← Chapters

နောက်ထပ်အော်ဒါကြီးတစ်ခု

Vol. 13 Ch. 227

နောက်ထပ်အော်ဒါကြီးတစ်ခု

Vol. 13 Ch. 227

စတော်ဘယ်ရီခင်းတွင် လူများစည်းကားနေကာ ရှောင်လင်းယွီတစ်ယောက် နေပူဆာလှုံနေချိန် ထောင်ယွမ်ရွာထဲတွင်လည်း လှုပ်လှုပ်ရှားရှားဖြင့် စည်ကားနေလေသည်။

“ကျန်းယန်ရဲ့လယ်ကွင်းမှာ စတော်ဘယ်ရီခူးဖို့ ပိုက်ဆံပေးပြီး စိုက်ခင်းထဲတွင်တဲ့ ဧည့်သည်တွေရောက်နေတယ်။ သူတို့က လူကြီးတစ်ယောက်ကို ယွမ်၁၀၀၊ ကလေးတစ်ယောက်ကို ယွမ်၅၀ ကောက်နေတာ။ မနက်အစောကြီးရှိသေးတာတောင် ဧည့်သည်တွေ တစ်ပြုံကြီးရောက်နေပြီ။”

“ချိုးယင်းဆီကကြားတာတော့ ပထမဆုံးလာတဲ့ ဧည့်သည် အယောက် ၁၀၀ကို အလကားဝင်ခွင့်ပေးတာတဲ့။ ဒါပေမယ့် သူတို့သာ စတော်ဘယ်ရီတွေ ခူးပြီး ပြန်သယ်ချင်ရင်တော့ ပိုက်ဆံပေးရတယ်။ တစ်ကတ်တီကို ၄၅ယွမ်တဲ့။”

“တစ်ကတ်တီကို ၄၅ယွမ်? ဘာလို့ အဲ့လောက်ဈေးကြီးရတာလဲ။ ငါတို့ မြို့ထဲကဆိုင်မှာသွားဝယ်ရင်တောင် အများဆုံးမှ တစ်ကတ်တီကို ယွမ် ၃၀ပဲပေးရတာ။”

“ဒါတင်ဘယ်ကမလဲ။ ငါ ရွာသားတွေဆီကကြားခဲ့တာတော့ သူက ဆိုင်ပေါ်မှာတင်ရောင်းတဲ့စတော်ဘယ်ရီဆိုရင် တစ်ကတ်တီကို ယွမ်၆၀တဲ့။ ဒါကြောင့် လူတွေက ကိုယ်တိုင်စတော်ဘယ်ရီလာခူးကြတာ။ ဒါဆို ပိုဈေးသက်သာတယ်လေ။” ချန်းချွမ်ရှို့က မနာလိုစိတ်ဖြင့်ပြောလိုက်သည်။

“အဲ့ဒီ ယွမ်၆၀ဆိုတာ ဈေးလျှော့ပေးထားပြီးသားလို့တောင် ပြောနေတာကြားလိုက်သေးတယ်။” ကျန့်ကျန်းရှို့ကလည်း ဝင်ပြောလေသည်။

“ဘုရား ဘုရား၊ ဒီစတော်ဘယ်ရီတွေက အရမ်းဈေးကြီးတာပဲ။” တခြားရွာသားများမှာ မယုံနိုင်ဖြစ်ကုန်ကြသည်။

“ပြီးတော့ရှိသေးတယ်။ လူတွေကလည်း အလကားပေးနေသလိုကို အုံတိုးနေကြတာ။ စတော်ဘယ်ရီဝင်ခူးမယ်ဆို ပိုက်ဆံကောက်နေတာကိုတောင်လေ။ အခုထိ နေ့လည်တောင်မရောက်သေးဘူး လူတွေက ပြည့်နေပြီ။ သူတို့တွေ တစ်နေ့တည်းနဲ့ ငွေဘယ်လောက်တောင်ရသွားကြပြီလဲပဲ။”

“တစ်ရာတော့ မကဘူး။ လူတိုင်းက တစ်ယောက်ကို ယွမ် ၁၀၀ပေးရတယ်။ ဒါနဲ့တင် ဝင်ငွေက ယွမ်တစ်သောင်းလောက်ရှိနေပြီ။ ပြီးတော့ ကာစတန်မာတွေက အပြန်ကို အိတ်တွေနဲ့လည်း စတော်ဘယ်ရီတွေ ပြန်သယ်သွားကြသေးတယ်လေ။”

“ဒီလိုသာဆက်သွားရင် ရှောင်မိသားစုကတော့ ချမ်းသာလာတော့မှာပဲ။ တစ်လတစ်လ ယွမ် သိန်းချီပြီးကိုရကြမှာ။”

“သူတို့တွေ အသီးအရွက်ရောင်းတုန်းကတောင် တစ်ရက်ကို ယွမ်ထောင်ချီ ရနေကြပြီလေ။ အခုဆို တစ်လလောက်ရှိရောပေါ့။ အခုကတည်းက ယွမ်သိန်းချီပြီးဝင်နေလောက်ပြီ။” လူတစ်ယောက်က မနာလိုစွာဖြင့်ပြောလိုက်သည်။

ရှောင်လင်းယွီ ပထမဆုံးဆိုင်စဖွင့်တုန်းက သူမဆိုင်မှ အသီးအရွက်များ ဈေးဘယ်လောက်မြင့်ကြောင်း မသိကြပေ။ သို့ပေမယ့် အချိန်ကြလာသည်နှင့်အမျှ လူတော်တော်များများက ထောင်ယွမ်ရွာကို ကိုယ်တိုင်လာကာ အသီးအရွက်များဝယ်ကြရာ ရွာသားများသည်လည်း အမှန်တရားကို တွေ့ရှိလာခဲ့ကြသည်။ တချို့ကတော့ ချက်ချင်းတွက်ချက်ကြည့်ရာ ရှောင်လင်းယွီ၏ နေ့စဉ်ဝင်ငွေက အနည်းဆုံး ယွမ်၅ထောင်ရှိမည်ဟု ပြောလေသည်။ ထိုသို့ဖြင့် သူမ၏လစဉ်ဝင်ငွေက ဘယ်လောက်ရှိနိုင်ကြောင်း လူတိုင်း အလွယ်တကူ ခန့်မှန်းနိုင်သွားတော့သည်။

ဒါက ရွာသားတိုင်းကို အမှန်ပင် မနာလိုဖြစ်စေမိလေသည်။

အသီးအရွက်ကရသည့် ဝင်ငွေကြောင့် သူတို့ထိတ်လန့်၍မပြီးသေးခင်မှာပဲ အခုထပ်ပြီး စတော်ဘယ်ရီတွေက ရောက်ရှိလာပြန်သည်။ လူတော်တော်များများက သူတို့ကလေးတွေကိုပါခေါ်ကာ ရှောင်ကျန်းယန်တို့မိသားစုကို အပြေးအလွှား ငွေလာပေးနေကြသည်။

“နွားဘုရင်ငယ်လေးရောက်လာကတည်းက သူတို့ရဲ့ကံက တဟုန်ထိုးကို မြင့်တက်လာတော့တာပဲ။”

“ရှောင်လင်းယွီ ဘာလို့များဒီလောက်ကံကောင်းနေရတာလဲ။ နွားဘုရင်လေးက သူ့အမေကိုကယ်ပေးဖို့ သွားတောင်းဆိုတဲ့လူက ဘာလို့များ ရှောင်လင်းယွီဖြစ်နေရတာလဲ။”

ရွာသားတစ်စုမှာ မနာလိုစိတ်များ၊ဖြင့် ငြူငြူစူစူပြောဆိုနေကြလေသည်။

ရှောင်လင်းယွီတို့မိသားစုအကြောင်း ပြောဆိုနေကြသည့် နောက်ထပ်တစ်စုလည်းရှိပါသေးသည်။ သူတို့၏လေသံတွေကတော့ ခါးသီးလှသည့်အမုန်းတရားများဖြင့် ပြည့်နေခဲ့သည်။

“ရှောင်လင်းယွီရဲ့ဈေးကြီးတဲ့စတော်ဘယ်ရီတွေက အရမ်းကိုရောင်းကောင်းနေတာပဲ။ ခြောက်မူလုံးသာ ရောင်းထွက်သွားရင် သန်းကြွယ်သူဌေးဖြစ်သွားတော့မှာ” ကျန်းချွမ်းကျောင်းက ပြုံးလိုက်လေသည်။ “ဟားဟား၊ ငါနင်တို့ကို ဘာပြောခဲ့လဲ။ နင်တို့အားလုံးကို ရှောင်လင်းယွီနဲ့အတူ စတော်ဘယ်ရီစိုက်ကြပါလို့ ပြောခဲ့တယ်လေ။ ဒါပေမယ့် တစ်ယောက်မှ ငါ့စကားနားမထောင်ခဲ့ကြဘူးမဟုတ်လား။”

“ငါတို့ နင့်စကားနားထောင်ခဲ့တယ်လေ။” ကျန်းချွမ်းကျောင်းနှင့် ဆက်ဆံရေးကောင်းရှိသည့် ကျန်း‌ရှောင်လန်က ခါးသီးဟန်တချို့ဖြင့် ပြောလာခဲ့သည်။ “ရှောင်လင်းယွီကသာ ငါတို့ကို စတော်ဘယ်ရီစိုက်ခွင့်မပေးခဲ့တာလေ။”

လျိုချန်းနျိုက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ငါတို့သာ စတော်ဘယ်ရီစိုက်လိုက်ရင် သူ့ဆီက ကံကောင်းခြင်းတွေ ပဲ့ပါကုန်မှာစိုးနေတာလေ။ သူက ငါတို့ကိုလည်း စတော်ဘယ်ရီမျိုးစေ့တွေမပေးဘူး။ ဒီတော့ ငါတို့က ဘယ်လိုလုပ် စတော်ဘယ်ရီစိုက်တော့မှာလဲ။”

ကျန်းချွမ်းကျောင်းက မျက်လုံးအသာလှန်လိုက်ပြီး၊ “ဟဟ၊ ဒါကြောင့်ပဲ ရှောင်ကျန်းယန်တို့မိသားစုကို ငါအထင်သေးတာပေါ့။ သူတို့က လူတိုင်းအတွက်ကောင်းအောင်လုပ်နိုင်ပေမယ့် အရမ်းကပ်စီးနှဲကြတယ်လေ။ ဘယ်လိုတောင် တစ်ကိုယ်ကောင်းဆန်တဲ့မိသားစုလဲ။ ငါပြောတာမှန်တယ်မဟုတ်လား။”

“အမှန်ပဲ။” ကျန်နှစ်ယောက်က သဘောတူကာ ထောက်ခံကြသည်။

“ရှောင်လင်းယွီသာ နင်တို့ကို စတော်ဘယ်ရီမျိုးစေ့နည်းနည်းလောက်ပေးခဲ့ရင် နင်တို့တွေ အခုချိန် ငွေတွေအများကြီးဝင်နေလောက်ပြီ။” ကျန်းချွမ်းကျောင်းက ထပ်ပြောလိုက်ပြန်သည်။ “ငါကြားတာတော့ လယ်တစ်မူရဲ့ ထွက်နှုန်းက အနည်းဆုံး ၅၀၀၀ ကနေ ၆၀၀၀ ကတ်တီလောက်ရှိတယ်တဲ့။ နင်တို့မှာ မြေ ၄၀ဖန်းလောက်ရှိတာဆိုတော့ အနည်းဆုံး ၁၀၀၀ ကနေ ၂၀၀၀ ကတ်တီလောက်တော့ ထွက်မှာပဲ။ နင်တို့သာ ရှောင်လင်းယွီလို တစ်ကတ်တီကို ၄၅ယွမ်နဲ့ရောင်းလိုက်ရင် အနည်းဆုံး ယွမ် ၅သောင်း၊ ၆သောင်းလောက်ရမှာ။”

“ဒါပေမယ့် သူက ငါတို့မြေကို ဈေးပေါပေါနဲ့ အတင်းအကျပ်ငှားခိုင်းခဲ့တယ်။ သူက ငါတို့မြေကိုသုံးပြီး သူတစ်ယောက်တည်းချမ်းသာသွားအောင်လုပ်နေတာ။ ဒါဘယ်လိုလုပ် ငါတို့အတွက် တရားပါ့မလဲ။”

ကျန်းချွမ်းကျောင်းသည် အမှန်တကယ်ကို လိမ်မာပါးနပ်သူတစ်ဦးဟု ပြောရပေမည်။ သူမမိသားစုက ရှောင်ကျန်းယန်တို့မိသားစုနှင့် မတည့်ပေ။ ရှောင်ကျန်းယန်တို့မိသားစု တိုးတက်ကြီးပွားလာသည်ကို သူမ မနာလိုပေ။ ဒါကြောင့် စတော်ဘယ်ရီသီးများ ပျောက်ကွယ်သွားဖို့ မျှော်လင့်နေလေသည်။ ရှောင်မိသားစုကို ဒုက္ခရောက်စေချင်နေသည်။

သို့သော်လည်း ကျန်းချွမ်းကျောင်း၏မိသားစုသည် ရှောင်ကျန်းယန်တို့မိသားစုနှင့်မတည့်ကြောင်း လူတိုင်း သိထားကြသည်။ အခုချိန် ရှောင်ကျန်းယန်တို့မိသားစုမှာ တစ်ခုခုသာ ဖြစ်သွားလျှင် သူမတို့မိသားစုက ပထမဆုံးသံသယဝင်ခံရမည်ဖြစ်သည်။

ဒါပေမယ့် သူမ တခြားလူတွေကိုပါ မလှုံ့ဆော်နိုင်ဘူးလို့တော့ မဆိုလိုပေ။

ထိုမိသားစုနှစ်စုသည် ရှောင်လင်းယွီကို မြေငှားပေးဖို့ ငြင်းဆိုခဲ့ကြသူများဖြစ်လေသည်။ ကျန်းချွမ်းကျောင်းသည် သူတို့ဘာသာ စတော်ဘယ်ရီစိုက်ရန် ဆွဲဆောင်ခဲ့သော်လည်း ရှောင်လင်းယွီက သူတို့ကို စတော်ဘယ်ရီမျိုးစေ့မျိုးပေးရန် ငြင်းဆိုခဲ့လေသည်။ ထိုကိစ္စက မိသားစုနှစ်စု၏စိတ်ထဲတွင် အမြစ်တွယ်နေခဲ့သည်။

ထိုအမုန်းမီးကို လောင်စာလေးနည်းနည်းလောက် ထည့်ပေးလိုက်ရုံဖြင့် တဟုန်းဟုန်းထတောက်သွားမည်သာ။

ကျန်းချွမ်းကျောင်းက စိတ်ဆိုးမာန်ဆိုးဖြင့် ဆက်ပြောလာခဲ့သည်။ “ရှောင်လင်းယွီက သူ့စတော်ဘယ်ရီသီးတွေ ဒီလိုကောင်းကောင်းကြီးထွားပြီး ဈေးအမြင့်ကြီးနဲ့ ရောင်းနိုင်မယ်မှန်း အစကတည်းက သိထားရမယ်။ ဒါကြောင့်သာ သူဝင်ငွေတိုးမယ့်လမ်းကြောင်းမှာ တခြားလူတွေခံနေမှာစိုးလို့ ငါတို့ကို လိုက်မလုပ်နိုင်အောင် နည်းမျိုးစုံသုံးခဲ့တာပဲ။”

ကျန်းရှောင်လန်နှင့် လျိုချန်းနျိုက ချက်ချင်းပင် နားဝင်သွားကာ သူတို့မျက်လုံးများထဲတွင် အမုန်းတရားများ တောက်လောင်လာတော့သည်။

ကျန်းရှောင်လန်က အံတင်းတင်းကြိတ်လျက်၊ “ရှောင်လင်းယွီကို ဒီလို ကောက်ကျစ်တဲ့မိန်းမပျက်လို့ မထင်ထားမိဘူး။ သူက တခြားလူတွေ ငွေမဝင်အောင်တောင် လုပ်လိုက်သေးတယ်။ တကယ်မုန်းဖို့ကောင်းတဲ့ကောင်မပဲ။”

လျိုချွမ်းနျိုကတော့ ဘာမှဝင်မပြောသော်လည်း သူမ၏ အမုန်းတရားပြည့်နေသည့်မျက်နှာထားကတော့ ကျန်းရှောင်လန်၏စကားများကို ထောက်ခံကြောင်းပြသနေလေသည်။

ကျန်းချွမ်းကျောင်းက၊ “ရှောင်လင်းယွီရဲ့လုပ်ပုံကိုင်ပုံက မုန်းဖို့ကောင်းရုံတင်မကဘူး ရွံဖို့လည်းကောင်းသေးတယ်။ သူက ထောင်ယွမ်ရွာရဲ့နာမည်သုံးပြီး သူ့အသီးအနှံတွေကို ရောင်းနေတာလေ။ ဒီရွာက ငါတို့အားလုံးနဲ့လည်း သက်ဆိုင်တယ်။ သူ့ကို ဘယ်သူက ငါတို့ရွာနာမည်ယူသုံးဖို့ ခွင့်ပြုထားလို့လဲ။”

……

ခြံထဲတွင် ခဏမျှလဲလျောင်းနေပြီးနောက် ရှောင်လင်းယွီသည် စတော်ဘယ်ရီစိုက်ခင်းထဲ တစ်ချက်လောက် သွားကြည့်ချင်လာသည်။

မနေ့ညတုန်းက ကျန့်ယောင်ကျူသည် ကတ်တီ ၁၀၀ အော်ဒါလက်ခံခဲ့ရသည်။

ရှောင်လင်းယွီသည် လူတွေ ဒီလောက်အများကြီး လာခူးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လူတွေများလောက်မည်ဟု ခန့်မှန်းထားပြီးဖြစ်သော်လည်း ဒီလောက်များမည်ဟုတော့ မထင်ပေ။ ပထမဆုံး ကာစတန်မာ ၁၀၀စာက ချက်ချင်းဆိုသလို ပြည့်သွားခဲ့လေသည်။

ကျန်သည့်လူများကလည်း အခကြေးငွေပေးကာ စိုက်ခင်းထဲသို့ ဝင်ချင်နေကြတုန်းပင်။

ရှောင်လင်းယွီ မတ်တပ်ထရပ်လိုက်သည်ကို ရှောင်ရှောင်းဟွေ့မြင်သည်နှင့် ချက်ချင်းမေးလာခဲ့သည်။ “အစ်မ၊ စတော်ဘယ်ရီခင်းထဲ သွားမလို့လား။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

ရှောင်ရှောင်းဟွေ့က ပြုံးလျက်၊ “ဒါဆို ကျွန်တော်လည်း အတူလိုက်မယ်။” သူက ကိုယ်ဝန်ရှိနေသည့် သူ့အစ်မအကြီးဆုံးအတွက် စိုးရိမ်နေခြင်းပင်။

လူတွေအများကြီးသွားသွားလာလာ လုပ်နေခြင်းဖြစ်ကာ စတော်ဘယ်ရီခင်းတွင်ဆိုလျှင် ပိုလို့တောင် များလေသည်။ တကယ်လို့ သူ့အကြီးအစ်မကို တစ်ယောက်ယောက် မတော်တဆဝင်တိုက်မိရင် ဘယ်လိုလုပ်မလဲ။

သူ့အကြီးဆုံးအစ်မသည် သူတို့မိသားစုတွင် အဖိုးအတန်ဆုံးမိသားစုဝင်ဖြစ်နေပြီပင်။

ရှောင်လင်းယွီ စိုက်ခင်းတဲသို့ရောက်သွားချိန် သူမ၏ဖောက်သည်ဟောင်းများက သူမကို ချက်ချင်းမှတ်မိသွားကြကာ ပြုံးလျက် နှုတ်ဆက်လာကြသည်။ “ဟေ့ ဘော့စ်၊ မတွေ့တာကြာပြီနော်။”

ရှောင်လင်းယွီလည်း ပြုံးကာ ပြန်လည်နှုတ်ဆက်လေသည်။ “မင်္ဂလာပါ။ အားလုံးပျော်ကြရဲ့လား”

“ဒါပေါ့။” ကာစတန်မာများက စိတ်ကျေနပ်စွာခေါင်းညိတ်လာကြသည်။ “ဘော့စ်ကတော့ တကယ်ကို အံ့ဩစရာပဲ။ အသီးအရွက်စိုက်တာနဲ့တင် အရမ်းမိုက်တဲ့သူဖြစ်နေပြီကို မင်းက ဒီလို မယုံနိုင်လောက်အောင် အရသာရှိတဲ့ စတော်ဘယ်ရီသီးတွေ ထပ်စိုက်လိုက်ပြန်ပြီ။”

“အရမ်းမြှောက်နေပြန်ပါပြီ။” ရှောင်လင်းယွီ ခပ်ဟဟရယ်မောလိုက်သည်။ “မတော်တဆဖြစ်သွားတာပါ။ ကျွန်မလည်း ဒီအသီးတွေ ဒီလောက်ကောင်းကောင်းမွန်မွန် ကြီးထွားလာမယ်လို့ မထင်ထားခဲ့ဘူး။”

“ဟဟဟ…” ဧည့်သည်တစ်ယောက်က ရယ်လာခဲ့သည်။ “မတော်တဆ? ဘော့စ်ရေ၊ မင်းရဲ့အဲ့စကားက လူတော်တော်များများရဲ့စိတ်ကို နာကျင်သွားစေနိုင်တယ်နော်။”

“အရင်တုန်းက ငါတို့နိုင်ငံက လယ်သမားကြီးတွေ တော်တော်များများ စတော်ဘယ်ရီ စိုက်ချင်ခဲ့ကြတာ။ ဒါပေမယ့် သူတို့အားလုံး ရှုံးနိမ့်သွားကြတယ်လေ။ အဲ့နောက်ပိုင်း ဘယ်သူမှ စတော်ဘယ်ရီဆို သွားပြီး လက်တည့်မစမ်းရဲကြတော့ဘူး။ ရင်းသမျှ အရှုံးပေါ်ကုန်မှာလေ။”

“ဒါပေမယ့် မင်းကတော့ မတော်တဆနဲ့တောင် ဒီလောက်ပြီးပြည့်စုံတဲ့စတော်ဘယ်ရီသီးကြီးတွေ စိုက်နိုင်ခဲ့တယ်။” လူကြီးမင်းကျန်းက ရယ်မောနေခဲ့သည်။

ရှောင်လင်းယွီ၊ “….” ကျွန်မမှာ လှည့်ကွက်တစ်ခုရှိတယ်လို့ ထုတ်ပြောရမှာလား။

“ကံကောင်းသွားရုံပါရှင်။” ရှောင်လင်းယွီ ပြန်ဖြေလိုက်သည်။

ထို့နောက် လူတော်တော်များများက ရှောင်လင်းယွီကို မြင်သည်နှင့် လာနှုတ်ဆက်ကြသည်။

ဒေါ်လေးလင်းသည် သူမ၏ အငယ်ဆုံးသမီးနှင့်ရောက်လာခဲ့သည်။ ဘေးတွင်တော့ ဤရက်ပိုင်းအတွင်း သူမနားတွင် တပူးပူးတကပ်ကပ်ဖြစ်နေသည့် ခင်ပွန်းဖြစ်သူလည်း ပါလာလေသည်။

ဒေါ်လေးလင်းသည် လူလတ်ပိုင်းအရွယ် ပင်ပန်းနွမ်းလျနေသည့် အဒေါ်ကြီးပုံစံနှင့်မဟုတ်တော့ဘဲ အားအင်အပြည့်ဖြင့် အမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ သူမက ဆံပင်ကိုလည်း လှိုင်းတွန့်များသဏ္ဍာန်ကောက်ထားကာ အသက်၃၀ကျော် ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ယောက်အတိုင်းပင်။

“ဘော့စ်ရှောင်။” ဒေါ်လေးလင်းက ရှောင်လင်းယွီကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ချက်ချင်းဖြစ်သွားတာကြောင့် ရှောင်လင်းယွီသည် မမှတ်မိလိုက်ဘဲ မရေမရာဖြင့် ပြန်မေးလိုက်သည်။ “ရှင်က..”

ဒေါ်လေးလင်းက ပြုံးလိုက်ကာ၊ “ဘော့စ်ရှောင်၊ ငါ ဒေါ်လေးလင်းလေ။ တစ်ခါက မင်းရဲ့အသီးအရွက်တွေကို သံသယဝင်ဖူးပေမယ့် အခုတော့ မင်းရဲ့ဖန်အကြီးစားဖြစ်သွားပြီလေ။”

“ဒေါ်လေးလင်း!” တစ်ဖက်က အမျိုးသမီး၏ပြောင်းလဲမှုကြီးကြောင့် ရှောင်လင်းယွီ အံ့ဩသွားရသည်။ “ဒေါ်လေးလင်း အရမ်းပြောင်းလဲသွားတာပဲ။” ပျော့ပျော့ညံ့ညံ့အဖွားကြီးတစ်ယောက်ပုံစံမှ တလက်လက်တောက်ပကာ ယုံကြည်ချက်အပြည့်ရှိသည့် အမျိုးသမီးကြီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။

အန်တီလင်းက ရယ်လိုက်ပြီး၊ “ဟုတ်တယ်။ ဒါပေမယ့် အားလုံးက စိတ်နေစိတ်ထားကို ပြောင်းလဲတာကနေ စလိုက်တာပါ။”

အရင်က အန်တီလင်းသည် မိသားစုအတွက်သာ အရာရာကို ပုံအပ်ထားသူဖြစ်သည်။ သူမက ဇနီးကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက်အဖြစ် ကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာတော့သူမခင်ပွန်း၏ မထီမဲ့မြင်ပြုခြင်းနှင့် စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။

သူမခင်ပွန်း၏ ကုမ္ပဏီသို့ ထမင်းဗူးသွားပို့ရာမှ မယားငယ်ဆီမှ မောင်းထုတ်ခံလိုက်ရချိန်တွင် သူမ တကယ်ကို ဒေါသထွက်ခဲ့ရသည်။ သူမက အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပေးခဲ့ရသူဖြစ်ပေမယ့် တကယ်တမ်း စံစားချိန်ရောက်တော့ ဘာလို့ တခြားမိန်းမတစ်ယောက်က စံစားနေရတာလဲ။ သူမကရော ဘာလို့များ တခြားမိန်းမတစ်ယောက်ရဲ့အကျိုးအတွက် ဒီလောက် အလုပ်တွေ ကြိုးစားခဲ့ရတာလဲ။

ထိုအချိန်မှစ၍ သူမကိုယ်သူမပြန်အာရုံစိုက်ခဲ့သည်။ သူမစိတ်ထဲကနေ ခင်ပွန်းဖြစ်သူကို ထုတ်ပစ်လိုက်သည်။ ခင်ပွန်းဖြစ်သူသည် သူမအတွက် ဘာမှမဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခုသာဖြစ်လေသည်။ ထိုသို့ဖြင့် သူမက ကိုယ်ရည်စစ်အောင်ပြောင်းလဲကာ ကျန်းမာအောင်စားသောက်နေထိုင်ခဲ့သည်။

သို့ပေမယ့် အခုတော့ ထိုဝန်ထုပ်ဝန်ပိုးကြီးက နာနာခံခံနှင့် အိမ်ပြန်ကပ်လာတာကြောင့် သူတို့ကြားက ဆက်ဆံရေးသည်လည်း ပြောင်းလဲလာခဲ့သည်။

အရင်ကဆိုလျှင် ခင်ပွန်းနှင့်သားသမီးများကသာ သူမ၏ ကမ္ဘာကြီးဖြစ်ခဲ့သည်။ သို့ပေမယ့် အခုတော့ သူမခင်ပွန်းကို လက်လွှတ်လိုက်ပြီဖြစ်သလို သူမ၏ကလေးများသည်လည်း အမှီအခိုကင်းကင်းနေနိုင်သည်အထိ အရွယ်ရောက်နေကြပြီဖြစ်တာကြောင့် သူမလည်း ကိုယ့်အတွက်ကိုသာ ကြည့်တော့သည်။

သို့ပေမယ့် သူမခင်ပွန်းက သူမအစား သူ့ကမ္ဘာကြီးတစ်ခုလုံးကို ပြန်ပေးခဲ့လေသည်။ အသိသာဆုံးသောပြောင်းလဲမှုကတော့ နေ့တိုင်း ညစာစားချိန်အမီ အိမ်သို့ပြန်လာခြင်းပင်။ အလုပ်တွင် အချိန်ပိုဆင်းရမည်ဆိုလျှင်တောင်မှ သူမကို ကြိုပြီးအကြောင်းကြားလေသည်။

ဘယ်အချိန်ကစပြီး ဒီလိုတွေပြောင်းလဲသွားတာလဲ? ရှောင်လင်းယွီဆီက ဟင်းသီးဟင်းရွက်တွေဝယ်ခဲ့တဲ့နေကစလို့ ပြောင်းလဲသွားသည်ဟုပင် ပြောရပေမည်။

အမျိုးသမီးများသည် စိတ်ကူးယဉ်ဆန်သောသက်ရှိများဖြစ်ကြသည်။ သူမကလေးများအတွက် ပြီးပြည့်စုံသည့်အိမ်တစ်ခု ပေးစွမ်းနိုင်စေရန်အလို့ငှာ အန်တီလင်းသည် သူမခင်ပွန်းကို အပြင်တွင် စိတ်ကြိုက်ပွေရှုပ်ကစားခွင့်ပြုထားခဲ့သည်။ သို့ပေမယ့် ဒါက သူမလက်ခံပေးနေသည်ဟုတော့ မဆိုလိုပေ။

နှစ်ဝက်နီးပါးကြာအောင် သူမကလေးများရှေ့တွင် လိုက်ဖက်ညီသည့် ဇနီးမောင်နှံအဖြစ် သရုပ်ဆောင်ခဲ့ကြသော်လည်း သူမနှလုံးသားထဲတွင်တော့ အက်ကြောင်းထနေခဲ့သည်။ ဇနီးမောင်နှံနှစ်ယောက်သည် အခန်းခွဲကာ အိပ်ခဲ့ကြသည်။

ထိုအက်ကြောင်းက ဘယ်အချိန်မှာ အဆုံးအထိ ပြိုကွဲသွားမလဲကိုတော့ အန်တီလင်းလည်း မသိပေ။

ဘေးတစ်ဖက်တွင်ရပ်နေသည့် လင်းထျန်းဟွေ့သည် သူ့ဇနီးကိုကြည့်ရင်း သူ့မျက်လုံးများထဲတွင် နာကျဉ်ရိပ်တို့ဖြတ်ပြေးသွားခဲ့သည်။

သို့သော်လည်း သူ့မှာ သတ္တိမရှိပေ။ အနည်းဆုံးတော့ သူ့ဇနီးက ကွာရှင်းမည့်အကြောင်းကို ထပ်မပြောလာခဲ့ပေ။ သူသာ ရိုးရိုးသားသားနှင့် စိတ်ရင်းအမှန်ဖြင့် ဆက်ဆံမည်ဆိုလျှင် သူ့ဇနီးက တဖြည်းဖြည်းနှင့် သူ့ကိုခွင့်လွှတ်လိမ့်မည်ဟု ယုံကြည်နေသည်။ ထိုသို့ဖြင့် သူတို့သည်လည်း ယခင်လို ချစ်ခင်မှုအပြည့်ဖြင့် ဇနီးမောင်နှံပြန်ဖြစ်လာပေလိမ့်မည်။

ဇနီးဖြစ်သူ ဟွမ်းရှီဝမ်က ရှောင်လင်းယွီနှင့် ပေါ့ပေါ့ပါးပါး ပြောဆိုနေသည်ကိုမြင်ပြီး လင်းထျန်းဟွေ့သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သူက၊ “ဘော့စ်ရှောင်၊ ဒီအခင်းထဲက စတော်ဘယ်ရီတွေအားလုံးရောင်းပြီးသွားပြီလား။”

“ဘယ်သူများလဲ?” ရှောင်လင်းယွီသည် အနည်းငယ်စိတ်ရှုပ်ထွေးသွားဟန်ဖြင့် လင်းထျန်းဟွေ့ကို ကြည့်လိုက်သည်။

အန်တီလင်းက မိတ်ဆက်ပေးလာလေသည်။ “ဒါက ကလေးတွေအဖေလေ။”

“အိုး၊ ဘော့စ်လင်းပေါ့။ တွေ့ရတာဝမ်းသာပါတယ်။” ထို့နောက် ရှောင်လင်းယွီက ခေါင်းယမ်းလိုက်ကာ၊ “ဒါ ကျွန်မ ပထမဆုံးအကြိမ် စတော်ဘယ်ရီစိုက်တာပါ။ အခုထိ လက်ကားယူမယ့်သူမရှိသေးပါဘူး။”

“မင်းရဲ့ဒီလိုအံ့ဩစရာကောင်းတဲ့စတော်ဘယ်ရီသီးတွေအတွက် ဘယ်လက်ကားသမားကမှ မဆက်သွယ်လာသေးဘူးလား?” လင်းထျန်းဟွေ့ အံ့ဩသွားလေသည်။

ရှောင်လင်းယွီက ပြုံးသာပြုံးပြီး ခေါင်းယမ်းလိုက်သည်။ “မရှိသေးပါဘူး။”

လင်းထျန်းဟွေ့လည်း ခဏမျှတွေးလိုက်ပြီးနောက်၊ “ဘော့စ်ရှောင်၊ ငါ မင်းဆီက စတော်ဘယ်ရီ ကတ်တီ ၃၀၀၀ အော်ဒါတင်ချင်တယ်။ ငါ့ဝန်ထမ်းတွေအတွက် ဘောနပ်စ်အနေနဲ့ပေးမလို့ပါ။” သူ့ကုမ္ပဏီတွင် ဝန်ထမ်းဦးရေ ၃ထောင်ကျော်ရှိတာကြောင့် ကတ်တီ ၃ထောင်ဆိုသည်က ကွက်တိလောက်ပင်။

“အာ…” ရှောင်လင်းယွီတစ်ယောက် ရုတ်တရက်ကြီး ဒီလောက်ကြီးသည့်အမှာမျိုးရလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ရတာပေါ့ရှင်။ ဘော့စ်လင်း ဘယ်အချိန်ယူချင်လဲ။ ကျွန်မကြိုပြီးပြင်ဆင်ထားဖို့လေးတွေရှိလို့ပါ။” ရှောင်လင်းယွီပြောလာတာကြောင့် လင်းထျန်းဟွေ့က “သုံးရက်နေရင်ရော။”

“ကောင်းပါပြီ။”

***

All Chapters