← Chapters

ကုန်းထျန်းဟောက်၏သံသယများ

Vol. 13 Ch. 228

ကုန်းထျန်းဟောက်၏သံသယများ

Vol. 13 Ch. 228

ထောင်ယွမ်ရွာ၏စတော်ဘယ်ရီသီးများအကြောင်း သတင်းပျံ့သွားသည်နှင့် လူပေါင်းများစွာက ကိုယ်တိုင်စတော်ဘယ်ရီခူးရင်း အပန်းဖြေနိုင်မည့်အခွင့်အရေးကို တွေ့ကြုံခံစားရရန် ထောင်ယွမ်ရွာသို့ အလျင်စလိုရောက်လာကြလေသည်။

ပြီးခဲ့သည့်ရက်များအတွင်း ရှောင်လင်းယွီသည် အမှာစာကြီးကြီးမားမားများကို ရရှိခဲ့သည်။ ထိုအမှာများသည် ကုမ္ပဏီအကြီးကြီးများ၏သူဌေးများထံမှဖြစ်ကာ သူတို့ဝန်ထမ်းများအတွက် ဆုသဘောဖြင့် စတော်ဘယ်ရီလာဝယ်ကြခြင်းဖြစ်သည်။

ကျန့်ယောင်ကျူ၏ဘယ်ရီလပ်ဗာဂရုသည်လည်း အဆင်ပြေနေသည်။ နမူနာအမြည်းများရရှိပြီးနောက် ဘယ်ရီသီးများ၏အရသာကြောင့် ထိုလူများ အံ့ဩထိတ်လန့်သွားခဲ့ကြသည်။ အဖွဲ့ဝင်များသည် တစ်ကမ္ဘာလုံးအနှံ့မှဖြစ်ကြကာ အဆင့်အတန်းအမျိုးမျိုးမှလည်းဖြစ်သည်။ သူဌေးကြီးများပါသလို ဆရာမများ၊ အစိုးရဝန်ထမ်းများစသည်ဖြင့် စုံလင်လှသည်။ အားလုံးက တူညီသည့်ဝါသနာတစ်ခုကြောင့် ယခုလို စုဝေးနေကြခြင်းဖြစ်လေသည်။

ကျန့်ယောင်ကျူ၏ဂရုတွင် စုစုပေါင်း လူနှစ်ထောင်ကျော်ရှိလေသည်။ ထိုသို့ဖြင့် သူသည်လည်း အဖွဲ့ဝင်များထံမှ အော်ဒါ သေးသေးကြီးကြီး အစုံအလင်လက်ခံနေရသည်။

အော်ဒါကြီးများမှာ ကတ်တီ ၅ထောင် ၆ထောင်လောက်အထိကြီးကာ အော်ဒါအသေးကတော့ ကတ်တီဝက်လောက်အထိ ပါလေသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူတစ်ယောက်တည်းက ကတ်တီ ၁သောင်းထက်မက ရောင်းခဲ့ရပြီးလေပြီ။

ထို့အပြင် ရှောင်လင်းယွီသည်လည်း ကတ်တီ ၁သောင်းလောက် ရခဲ့ပြီးဖြစ်သည်။

ထိုသို့ဖြင့် စတော်ဘယ်ရီ ကတ်တီ ၂သောင်းက ရောင်းထွက်သွားခဲ့သည်။

တကယ်ကို မမျှော်လင့်ထားသည့်အဖြစ်ပင်။

စတော်ဘယ်ရီ ၆မူမှ တစ်ဝက်လောက်ကရောင်းထွက်သွားပြီဖြစ်တာကြောင့် ရှောင်လင်းယွီသည် ကျန်သည့်စတော်ဘယ်ရီများအတွက် စိတ်ပူမနေတော့ပေ။

သူမ၏စတော်ဘယ်ရီများသည် ဂုဏ်သတင်းကြီးကြီးမားမား စတင်ရရှိလာပေပြီ။ အထူးသဖြင့် ကျန့်ယောင်ကျူ၏အကူအညီအကြောင့်လည်းဖြစ်သည်။ မကြာခင်မှာပဲ ထောင်ယွမ်ရွာစတော်ဘယ်ရီများသည် ကိုယ်ပိုင်နာမည်တစ်ခုရလာတော့မည်ဟု သူမယုံကြည်လေသည်။

….

တချိန်တည်းမှာပဲ ပေကျင်းရှိ အထက်တန်းလွှာများကြားတွင် နောက်ထပ်သတင်းတစ်ခု ပျံ့နေလေသည်။ အကြောင်းကတော့ ကျန်းနှင့်ချင်မိသားစုတို့ လက်ထပ်ကြောင်းလမ်းမည့်သတင်းပင်။

ကျန်းမိသားစု၏ အကြီးဆုံးသခင်လေး ကျန်းထောင်နှင့် ချင်မိသားစုမှ အကြီးဆုံးသခင်မလေး ချင်ယန်တို့ကြားက မင်္ဂလာပွဲဖြစ်လေသည်။

မင်္ဂလာပွဲဖိတ်စာများက ဝေလိုက်ပြီဖြစ်ကာ တချို့ကတော့ ခံစားချက်များရှုပ်ထွေးနေပြီး တချို့ကတော့ မနာလိုဖြစ်နေကြလေသည်။

Golden City ကလပ်၏ ဗီအိုင်ပီအခန်းထဲတွင် ကျန်းထောင်သည် ဝိုင်များကို ရေသောက်သလို တဂွဒ်ဂွဒ်သောက်နေလေသည်။

ကုန်းထျန်းဟောက်ကတော့ မျက်မှောင်ကြုတ်ကာ ဝိုင်ကိုရေလိုသောက်နေပြီး ရပ်မည့်ဟန်မပေါ်သည့်လူကို ကြည့်နေခဲ့သည်။

ကျန်းထောင်က နောက်ထပ်တစ်ပုလင်း ထပ်ဖောက်ချိန်မှာတော့ ကုန်းထျန်းဟောက် ဝင်တားလိုက်တော့သည်။

သူက ခပ်တင်းတင်းမေးလိုက်သည်။ “မင်းဘာတွေလုပ်နေတာလဲ။ မင်းအရှုံးပေးလိုက်ပြီလား။ ချင်ယန်နဲ့မစေ့စပ်ချင်ဘူးဆိုလည်း မစေ့စပ်နဲ့လေ။”

ကျန်းထောင်က ခါးခါးသီးသီးပြုံးလာကာ၊ “အမှန်ဆိုရင်တော့ ငါလည်း လုပ်ချင်တာပေါ့။ ဒါပေမယ့် ဒီကိစ္စမှာ ငါ့ဆန္ဒက ပါမှအရေးမပါဘူးဆိုတာ မင်းလည်းသိနေတာပဲ ထျန်းဟောက်ရယ်။”

ကုန်းထျန်းဟောက်တစ်ယောက် မျက်မှောင်ကိုသာတင်းတင်းကြုတ်ထားလေသည်။ “ဒါပေမယ့် မင်း ပျော်မှပျော်မနေဘဲ။”

“ပျော်ရွှင်မှုလား?” ကျန်းထောင်က အေးစက်ကာအားအင်မရှိသည့် အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။ “ဟဟ၊ ငါမွေးလာကတည်းက ငါ့ရဲ့ပျော်ရွှင်ခွင့်ဆိုတာ ဖယ်ထုတ်ခံလိုက်ရပြီးသား။ ငါက ကျန်းမိသားစုရဲ့ဆက်ခံသူအဖြစ် တာဝန်ပေးခံထားရပြီးသား။ ငါဒီတာဝန်ကိုမယူချင်ပေမယ့် ဘာများလုပ်နိုင်လို့လဲ။”

“အဖိုးက ငါ့ဘဝကို ငါငယ်ငယ်လေးကတည်းက ဆုံးဖြတ်ချက်ချလာတာ။ ငါလုပ်ဖို့လိုတာက သူရွှေ့သမျှအကွက်အတိုင်း လိုက်သွားရုံပဲ။ ငါနည်းနည်းလောက် လွန်ဆန်လိုက်တာနဲ့ အဆများစွာ အပြစ်ပေးခံရလိမ့်မယ်။”

“အရည်အချင်းပြည့်မီတဲ့ဆက်ခံသူတစ်ယောက်ဖြစ်ဖို့ ငါ့မှာ ဘယ်လိုစိတ်ခံစားချက်မျိုးမှ ငြိတွယ်သွားလို့မရဘူး။ ငါ့မိဘတွေရဲ့အချစ်ကိုရဖို့တောင်မှ ခွင့်ပြုခံထားရတာမဟုတ်ဘူး။ ငါ့မိဘတွေမှာ ငါ့ကိုထွေးဖက်ပိုင်ခွင့်တောင်မရှိဘူး။ ငါ့မှာ သူတို့ကို တစ်လမှတစ်ကြိမ်ပဲ တွေ့ဆုံနိုင်ခွင့်ရှိတယ်။”

ကုန်းထျန်းဟောက် နှုတ်ဆိတ်နေခဲ့သည်။ ကျန်းထောင်ကို ဘယ်လိုနှစ်သိမ့်ရမလဲ သူမသိတော့ပေ။

သူတို့နှစ်ယောက်လုံးသည် သူတို့မိသားစု၏ အမွေဆက်ခံသူများဖြစ်ကာ သူတို့အဖိုးများက ပျိုးထောင်ပေးလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သခင်ကြီးကုန်းသည် ကုန်းထျန်းဟောက်ကို ချစ်ခြင်းမေတ္တာနှင့် လွတ်လပ်မှုကို ပေးအပ်ခဲ့လေသည်။

ကျန်းထောင်ကတော့ မတူညီပေ။ သူကတော့ သူ့အဖိုး၏ထိန်းချုပ်မှုအောက်တွင် ငယ်ငယ်လေးကတည်းက နေခဲ့ရကာ ချစ်ခြင်းမေတ္တာကိုမပြောနဲ့ လွတ်လပ်မှုမရှိ၊ ပျော်ရွှင်မှုလည်း မရှိခဲ့ပေ။

ကျန်းထောင်သည် ဝိုင်ပုလင်းကိုယူကာ ခွက်ထဲပင်မထည့်ဘဲ တိုက်ရိုက်ပင် မော့သောက်ပစ်လိုက်သည်။ ထို့နောက် သူက ပုလင်းကို လွှင့်ပစ်ကာ ဆက်ပြောလေသည်။ “၂၈နှစ်တောင်ရှိသွားပြီ။ ငါက လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုပဲ။ ငါ့ဘဝကို ငါတကယ်ပြန်ရချင်တယ်။”

“ဒါပေမယ့် ချင်ယန်ကိုလက်ထပ်လို့ ဘယ်လိုအကူအညီများ ရမှာမို့လို့လဲ။” ကုန်းထျန်းဟောက်က မေးလိုက်သည်။ “မင်းသာ ချင်ယန်ကို လက်ထပ်လိုက်ရင် ရှောင်လင်းယွီကို ဘယ်လိုလုပ်မလဲ။ မင်းသူ့ကို မယားငယ်ဖြစ်စေချင်နေတာလို့တော့ မပြောနဲ့နော်။”

မိသားစုတစ်ခုဘက်က လက်ရှိဂုဏ်အသရေများ ဆုံးရှုံးလိုက်ရသည်မှလွဲ၍ သူတို့မိသားစုနှစ်စုကြားတွင် ကွာရှင်း၍ရလိမ့်မည်မဟုတ်ပေ။

ကျန်းထောင်က ခါးခါးသီးသီးပြုံးလိုက်သည်။ “ဟဟ၊ ငါဘာများလုပ်နိုင်မှာလဲ။ အဖိုးက အားလုံးကို ဆုံးဖြတ်ထားပြီးသား။ ကျန်းမိသားစုကနေ ငါလွတ်မြောက်နိုင်သွားရင်တောင် ဒီကမ္ဘာကြီးရဲ့အဆုံးထိ ထွက်ပြေးသွားရင်တောင် အဖိုးကတော့ ငါ့ကိုရှာနိုင်နေဦးမှာပဲ။”

“ငါသဘောကျရတဲ့အမျိုးသမီးကို အဲ့လိုမျိုး ဝရမ်းပြေးတစ်ယောက်လို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဘဝမျိုးမှာတော့ ငါမနေခိုင်းနိုင်ဘူး။ ငါ့မှာ သာမာန်လူတွေလို လွတ်လပ်မှုဆိုတာတောင်မရှိတာ ဘယ်လိုလုပ် လွတ်လပ်တဲ့ချစ်ခြင်းတရားဆိုတာ ရှိမှာလဲ။”

“ဒါကြောင့် ငါ့အိမ်ထောင်ရေးကို အလျော့အတင်းသဘောအနေနဲ့ အသုံးချဖို့ပဲရှိတော့တယ်။ ဒီပူးပေါင်းမှုလက်ထပ်ပွဲက ငါ့အဖိုးဆီက အင်အားတချို့ကိုလည်း ငါယူလိုက်နိုင်မယ်။”

ကျန်းထောင်သည် သခင်ကြီးကျန်းကို ဆန့်ကျင်ကာ ဤမိသားစုနှစ်ဖက်ပူးပေါင်းမင်္ဂလာပွဲကို ငြင်းဆန်ခဲ့သည်။ အဆုံးမှာတော့ သူ့အဖိုးဆီက အင်အားအနည်းငယ်ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ချင်ယန်ကို လက်ထပ်ရမည့်ကံတရားကနေတော့ မရှောင်ပြေးနိုင်ခဲ့ပေ။

ကုန်းထျန်းဟောက်တစ်ယောက် ကျန်းထောင်၏စကားများကိုနားထောင်ရင်း မျက်မှောင်ကိုသာ ကြုတ်ထားကာ ဘာမှပြန်ပြောမလာခဲ့ပေ။

ခဏကြာပြီးနောက်မှာတော့ သူက ပြောလာလေသည်။ “မင်းအဖိုးရဲ့လူတွေက ရှောင်လင်းယွီအကြောင်း ရှာတွေ့ခါနီးလေးပဲ။ ကံကောင်းလို့ ငါအချိန်မီတားလိုက်နိုင်တယ်။ ဒီတော့.. ကျန်းထောင်၊ မင်း ချင်ယန်နဲ့ စေ့စပ်ပြီးသွားရင် ရှောင်လင်းယွီနဲ့ကရော ဘယ်လိုလုပ်မှာလဲ။”

ကျန်းထောင် ခေါင်းသာယမ်းလိုက်သည်။ “ငါမသိတော့ဘူး။”

သူက ခဏမျှရပ်လိုက်ပြီးနောက် ဝမ်းနည်းရိပ်များစွန်းထင်းနေသည့်အပြုံးမျိုးပြုံးလိုက်ကာ၊ “ငါ ရှောင်လင်းယွီကို ကြိုက်ပေမယ့် သူကတော့ ငါ့ကိုလုံးဝမကြိုက်ဘူးလေ။ ငါ သူ့ကို ဖွင့်ပြောခဲ့ပေမယ့် အငြင်းခံလိုက်ရတယ်။ အဲ့လိုလူက ငါစေ့စပ်သည်ဖြစ်စေ မစေ့စပ်သည်ဖြစ်စေ ဂရုစိုက်ပါ့မလား။”

ကျန်းထောင်ဘက်က သူမ၏အတိတ်ကိုရော သူမဗိုက်ထဲကကလေးကိုပါ စိတ်မရှိကြောင်း သေချာရှင်းလင်းအောင် ပြောပြခဲ့ပါသော်လည်း ရှောင်လင်းယွီကတော့ သူ့ကို သဘောမကျသေးဘဲ သာမာန်သူငယ်ချင်းတစ်ယောက်အဖြစ်သာ ဆက်ဆံလေသည်။

ရှောင်လင်းယွီဘက်ကသာ သူ့ကို မျှော်လင့်ချက်အနည်းငယ်လောက် ပေးခဲ့ပါက သူသည်လည်း အပေးအယူလုပ်ကာ ချင်ယန်နှင့်စေ့စပ်ရန် ရွေးချယ်လိမ့်မည်မဟုတ်ပေ။ သို့ပေမယ့် ရှောင်လင်းယွီကတော့ သူ့အပေါ် ခံစားချက်မရှိကြောင်း အခိုင်အမာပြောခဲ့သည်။

ကျန်းထောင်၏စကားများကိုကြားပြီးနောက် ကုန်းထျန်းဟောက်၏သူငယ်အိမ်တို့ ကျုံ့သွားမိလေသည်။

ရှောင်လင်းယွီသည် ကျန်းထောင်ကိုငြင်းဖူးကြောင်း အရင်က ကုန်းထျန်းဟောက်ကြားဖူးသည်။ ကျန်းထောင်သည် ချောမောခန့်ညားကာ ချမ်းသာသည့်လူငယ်တစ်ယောက်ဖြစ်လေသည်။ ဒါဆို ရှောင်လင်းယွီက ဘာလို့ သူ့လိုလူမျိုးကို ငြင်းရတာလဲ။ ရှောင်လင်းယွီသာ ကျန်းထောင်ကိုသေချာသိသွားလျှင် စိတ်ပြောင်းသွားလိမ့်မည်ဟု ကုန်းထျန်းဟောက်ထင်ခဲ့သော်လည်း ဒီလောက်ကြာတာတောင် သူမစိတ်က မယိမ်းမယိုင်သွားပေ။

နောက်ဆုံး သူမမေးကြည့်ဘဲ မနေနိုင်တော့ပေ။ “မင်း ရှောင်လင်းယွီကို ဖွင့်ပြောခဲ့ပေမယ့် သူက ငြင်းလိုက်တယ်ပေါ့? ဘာလို့လဲ။”

ကျန်းထောင်သည် သောက်တာများ၍ တကယ်ကိုမူးနေပြီဖြစ်သည်။ “ဘာလို့ဆို သူက ငါနဲ့မထိုက်တန်ဘူးလို့ တွေးနေလို့လေ။ ဟားဟား..”

ကျန်းထောင် ကူရာမဲ့စွာအော်ရယ်လိုက်သည်။ “ထျန်းဟောက်၊ သူက ကိုယ်ဝန်ရှိနေပြီ။ ဒါကြောင့် သူက ငါနဲ့မတန်တော့ဘူး။” ထိုသို့ပြောရင်း ကျန်းထောင် စတင်ငိုကြွေးတော့သည်။

သူ့အသက် ၂၈နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ယောက်ကို ချစ်မိသွားခဲ့ပါသော်လည်း ထိုအမျိုးသမီးက သူ့ကိုငြင်းခဲ့လေသည်။ ဝမ်းနည်းစရာအကောင်းဆုံးအချက်က သူကတော့ သူမကို ချစ်မိနေတုန်းဖြစ်ကာ ဒီအတွက်ကြောင့် သူမကိုကာကွယ်ပေးနေခဲ့လေသည်။ ရှောင်လင်းယွီအကြောင်းကိုသာ သူ့အဖိုးသိသွားလျှင် ကျန်းထောင်အပေါ် သူမ၏လွှမ်းမိုးမှု ဆက်လက်မတည်ရှိစေရန်အတွက် သူမကို ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိနေခွင့်ပြုလိမ့်မည်မဟုတ်ပေ။

တစ်ခါက သူခွေးလေးတစ်ကောင်ကို ချစ်ခဲ့ဖူးသည်။ အဆုံးမှာတော့ ထိုခွေးလေးမှာ အရေခွံခွာ၍ စွပ်ပြုတ်ချက်ခံလိုက်ရသည်။ သူသည်ပင် စားဖို့ဖိအားပေးခံခဲ့ရလေသည်။ သူ့အဖိုးသာ ရှောင်လင်းယွီအကြောင်းကို သိရှိသွားလျှင် ထိုခွေးလေးလိုပင် သူမလည်း အဆုံးသတ်သွားလိမ့်မည်။

ဒီလိုအဖြစ်မျိုးကိုတော့ သူခွင့်ပြုမပေးနိုင်ပေ။

တစ်ခါက ကျန်းမိသားစုမှကိစ္စများကို ဖြေရှင်းပြီးလျှင် ရှောင်လင်းယွီကို ပြန်လိုက်နိုင်မည်ဟု ကျန်းထောင်တွေးခဲ့ဖူးသည်။ ထိုသို့ဖြင့် သူမကို မြို့တော်တွင် အပျော်ရွှင်ရဆုံးအမျိုးသမီးဖြစ်အောင် သူလုပ်ပေးနိုင်မည်ဟုပင်။

သို့ပါသော်လည်း သူသည် အဖိုးဖြစ်သူရှေ့တွင်တော့ အလွန်ကိုမှ အတွေ့အကြုံနုလွန်းနေသေးလေသည်။ သူတစ်ချက်လောက်မလှုပ်ရှားနိုင်ခင်မှာပဲ သူ့ကိုတစ်ကြိမ်တွေ့လိုက်ရုံဖြင့် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သခင်ကြီးကျန်းသည် တွေ့ရှိသွားခဲ့သည်။

ကုန်းထျန်းဟောက်ကြောင့်သာမဟုတ်ပါက ရှောင်လင်းယွီကို သူ့အဖိုး ဖမ်းမိသွားလောက်ပြီဖြစ်ကာ သေသည်အထိ နှိပ်စက်ပြီးလောက်ပေပြီ။

ကျန်းထောင်၏နှလုံးသားက ကြောက်ရွံ့မှုကြောင့် တုန်ရီသွားရသည်။ ကုန်းထျန်းဟောက်တစ်ယောက် သူ့အဖိုးပြန်လည်ကျန်းမာရေးအတွက် ထောင်ယွမ်ရွာကို တွေ့ခဲ့သည့်အပေါ် သူဝမ်းသာမိသွားသည်။ ဒါ့အပြင် ကုန်းထျန်းဟောက်သည်လည်း ရှောင်လင်းယွီ၏မိသားစုကို သဘောကျသည်ကို ကျေးဇူးတင်မိသည်။

မဟုတ်ပါက…

သူသာ ကျန်းမိသားစု၏ခေါင်းဆောင်မဖြစ်သေးလျှင်၊ သူ့တွင်သာ အာဏာကိုလက်ဆုပ်လက်ကိုင်မရသေးလျှင် တစ်စုံတစ်ယောက်ကို ချစ်ပိုင်ခွင့်လည်းမရှိကြောင်း ကျန်းထောင်သိလေသည်။

ဒါကြောင့် သူသဘောကျရသည့်မိန်းကလေးကို ကာကွယ်ရန်အတွက် အာဏာကိုသာ ရွေးချယ်ခဲ့သည်။

သူ ရှောင်လင်းယွီကို လက်လျှော့လိုက်ရချိန် ခံစားရသည့် ကူကယ်ရာမဲ့မှု၊ နာကျင်မှုနှင့် စိတ်ပျက်အားလျော့မှုများကို ဘယ်သူကမှ သိနိုင်ကြလိမ့်မည်မဟုတ်ပေ။

သူရင်ဖွင့်လို့ရနိုင်သည့်တစ်ဦးတည်းသောလူကတော့ ကုန်းထျန်းဟောက်သာဖြစ်သည်။

သူငယ်စဉ်ကတည်းကရှိခဲ့တဲ့ တစ်ဦးတည်းသောသူငယ်ချင်းကိုပေါ့။

ရှောင်လင်းယွီ ကိုယ်ဝန်ရှိနေကြောင်း ကုန်းထျန်းဟောက် သိလိုက်ရချိန် မျက်မှောင်အသာကြုတ်သွားမိလေသည်။

တခြားလူတစ်ယောက်၏အရေးကိစ္စကို ဝင်မစွက်ဖက်ဖူးသည့်လူဖြစ်ပါသော်လည်း နောက်ထပ်ဆက်မေးမကြည့်ဘဲ မနေနိုင်ခဲ့ပေ။

“ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေတယ်လို့ပြောတာလား။ တကယ်ပဲ ဘယ်လိုဖြစ်ရတာလဲ။”

သူနှင့်ရှောင်လင်းယွီသည် ခဏမျှသာ တွေ့ဆုံခဲ့ခြင်းဖြစ်တာကြောင့် ရှောင်လင်းယွီ ဘာတွေကြုံတွေ့ခဲ့ရလဲဆိုသည်ကို သူတကယ်မသိထားပေ။

ကျန်းထောင် ဆိုဖာပေါ်မှီထိုင်လိုက်သည်။ လက်ထဲတွင်တော့ ဝိုင်ပုလင်းကို ကိုင်ထားပြန်ကာ ပါးစပ်ထဲသို့လောင်းထည့်လိုက်သည်။ ရှောင်လင်းယွီအကြောင်း ပါလာသည်နှင့် သူ့မျက်လုံးထဲတွင် နာကျင်ရိပ်များပြည့်လာခဲ့သည်။

“တစ်ခါက ရှောင်လင်းယွီမှာ ဆယ်နှစ်လောက်ချစ်ခဲ့တဲ့ချစ်သူတစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်က ဂျူနီယာအထက်တန်းကျောင်းကနေ၊ တက္ကသိုလ်ကဘွဲရပြီး အလုပ်အတူတူလုပ်တဲ့အထိ တွဲခဲ့ကြတာ။ ဒါပေမယ့် မြို့ကြီးပြကြီးပေါ်ရောက်လာတာက သူတို့ကိုပြောင်းလဲသွားစေခဲ့တယ်လေ။

သူတို့နှစ်ယောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်ပြီးတဲ့နောက် သူ့ချစ်သူကို ကုမ္ပဏီဥက္ကဌရဲ့သမီးက သဘောကျသွားတယ်။ သူဌေးရဲ့သမီးက အရမ်းရက်စက်တယ်။

ဒါပေမယ့် ပိုပြီးရက်စက်တဲ့လူကတော့ သူချစ်သူပဲ။

အဲ့ဒီအတွက်က သူတို့အတူရှိနိုင်ရေးအတွက် ရှောင်လင်းယွီကို ရှင်းပစ်လိုက်ဖို့လိုတယ်လေ။ သူတို့နာမည်ကိုလည်း မပျက်စီးစေချင်တာကြောင့် ရှောင်လင်းယွီကိုပဲ အရင်လက်ဦးမှုယူပြီး ဖျက်ဆီးပစ်ဖို့လုပ်ကြတယ်။

သူတို့က ရှောင်လင်းယွီကို ဟိုတယ်တစ်ခုဆီ မျှားခေါ်သွားပြီး ဆေးခပ်လိုက်တယ်။ ပြီးတော့ အဖေအရွယ်လောက်ရှိတဲ့ လူအိုကြီးတစ်ယောက်စီစဉ်ပြီး သူနဲ့အိပ်မိအောင်လုပ်တယ်။

ဒါပေမယ့် ရှောင်လင်းယွီက တစ်ခုခုမှားနေမှန်း သတိထားမိသွားလို့ ထွက်ပြေးခဲ့တယ်။ ဒါပေမယ့် ဆေးစွမ်းကြောင့် နောက်ဆုံးတော့ သူ ယောက်ျားတစ်ယောက်နဲ့ အိပ်မိသွားတုန်းပဲ။”

ကျန်းထောင်သည် ထိုကိစ္စကို မစုံစမ်းခဲ့ဖူးပေ။ ချန်းမိသားစုက ရှောင်လင်းယွီတို့အိမ်ကို ပြဿနာလာရှာချိန်တွင် ရှောင်လင်းယွီက အားလုံးပြောပြခဲ့တာကြောင့် အခုလို အမှန်တရားကို အလွယ်တကူ သိရှိသွားခဲ့ခြင်းဖြစ်သည်။

ဒီအကြောင်းက ကုန်းထျန်းဟောက်အဖို့ အလွန်ရင်းနှီးနေသလို ခံစားရလေသည်။

ထိုအချိန်က သူZမြို့သို့ အလုပ်ကိစ္စတစ်ခုဖြင့် ရောက်နေချိန်ဖြစ်ကာ အမျိုးသမီးတစ်ယောက်နှင့် ဆုံခဲ့လေသည်။ သူမက သူ့အိပ်ရာပေါ်တွင်ရှိနေခြင်းပင်။ သူလည်း သူမကို မောင်းထုတ်ချင်ခဲ့ပေမယ့် ထိုအမျိုးသမီးက သူ့ကို အတင်းဖက်တွယ်ထားလေသည်။ သူမ၏အတွင်းစိတ်က မီးတောက်နေခဲ့တာကြောင့် သူတို့နှစ်ဦးတစ်ညတာ အတူကုန်ဆုံးခဲ့ကြသည်။

နောက်တစ်နေ့မနက်မှာတော့ ကုန်းထျန်းဟောက်သည် အလုပ်ကိစ္စရှိတာကြောင့် အခန်းထဲမှ ထွက်ခဲ့သည်။ သူပြန်ရောက်ချိန်မှာတော့ ထိုအမျိုးသမီးက ထွက်သွားလေပြီ။ သို့သော်လည်း သူမမထွက်သွားခင် သူ့အဆင့်အတန်းကိုအသုံးချကာ ဟိုတယ်တွင် ကိစ္စတချို့စုံစမ်းခဲ့တာကြောင့် ကုန်းထျန်းဟောက်လည်း သူမအပေါ် စိတ်ဝင်စားမှုပျောက်ရှသွားခဲ့လေသည်။

ထိုအမျိုးသမီးက သူ့ကို ရည်ရွယ်ချက်တစ်ခုကြောင့် ချဉ်းကပ်လာမှန်း ရှင်းလင်းသွားခြင်းကြောင့်ပင်။ သူမလည်းထွက်သွားပြီဖြစ်တာကြောင့် ကုန်းထျန်းဟောက်လည်း ထိုကိစ္စကိုဒီအတိုင်းထားလိုက်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ ဒါ့အပြင် သူ့အဖိုး၏ကျန်းမာရေးအခြေအနေကလည်း သူ့စိတ်ကိုပြောင်းသွားစေခဲ့သည်။

သို့သော်လည်း သူရှင်းယင်ခရိုင်သို့ရောက်လာပြီးနောက်မှာတော့ ရှောင်လင်းယွီသည် ထိုထူးဆန်းသည့်အမျိုးသမီးသည်နှင့် အလွန်ဆင်တူကြောင်း သူ သတိထားမိခဲ့သည်။

ထိုညက သူ ဟိုတယ်ခန်းသို့ပြန်ရောက်ချိန်သည် အတော်လေးနောက်ကျနေပြီဖြစ်သည်။ အခန်းထဲရှိမီးများက မှိန်ဖျဖျဖြစ်နေသည့်အပြင် ရှောင်လင်းယွီသည် သူမမျက်နှာတစ်ဝက်လောက်ကို ဖုံးကာထားသည့် မျက်မှန်ကြီးတစ်လက်ကိုလည်း ဝတ်ဆင်ထားလေသည်။ သူကလည်း ထိုမျက်မှန်ကို မချွတ်ပေးခဲ့ပေ။

ကုန်းထျန်းဟောက် အခန်းထဲက ပြန်ထွက်လာချိန် ကောင်းကင်တွင် အလင်းရောင်အနည်းငယ်သာရှိသေးလေသည်။ သူက Zမြို့ကို အလုပ်ကိစ္စကြောင့်ရောက်နေခြင်းဖြစ်သည်။ သူအလုပ်ပြီး၍ပြန်လာချိန်မှာတော့ ထိုအမျိုးသမီးက ထွက်သွားလေပြီ။

ရှောင်လင်းယွီကို ပထမဆုံးအကြိမ်တွေ့ချိန်တွင် သူမကိုကြည့်ရသည်မှာ ရင်းနှီးနေသည်ဟုသာ ခံစားခဲ့ရသည်။

သူမ၏စူပါမန်းလိုမျိုးပြေးနှုန်းကိုသတိထားမိသွားချိန်မှာတော့ သူမကိုဖုံးကွယ်ရန် ကူညီဖို့ ဆုံးဖြတ်လိုက်သည်။

ရှောင်လင်းယွီကို ဒုတိယအကြိမ်တွေ့ချိန်မှာတော့ သူမနှင့်လီယွမ်ဟန် ကတောက်ကဆဖြစ်ချိန်ဖြစ်သည်။ သူလည်း သူမကို စိတ်ဝင်စားမိသွားသည်။ သူတို့မှားခဲ့တာကြောင့် သူတောင်းပန်ခဲ့သည်။

တတိယအကြိမ်တွေ့ဆုံမှု…

စတုတ္ထအကြိမ်တွေ့ဆုံမှု….

တဖြည်းဖြည်းဖြင့် ရှောင်လင်းယွီကို စိတ်ဝင်စားမှုက ပိုပိုများလာခဲ့သည်။

ထိုအချိန်တွင် သူမက သူ့ဟိုတယ်ခန်းထဲက အမျိုးသမီးဟုတ်မဟုတ်သိရရန် ရှောင်လင်းယွီအကြောင်း အမှန်တကယ် စုံစမ်းချင်မိခဲ့သည်။ သို့သော်လည်း လွဲချော်မှုတစ်ခုရှိခဲ့ပြန်သည်။

အကြောင်းကတော့ သူမသည် ကျန်းထောင်သဘောကျနေသည့်လူဖြစ်နေခြင်းကြောင့်ပင်။

ရှောင်လင်းယွီက အဲ့ဒီအမျိုးသမီးမှန်းသာ သူတွေ့ရှိသွားခဲ့ရင်ရော။ အဲ့ဒီလိုဆို သူ့မယားငယ်အဖြစ်ခေါ်ထားရမှာလား။ ဒါမှမဟုတ် သူ့ညီအစ်ကိုကို သူ ရှောင်လင်းယွီနဲ့အိပ်ခဲ့ဖူးကြောင်း ပြောပြလိုက်ရမှာလား။ ဒါဆို ကျန်းထောင် ဘယ်လိုခံစားရမလဲ။

ဒါကြောင့် ကုန်းထျန်းဟောက်သည် အမှန်တရားကိုသိရမည်အား ကြောက်မိတာကြောင့် စုံစမ်းမှုမလုပ်ခဲ့တော့ပေ။

သို့သော်လည်း အခုတော့ ရှောင်လင်းယွီတွင် ကိုယ်ဝန်ရှိနေကြောင်း ကုန်းထျန်းဟောက်သိလိုက်ရကာ ထိတ်လန့်သွားမိလေသည်။

အဲ့ဒီကလေးက… မဟုတ်မှ…

သူ ဆက်ပြီးမတွေးရဲတော့ပေ။ အမှန်တရားကိုလည်း မစုံစမ်းရဲသော်လည်း သိရမှဖြစ်ပေမည်။

တကယ်သာ သူ့ကလေးဆိုရင်ရော။

ကုန်းထျန်းဟောက် အလေးအနက်ထားကာ မေးလိုက်သည်။ “ထောင်ဇီ၊ ရှောင်လင်းယွီနဲ့သူ့ရည်းစားက Zမြို့မှာအလုပ်လုပ်တာလား။”

သူ့မှာနောက်ထပ်မေးခွန်းတစ်ခုရှိသေးသော်လည်း မမေးရဲခဲ့ပေ။

‘ရှောင်လင်းယွီ ဆေးခပ်ခံရတာ Marriott ဟိုတယ်မှာလား။’

***

All Chapters