စုံစမ်းမှုရလဒ်
Vol. 13 Ch. 230
“သခင်ကြီး ကျွန်တော်တို့ အဲ့ဒီနေရာကိုပို့လိုက်တဲ့လူတွေက ဘာမူမမှန်တာကိုမှ ရှာမတွေ့ခဲ့ပါဘူး။ သခင်လေးကျန်းက အလုပ်ကောင်းကောင်းလုပ်ပြီး ဘယ်အမျိုးသမီးနဲ့မှ ဆက်သွယ်တာမျိုးမရှိပါဘူး။” ချင်မိသားစုမှ လွှတ်ထားသည့်လူများက ပြန်တင်ပြလာခဲ့သည်။ ဒါပေါ့ ထိုတင်ပြချက်ကို ကုန်းထျန်းဟောက်က ပြန်လည်တည်းဖြတ်ထားပြီးသားဖြစ်လေသည်။
ချင်ရှင်းပေါင် ထိုကိစ္စကိုကြားပြီးနောက် သူ၏တည်တင်းနေသည့်မျက်နှာက အနည်းငယ်နီရဲသွားလေသည်။ ဒါက သူထင်ထားတာနဲ့ လုံးဝကွာခြားနေတာပဲ။
သူ့လက်အောက်ငယ်သားတွေကို သူယုံကြည်သော်လည်း ထူးဆန်းသည့်ခံစားချက်တစ်ခုက သူ့ရင်ထဲမှာရှိနေလေသည်။
ကျန်းထောင်က နောက်ကွယ်မှာ ဘယ်မိန်းမနဲ့မှမရှုပ်နေဘူးဆိုရင် ဘာလို့ ချင်ယန်နဲ့ စေ့စပ်ပွဲဖျက်ဖို့ ပြောရတာလဲ။
ကျန်းမိသားစုရဲ့ဆက်ခံသူတစ်ယောက်အနေနဲ့ မိသားစုနှစ်စုကြားက ပူးပေါင်းမှုလက်ထပ်ပွဲအကြောင်းကနေ ချင်ရောကျန်းမိသားစုပါ အကျိုးအမြတ်တွေအများကြီး ရလာမည်မှန်း သူနားလည်သင့်သည်။
ချင်ယန်သည်လည်း သူမအဖေနှင့် ဖခင်ဖြစ်သူ၏လက်အောက်ငယ်သားတို့ ဖခင်၏စာဖတ်ခန်းထဲတွင်ပြောနေသည့် စကားကိုကြားသွားလေသည်။ သူမရင်ထဲတွင်လည်း သံသယလှိုင်းလုံးတစ်ခု လှုပ်ခတ်လာခဲ့သည်။
မိန်းမတစ်ယောက်၏ ဆဌမအာရုံက ကျန်းထောင်ရင်ထဲတွင် မိန်းမတစ်ယောက်ရှိနေပြီဖြစ်ကြောင်း သူမသိနေသည်။ ဒါကပဲ သူမကိုငြင်းရသည့် တစ်ခုတည်းသော အကြောင်းအရင်းဖြစ်လေသည်။
သူမ လက်သီးကိုတင်းတင်းဆုပ်ရင်း လှည့်ထွက်လာခဲ့လိုက်သည်။
သူမ ကားဂိုဒေါင်သို့သွားကာ ကားတစ်စီးထဲဝင်ပြီးနောက် ဖုန်းတစ်ချက်ခေါ်ကာ ထွက်လာခဲ့သည်။ တစ်နာရီကြာပြီးနောက်မှာတော့ မြို့၏စွန့်ပစ်ထားသည့်နယ်မြေတစ်ခုသို့ ရောက်ရှိလာကာ သူမကားကို ရပ်လိုက်လေသည်။
သူမကားထဲကထွက်ပြီးနောက် ကြီးမားသည့် နေကာမျက်မှန်တစ်လက်ကိုတပ်လိုက်သည်။ နေကာမျက်မှန်ကြီးက သူမ၏လှပသောမျက်နှာတစ်ဝက်ကို ဖုံးကွယ်သွားခဲ့သည်။ ထိုသို့ဆိုလျှင်တောင်မှ သူမ၏အဝတ်အစားနှင့်စိတ်နေစိတ်ထားကတော့ ဤနေရာနှင့် မလိုက်ဖက်နေတုန်းပင်။
သို့သော်လည်း သူမကိုကြည့်ရသည်မှာ ဤနေရာနှင့် အတော်လေးကျွမ်းဝင်နေပုံရလေသည်။
ချင်ယန် ကားထဲမှထွက်လိုက်ပြီးနောက် လမ်းကြားအဝင်လေးတစ်ခုဆီသို့ တန်းတန်းလျှောက်သွားခဲ့သည်။ ထိုလမ်းကြားလေးသည် အနည်းငယ်မှောင်သော်လည်း အချိုးအကွေ့များစွာကို ကျော်ဖြတ်ပြီးနောက်မှာတော့ အိမ်ဟောင်းတစ်ခုထဲသို့ ရောက်လာခဲ့သည်။ ထိုနေရာသည် အလွန်မှောင်မိုက်နေကာ ပတ်ဝန်းကျင်ကလည်း အတော်လေးတိတ်ဆိတ်လေသည်။ အနည်းငယ်ပင် ကြောက်စရာကောင်းနေခဲ့သည်။
သူမက အိမ်အလယ်ရှိ လှေကားထစ်ပေါ်သို့ တက်လာခဲ့သည်။ အိမ်တစ်ခုလုံးက တိတ်ဆိတ်နေကာ သူမ၏ဒေါက်မြင့်ဖိနစ်သံကိုသာ ကြားနိုင်လေသည်။
အခန်းက ရှုပ်ပွနေပြီး စက္ကူအမှိုက်များက ကမ်းပေါ်တွင် ပွထနေလေသည်။ စားပွဲခုံကြီးတစ်ခုပေါ်တွင်တော့ ဓာတ်ပုံများစွာရှိနေသည်။ ထိုဓာတ်ပုံများသည် မြို့တော်ရှိ အင်အားအကြီးဆုံးသောလူအများစု၏ပုံများပင်။ ထိုလူများ ဖောက်ပြန်နေသည့်ပုံများ မကောင်းတာတစ်ခုခုလုပ်နေသည့်ပုံများပါဝင်လေကာ ထိုပုံများကိုသာ ပြည်သူလူထုထံ ချပြလိုက်ပါက မုန်တိုင်းတစ်ခုတိုက်လိုက်သလိုပင် ဖြစ်သွားလောက်သည်။
စားပွဲရှေ့တွင်တော့ ဦးထုပ်ဆောင်းထားသည့် ခပ်ပိန်ပိန်အမျိုးသားတစ်ယောက်ထိုင်နေလေသည်။ ထိုလူက လက်ထဲတွင် ဘောပင်တစ်ချောင်းကိုင်ထားပြီး ခေါင်းငုံ့ကာ တစ်ခုခုကို ရေးခြစ်နေခဲ့သည်။
ရုတ်တရက် တံခါးခေါက်သံတစ်သံပေါ်လာခဲ့သည်။ သူက ချက်ချင်းသတိအနေအထားဖြစ်သွားကာ မော့ကြည့်လိုက်သည်။ သူ့မုတ်ဆိတ်မွေးများက ရှည်လျားနေတာကြောင့် သူ့မျက်နှာကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ သူ့မျက်လုံးအစုံကတော့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေသည်။
သူက ခပ်တင်းတင်း မေးလိုက်သည်။ “ဘယ်သူလဲ။”
“ငါပါ။” တံခါးအပြင်မှ အမျိုးသမီးတစ်ယောက်၏အသံ ထွက်လာခဲ့သည်။
“ဝင်ခဲ့။” ထိုလူက တံခါးထဖွင့်ပေးလိုက်သည်။
ချင်ယန် ဝင်လာသည်နှင့် သူမက နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက် သူမနှာခေါင်းကို လက်နှင့်ကာလိုက်ပြီး ရှုပ်ပွနေသည့်အခန်းကိုကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် သူမက မကျေမနပ်ပြောလိုက်သည်။ “ရှင့်အိမ်က နံစော်ညစ်ပတ်နေတာပဲ။ သန့်ရှင်းရေးလေးဘာလေးလုပ်ရင်လုပ် မဟုတ်ရင်လည်း ပိုပြီး သန့်သန့်ရှင်းရှင်းနဲ့ လှတဲ့အိမ်မျိုးကို ပြောင်းလိုက်ပါလား။”
သူမ၏စကားပြောဟန်ကို နားထောင်ကြည့်ရသလောက် အခန်းပိုင်ရှင်နှင့် ရင်းနှီးသည့်ပုံပင်။
လန်ဖေးယန်ဟုခေါ်သည့် အမျိုးသားက ထေ့ငေါ့ရယ်လိုက်ကာ၊ “ငါက မမလေးချင်လို ချမ်းလဲမချမ်းသာသလို အာဏာလဲမရှိဘူး။ ဒီအတိုင်း သာမာန် သီးသန့်စုံထောက်ငယ်လေးပါ။” သူက ထိုင်ခုံဆီသို့ပြန်လျှောက်သွားကာ ထိုင်လိုက်ပြီးနောက် လိုရင်းကိုပဲ တိုက်ရိုက်မေးလိုက်လေသည်။ “မစ္စချင်ဘာကြောင့်များ ဒီနေရာကိုလာရလဲ သိလို့ရမလား။”
ချင်ယန်သည် အနံ့အသက်များပျောက်အောင် လက်ဖြင့်အသာယမ်းရင်း ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ သူမမျက်လုံးများက စားပွဲပေါ်မှ ဓာတ်ပုံများကို သေချာကြည့်နေလေသည်။ သူမကိုကြည့်ရသည်မှာ ထိုပုံများကိုမြင်ပြီး အံ့ဩသွားပုံမရပေ။
သူမက အခန်းထဲမှ နောက်ထပ်ဖုန်အုပ်နေသည့် ထိုင်ခုံတစ်လုံးကိုမြင်ချိန်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမက မထိုင်တော့ဘဲ သူမအိတ်ထဲမှာ ငွေသားနှစ်ထုပ်ကို ထုတ်လိုက်ကာ၊ “ငါ့အတွက် လူတစ်ယောက်အကြောင်း စုံစမ်းပေး။”
လန်ဖေးယန်က အမူအရာမပြောင်းလဲဘဲ စားပွဲပေါ်မှ ငွေသားများကိုကြည့်လိုက်ပြီးနောက် ခပ်ဟဟရယ်လိုက်လေသည်။ “ဘာမှမညှိနှိုင်းတော့ဘူးပေါ့။ ဒီပစ်မှတ်က တော်တော်လေးရှုပ်ထွေးတာမျိုးပဲဖြစ်ရမယ်။”
ချင်ယန်က တိုက်ရိုက်ပင် ပြောလိုက်သည်။ “ကျန်းထောင်ပဲ။ ငါ ကျန်းထောင် မြို့ငယ်လေးမှာနေတုန်းက ဘာတွေလုပ်ခဲ့တယ် ဘယ်အမျိုးသမီးနဲ့ ရင်းနှီးမှုရှိခဲ့တယ် အားလုံးကို သိချင်တယ်။”
“ကျန်းထောင်၊ ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်လေးလား။” လန်ဖေးယန်က မျက်ခုံးအသာပင့်ကာ မေးလိုက်သည်။
“ဟုတ်တယ်။” ချင်ယန် ခေါင်းညိတ်ပြလိုက်သည်။
“တကယ်ကို ရူးတာပဲ။” လန်ဖေးယန်က မထူးခြားနားဟန်ဖြင့် ပြောလိုက်သည်။ “ငါဘယ်လောက်ပဲ သတ္တိရှိရှိ မြို့တော်ရဲ့မိသားစုကြီးတွေကိုတော့ အာမခံရဲဘူး။”
“နှစ်သိန်း။” ချင်ယန်ပြောလိုက်သည်။
လန်ဖေးယန်၏နှုတ်ခမ်းစွန်းတို့ မြင့်တက်သွားကာ၊ “မမလေးချင်၊ ငါမှတ်မိတာမှန်မယ်ဆိုရင် သခင်လေးကျန်းက မင်းရဲ့ခင်ပွန်းဖြစ်လာတော့မှာမဟုတ်လား။ ကျန်းနဲ့ချင်မိသားစုတွေက ဒီသတင်းကောင်းကို လူထုကို ကြေညာထားပြီးပြီ။ မင်းရဲ့ခင်ပွန်းလောင်းအကြောင်း ငါ့ကိုစုံစမ်းခိုင်းတာ မင်းအတွက် ကောင်းမယ်လို့ မထင်ဘူးနော်။”
“သုံးသိန်း။”
“ငါက မိသားစုကြီးတွေနဲ့ယှဉ်ရင် ယင်ကောင်ငယ်လေးသာသာပါ။ ငါမသေချင်သေးဘူး။ အသတ်ရှင်ချင်သေးတယ်။”
“တစ်သန်း။” ချင်ယန်က မတုန်မလှုပ်ဆက်ပြောခဲ့သည်။ “စုံထောက်လန်၊ ရှင့်ရဲ့စွမ်းရည်ကို ကျွန်မယုံတယ်။ ရှင် စုံစမ်းမှုကို ပြီးမြောက်သည်ဖြစ်စေ မပြီးမြောက်သည်ဖြစ်စေ ရှင့်ကို တစ်သန်းပေးမယ်။ ဘယ်လိုလဲ။”
လန်ဖေးယန်က ဘောပင်ကိုလက်တစ်ဖက်ဖြင့်လှည့်ပြီး ကျန်လက်တစ်ဖက်ကတော့ စားပွဲကိုခေါက်နေခဲ့သည်။ သူ၏ထက်ရှသည့်အကြည့်များက ချင်ယန်ဆီသို့ ခဏမျှကျရောက်သွားပြီးနောက် ပြုံးလိုက်လေသည်။ “လက်ခံတယ်။ ဒါပေမယ့် ငါ့စည်းမျဉ်းတွေကိုတော့ မမလေးချင်သိထားပြီးဖြစ်မှာပါ။”
ချင်ယန်က ကဒ်တစ်ကဒ်ထုတ်ကာ စားပွဲပေါ်တင်လိုက်လေသည်။ “ဒီထဲမှာ ယွမ်ငါးသိန်းပါတယ်။”
“ကောင်းလိုက်တာ။” လန်ဖေးယန် ခပ်ကျယ်ကျယ်အော်ရယ်လိုက်သည်။ “ဒီလိုဆိုမှတော့ မမလေးချင်ရဲ့တောင်းဆိုချက်ကို လက်ခံရတာပေါ့။”
“ငါ ရလဒ်ကို အမြန်ဆုံးသိချင်တယ်။” ချင်ယန် ပြောလိုက်သည်။ “ကျန်းထောင်က စေ့စပ်ပွဲပြီးတာနဲ့ အဲ့ဒီကိုပြန်တော့မှာ။ သူသာ ပြန်ရောက်သွားရင် ရှင်အလုပ်ဆက်လုပ်ဖို့ ခက်ခဲသွားလိမ့်မယ်။”
လန်ဖေးယန်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ၊ သတိပေးတဲ့အတွက် မမလေးချင်ကို ကျေးဇူးတင်ပါတယ်။”
ချင်ယန်ထွက်သွားပြီးနောက် လန်ဖေးယန်သည် သူ့ဖုန်းကိုထုတ်လိုက်ကာ၊ လူတစ်ယောက်ထံသို့ ဖုန်းဆက်လိုက်လေသည်။ “Zမြို့ကိုသွားမယ့် လေယာဉ်လက်မှတ်တစ်စောင် လိုချင်တယ်။”
…..
ကျန်းမိသားစု စာကြည့်ခန်းထဲတွင်၊
“သခင်ကြီး၊ သခင်လေးက ဟိုမှာ ပုံမှန်ပါပဲ။” သခင်ကြီးကျန်း၏လူများက တင်ပြနေသည်။
သခင်ကြီးကျန်း မျက်မှောင်ကြုတ်သွားကာ သံသယအနည်းငယ်ဝင်သွားခဲ့သည်။ “အားလုံးပုံမှန်ပဲလား။”
“ဟုတ်ပါတယ်။” လက်အောက်ငယ်သားက ပြန်ဖြေခဲ့သည်။ “အကြီးဆုံးသခင်လေး ဟိုမှာရှိတုန်းက နေ့စဉ်အလုပ်မှာပဲ အချိန်ကုန်တာပါ။ သူ့ကို အလုပ်လုပ်နေတဲ့စက်တစ်ခုလို့တောင် ခေါ်ကြတယ်။”
“သူနဲ့နီးကပ်တဲ့မိန်းကလေးတွေမရှိဘူးလား။” သခင်ကြီးကျန်းက သင်္ကာမကင်းမေးလိုက်သည်။
ဒါ သိပ်တော့မဟုတ်သေးဘူး။ ဒါပေမယ့် စုံစမ်းထားတာက မှားနေတာလဲ မဖြစ်နိုင်ဘူး။
“မရှိပါဘူး။ အဆက်အသွယ်ရှိတာဆိုလို့ လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတွေပဲရှိပါတယ်။ ဒါပေမယ့် သူတို့နဲ့ တသီးတသန့်ပဲနေတာပါ။ ကိုယ်ပိုင်အချိန်မှာ ဆက်သွယ်တာမျိုးတွေမရှိပါဘူး။”
သခင်ကြီးကျန်းသည် သူ့လက်လျှောက်တုတ်ကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ရင်း အတွေးနွံထဲနစ်သွားသည်။ “ဒါဆို စုံစမ်းတာရပ်လိုက်တော့။” ဘာပဲဖြစ်ဖြစ် ထောင်အာက စေ့စပ်ဖို့ သဘောတူလိုက်ပြီးနေပြီလေ။
လက်အောက်ငယ်သားများထွက်သွားပြီးနောက် သခင်ကြီးကျန်းသည် လမ်းလျှောက်တုတ်ကို ကိုင်ထားရင်း သူ့လက်မမှကျောက်စိမ်းလက်စွပ်ကို ကျန်လက်တစ်ဖက်က ပွတ်နေခဲ့သည်။ သူက မျက်မှောင်အသာကြုတ်ရင်း အတွေးများနေလေသည်။ ခဏကြာပြီးနောက်မှာတော့ ကျန်းထောင်ကို ခေါ်ရန် သူ့လူများကို ခိုင်းလိုက်သည်။
သခင်ကြီးကျန်း၏အမူအရာက တည်တင်းနေကာ၊ “မင်း မနက်ဖြန် စေ့စပ်ပွဲမှာ ကောင်းကောင်းလုပ်။”
ကျန်းထောင်က အမူအရာကင်းမဲ့စွာပြန်ဖြေလေသည်။ “ဟုတ်ကဲ့ပါ။”
………
Imperial Palace လုပ်ငန်းစုတွင် လီယွမ်ဟန်သည်လည်း သူစုံစမ်းထားသမျှကို ကုန်းထျန်းဟောက်အား ပြန်တင်ပြနေလေသည်။
သူက သူ့လက်ထဲမှတင်ပြချက်များကို ကုန်းထျန်းဟောက်ထံကမ်းပေးလိုက်ပြီး၊ “ထျန်းဟောက်၊ ဆေးခတ်ခံရပြီး မင်းအခန်းထဲ ကျူးကျော်ခဲ့တဲ့အမျိုးသမီးက တကယ်ကို ရှောင်လင်းယွီပဲ။”
ကုန်းထျန်းဟောက် မျက်မှောင်အသာကြုတ်ကာ လေးနက်သွားလေသည်။ သူက အချက်အလက်ဖိုင်ကိုဖွင့်လိုက်ရာ ရှောင်လင်းယွီ Zမြို့တွင်ရှိစဉ်က အကြောင်းအရာအားလုံးပါဝင်လေသည်။
လီယွမ်ဟန်က၊ “အဲ့တုန်းက ရှောင်လင်းယွီက ထောင်ချောက်ဆင်ခံရပြီး ဆေးခတ်ခံထားရတယ်။ သူ ထွက်ပြေးရမယ်မှန်းသိပေမယ့် မတော်တဆ မင်းအခန်းထဲကိုဝင်မိသွားတာ။ ပြီးတော့၊ မင်း…”
ထိုအထိပြောပြီးနောက် လီယွမ်ဟန်က ခဏရပ်သွားသည်။ “မင်းအခန်းထဲက ထွက်သွားပြီးတော့ သူက မင်းရဲ့အထောက်အထားကိုသုံးပြီး ဟိုတယ်မှာ သူဆေးခတ်ခံရတဲ့သက်သေဗီဒီယိုကို ဟိုတယ်ကနေ တောင်းခဲ့တာ။ ထျန်းဟောက်၊ ကြည့်ရတာ ငါတို့ သူ့ကို အထင်လွဲသွားမိပုံပဲ။”
ထိုအချိန်တုန်းက ထိုအမျိုးသမီးသည် ကုန်းထျန်းဟောက်၏အထောက်အထားကိုအသုံးချရန် ချဉ်းကပ်လာသူဟု သူတို့ထင်ခဲ့ကြသည်။ တကယ်တမ်း သူမက ဆေးခတ်ခံရသည့် နစ်နာသူတစ်ယောက်မှန်း သူတို့ မသိခဲ့ကြပေ။
ဒါကြောင့်ပဲ ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီ၏ဗိုက်ထဲက ကလေးမှာ သူ့ကလေးဖြစ်ကြောင်း သေချာသွားတော့သည်။ ရှောင်လင်းယွီက လူစိမ်းတစ်ယောက်၏ကလေးကို ကိုယ်ဝန်လွယ်ထားရတာကြောင့် သူ့ကိုငြင်းခဲ့ခြင်းဖြစ်ကြောင်း ကျန်းထောင် ပြောခဲ့လေသည်။
ထိုအကြောင်းတွေးမိပြီးနောက် အမြဲတမ်း တည်ငြိမ်၊ သွေးအေးကာ၊ ရက်စက်တတ်သည့် သူ့နှလုံးသားက ပြောင်းလဲသွားခဲ့ပြီး စိတ်လှုပ်ရှားခြင်း၊ ပျော်ရွှင်ခြင်း၊ ရှားရှားပါးပါးကြောက်ရွံ့စိတ်များနှင့် တခြားရှုပ်ထွေးလှသည့် ခံစားချက်များ ပေါ်ပေါက်လာခဲ့သည်။
ထိုအချိန်တွင် လီယွမ်ဟန်က တွန့်ဆုတ်စွာပြောလာခဲ့သည်။ “ထျန်းဟောက်၊ အဲ့နေ့ကအမျိုးသမီးက ရှောင်လင်းယွီဖြစ်နေတယ်။ ပြီးတော့ ရှောင်လင်းယွီက ကိုယ်ဝန်လည်းရှိနေတယ်ဆိုတော့ သူ့ဗိုက်ထဲက ကလေးက…”
“ငါ့ကလေးပဲ။” ကုန်းထျန်းဟောက်၏လေသံက ပြောင်းလဲမှုမရှိသော်လည်း သူ့အကြောင်း ကောင်းကောင်းသိသည့် လီယွမ်ဟန်ကတော့ ထိုအသံထဲတွင် တုန်လှုပ်မှုတချို့ပါဝင်နေကြောင်း ပြောနိုင်လေသည်။
ကုန်းထျန်းဟောက်တစ်ယောက် ချက်ချင်းပင် ထိုင်နေရာမှ ထရပ်ကာ အပေါ်ထပ်ကုတ်အင်္ကျီကို ဆွဲယူလိုက်ပြီး လက်မောင်းပေါ်တင်လိုက်လေသည်။ “ယွမ်ဟန်၊ Zမြို့ကိုသွားမယ့် အမြန်ဆုံးလေယာဉ်လက်မှတ်ဖြတ်လိုက်။ ငါ ထောင်ယွမ်ရွာကို အမြန်ဆုံးသွားချင်တယ်။”
‘ငါ့မှာ ကလေးရှိနေပြီ၊ ငါ့မှာကလေးရှိနေပြီ။ ငါ့မှာ ကလေးတစ်ယောက်ရှိနေပြီ။’
လီယွမ်ဟန်မှာ ကုန်းထျန်းဟောက်၏ခံစားချက်ကို တစ်နည်းတစ်ဖုံ နားလည်နေမိသည်။ သူသည်လည်း ကုန်းထျန်းဟောက်အတွက် ဝမ်းသာမိလေသည်။
အရင်ကတည်းက ကုန်းထျန်းဟောက်၏ ရှောင်လင်းယွီအပေါ် အလွန်အကျူးဂရုစိုက်တတ်မှုကို သတိထားမိခဲ့သည်။ ဒါကြောင့်ပဲ သူတို့ကိုတွဲဖက်ပေးရန် သူ ဆုံးဖြတ်ထားခဲ့လေသည်။ အခုတော့ သူဘာမှတော့ လုပ်စရာမလိုတော့ပေ။
လီယွမ်ဟန်လည်း ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ “ငါအခုပဲ လေယာဉ်လက်မှတ်ဖြတ်လိုက်မယ်။ ထျန်းဟောက်၊ တခြားဘာတွေပြင်ဆင်ပေးဖို့ လိုသေးလဲ။”
ကုန်းထျန်းဟောက် အနည်းငယ်ကြောင်အသွားရသည်။ သူ နားမလည်နိုင်ခဲ့ပေ။
“ငါ ဘာတွေပြင်ဆင်သွားဖို့လိုသေးလို့လဲ။”
လီယွမ်ဟန်တစ်ယောက် ကူကယ်ရဲ့မဲ့စွာဖြင့် မျက်လုံးသာလှန်လိုက်မိတော့သည်။ “ထျန်းဟောက်၊ ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေတာလေ။ သူက မင်းရဲ့ကလေးကို လွယ်ထားရတာ။ အခုဆို ကိုယ်ဝန်က ၆လလောက်ရှိရောပေါ့။ ကိုယ်ဝန်ဆောင်သည်တွေက အာဟာရပြည့်ဝဖို့လိုအပ်တယ်လေ။”
ဒီတော့မှ ကုန်းထျန်းဟောက်လည်း ချက်ချင်းနားလည်သွားတော့သည်။
“ဟုတ်ပြီ၊ ဒါဆို အကောင်းဆုံးနို့နဲ့ တခြားအာဟာရဖြစ်စေတဲ့ပစ္စည်းတွေ အမြန်ဆုံးဝယ်ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်။”
ထို့နောက် သူက အနည်းငယ်တုံ့ဆိုင်းသွားကာ၊ “ယွမ်ဟန်၊ သီးသန့်ထုတ်တဲ့ကလေးတွန်းလှည်းလေးတစ်ခုလောက်လည်း ပြင်ခိုင်းလိုက်ဦး။ ပြီးတော့ ကလေးအိပ်ခန်း ဒီဇိုင်းဆွဲဖို့ ဒီဇိုင်နာရောပဲ။ ပြီးတော့ ကလေးအတွက်လိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုလည်း ပြင်ခိုင်းထားလိုက်။”
ထိုစကားကိုကြားပြီးနောက် လီယွမ်ဟန်က အံ့ဩတကြီးမေးလာခဲ့သည်။ “ထျန်းဟောက်၊ မင်း ဘာကို…”
“ငါ့ကလေးကို တရားမဝင်ကလေးဖြစ်ခွင့်မပေးနိုင်ဘူး။” ကုန်းထျန်းဟောက်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။
“ဟုတ်ပြီ၊ ငါနားလည်ပြီ။” လီယွမ်ဟန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချလိုက်ကာ၊ “ကမ္ဘာကြီးက တကယ်ကို အလှည့်အပြောင်းများတာပဲ။ အစောကလေးတင်က မင်းက မြို့တော်ရဲ့စိန်အဆင့်လူပျိုလေး။ ဟော.. ရုတ်တရက်ကြီး ကလေးတစ်ယောက်အဖေဖြစ်သွားပြီ။ လူတွေသာသိသွားရင် မေးတောင်ပြုတ်လောက်တယ်။”
အခုချိန်က ထိုကိစ္စကို ကြေညာဖို့ အချိန်ကောင်းမဟုတ်သေးကြောင်းကိုတော့ လီယွမ်ဟန် နားလည်ပေသည်။ သူက ထိုသတင်းကို ကုန်းထျန်းဟောက်တစ်ယောက် အေးဆေးတည်ငြိမ်စွာဖြင့် အလွယ်တကူလက်ခဲ့လိုက်သည့်အပေါ်ကိုသာ အံ့ဩမိနေခြင်းဖြစ်သည်။
“ဟုတ်ပြီလေ၊ ထျန်းဟောင်။ ငါအခုပဲ စီစဉ်စရာရှိတာတွေ သွားစီစဉ်လိုက်မယ်။”
“နေဦး။” ရုတ်တရက် ကုန်းထျန်းဟောက်က လှမ်းတားလိုက်သည်။
လီယွမ်ဟန်လည်း ရပ်လိုက်ကာ နားမလည်ဟန်ဖြင့် ပြန်လှည့်ကြည့်လိုက်ပြီး၊ “ဘာဖြစ်လို့လဲ ထျန်းဟောက်။”
“ယွမ်ဟန်၊ ဒီတစ်ခေါက် ငါ ထောင်ယွမ်ရွာမှာ ဘယ်လောက်ကြာအောင် နေဖြစ်မလဲ မသိသေးဘူး။ ကုမ္ပဏီကို မင်းကြည့်ပေးထားဖို့လိုတယ်။”
လီယွမ်ဟန်လည်း ပြုံးလိုက်ကာ၊ “ရတာပေါ့၊ ထျန်းဟောက်ရဲ့ လုပ်ပေးရမှာပေါ့။ ငါတို့က သူငယ်ချင်းတွေပဲကို။ မေးနေစရာတောင်လိုသေးလို့လား။”
ကုန်းထျန်းဟောက်လည်း ပြုံးရုံသာပြုံးပြလိုက်သည်။
….
သခင်ကြီးကုန်း စတော်ဘယ်ရီသီးခူးပြီး အိမ်ပြန်ရောက်ချိန်မှာတော့ ရှောင်ဝမ်က ကုန်းထျန်းဟောက်၏စကားကို တဆင့်ပြန်ပြောပေးလေသည်။
“အဲ့ကောင်စုတ်လေးက ရှောင်လင်းယွီဆီက ကျန်တဲ့စတော်ဘယ်ရီသီးတွေအကုန် ငါ့ကိုဝယ်ခိုင်းစေချင်တာလား။” သခင်ကြီးကုန်း နည်းနည်းတော့ အံ့ဩမိသွားသည်။ “ငါ့ကို ကောင်မလေးနဲ့ ညှိနှိုင်းစေချင်နေတာလား။”
ရှောင်ဝမ်က သူ့ခေါင်းသူသာ ကုတ်ရင်း လေးလေးနက်နက် ပြန်ဖြေလာခဲ့သည်။ “ဟုတ်ပါတယ် အကြီးအကဲ။”
သခင်ကြီးကုန်းလည်း ချက်ချင်းဆိုသလို နားမလည်နိုင်သည့်အချက်ကို ပြန်မေးလိုက်လေသည်။ “ထူးဆန်းလိုက်တာ။ အဲ့ကောင်စုတ်လေး ငါ့ကိုဘာလို့ ဒါမျိုးလုပ်ခိုင်းတာလဲ။”
“အဲ့ဒါတော့ ကျွန်တော်လည်းမသိဘူး။ အကြီးအကဲ။”
သခင်ကြီးကုန်းသည် ရှောင်ဝမ်ကိုကြည့်ရင်း မရွှင်မပြဖြင့်ပြောလိုက်သည်။ “မင်းဆီကလည်း ဘာအဖြေမှမျှော်လင့်မနေပါဘူး။ မင်းဆိုတာလေ မေးလိုက်ရင်တော့ဘာမှမသိဘဲ ငါ့အကြောင်းတွေကိုတော့ ဟိုကောင်စုတ်လေးဆီ အမြဲတမ်းခိုင်းပြီးသတင်းပေးတယ်။ မင်းက ဘယ်သူ့လူလဲ။”
ရှောင်ဝမ်က၊ “ကျွန်တော် ခိုးပြီးသတင်းပေးတာမဟုတ်ရပါဘူး။ အကြီးအကဲရဲ့ ကျန်းမာရေးအခြေအနေကို အချိန်နဲ့တပြေးညီ အကြီးဆုံးသခင်လေးသိအောင် ပြောပြပေးရုံပါ။ သခင်လေးက အကြီးအကဲအတွက် အရမ်းစိုးရိမ်နေတာလေ။”
သခင်ကြီးကုန်းက စိတ်မရှည်စွာ လက်ကိုယမ်းလိုက်ပြီး၊ “ထားလိုက်တော့ ထားလိုက်တော့။ မင်းတို့ဆီက ဒီလိုအကြောင်းပြချက်တွေ ကြားရတာ အကြိမ်ရာထောင်ချီနေပြီ။”
ရှောင်ဝမ်နှင့် ရှောင်ကျန်း၊ “…”
သူတို့နှစ်ဦး အလွန်ကိုမှ ကူရာမဲ့လှသည်။ သူတို့အနေနဲ့လည်း အကြီးဆုံးသခင်လေးကို သွားပြီး အာ,မခံနိုင်ဘူးလေ။
သခင်ကြီးကုန်းက၊ “ဟိုကောင်စုတ်လေးက ကျန်တဲ့စတော်ဘယ်ရီသီးတွေ ဝယ်ချင်တယ်ဆိုမှတော့ ငါကျန်းယန်တို့အိမ်ကို သွားရမှာပေါ့။ သူ့စတော်ဘယ်ရီသီးတွေက အလကားပေးနေသလိုကို ရောင်းနေရတာ။ ငါသာ ဘာမှမရလိုက်ရင် ဟိုကောင်လေး အလကားနေ ငါ့ကိုအပြစ်တင်နေဦးမယ်။” ထို့နောက် သခင်ကြီးက ပြောနေသည်ကို ခဏရပ်လိုက်ပြီး ရှောင်ဝမ်ကို ကြည့်လိုက်လေသည်။ “ရှောင်လင်းယွီရဲ့စတော်ဘယ်ရီသီးတွေ လက်ကားယူယူ လက်လီယူယူ ဈေးကြီးတယ်။ ဟိုကောင်လေး မင်းကို ဘယ်လောက်ဈေးနဲ့ဖြတ်ရမယ်လို့ ပြောလိုက်သေးလား။”
ရှောင်ဝမ်က ခေါင်းယမ်းလိုက်ကာ၊ “မပြောလိုက်ပါဘူး။”
ရှောင်လင်းယွီ၏ စတော်ဘယ်ရီများသည် ဈေးကြီးသည်မှန်သော်လည်း အကြီးဆုံးသခင်လေးအတွက်တော့ မှုလောက်စရာမဟုတ်ပေ။
သူက တစ်နိုင်ငံလုံးမှာ အချမ်းသာဆုံးလူလေ။
***