ရှောင်လင်းယွီကို လက်ထပ်ချင်လို့လား?
Vol. 13 Ch. 232
နောက်ဆုံးတွင် စတော်ဘယ်ရီ တစ်ကတ်တီကို ၂၀၀ ယွမ်ဖြင့် သဘောတူညီမှု ရခဲ့လေသည်။
သခင်ကြီးသည် စိတ်မကောင်းဖြစ်စွာ ပြောလေသည်။ "ဒီစတော်ဘဘေယ်ရီတွေက စျေးနည်းလိုက်တာကွာ!"
လူတိုင်း "...."
လူတိုင်းသည် စတော်ဘယ်ရီများကို စျေးအမြင့်ကြီးဖြင့် ရောင်းသည်ဟု တွေးထားကြသော်လည်း သခင်ကြီးသည် စျေးသက်သာစွာရခဲ့သည်ဟု ဆိုလေသည်။ အကယ်၍ စတော်ဘယ်ရီများကို ၂၀ သို့ ၃၀ ယွမ်ဖြင့် ဝယ်နေသူများသာသိလျှင် မည်သို့ပြောမည်နည်း။
သခင်ကြီးကုန်းထွက်သွားပြီးနောက်တွင် ဖေဖေရှောင်နှင့် မေမေရှောင်တို့သည် လေးနက်သော အသံဖြင့် "ရှောင်လင်းယွီ ညည်းပြောပါဦး။ ဘာလို့ သခင်ကြီးကုန်းဝယ်တာကို စျေးအဲ့လောက် တင်လိုက်တာလဲ"ဟု မေးလေသည်။
အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် လင်းယွီသည် ကုန်းထျန်းဟောက်ကို စတော်ဘယ်ရီများ မရောင်းလိုပေ။
သူမသည် ကုန်းထျန်းဟောက်နှင့် မည်သည့်ဆက်နွယ်မှုမှမရှိလိုသည်ဖြစ်ရာ တစ်ကတ်တီကို ၂၅၀ ယွမ်ဖြင့် သခင်ကြီးကုန်းက ကမ်းလှမ်းလာချိန်တွင် ချက်ချင်းလက်ခံခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့လုပ်လိုက်ခြင်းဖြင့် သခင်ကြီးသည် သူမကို လောဘကြီးသည်ဟုထင်ပြီး သူ၏အကြံကို လက်လျှော့သွားပြီး သူမအား စိတ်ပျက်သွားမည်ကို သူမလိုချင်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူသည် လွန်စွာကျေနပ်သွားသည့်အပြင် သူမဘက်တွင်ပင် ထောက်ခံလေသည်။
သူမသည် သူ့အားနားမလည်နိုင်တော့ပေ။ ထို့အပြင် သူတို့နေထိုင်ရာ လောကသည်လည်း ကွာခြားပေသည်။
သူမသည် သက်ပြင်းလေးချလိုက်ပြီး "အဖေ အမေ သမီးနောက်ကျ ရှင်းပြပါ့မယ်။ အခုအခြေအနေတွေက ရှုပ်ထွေးနေတော့ ရှင်းပြဖို့ မဖြစ်နိုင်သေးလို့ပါ"ဟု ပြောလေသည်။ ရှောင်ထုန်၏ သရုပ်မှန်သာ ပေါ်သွားလျှင် ဒီကိစ္စကို ဆွေးနွေးနိုင်ပြီဖြစ်သည်။
သူမသည် စတော်ဘယ်ရီအားလုံးကို သခင်ကြီးကုန်းထံသို့ မရောင်းခဲ့ချေ။ စတော်ဘယ်ရီများကို လူသိများလာစေရန်နှင့် ထောင်ယွမ်ရွာ၏ နာမည်ကို ကျော်ကြားစေရန် လုပ်ဆောင်ရဦးမည်ဖြစ်ပြီး ထို့အတွက် သူမသည် အချို့စတော်ဘယ်ရီများကို တိုင်းပြည်အနှံ့ ရောင်းချရမည်ဖြစ်သည်။
သူမသည် သခင်ကြီးကုန်းကို ၅၀၀၀ ကတ်တီရောင်းချခဲ့ပြီး တစ်နည်းအားဖြင့်ဆိုလျှင် တစ်ခါတည်း ယွမ် ၁သန်း ရလိုက်ခြင်းဖြစ်သည်။ သခင်ကြီးသည် စနောက်ပင်နေလိုက်သေးသည်။ "အရင်က ဒီစတော်ဘယ်ရီတွေကနေ အနည်းဆုံး၁သန်းစုနိုင်တယ်လို့ မင်းယုံကြည်ချက်ရှိရှိပြောခဲ့တာကို မှတ်မိသေးတယ်။ အခုတောင် ငါက ၁သန်းပေးနေရပြီ"
လင်းယွီ၏ စတော်ဘယ်ရီများသည် တန်ဖိုးမြင့်လာသည်နှင့် စျေးနှုန်းများမှာလည်း မြင့်တက်လာပြီး နာမည်ကြီးလာသည်နှင့်အမျှ သူမမျှော်လင့်ထားသည်ထက်ပင် စျေးနှုန်းမှာမြင့်သွားလေသည်။
အရောင်းအဝယ်လုပ်ပြီးသည်ဖြစ်ရာ လင်းယွီသည် စတော်ဘယ်ရီများကို ကုန်းမိသားစုအတွက် ထုပ်ပိုးလေသည်။
အိမ်ပြန်ရောက်သည်နှင့် ရှောင်ဝမ်သည် ခေါင်းကုတ်လေတော့သည်။ သခင်ကြီးကုန်းသည် သူ့ကိုကြည့်လိုက်ပြီး စိတ်မရှည်စွာဖြင့် "ကဲ ဘာပြောချင်နေတာလဲ ပြောစမ်း"ဟု မေးလေသည်။
ရှောင်ဝမ်သည် မနေနိုင်ဘဲ မေးလေတော့သည်။ "သခင်ကြီးက ဘာလို့ ဒီလောက် စျေးကြီးပေးဝယ်ရတာလဲ တစ်ကတ်တီကို ၂၀၀ ယွမ်တောင်။ အကယ်၍ ရှောင်လင်းယွီကသာ ၂၀၀၀၀ ကတ်တီ ရောင်းလိုက်မယ်ဆိုရင် ၄သန်းတောင် ကျသွားမှာ။ အကြီးဆုံးသခင်လေးက ချမ်းသာတယ်ဆိုပေမယ့် အခုလို သုံးလိုက်တာက ဖြစ်သင့်တယ်မထင်ဘူးနော်"
သခင်ကြီးကုန်းသည် ရှောင်ဝမ်ကို ကြည့်လိုက်ပြီး စိတ်ရှုပ်သည့် လေသံဖြင့် ပြောလေသည်။ "မင်းဘာသိလို့လဲ။ လင်းယွီရဲ့ စတော်ဘယ်ရီတွေက ဒီစျေးနဲ့တန်တယ်။ သူတို့စျေးနည်းနေတာက စတော်ဘယ်ရီတွေ သိပ်နာမည်မကြီးသေးလို့ပဲ။" သူသည် သက်ပြင်းချလိုက်ပြီး ဆက်ပြောလေသည်။ "လင်းယွီအတွက် စိတ်မကောင်းဘူး။ စျေးစကမ်းလှမ်းတာက ငါကို သူကအဆူခံလိုက်ရတယ်။ ရှောင်ကျန်းယန်နဲ့ သူ့မိန်းမက တစ်ကယ့်ကို ရိုးသားတဲ့သူတွေပဲ။"
လင်းယွီသည် ပြင်ပကမ္ဘာသို့ ရောက်ဖူးသည်ဖြစ်ရာ ဤစတော်ဘယ်ရီများမှာ ထိုစျေးနှင့်တန်သည်ကို သိသဖြင့် သူမလက်ခံလိုက်ခြင်းဖြစ်သည်။ သို့သော် သူမ၏မိဘများမှာ သာမန်လယ်သမားသာဖြစ်ကြပြီး ပိုက်ဆံတစ်ကျပ်ကိုပင် စုဆောင်းရန် ခက်ခဲစွာ ချွေတာစီစစ်ရလေသည်။ သို့သော် တစ်နှစ်ကြာမျှ အလုပ်လုပ်သော်လည်း များစွာမစုမိချေ။ ထို့ကြောင့် သူတို့အတွက် စတော်ဘယ်ရီတစ်လုံး ဤမျှအဖိုးတန်နေခြင်းအပေါ် မယုံနိုင်ကြခြင်းဖြစ်လေသည်။ သူတို့သည် လင်းယွီက လောဘကြီးပြီး သခင်ကြီးကုန်းထံမှ မတရားယူနေသည်ဟု ထင်ကြလေသည်။
သူတို့၏စိတ်ထဲတွင် အသီးနှင့် ဟင်းသီးဟင်းရွက်များသည် စျေးမကြီးသင့်ဟု ယူဆထားကြေလသည်။ ထို့ကြောင့် စတော်ဘယ်ရီများမှာ အရသာရှိသည် မှန်သော်လည်း ထိုမျှစျေးဖြင့် မရောင့်သင့်ချေ။
ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် အချင်းချင်း ကြည့်လိုက်လေသည်။
သခင်ကြီးကုန်းသည် စကားဆက်ပြောလေသည်။ "လင်းယွီကို ကျန်းယန်နဲ့ ချိုးယင်းတို့ ပျိုးထောင်တာပဲ။ ဘယ်လောက် လောဘကြီးမှာမို့လို့လဲ။" ထို့ကြောင့် သူသည် တစ်ခုခုကိုမသင်္ကာသဖြင့် မေးလေသည်။ "ပြီးတော့ သူဒီစျေးနဲ့လက်ခံလိုက်တာက သူက လောဘကြီးတယ်လို့ ငါ့ကိုမြင်စေချင်လို့ထင်တယ်"
ရှောင်ဝမ် သည် မျက်မှောင်ကြုတ်၍ "သူကဘာလို့ အဲ့လိုလုပ်ရမှာလဲ"ဟု မေးလေသည်။
"ငါလည်းမသိဘူး။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ပုံစံက ထူးဆန်းနေသလိုပဲ" သခင်ကြီးသည် ခေါင်းခါ၍ ပြောလေသည်။
ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် သခင်ကြီးဘေးတွင် အမြဲရှိနေတတ်ကြပြီး သူတို့အနေဖြင့် သူမနှင့် ပတ်သက်ပြီး မည်သည့် ထူးဆန်းသည့်အချက်မှ မတွေ့မိချေ။ သခင်ကြီးနှင့် တွေ့သည့်အချိန်တိုင်းတွင် သူမသည် ခါတိုင်းကဲ့သို့ ရိုကျိုးလေးစားပြီး ကောက်ရိတ်ချိန်တိုင်းတွင်လည်း သူမတို့မိသားစုသည် အမြဲလာပို့တတ်သည်ဖြစ်သည်။
သခင်ကြီးကို သူမပေးဖူးသည့် လှပသောပန်းများကိုလည်း သတိရနေဆဲဖြစ်သည်။ ထောင်ယွမ်ရွာစံနှုန်းနှင့်ဆိုလျှင် ရှောင်မိသားစုမှာ လူချမ်းသာစာရင်းဝင်များဖြစ်ပြီး တစ်ကယ်တမ်းတွင် ချမ်းသာသည်ဟု ပြောမရချေ။ သူတို့သည် ပန်းများရောင်းမည်ဆိုပါက ယခုထက်ပို၍ကောင်းသောဘဝ ရနိုင်လေသည်။
သခင်ကြီးသည် ခေတ္တစဉ်းစားလိုက်ပြီး "ထားပါ ဒီကိစ္စကို၊ ဘာပဲဖြစ်ဖြစ် အဲ့မိန်းမလေးကို သဘောကျနေတုန်းပါပဲ။ ပြောရင်းနဲ့မှ လင်းယွီလွယ်ထားတာ ဘယ်သူ့ကလေးလဲ" သိလိုစိတ်ဖြင့် မေးလေသည်။
ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် အချင်းချင်း ကြည့်လိုက်ကြလေသည်။
ထို့နောက် ရှောင်ကျန်းက "လင်းယွီက Zမြို့မှာ ဆေးခတ်ခံပြီး အမျိုးသားတစ်ယောက်နဲ့ အတူတူနေမိခဲ့တယ်လို့ ကြားရပါတယ်။ ဒါပေမယ့် အဲ့အမျိုးသားက ဘယ်သူလဲတော့ မသိရပါဘူး"ဟု ဖြေလေသည်။
"ဒါဆိုရင် သူလွယ်ထားတာ တရားမဝင်ကလေးပေါ့" သခင်ကြီးသည် စဉ်းစားပြီးပြောလေသည်။
"ဟုတ်ပါတယ်" ရှောင်ကျန်းက ဖြေလေသည်။
"တွေးကြည့်ရင် သူ့မိဘတွေက သူ့သမီးကို အရမ်းချစ်တော့ ဒီကလေးကိုမွေးဖို့ ခွင့်မပြုလောက်ဘူး။ ဘာလို့ခွင့်ပြုလိုက်တာပါလိမ့်" သခင်ကြီးသည် စဉ်းစားရခက်သွားလေသည်။
ထို့အပြင် အဘယ့်ကြောင့် ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့က ထိုကိစ္စကို သိနေရပါသနည်း။
သခင်ကြီးသည် လင်းယွီ၏ အပြုအမူနှင့် သူမလွယ်ထားသော ကလေးနှင့်ပတ်သက်၍ စိတ်ထဲတွင် တစ်မျိုးတစ်မည် ခံစားမိလေသည်။
သူသည် ဤခံစားချက်ကို ရနေလေသည်။
သခင်ကြီးသည် ရှောင်ကျန်းယန်တို့ မိသားစုကို လွန်စွာသဘောကျပြီး ရှောင်လင်းယွီကိုလည်း သဘောကျလေသည်။ သူမသည် စဉ်းစားတွေးခေါ်နိုင်စွမ်းရှိပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သော မိန်းမလှလေးတစ်ယောက် ဖြစ်လေသည်။ သူမသည် ခေတ်သစ်အမျိုးသမီး မျိုးဆက်သစ်များ၏ ကိုယ်စားလှယ်ပင်ဖြစ်ချေတော့သည်။
သူမ၏တစ်ခုတည်းသောပြစ်ချက်မှာ လက်မထပ်ရသေးခင် ကိုယ်ဝန်ရသွားခြင်းဖြစ်လေသည်။
ယခု သူမသည် ဆေးခတ်ခံရသဖြင့် ယခုလိုဖြစ်သွားခဲ့ရသည်ကို သခင်ကြီးသိသောအခါ လွန်စွာ ဒေါသဖြစ်လေသည်။ "တစ်ယောက်ယောက်ကို စုံစမ်းဖို့လွှတ်လိုက်။ အဲ့ကောင်ဘယ်သူလဲဆိုတာ ငါသိချင်တယ်"ဟု သခင်ကြီးက ပြောလေသည်။
ထိုလူကကိုရှာရန်မှာ လိုအပ်လေသည်။ သူ့အနေဖြင့် တာဝန်မယူလျှင်ပင် လင်းယွီနှင့် သူ့ကလေးကို ဖြေရှင်းချက်ပေးသင့်ပေသည်။
ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် အချင်းချင်း ကြည့်လိုက်ကြလေသည်။ 'သူဘာလို့ လင်းယွီကို ဒီလောက်ဂရုစိုက်နေတာလဲ။ သူ့ကိုချစ်မိသွားပြီး လက်ထပ်ချင်လို့များလား'
သူတို့နှစ်ယောက် ထိုကိစ္စကို တွေးမိလိုက်ချိန်တွင် ခေါင်းများပင် ထုံသွားလေသည်။ ထို့အပြင် သူတို့သည် အနည်းငယ်ပင် ထိတ်လန့်သွားလေသည်။
သခင်ကြီး၏ ခန္ဓာကိုယ်သည် ကျန်းမာသည်ထက် ကျန်းမာလာပြီး ဒေါက်တာဟွမ် ပြောပုံအရ ယခုအတိုင်းဆက်သွားမည်ဆိုလျှင် သခင်ကြီးသည် အသက်၁၀၀ထိနေရမည်ဖြစ်သည်။
သခင်ကြီး၏ ငွေကြေးနှင့် အဆင့်အတန်းကြောင့် မိန်းမတစ်ယောက်ထပ်ယူရန်မှာ မခက်ချေ။ ပေကျင်းမှာပင် သခင်ကြီးက မိန်းမယူမည်ဟု သတင်းလွှင့်လိုက်လျှင် ငယ်ရွယ်သောအမျိုးသမီးလေးများ တန်းစီလာကြမည်ဖြစ်သည်။ သခင်ကြီးကို လက်ထပ်လိုက်ခြင်းသည် ကုန်းမိသားစုထဲကို ဝင်ရောက်လိုက်ခြင်းဖြစ်ပြီး အာဏာနှင့် ငွေကြေးအမြောက်အများ ရရှိနိုင်သည့်အတွက် ထိုနေရာကို လိုချင်သူများမှာ မရေတွက်နိုင်အောင် ရှိပေသည်။
သို့သော် သခင်ကြီးသာ လင်းယွီကို ယူမည်ဆိုပါက ကြေကွဲဖွယ်သာဖြစ်ပေလိမ့်မည်။
လင်းယွီတွင် နောက်ခံအင်အားသို့မဟုတ် ရာထူးအဆင့်အတန်းများမရှိချေ။ အရေးကြီးဆုံးအချက်မှာ သခင်လေးသည် လက်မထပ်ရသေးခြင်းဖြစ်သည်။
လင်းယွီသာ သခင်ကြီး၏ နောက်မိန်းမဖြစ်လာပါက အာဏာကြီးသောလူများ၏ အမြင်တွင် သူမသည် ဆူးတစ်ခုကဲ့သို့ ဖြစ်လာမည်ဖြစ်သည်။ သူမသည် ရွာမှလာခဲ့သူဖြစ်ပြီး ရာထူးနှင့် အာဏာမရှိသည့်အတွက် နှိမ်ခံရမည်ဖြစ်သည်။
သူတို့နှစ်ယောက်သည် ထိုကိစ္စကို တွေးမိလိုက်သောအခါ တုန်လှုပ်သွားလေသည်။
ထို့ကြောင့် လင်းယွီကို သခင်ကြီး လက်ထပ်မည့်ကိစ္စသည် မတွေးရဲစရာပင်ဖြစ်လေသည်။
ရှောင်ဝမ်သည် သတ္တိမွေးလိုက်ပြီး အရဲစွန့်ကာ မေးလေသည်။ "သခင်ကြီးက လင်းယွီကို လက်ထပ်ချင်လို့လား။ မဟုတ်ရင် ဘာလို့ သူ့အတွက် ဒီလောက်ပူပန်ပေးနေရတာလဲ"
သခင်ကြီး၏ မျက်နှာသည် မဲမှောင်သွားလေသည်။
သူသည် စိတ်ဆိုးစွာဖြင့် "မင်းတို့ဘာတွေ လျှောက်ပြောနေတာလဲ။ သူ့ကိုဂရုစိုက်တယ်ဆိုတာက သူကစိတ်ရင်းကောင်းပြီး ကြင်နာတတ်တဲ့ ဂျူနီယာလေးမို့ပဲ။ မင်းတို့ဘယ်လိုတွေ တွေးနေတာလဲ။" သူသည် စကားဆက်မပြောခင် သူတို့အား စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ "ငါလင်းယွီကို သဘောကျတာက သူ့ကို ငါ့မြေးမလေးအဖြစ် ရွေးချင်လို့ပဲ"
"ငါကဘာလို့ ငါ့မြေးအရွယ်လောက်ရှိတဲ့ မိန်းကလေးကို အဲ့လိုမဟုတ်တာ တွေးရမှာလဲ။ အဲ့တော့ သတင်းအမှားတွေဖြန့်ပြီး ငါနဲ့နဲ့ ကလေးမလေးရဲ့ ဂုဏ်သတင်းကို မဖျက်ကြနဲ့။ လင်းယွီအတွက်က အခုကိုခက်ခဲနေပြီ။ နောက်ထပ်ပြဿနာ မပေးချင်စမ်းနဲ့" သခင်ကြီးသည် ပြင်းထန်စွာ သတိပေးလေသည်။
ဂုဏ်သတင်းဆိုသည်မှာ စကားအနည်းငယ်ကြောင့် ပျက်စီးသွားနိုင်သော်လည်း ကောင်းမွန်စွာ တည်ဆောက်ရန်မှာ တစ်သက်လုံးအချိန်ယူရလေသည်။
ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် ရှက်သွားကြလေသည်။ ဖြစ်နိုင်လျှင် သူတို့သည် တွင်းတူး၍သာ ပုန်းနေလိုတော့ပေသည်။ သူတို့၏ခန့်မှန်းမှုများသည် ရိုင်းသွားသည်ကို တွေးမိသောအခါ မျက်နှာများ ထူပူလာကြသည်။
"တောင်းပန်ပါတယ် သခင်ကြီး" သူတို့နှစ်ယောက်စလုံးသည် ချက်ချင်းပြောလိုက်ကြလေသည်။ အနည်းဆုံးတော့ သူတို့သည် အမှားဝန်ခံလိုစိတ် ရှိကြပေသည်။
ကိုယ့်အမှားကိုယ် ဝန်ခံလိုစိတ်ရှိခြင်းသည် စစ်သားတစ်ယောက်၏ စံနှုန်းတစ်ခုပင် ဖြစ်လေသည်။
"ဟုတ်ပါပြီ နောက်တစ်ခါတော့ ဂရုစိုက်ကြ" သခင်ကြီးက ပြောလေသည်။
"ဟုတ်ကဲ့" နှစ်ယောက်စလုံးသည် ပြိုင်တူထူးလိုက်ကြလေသည်။
သခင်ကြီးကုန်းသည် ခေတ္တစဉ်းစားလိုက်ပြီးနောက် ပြောလေသည်။ "ရှောင်ဝမ် ငါစတော်ဘယ်ရီ ကတ်တီ ၅၀၀၀မှာထားတယ်။ ပြီးတော့ လင်းယွီက ကျန်တာတွေကို ရောင်းဖို့ဆန္ဒမရှိတဲ့အကြောင်း အဲ့ကောင်ကို သွားပြောလိုက်"
"ဟုတ်ကဲ့ သခင်ကြီး"
"ရှောင်ကျန်း သွားပြီးတော့ စုံစမ်းလာခဲ့။ လင်းယွီနဲ့ အိပ်ခဲ့တဲ့လူက ဘယ်သူလဲဆိုတာကို"
"ဟုတ်ကဲ့ သခင်ကြီး"
ရှောင်ဝမ်သည် ကုန်းထျန်းဟောက်ကို အကြောင်းကြားရန် ဖုန်းဆက်လိုက်လေသည်။
သို့သော် သူ၏အတွင်းရေးမှူးမှ CEOသည် အလုပ်ခရီးထွက်သွားကြောင်း ပြောလေသည်။ သူသည် ကုန်းထျန်းဟောက်၏ ဖုန်းကိုဆက်လိုက်သော်လည်း သူ့ဖုန်းမှာ စက်ပိတ်ထားလေသည်။
အိမ်ဖုန်းကိုဆက်လိုက်သောအခါ အစေခံမှ အကြီးဆုံးသခင်လေးမှာ အလုပ်ခရီးသွားကြောင်း ဖြေလေသည်။
ရှောင်ဝမ်သည် ထိုကိစ္စကို သခင်ကြီးထံ တင်ပြလေသည်။ "သခင်ကြီး အကြီးဆုံးသခင်လေးက အလုပ်ခရီးသွားတယ်လို့ ပြောပါတယ်။ သူ့ဖုန်းကလည်း စက်ပိတ်ထားပါတယ်။ ဒါဆိုရင် သူလေယာဉ်ပေါ်မှာ ရှိနေမယ်ထင်ပါတယ်။"
သခင်ကြီးသည် ခဏတွေးလိုက်ပြီး "ဒါဆို လီယွမ်ဟန်ကို ခေါ်လိုက်"ဟု ပြောလေသည်။
"ဟုတ်ကဲ့"
သူသည် လီယွမ်ဟန်ကို ဖုန်းခေါ်လိုက်ရာ ဖုန်းဝင်သွားလေသည်။
"အတွင်းရေးမှူးလီ၊ ကျွန်တော် ရှောင်ဝမ်ပါ"
လီယွမ်ဟန်သည် သူ့အား ဖုန်းဆက်လာခြင်းကို မအံ့သြပေ။
"ဘာကိစ္စရှိလို့လဲ ရှောင်ဝမ်"
"အတွင်းရေးမှူးလီ သခင်ကြီးက တစ်ကတ်တီကို ၂၀၀ ယွမ်နဲ့ စတော်ဘယ်ရီ ၅၀၀၀ ကတ်တီ ဝယ်ခဲ့တယ်။ ဒီကိစ္စကို သခင်လေးကို ပြောမလို့ ဖုန်းဆက်မရတာနဲ့ ဆက်လိုက်တာပါ"
သူသည် စျေးကိုကြားလိုက်သည်နှင့် ဒူးခွေချင်သလိုပင် ဖြစ်သွားလေသည်။ 'စတော်ဘယ်ရီသီးတစ်ကတ်တီက ဒီလောက်တောင် စျေးကြီးရသလား။ ၅၀၀၀ ကတ်တီဆို ၁သန်းတောင်'
သို့သော် ၁သန်းဆိုသည်မှာ Imperial Palaceအတွက် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်လေသည်။
လီယွမ်ဟန်သည် သခင်ကြီးအနေဖြင့် လက်ကျန်စတော်ဘယ်ရီများကို ဝယ်ယူလိုခြင်းအပေါ် နားမလည်ပေ။ အကုန်လုံးကိုဝယ်မည်ဆိုလျှင် ၄သန်းမက ကျသင့်မည်ဖြစ်သည်။
လီယွမ်ဟန်သည် အသံကို နှိမ့်လိုက်ပြီး "ဟုတ်ကဲ့ သိပါပြီ ဥက္ကဌကို ပြောလိုက်ပါ့မယ် ရှောင်ဝမ်။" ထို့နောက် သူသည် ခေတ္တစဉ်းစားလိုက်ပြီး "ရှောင်ဝမ်၊ ဥက္ကဌက အခု ထောင်ယွမ်ရွာကို သွားတဲ့ရထားပေါ်မှာ ဒီနေ့အတွင်းအဲ့ကိုရောက်လိမ့်မယ်။"ဟု ပြောလေသည်။
ထိုကိစ္စကို ကြားလိုက်ရချိန်တွင် ရှောင်ဝမ် အံ့သြသွားလေသည်။
"အကြီးဆုံးသခင်လေးက ထောင်ယွမ်ရွာကို လာမယ်ဟုတ်လား" ရှောင်ဝမ်သည် အသံကိုမြင့်၍ပြောလေသည်။ သခင်ကြီးသည် အဝေးမှ ကြားသွားသဖြင့် သူသည်လာ၍ ဖုန်းကဆွဲယူလိုက်ကာ မေးလေသည်။ "အဲ့ကောင်စုတ်လေးက ဒီနေ့လာမှာလား"
"ဟုတ်ပါတယ် သခင်ကြီး။ ဥက္ကဌက လုပ်စရာကိစ္စလေးရှိတယ်လို့ ပြောပါတယ်"ဟု လီယွမ်ဟန်က ရိုကျိုးစွာ ဖြေလေသည်။
"ငါတစ်ယောက်လုံးရှိနေတာကို သူကဘာကိစ္စ ကိုယ်တိုင်လာရတာလဲ" သခင်ကြီးသည် စဉ်းစားမရဖြစ်သွားလေသည်။
"ဒါက ကိစ္စကောင်းပါ သခင်ကြီး အချိန်ကျလာရင် ဥက္ကဌက သခင်ကြီးကို အံ့အားသင့်စရာတစ်ခုခု ပေးမှာပါ"
သခင်ကြီး၏ မြေးမှာ ထူးချွန်ထက်မြက်သူ ဖြစ်လေသည်။ သူသည် အံ့အားသင့်ဖွယ်မှာ ကောင်းသည့်အရာသာဖြစ်ဖို့ မျှော်လင့်မိလေသည်။
သခင်ကြီးသည် နှာခေါင်းရှံ့လိုက်ရင်း "ဟမ်...ဒီကောင်စုတ်လေးက ဘာပေးမှာမို့လို့လဲ။ ငါ့အတွက် မိန်းမအသစ်ရှာပေးမလို့လား။ ဒါဆိုရင်တော့ အံ့သြစရာဖြစ်မှာပဲ"ဟု ပြောလေသည်။
ဖုန်းချလိုက်ပြီးချိန်တွင် သခင်ကြီးသည် ကုန်းထျန်းဟောက်ပေးမည့် လက်ဆောင်အကြောင်းကို စဉ်းစားနေလေသည်။
"ရှောင်ဝမ် သူငါ့ကို ဘာပေးမယ်လို့ မင်းထင်လဲ"
"ကျွန်တော်မသိပါဘူး သခင်ကြီး" ရှောင်ဝမ်သည် ခေါင်းခါ၍ ေဖြလေသည်။
အကြီးဆုံးသခင်လေးမှာ ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည့်သူဖြစ်သည့်အတွက် သူ့အတွေးကို မှန်းမရပေ။
ဒီနေ့တွင် သခင်ကြီးသည် ဒီကိစ္စအကြောင်းကိုသာ စဉ်းစားနေသည်ဖြစ်ရာ စတော်ဘယ်ရီခြံကိုသွား၍ စတော်ဘယ်ရီများ ခူးနေချိန်တွင် စိတ်နှင့် လူမကပ်ဘဲ ဖြစ်နေလေသည်။
သူသည် ဝင်ပေါက်ကိုသာကြည့်နေပြီး သူ့မြေးလာမည်ကို မျှော်နေလေသည်။
"သခင်ကြီး နေမကောင်းဘူးလား" မေမေရှောင်က သခင်ကြီး စိတ်နှင့်လူနှင့်မကပ်သည်ကို သတိထားမိသဖြင့် စိုးရိမ်ကာ မေလေသည်။ "ပြန်ပြီးနားလိုက်ပါ့လား သခင်ကြီး" မည်သို့ပင်ဆိုစေကာမူ သခင်ကြီးသည် အသက်ကြီးပြီဖြစ်၍ မကြာမကြာ နားသင့်လေသည်။
"ငါအဆင်ပြေပါတယ်။ စတော်ဘယ်ရီ ဆက်ခူးလိုက်ဦးမယ်"
ဤအချိန်တွင် ဇိမ်ခံကားတစ်စီးသည် ထောင်ယွမ်ရွာ ဝင်ပေါက်သို့ ရောက်လာလေသည်။
***