောက် သူက မျက်မှန်ကို ပင့်တင်လိုက်ပြီးနောက် ချူထျန်းလန်ကို ပြောလိုက်သည်။ “ဒီစတော်ဘယ်ရီတွေက တကယ်ကိုကောင်းတာပဲ။ အကြီးကြီးတွေနဲ့ အရသာလည်းရှိတယ်။ ငါ ပိုင်ရှင်နဲ့စကားပြောမှဖြစ်မယ်။”
“ကောင်းပြီလေ။” ချူထျန်းလန်သည် စီးပွားရေးအကြောင်း နားမလည်ပေ။ “ကျွန်မ ဘော့စ်ရှောင်ကို ခေါ်ပေးဖို့ အစ်မကြီးကို သွားပြောကြည့်လိုက်မယ်။” ချူထျန်းလန်က ဝင်ပေါက်သို့လျှောက်သွားကာ မေမေရှောင်ကို ခပ်တိုးတိုးပြောလိုက်သည်။ “အစ်မကြီး၊ ကျွန်မတို့မှာ စီးပွားရေးပူးပေါင်းမှုအတွက် ကမ်းလှမ်းချက်တစ်ခုရှိတယ်။ ဘယ်သူ့ကိုသွားပြောရင်ရမလဲ။”
“စီးပွားရေးကမ်းလှမ်းချက်?” မေမေရှောင် နားမလည်နိုင်ဖြစ်သွားလေသည်။
ချူထျန်းလန်လည်း ခဏမျှတွေးကြည့်ပြီးနောက် တိုက်ရိုက်ပင် မေးလိုက်တော့သည်။ “အစ်မကြီးတို့ရဲ့ စတော်ဘယ်ရီတွေက ရောင်းမှာမဟုတ်လား။ ဒါဆို ကျွန်မတို့ရောင်းပေးလို့ရမလား။ ကျွန်မတို့မိသားစုက လယ်ယာထွက်ကုန်တွေနဲ့ အသီးအနှံတွေ အဝယ်တော် လုပ်ငန်းလုပ်တာပါ။”
ထိုတော့မှပဲ မေမေရှောင် နားလည်သွားတော့သည်။
သူမက ပြုံးလျက်၊ “ဒီအကြောင်းကို ကျွန်မသမီးနဲ့ပြောမှရမယ်။ ဒီမှာ ခဏလောက်စောင့်ပေးလို့ရမလား။ ကျွန်မသမီးက နေသိပ်မကောင်းတော့ အိမ်မှာပဲနားနေတာ။ ကျွန်မ ခဏနေ သွားခေါ်သွားပါ့မယ်။”
ချူထျန်းလန်က မေမေရှောင်၏ သူမသမီး နေသိပ်မကောင်းဘူးဆိုသည် ဆိုလိုရင်းကို နားမလည်ဘဲ မေမေရှောင်က စတော်ဘယ်ရီတွေကို လက်ကားဖြန့်မည့်သူများထံ မရောင်းရသေးသည့် အချက်ကိုသာ အမိအရခေါင်းထဲရောက်သွားခဲ့သည်။
ချူထျန်းလန်က ပြုံးလျက်၊ “တကယ်တော့ ကျွန်မတို့ အခုလည်း အားနေတာပဲ။ အစ်မကြီးရဲ့သမီးကို ကျွန်မတို့ပဲ သွားရှာလိုက်ရင်ရော ဘယ်လိုလဲ။”
မေမေရှောင်က ပြုံးလျက် ပြဖြေလေသည်။ “ရတာပေါ့။ ရှင်တို့သွားချင်ရင် လမ်းပြပေးဖို့ တစ်ယောက်ယောက် ခေါ်လိုက်ပါ့မယ်။”
“ကောင်းပါပြီ၊ အစ်မကြီး။” ချူထျန်းလန်လည်း ကျေနပ်သွားတော့သည်။
ချူထျန်းလန် အခင်းထဲသို့ပြန်ဝင်လိုက်ပြီးနောက် မေမေရှောင်ထံမှရလာသည့်သတင်းကို သူမခင်ပွန်းထံပြောပြလိုက်ရာ ဟောက်ရှောင်ဖုန်းလည်း ခေါင်းတညိတ်ညိတ်ဖြစ်သွားလေသည်။
…
ရှောင်လင်းယွီက ဗိုက်က ပိုကြီးလာသည်နှင့်အမျှ သူမ၏အိပ်ချင်စိတ်ကလည်း ပိုလို့တိုးလာခဲ့သည်။ ဒါ့အပြင် အစားစားချင်စိတ်ကလည်း အလွန်ကြီးလာလေသည်။
သူမ၏အရင်ဘဝနှင့်ယှဉ်လျှင် ကိစ္စများက ပိုပြီး လွယ်ကူခဲ့သော်လည်း သူမကတော့ ကြိုးစားနေတုန်းပင်။
နောက်ဆုံးတော့ ရှောင်လင်းယွီ အိပ်ရေးဝသွားကာ လန်းလန်းဆန်းဆန်းနှင့် နိုးထလာခဲ့သည်။
သူမက ဗိုက်ကိုထိလိုက်ပြီးနောက် ဗိုက်ဆာလာသလို ခံစားရလေသည်။
ဒါကြောင့် ချက်ချင်းပင် မီးဖိုခန်းထဲဝင်လာခဲ့သည်။ မေမေရှောင်က မနက်စာလုပ်ပေးထားခဲ့ပြီးဖြစ်ကာ ပဲနို့နွေးနွေးနှင့် ပေါက်စီတို့က အဆင်သင့်ပင်။
ရှောင်လင်းယွီလည်း ပဲနို့နှင့်ပေါက်စီကိုယူလိုက်သည်။ အပူချိန်က အနေတော်ပဲ။
ထိုသို့ဖြင့် ပေါက်စီကိုတစ်ကိုက်ကိုက်လိုက်ရာ အစာသွပ်ထားသည့် အသီးအရွက်များ၏ ချိုမြိန်လှသည့်အရည်များက ပါးစပ်ထဲသို့ ပျံ့နှံ့သွားလေသည်။ ထို့နောက် ပဲနို့တစ်ငုံသောက်လိုက်သည်။ တကယ်ကို စိတ်ချမ်းမြေ့စရာပဲ။
စားလိုက်သောက်လိုက်နှင့် ဗိုက်ဖြည့်ပြီးနောက်မှာတော့ ရှောင်လင်းယွီသည် ခြံထဲဆင်းကာ နေပူဆာလှုံရန် စိတ်ကူးလိုက်သည်။
လျှောက်ပတ်သွားနေသော ရှောင်ရှောင်းဟွေ့တစ်ယောက် ရှောင်လင်းယွီကို လှမ်းမြင်လိုက်သည်နှင့် ပြေးဝင်လာတော့သည်။ သူက နဖူးမှချွေးများကိုသုတ်ရင်း စိတ်လှုပ်ရှားပျော်ရွှင်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။ “အစ်မ၊ လူတွေအများကြီးပဲရောက်နေတယ်။ အားလုံး စတော်ဘယ်ရီခူးဖို့ လာကြတာတဲ့။”
ရှောင်လင်းယွီကတော့ မျှော်လင့်ထားပြီးသားဖြစ်တာကြောင့် ပြုံးရုံသာပြုံးလိုက်လေသည်။ “ဖြစ်ရမှာပေါ့။ ရှောင်ဟွေ့၊ ဧည့်သည်တွေကို သေချာဂရုစိုက်နော် ဟုတ်ပြီလား။ အစ်မပြောထားတာရော မှတ်မိတယ်မလား။”
ရှောင်ရှောင်ဟွေ့က သူ့ရင်ဘက်လေးကို အသာပုတ်ကာ၊ “အစ်မ ဘာမှစိတ်မပူနဲ့။ ဧည့်သည်တွေကိုလမ်းပြဖို့ ကျွန်တော်တို့အကုန်လုပ်ပေးနေတယ်။”
ရှောင်လင်းယွီသည် ရှောင်ရှောင်းဟွေ့နှင့် သူတို့ကလေးအုပ်စုအား ငှားထားခဲ့ခြင်းဖြစ်သည်။ သူတို့တာဝန်က ရွာဝင်ပေါက်တွင်ကျကာ စတော်ဘယ်ရီခင်းနေရာကို လာမေးသည့်လူများရောက်လာလျှင် ကလေးများက ဦးဆောင်ခေါ်သွားပေးရန်ဖြစ်သည်။
ဒါပေါ့၊ ကလေးတွေရဲ့လုပ်အားခအတွက်လည်း ရှောင်လင်းယွီ ပေးပါတယ်။ သူတို့အားလုံး တစ်ရက်ကို ၁၀ယွမ် ရကြသည်လေ။
ရှောင်ရှောင်းဟွေ့က၊ “အစ်မ၊ ဒီနေ့ဘာလို့ လူတွေအများကြီးရောက်လာရတာလဲ။ ပြီးတော့ လူတွေဒီလောက်များမယ်ဆိုတာကို ဘာလို့ အစ်မက အပြင်တောင်မထွက်ဘဲ သိနေရတာလဲ။” သူ တကယ်ကို သိချင်နေခြင်းပင်။
ရှောင်လင်းယွီက ပြုံးရုံသာ ပြုံးလိုက်လေသည်။
***