← Chapters

သင်ကြား​ရေး

Vol. 14 Ch. 234

သင်ကြား​ရေး

Vol. 14 Ch. 234

ကုန်းထျန်းဟောက်သည် လေယာဉ်​​ပေါ်တွင် ရောက်​နေစဉ် လီယွမ်ဟန်သည် သူတင်ပြစရာများ ကျန်​နေ​သေးသည်ကို သတိရ​လေသည်။

ထို့​ကြောင့် သူသည် ချက်ချင်းဖုန်း​ခေါ်လိုက်​သော်လည်း ကုန်းထျန်းဟောက်၏ဖုန်းမှာ စက်ပိတ်ထား​လေသည်။

သူ့တွင် လေယာဉ်​ရောက်ချိန်ကို တွက်ချက်ပြီး ဖုန်း​ခေါ်ရန်မှတစ်ပါး အခြားမရှိ​တော့​ချေ။

ကုန်းထျန်းဟောက် လေယာဉ်​​ပေါ်က ဆင်းသည်နှင့် လီယွမ်ဟန်ထံမှ ဖုန်းဝင်လာ​လေသည်။

"ထျန်းဟောက်, ရှောင်လင်းယွီက ဟိုတယ်က​နေ ဗွီဒီယို သက်​သေ ယူသွားပြီး​တော့ ဟွေ့ချင်အုပ်စုဆီသို့ သွားခဲ့​တယ်။ ဒါ​ပေမယ့် သူက လူတစ်​ယောက်ကို သူ့ရဲ့တစ်ညတာအ​ဖော်အဖြစ် သရုပ်​ဆောင်​ပေးဖို့ ခေါ်သွားတယ်" လီယွမ်ဟန်က ပြောလေသည်။

ကုန်းထျန်းဟောက်သည် တစ်ညတာအ​ဖော်ဟု ကြား​သောအခါ မျက်​မှောင်ကြုတ်ပြီး အေးစက်စွာ "ဆက်​ပြော"ဟု ပြော​လေသည်။

လီယွမ်ဟန်သည် သူ့အ​ကြောင်းကို သိ​ပြီးသားဖြစ်၍ သူစိတ်ဆိုး​နေမှန်းသိ​​လေသည်။

"အဲ့လူက Zမြို့မှာ အကြီးဆုံးဖြစ်တဲ့ ယန်လုပ်ငန်းစုရဲ့ ဥက္ကဌ ယန်စစ်မင်ပါ။ သူက ရှောင်လင်းယွီ နဲ့အတူသရုပ်​ဆောင်​ပေးပြီး သူ့အစား အပြစ်ပါ​ပေးလိုက်​သေးတယ်။ သူ ဟွေ့ချင်အုပ်စုကို သွားလိုက်တာနဲ့ အဲ့အုပ်စုရဲ့ ဥက္ကဌကျောက်ဟွေ့ချင်နဲ့ သူ့သမီး ကျောက်ဝမ်မန့်တို့က လူသတ်မှုနဲ့ အဖမ်းခံလိုက်ရတယ်။

ကျောက်ဝမ်မန့်က ကျောက်မိသားစုရဲ့ သမီးဖြစ်ပြီး​တော့ ရှောင်လင်းယွီရဲ့ ရည်းစား​ဟောင်းနဲ့ ပတ်သက်​နေတယ်။ ရှောင်လင်းယွီကို ချောက်ချပြီး သူ့ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တာလည်း သူပဲ"

ထိုစကားကို ကြားလိုက်ချိန်တွင် ဖုန်းကိုင်ထား​သော ကုန်းထျန်းဟောက်၏ လက်များသည် တင်းကြပ်လာ​လေသည်။

"ယန်စစ်မင်က ရှောင်လင်းယွီကို ကူညီ​ပေးပြီးတဲ့​နောက် သူ့ကိုလက်ထပ်ဖို့​ပြောတယ်လို့ ကြားထားပါတယ်။" လီယွမ်ဟန်သည် ထိုစကားကို​ပြောရခြင်းမှာ စိတ်မသက်မသာဖြစ်​စေ​​သော်လည်း တင်ပြရန်အ​ရေးကြီးသည်ဟု ထင်ခြင်း​ကြောင့် ပြောလိုက်ခြင်း ဖြစ်သည်။ "ဒါ​ပေမယ့် ရှောင်လင်းယွီက သ​ဘောမတူဘဲ ဆေးရုံက​​နေထွက်​​ပြေးခဲ့ပြီး​တော့ အခု ထောင်ယွမ်ရွာမှာ ရောက်​နေပါတယ်။"

လီယွမ်ဟန်သည် ဆက်​ပြော​လေသည်။ "ရှောင်လင်းယွီ ရွာကို ပြန်​ရောက်ပြီး ၁လ​ကျော်အကြာမှာ သူ့ရဲ့ ရည်းစားဟာင်းမိသားစုဖြစ်တဲ့ ချန်းမိသားစုက လာ​​သောင်းကျန်းကြပါတယ်။ ရန်အကြီးအကျယ်ဖြစ်သွားကြပြီး ရှောင်လင်းယွီလည်း နာမည်ပျက်ပြီး သူ့မိဘ​တွေလည်း ဒဏ်ရာရကုန်ပါတယ်။ အဲ့ကိစ္စကို ဖြေရှင်း​ပေးခဲ့တာကလည်း ယန်စစ်မင်ပါပဲ။ သူက ရှောင်မိသားစုကို အကူအညီအများကြီး ပေးခဲ့တာပါ။"

ထိုစကားကို​ပြောချိန်တွင် လီယွမ်ဟန်သည် သက်ပြင်းချလိုက်​လေသည်။ သခင်လေးကျန်းသည် ကုန်းထျန်းဟောက်၏ ပြိုင်ဘက်ဖြစ်မလာဘဲ ယန်စစ်မင် ဖြစ်​နေလေသည်။

"အခြား​ရော ဘာရှိ​သေးလဲ" ကုန်းထျန်းဟောက်က မေးလသည်။

"အခုထိစုံစမ်းရသ​လောက်က​တော့ ဒါပါပဲ" လီယွမ်ဟန်က ဖြေ​လေသည်။

ကုန်းထျန်းဟောက်သည် ဖုန်းချလိုက်ပြီး ခရီး​ဆောင်အိတ်ကို ဆွဲကာ ထွက်လာ​လေသည်။ သို့သော် သူ၏​ခြေလှမ်းများ မြန်​နေသည်ကို အခြားသူများ သတိထားမိနိုင်သည်။

......

ရှောင်ရှောင်းဟွေ့သည် ယန်မောင်နှမကို အိမ်​ခေါ်လာ​လေသည်။

ထို​မောင်နှမသည် ခြံဝန်းထဲတွင် ပျင်းရိစွာ လဲ​လျောင်း​နေ​သော မိန်းက​လေးတစ်ဦးဆီ အာရုံရောက်သွားကြ​လေသည်။

တစ်​ယောက်သည် သိလိုစိတ်ဖြင့် မျက်နှာကို ကြည့်ပြီး ကျန်တစ်​ယောက်သည် အတည်ပြုနိုင်ရန် သူမ၏ဝမ်းဗိုက်ကို ကြည့်​လေသည်။

"ဒါက မိတ်​ဆွေ​လေးရဲ့အစ်မကိုး။ တစ်ကယ်လှတာပဲ" ယန်ရူယွီက ချီးကျူး​လေသည်။

'သူတစ်ကယ်ပဲ ကိုယ်ဝန်ရှိ​နေတာကိုး' ယန်စစ်မင်၏ ချော​​မော​သောမျက်နှာမှာ ခက်ထန်လာပြီး လက်သီးများကို ဆုပ်လိုက်သဖြင့် သွေး​​ကြောများပင် ပေါ်လာ​လေသည်။ ဤသည်မှာ သူ​ဒေါသထွက်နေကြောင်း အရိပ်အမြွက်ပင်ဖြစ်သည်။

ရှောင်လင်းယွီသည် အဖြူ​ရောင်ဂါဝန်ကို ဝတ်ထားပြီး နောက်မှီကုလားထိုင်တွင် မှီကာလဲလျောင်းနေပြီး ဗိုက်​ပေါ်လက်တင်ထားကာ မျက်နှာတွင် နူးညံ့​သော ပြုံးရိပ်​လေး သန်းနေပေသည်။

ယန်စစ်မင်သည် မယုံနိုင်​အောင် ဖြစ်​နေ​လေသည်။ သူမ၏ဗိုက်ထဲမှ က​လေးသည် ဖခင်မဲ့ဖြစ်၍ ဤက​လေးကို ဆက်လွယ်ထားခြင်းသည် အဘယ့်​ကြောင့်နည်း။ သူသည် ရှောင်လင်းယွီကို မေးချင်လေသည်။

"အကြီးဆုံးအစ်မဝမ်းကွဲ​ရေ" ရှောင်ရှောင်းဟွေ့က အော်​ခေါ်​လေသည်။

ရှောင်လင်းယွီသည် မျက်လုံးများကို အသာဖွင့်လိုက်လေသည်။ သူမသည် ဝေခွဲမရဖြစ်သွားလေသည်။

ရှောင်ရှောင်းဟွေ့သည် သူမဆီကို မျက်ရည်အဝိုင်းသားဖြင့် လာသည်ကိုမြင်​သောအခါ သူမသည် မေး​လေသည်။ "ဘာဖြစ်လာတာလဲ ရှောင်းဟွေ့၊ ရန်ဖြစ်တာရှုံးလို့လား"

သို့​သော် ရှောင်းဟွေ့သည် ရန်ဖြစ်​တော်​လေသည်။

ရန်ပွဲတွင် သူရှုံးသည်မှာ ရှားလှ​ပေသည်။

အကယ်၍ သူရှုံးလျှင်​တောင် ငိုမည်မဟုတ်​ချေ။

ရှောင်ရှောင်းဟွေ့သည် သူ၏လက်​မောင်းကို မြှောက်ပြ​ေလသည်။ "အစ်မ ဒီမှာကြည့် တစ်ယောက်​ယောက် နာ​အောင်လုပ်လိုက်တာ"

ယန်ရူယွီ "..." 'အစကသူမငိုတာ ဘာလို့ပါလိမ့်လို့ ဒီအချိန်ကို စောင့်​နေတာကို'

ထိုကိစ္စကို ကြားလိုက်ချိန်တွင် ရှောင်လင်းယွီသည် မျက်လုံးများပင် ကျယ်သွား​လေသည်။

သူမသည် ထိုင်ခုံမှ ထလိုက်ပြီး ကျယ်​လောင်စွာ မေး​လေသည်။ "ဘယ်သူလဲ။ ဘယ်သူက မင်းကိုလုပ်ရဲတာလဲ။" သူမသည် လက်​မောင်းများကို သေချာကြည့်လိုက်ပြီး သိသာ​သော အညိုအမည်းကွက် အနည်းငယ်ကို မြင်​လေသည်။ သူမ၏လှ​ပ​သောမျက်နှာ​လေးမှာ ချက်ချင်း​​ဒေါသရောင် သမ်းသွား​လေသည်။ လက်​ဗွေရာများအရ ရှောင်းဟွေ့ကို ထိခိုက်​စေသူမှာ လူကြီးတစ်ယောက်သာ ဖြစ်​ပေလိမ့်မည်။

"သူလုပ်တာ" ရှောင်ရှောင်းဟွေ့သည် ယန်စစ်မင်ကို လက်ညိုးထိုးပြ​လေသည်။

ထိုအချိန်တွင်မှ သူမသည် သူမ၏​ရှေ့တွင် လူနှစ်​ယောက် ရပ်​နေသည်ကို သတိထားမိ​လေသည်။

တစ်​ယောက်​ယောက်မှာ အမျိုးသမီးဖြစ်ပြီး တစ်​ယောက်မှာ အမျိုးသားဖြစ်​လေသည်။

ထိုအမျိုးသမီးမှာ ဆွဲ​ဆောင်မှုရှိလှ​လေသည်။ သူမ၏ဖြူ​သောအသားအရည်နှင့် လိုက်ဖက်​သော အနီ​ရောင်ဂါဝန်ကို ဝတ်ထားပြီး သူမ၏ ဆံပင်များမှာလည်း ရှည်လျား၍ ကောက်​လေသည်။

ထိုအမျိုးသားကို​တော့ သူမ မည်သည့်​နေရာတွင်မဆို မှတ်မိ​နေမည်ဖြစ်သည်။

"ယန်စစ်မင်၊ ရှင်ဘယ်လိုလုပ် ဒီကို​ရောက်​နေတာလဲ" ရှောင်လင်းယွီသည် အံ့သြစွာ မေး​လေသည်။

"ငါကဘာလို့ ဒီမှာမရှိရမှာလဲ။ ဒီ​နေ့သာ မလာခဲ့ဘူးဆိုရင် မင်းကိုယ်ဝန်ရှိ​နေမှန်း သိရမှာမဟုတ်ဘူး" သူသည် အံကြိတ်လိုက်ပြီး ပြော​လေသည်။

ယန်စစ်မင်သည် ဒေါသထွက်​နေပြီး စိတ်​သောက​ရောက်​နေ​လေသည်။ သူသည် သူမ၏သဘောထားကို သိရန်လာခဲ့ခြင်းဖြစ်​လေသည်။ သို့​သော် သူမသည် အခြားအမျိုးသားနှင့်ရ​သော ကိုယ်ဝန်ပင် ရှိ​နေ​လေပြီ။

ဤသည်ကို မြင်​သောအခါ သူတို့နှစ်​ယောက် ရင်းနှီးကြမှန်း ယန်ရူယွီသည် သိသွား​လေသည်။ သူမသည် ယန်စစ်မင်၏ အံ့သွားကြိတ်သံကိုလည်း ကြားလိုက်ရ​လေသည်။ အ​ကြောင်းမှာ ရှောင်လင်းယွီ ဗိုက်ထဲမှ က​လေး​ကြောင့် ဖြစ်​လေသည်။

'ဟမ် ဒါဆိုရင် က​​​လေးက အစ်ကိုနဲ့ ရတာများလား။ သူက​ရော ဒီက​လေးကို​ ဗန်းပြပြီး ယန်မိသားစုထဲ ဝင်ဖို့ လုပ်​နေတာလား။ ဒါ​ကြောင့် အစ်ကိုက စိတ်တို​နေတာလား။ ဒါ​ပေမယ့်....'

ယန်ရူယွီသည် ရှောင်လင်းယွီကို ကြည့်လိုက်​သောအခါ သူမအစ်ကိုနှင့်မတူဘဲ တည်ငြိမ်နေသည်ကို​ တွေ့ရ​လေသည်။ ဤသို့ဆိုလျှင် သူမ၏ ဝမ်းကွဲအစ်ကိုအကြီးဆုံးနှင့် ရှောင်လင်းယွီတို့မှာ မည်သို့ ပတ်သက်​နေသနည်း။

ရှောင်လင်းယွီသည် ယန်စစ်မင် ဒေါသထွက်​နေသည်ကို လုံးဝ လျစ်လျှူရှု​လေသည်။

သူမသည် ရှောင်ရှောင်းဟွေ့၏ လက်ကိုဆွဲလိုက်ပြီး အေးစက်စွာ မေး​လေသည်။ "ယန်စစ်မင် ရှင်ဘာဖြစ်​နေတာလဲ။ ဥက္ကဌယန် ရှင်ကျွန်မကို စိတ်ဆိုးလို့ရ​ပေမယ့် က​လေးအ​ပေါ်​တော့ ဒေါသပုံမချသင့်ဘူး။ က​လေးကို ရှင်ဘယ်လိုများ လုပ်ရက်ရတာလဲ။ ရှောင်းဟွေ့ရဲ့ အညိုအမည်း​တွေကို ကြည့်ပါဦး"

ယန်စစ်မင်၊ "...." သူမှားမှန်းသိ​လေသည်။ သူသည် မ​​တော်တဆ ရှောင်ရှောင်းဟွေ့ကို ထိခိုက်အောင် လုပ်ခဲ့မိသည်ကို​တော့ ငြင်းမရ​ပေ။

ယန်စစ်မင်သည် နှုတ်ခမ်းများ တင်းကျပ်စွာ စေ့ထား​သော သူ့အစ်ကိုကို ကြည့်လိုက်ပြီး လေးနက်စွာပြော​နေ​သော ရှောင်လင်းယွီကို ကြည့်လိုက်​လေသည်။ ထို့​နောက် သူမသည် ချက်ချင်း​ပြောလေသည်။ "မိန်းက​လေးရှောင်ရယ် စိတ်မဆိုးပါနဲ့ ကျွန်မအစ်ကိုက တမင်လုပ်တာမဟုတ်ရပါဘူး။ မ​တော်တဆဖြစ်သွားတာပါ။"

"ဒါ​ပေါ့ သူသာတစ်ကယ်လုပ်ရင်လည်း ရှောင်းဟွေ့လက်ကျိုးသွား​လောက်ပြီ" သူမသည် ဒေါသအလွန်ထွက်​နေ​လေသည်။ သူ့အ​နေဖြင့် သူမကိုစိတ်ဆိုးမည်ဆိုလျှင် လက်ခံနိုင်​သော်လည်း ရှောင်းဟွေ့ကို အဘယ်​ကြောင့် ဤသို့ လုပ်ရမည်နည်း။

ယန်ရူယွီ၊"..." အမှန်တိုင်းဆိုလျှင် သူမလည်း အဘယ်​ကြောင့် သူမ၏အစ်ကိုသည် ထိုသို့ဖြစ်သွားသည်ကို မသိ​​ချေ။ ရှောင်လင်းယွီ ကိုယ်ဝန်ရ​နေပြီဟု သိလိုက်​သောအခါ သူသည် မူပျက်သွား​လေသည်။

"အမ်...မိန်းက​လေးရှောင်ရယ် ဒေါသမထွက်ပါနဲ့။ ကိုယ်ဝန်​ဆောင်အတွက်မ​ကောင်းဘူး​လေ" ယန်ရူယွီသည် သူမကို ဖျောင်းဖျရန် ကြိုးပမ်း​လေသည်။ "အစ်ကိုက ကိုယ်ခံပညာသင်ဖူးတယ်​။ သူက​​သတိ​မရှိဘူးရယ်။ အ​စော​လေးကတင်ပဲ စိတ်မထိန်းနိုင်​လေးဖြစ်သွားလို့ မ​​တော်တဆ ရှောင်းဟွေ့ကို ထိခိုက်​အောင် လုပ်မိလိုက်တာပါ။"

"ရှင်ကဘယ်သူလဲ?" ရှောင်လင်းယွီသည် ယန်ရူယွီကို ကြည့်ပြီး သိလိုစိတ်ဖြင့် မေး​လေသည်။

ယန်ရူယွီသည် ချက်ချင်း သူမကိုယ်သူမ မိတ်ဆက်​လေသည်။ "ကျွန်မက ယန်စစ်မင်ရဲ့ ဝမ်းကွဲ ယန်ရူယွီလို့ ခေါ်ပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ် မိန်းက​လေးရှောင်"

ရှောင်လင်းယွီသည် ခေါင်းညိတ်လိုက်ပြီး မေးလေသည်။ "ဥက္ကဌယန် ဖြေရှင်းချက်​လေး​ပေးပါဦး။ ဘာလို့ ရှောင်းဟွေ့ကို ထိခိုက်​အောင် လုပ်ရတာလဲ။"

"...." ယန်စစ်မင်သည် ရှောင်ရှောင်းဟွေ့ကို စူးရှစွာ ကြည့်လိုက်လေသည်။

"မင်းငါ့ကို ဘယ်လို​တောင် ချောက်ချရဲရတာလဲ"ဟု ယန်စစ်မင်က ရှောင်ရှောင်းဟွေ့ကို ပြောလိုက်သောအခါ ရှောင်ရှောင်းဟွေ့သည် ကျောချမ်းသွား​လေသည်။ သို့​သော် သူသည် အမှန်တိုင်း​ပြောသည်သာဖြစ်၍ ရင်​ကော့လိုက်​လေသည်။

ယန်စစ်မင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှောင်လင်းယွီကို ပြော​လေသည်။ "ဒါက မတော်တဆဖြစ်သွားတာပါ။" ထို့​နောက် ရှောင်ရှောင်းဟွေ့ဘက်သို့ လှည့်လိုက်ပြီး တောင်းပန်လိုက်လေသည်။ "တောင်းပန်ပါတယ်​နော် အစ်ကိုတစ်ကယ် ထိခိုက်​အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ မ​တော်တဆဖြစ်သွားတာပါ။"

ရှောင်ရှောင်းဟွေ့သည် အစက အံ့သြသွား​သော်လည်း "ရပါတယ် အစ်ကိုက အစ်ကို့အမှားကို သိတဲ့အတွက် လိမ်မာတဲ့က​လေးပဲ"ဟု ပြော​လေသည်။

ယန်စစ်မင်, "...." 'ငါက က​လေးပြန်ဆုံးမတာ ခံ​နေရပါလား'

ယန်စစ်မင်သည် သူ၏အိတ်ကပ်များထဲသို့ နှိုက်ကြည့်ရာ ဘာမှမရှိ၍ ယန်ရူယွီကို မေး​လေသည်။ "ပိုက်ဆံအိတ်ပါခဲ့လား"

ယန်ရူယွီသည် တွေဝေသို့​သော်လည်း ခေါင်းညိတ်၍ "ပါတယ်"ဟု ဖြေ​လေသည်။

ထို့​​နောက်သူမသည် လက်ကိုင်အိတ်ထဲမှ ပိုက်ဆံအိတ်အား ပေးလိုက်လေသည်။

ယန်စစ်မင်သည် ပိုက်ဆံအိတ်ကိုဖွင့်လိုက်ပြီး အထဲမှ ၁၀၀တန် ၂ရွက် ယူ​လိုက်ပြီး ရှောင်ရှောင်းဟွေ့ ကို ပေး​လေသည်။ "ရှောင်ရှောင်းဟွေ့ ကျေးဇူးပြုပြီး​တော့ ဒါကို တောင်းပန်တဲ့အနေနဲ့ ယူလိုက်​နော်"

ယန်ရူယွီ, "...." 'ဒါက ငါ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံ​တွေ​လေ ငါ့ကို အရင်ခွင့်​တောင်းရမှာ မဟုတ်ဘူးလား။ ထားပါ​တော့ အစ်ကိုက အမြဲဒီတိုင်းချည်းပဲကို'

ပိုက်ဆံကိုမြင်လိုက်​သောအခါ ရှောင်ရှောင်းဟွေ့၏ မျက်နှာသည် ဝင်းသွား​လေသည်။ သို့​သော် သူသည် မယူ​သေးဘဲ ရှောင်လင်းယွီကို ကြည့်လိုက်​လေသည်။ "မမ..."သူသည် ၂၀၀ ယွမ်ကို ယူချင်​နေလေသည်။ ထိုပိုက်ဆံဖြင့် သူသည် Transformer အများအပြားကို ဝယ်ယူနိုင်မည်ဖြစ်သည်။

ရှောင်လင်းယွီသည် သူ၏​ခေါင်းကို ထိလိုက်ပြီး အပြုံး​လေးဖြင့် ပြော​လေသည်။ "ဘာလို့လဲ ၂၀၀ ယွမ်က မင်းရဲ့ခွင့်လွှတ်မှုကို ဝယ်ဖို့ လုံ​​လောက်တယ်လား။"

ရှောင်ရှောင်းဟွေ့က ပြန်​မေး​လေသည်။ "မမကလည်း ဒီ၂၀၀ယွမ်က ယန်ကော သားရဲ့ ဆေးကုစရိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် နစ်နာ​ကြေး​ပေးတယ်လို့ ယူဆလို့ရတယ်မလား"

"ဒီ​ကောင်ဆိုး​လေးက​တော့" ရှောင်လင်းယွီသည် ပြုံး၍ သူ၏​ခေါင်းကို ပုတ်လိုက်​လေသည်။ "ဆူးပန်းဆီ​လောက်ဆိုရင်ကို မင်းပြန်​ကောင်းမှာပါ။ အဲ့ဒါက စင့်နည်းနည်းပဲ ပေးရတယ်။ ပြီး​တော့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာက​တော့ မင်းမှာရှိမယ်မထင်ဘူး။ မင်းအခု ကောင်း​​နေသားပဲ အဆင်​ပြေမှာပါ"

ရှောင်လင်းယွီသည် ရှောင်ရှောင်းဟွေ့ကို ထောက်ပြပြီး သင်ခန်းစာ​ပေး​လေသည်။ "ရှောင်းဟွေ့ ဒါက ပိုက်ဆံရှာရမယ့် နည်းမဟုတ်ဘူး​နော်။ အဲ့လို​လောဘမကြီးရဘူး။ အဲ့လိုသာဆိုရင် မင်းနဲ့ ငွေညစ်တဲ့သူ​​တွေနဲ့ ဘာကွာခြားသွား​တော့မှာလဲ"

ယန်မောင်နှမ, "..." 'ဘာဆိုင်လို့လို့လဲ"

"မမ အဲ့ဒါဘာကို​ပြောတာလဲ" ရှောင်ရှောင်းဟွေ့သည် နားမလည်၍​မေး​လေသည်။

"ဒါက ဂွင်ဖန်ပြီး ငွေညစ်တာမျိုးပဲ။ သူတို့ကိုယ်သူတို့ တမင် အထိအခိုက်ခံပြီး တောင်းတာ။ မင်းရဲ့ကိစ္စနဲ့ နည်းနည်း​တော့ ကွဲပေမယ့် မင်းက ထိလိုက်တဲ့ကိစ္စကို အသုံးချပြီး ပိုက်ဆံရဖို့ လုပ်နေတာလေ။ မမ ဒီလိုအပြုအမူမျိုးကို လက်မခံနိုင်ဘူး။ ဒီလိုပိုက်ဆံရှာရတာ မဟုတ်ဘူး။ နားလည်လား"

ရှောင်ရှောင်းဟွေ့ကို သေချာမဆုံးမပါက သူသည် လမ်းမှားသို့ ရောက်သွားနိုင်​လေသည်။ ထိုကလေးမှာ သူ့အတွက်သူဆိုလျှင် ဉာဏ်​ကောင်းလွန်းလှ​ပေသည်။

ရှောင်ရှောင်းဟွေ့သည် ခေါင်းညိတ်လိုက်​​လေသည်။ "ဟုတ်ကဲ့ သား၂၀၀မယူ​​တော့ပါဘူး။ ဒါပေမယ့် ဆေးဗူးဖိုး ၅ ယွမ်​တော့ ယူလို့ရတယ်မလား"

"ယူ​လေ" ရှောင်လင်းယွီသည် ခေါင်းညိတ်လိုက်​လေသည်။

သူ့အစ်မ၏ခွင့်ပြုချက် ရပြီးသည်နှင့် သူသည် ယန်စစ်မင်ကို တောက်ပ​နေ​သော မျက်လုံးများဖြင့် ကြည့်လိုက်​လေသည်။

"..." ယန်စစ်မင်သည် ပိုက်ဆံအိတ်ကို ရှာကြည့်​သော်လည်း အ​​ကြွေမ​တွေ့သဖြင့် အနည်းငယ် နေရခက်သွား​လေသည်။

"အမ်..." ယန်စစ်မင်သည် ချောင်းဟန့်လိုက်ပြီး ပြော​လေသည်။ "ရှောင်းဟွေ့ အစ်ကို့မှာ ၅ ယွမ်တော့ မရှိဘူး။ ၁၀၀ ယွမ် ပေးမယ်ဆိုရင်​ရော"

"မဖြစ်ဘူး အစ်မက အများကြီး မယူရဘူး​ပြောတယ်"

ယန်စစ်မင်သည် ရှောင်လင်းယွီကို ကြည့်လိုက်ပြီး "ဒီတစ်ခါ​တော့ ချွင်းချက်ထား​ပေးလို့ မရဘူးလား"ဟု မေး​လေသည်။

ရှောင်ရှောင်းဟွေ့သည် ခေါင်းခါလိုက်ပြီး "မ​ကောင်းတဲ့အကျင့်​တွေကို တစ်ခါ​လေး​တောင် ပေးလုပ်လို့မဖြစ်ဘူး"ဟု ပြော​လေသည်။

ရှောင်မိသားစုသည် သင်ကြား​ရေးအပိုင်းနှင့် ပတ်သက်လျှင် လွန်စွာစည်းကမ်းကြီးကြ​လေသည်။

ထိုအချိန် ယန်ရူယွီက ဝင်​ပြော​လေသည်။ "ရှောင်းဟွေ့၊ အစ်မကို စ​တော်ဘယ်ရီခြံကို ခေါ်သွားပေးပါလား။ ပြီးရင် ၅ ယွမ် ပေးမယ်​လေ"

"ဟုတ်ကဲ့" ရှောင်ရှောင်းဟွေ့သည် ခေါင်းညိတ်လိုက်​လေသည်။

သူတို့နှစ်​ယောက်ထွက်သွားချိန်တွင် ထို​နေရာ၌ ယန်စစ်မင်နှင့် ရှောင်လင်းယွီတို့သာ ကျန်ခဲ့​လေသည်။

***

All Chapters