ယန်စစ်မင်၏ မေးခွန်းများ
Vol. 14 Ch. 235
သခင်ကြီးကုန်းသည် အခန်းထဲတွင် လမ်းပတ်လျှောက်ကာ အပြင်ဘက်သို့ အချိန်ပြည့် ချောင်းကြည့်နေလေသည်။
ရှောင်ဝမ်သည် "သခင်ကြီး အကြီးဆုံးသခင်လေးက ဒီအချိန်ဆို အခုမှ လေယာဉ်ပေါ်က ဆင်းခါစပဲရှိဦးမှာ။ ဒီကိုရောက်ဖို့အတွက်က ၄နာရီကနေ ၅နာရီလောက် ကြာတယ်။ သခင်ကြီးရဲ့အခန်းကို ပြန်ပြီး နားနေလိုက်ပါလား။ သခင်လေးရောက်လာရင် လာပြောပါ့မယ်"
သခင်ကြီးသည် ချက်ချင်းပင် "ဟမ်...သူ့ကိုစောင့်နေတယ်လို့ ဘယ်သူပြောလဲ။ ငါ့ဘာသာ လေ့ကျင့်ခန်းလုပ်နေတာ"
ရှောင်ကျန်း, ရှောင်ဝမ် "..." 'တစ်ကယ်ကြီးပေါ့'
"ကောင်းပြီ အခုငါအခန်း ပြန်ပြီး နားတော့မယ်။ အဲ့ကောင်ရောက်လာရင် လာနိုးလှည့်" သခင်ကြီးက ညွှန်ကြားလေသည်။
'ဘယ်လိုတောင် စိတ်နှစ်ခွဖြစ်တဲ့လဲ'
သခင်ကြီးသည် ကုန်းထျန်းဟောက်က ပေးမည်ဆိုသော အံ့ဖွယ်လက်ဆောက်ကို မျှော်နေမိလေသည်။
လမ်းများမှာ ကတ္တရာလမ်း ဖြစ်သော်လည်း ထောင်ယွမ်ရွာသည် ဝေးသည်ဟု သတ်မှတ်လို့ရလေသည်။ ထို့ကြောင့် ဒီကိုရောက်ရန် သူ့အတွက် အချိန်လိုပေလိမ့်မည်။
သခင်ကြီးသည် လဲလျောင်းနေရင်း မေးလိုက်လေသည်။ "ရှောင်ဝမ် အဲ့ကောင်က ငါ့ကိုဘာပေးမယ်ထင်လဲ။ မြေးချွေးမခေါ်လာပေးမှာလား။" ရှောင်ဝမ် မဖြေခင်ပင် သူကပဲ ဆက်ပြောလေသည်။ "အစက ငါ ရှောင်လင်းယွီကို သဘောကျနေတာ ဒါပေမယ့် အခုသူက...."
သူသည်မည်မျှပင် သဘောထားကြီးသူဟု ဆိုနိုင်စေကာမူ ရှောင်လင်းယွီကို တရားမဝင် ကလေးဖြင့် ကုန်းမိသားစုထဲသို့ ဝင်မလာစေချင်ပေ။ ဤကိစ္စသည် ကုန်းမိသားစုအတွက် မျက်နှာပျက်စရာ ဖြစ်လာနိုင်ပေသည်။
ရှောင်ဝမ်က "သခင်ကြီးပဲ သူ့ကိုမြေးမလေးလို သဘောထားတာဆို"ဟု မေးလေသည်။
"..." သခင်ကြီးသည် စိတ်တိုသွားလေသည်။ "မင်းကတော့ ဆေးမမီတော့ဘူး။ ကျောက်တုံးနဲ့ စကားပြောနေရသလိုပဲ။"
"သခင်ကြီးကလည်း ကျွန်တော်က သစ်ပင်နဲ့ ပိုတူတာပါ"
သခင်ကြီးသည် စိုက်ကြည့်လိုက်ပြီး " မင်းဘာဖြစ်နေတာလဲ။ ဒီလိုကိစ္စနဲ့ပါ ငါကမင်းနဲ့ ပြိုင်ငြင်းရဦးမှာလား"
"ဒါပေမယ့် ကျွန်တော့်အရပ်က သစ်ပင်လိုပဲ ရှည်တယ်လေ။ ကျောက်တုံးလိုမှမဟုတ်တာ" ရှောင်ဝမ်သည် ထင်သည့်အတိုင်း ပြောလေသည်။
"ဒါပေမယ့် ငါကမင်းရဲ့သခင်လေ။ ငါကကျောက်တုံးဆို ကျောက်တုံးလုပ်လိုက်" သခင်ကြီးသည် နှာမှုတ်လိုက်လေသည်။
ရှောင်ဝမ်သည် ခေါင်းကုတ်လိုက်ပြီး ရိုးသားစွာ ခေါင်းညိတ်လိုက်လေသည်။ "ဟုတ်ကဲ့ သခင်ကြီး၊ ကျွန်တော်က ကျောက်တုံးပါ"
"ကောင်းပြီ မင်းသွားတော့။" သခင်ကြီးသည် ရှောင်ဝမ်ကို ယင်မောင်းသကဲ့သို့ မောင်းလေသည်။ "မင်းကငါ့ကိုပိုစိတ်တိုအောင်ပဲ လုပ်မှာ" အခြားသူများ၏ ဝန်ထမ်းများသည် လူရည်လည်ပြီး ပါးနပ်ကြသော်လည်း သူ့တွင် ရိုးပြီး တုံးအသော ဝန်းထမ်းများသာရှိလေသည်။
"..." ရှောင်ဝမ်သည် ခေါင်းညိတ်လေသည်။ "ကောင်းပြီ သခင်ကြီး ကျွန်တော်သွားတော့မယ်။ သခင်ကြီးလည်း နားသင့်ပြီ။ သခင်လေးရောက်လာရင် ကျွန်တော်လာခေါ်လိုက်ပါ့မယ်။"
သခင်ကြီး "..." 'သူတမင်များ လုပ်နေသလားပဲ။ ဘာလို့များ ဒီလောက်အရတာလဲ'
....
သူမ၏အစ်ကိုသည် ရှောင်လင်းယွီနှင့် ပြောစရာရှိနေမှန်း ရိပ်မိသဖြင့် ယန်ရူယွီသည် ရှောင်ရှောင်းဟွေ့ကို တမင်ခေါ်ထုတ်လာခြင်းဖြစ်လေသည်။
စတော်ဘယ်ရီခြံသို့သွားသည့်လမ်းတွင် သူမသည် မနေနိုင်ဘဲ ရှောင်းဟွေ့ကို မေးလေသည်။ "မင်းက ယန်ကောနဲ့ ရင်းနှီးတယ်လား"
ရှောင်းဟွေ့သည် ခေါင်းခါလိုက်ပြီး အမှန်တိုင်းဖြေလေသည်။ "မရင်းနှီးပါဘူး၊ ဒီနေ့မှ ဒုတိယအကြိမ် ပြန်တွေ့တာပဲ"
"ဘယ်တုန်းက ပထမဆုံးတွေ့ဖူးတာလဲ" သူမသည် သိလိုစိတ်ကို မထိန်းနိုင်ဘဲ မေးမိလေသည်။
ရှောင်းဟွေ့သည် ခေါင်းလှည့်ကာ ခေတ္တစဉ်းစားလိုက်ပြီး "သားအစ်မ Zမြို့ကနေ ပြန်လာပြီး ၁လအကြာလောက်က ထင်တာပဲ"ဟု ဖြေလေသည်။
ယန်ရူယွီ၏ မျက်နှာသည် ဝင်းသွားလေသည်။ "သူက Zမြို့ မှာ နေဖူးတာလား" သူမ၏အစ်ကိုဝမ်းကွဲမှာ ယန်လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သည့်အတွက် သူတို့နှစ်ယောက် အခုလိုသိခဲ့ကြခြင်းလား။ ထိုအချက်သည် သူမ၏အစ်ကိုက ဘယ်လိုနည်းဖြင့် ကျေးလက်ဘက်မှ အမျိုးသမီးတစ်ယောက်နှင့် သိကျွမ်းရသနည်းဟူသော သူမ၏သံသယကို ရှင်းသွားစေလေသည်။ သို့သော် သူတို့၏ ဆက်ဆံရေးသည် မည်သို့နည်း။ ရှောင်လင်းယွီသည် ယန်စစ်မင်၏ အမျိုးသမီးများထဲမှ တစ်ယောက်ပေလား။
ရှောင်လင်းယွီ ကိုယ်ဝန်ရှိနေသည်ကို ကြားလိုက်ရသည်နှင့် ယန်စစ်မင်သည် မူပျက်သွားလေသည်။ ကလေးမှာ သူနှင့်ပတ်သက်နေခြင်းကြောင့်ပေလော။
သူမသည် အနည်းငယ် အောင့်သက်သက် ဖြစ်သွားလေသည်။
"သားအစ်မက အရမ်းတော်တဲ့ တက္ကသိုလ်ကျောင်းသူဗျ။ သူဘွဲ့ရပြီးတော့ Zမြို့မှာ နှစ်အနည်းငယ်လောက် အလုပ်လုပ်ခဲ့တာလေ"ဟု ဂုဏ်ယူစွာ ပြောလေသည်။
"ဒါဆိုရင် သူနဲ့ ယန်ကော ဘယ်လိုတွေ့တာလဲ သိလား"
ရှောင်းဟွေ့သည် ချက်ချင်း သတိကပ်လိုက်လေသည်။ သူသည် ရူယွီ၏ လက်ကိုလွှတ်လိုက်ပြီး စိတ်ပူစွာ မေးလေသည်။ "မမလှလှလေး၊ ဘာလို့ ယန်ကောနဲ့ သားအစ်မအကြောင်းကို မေးနေရတာလဲ"
"မမက အနိုင်ကျင့်ခံရဖူးတယ်။ သားအဲ့လိုထပ်ပြီး အဖြစ်ခံမှာ မဟုတ်ဘူး။" ရှောင်းဟွေ့သည် သူရဲကောင်းဆန်ဆန် ပြောလိုက်လေသည်။ "မမကို အနိုင်ကျင့်ဖို့လာတာဆိုရင်တော့ ကျေးဇူးပြုပြီး ထောင်ယွမ်ရွာကနေ ထွက်သွားပေးပါ"
"..." ရူယွီသည် တွေးရခက်သွားလေသည်။ ထို့နောက် သူမသည် ရှင်းပြလေသည်။ "မဟုတ်ပါဘူး ရှောင်းဟွေ့ရယ် အစ်မကဘာလို့ မင်းမမကို အနိုင်ကျင့်ရမှာလဲ။ သူနဲ့အစ်မရဲ့အစ်ကိုတို့ ဘယ်လိုစသိလဲဆိုတာ သိချင်ရုံပါ"
ရှောင်းဟွေ့သည် သံသယမလျှော့သေးဘဲ ဆက်မေးလေသည်။ "ဘာလို့သိချင်တာလဲ"
"အစ်မ...အစ်မက အစ်ကိုအတွက် စိုးရိမ်လို့ပါ။ သူက ဘယ်မိန်းမနဲ့မှ မရင်းနှီးဘူးလေ။ အခုက မင်းအစ်မနဲ့ အရမ်းရင်းနှီးနေတော့ သိချင်မိတာ"
"ဒါဆိုရင် သူက သားမမကို ထိခိုက်အောင် လုပ်မှာပေါ့လေ" ရှောင်းဟွေ့ထံမှ မမျှော်လင့်သောစကားကို ကြားရလေသည်။
"..."သူမသည် မည်သို့ရှင်းပြရမည်ကို မသိတော့ချေ။ ကလေးတစ်ယောက်အနေဖြင့် ရှုပ်ထွေးလှသော လူကြီးများ၏ ကိစ္စများကို နားလည်မည်မဟုတ်ချေ။
ရှောင်းဟွေ့သည် လက်သီးဆုပ်လိုက်ပြီး သူ၏ မျက်နှာလေးသည် တည်ကြည်သွားလေသည်။ "သားမမကို ဘယ်ယောကျ်ားလေးကမှ ထပ်မထိခိုက်စေရဘူး"
ထိုသို့ပြောပြီးနောက် သူသည် ပြေးထွက်လေသည်။
ရူယွီသည်လည်း သူ့ကို ချက်ချင်းလှမ်းဆွဲလိုက်ပြီး "စိတ်မပူပါနဲ့ ရှောင်းဟွေ့ အစ်ကိုက မင်းအစ်မကို ဘယ်တော့မှ ထိခိုက်အောင် မလုပ်ပါဘူး။"ဟု ဆိုလေသည်။
"မယုံဘူး ချန်းကောတုန်းကလည်း အဲ့လိုပြောခဲ့တာပဲ မမအပေါ် ကောင်းပါမယ်ဆိုပြီးတော့။ နောက်တော့ သူကမမကို ထိခိုက်အောင်လုပ်တယ်။ သူရဲ့ဂုဏ်သိက္ခာကိုလည်း ကျအောင်လုက်တယ်။ အခု သားအရွယ်ရောက်လာပြီ မမကို ထပ်မထိခိုက်အောင် ကာကွယ်ရမယ်။ သားကိုလွှတ်"
ယန်ရူယွီ, "..." 'ချစ်စရာသူရဲကောင်းလေးပဲ'
သို့သော် သူမ၏အစ်ကိုနှင့် ရှောင်လင်းယွီတို့ကြားတွင် ပြောစရာရှိနေပုံပေါ်သည့်အတွက် ကလေးကို နှောင့်ယှက်စေ၍ မဖြစ်ချေ။
သူမသည်ရှင်းပြလေသည်။ "ရှောင်းဟွေ့၊ အစ်မရဲ့အစ်ကိုက မင်းမမရဲ့အိမ်မှာလေ။ ဘယ်လိုလုပ် ထိခိုက်အောင် လုပ်လို့ရမှာလဲ။" သူမသည်ပြောရင်း သူ၏ခေါင်းအား ပုတ်ပေးလေသည်။ "စိတ်အရမ်းမပူပါနဲ့။ လူကြီးကိစ္စတွေက ရှုပ်ထွေးတယ် မင်းအခုတော့ နားလည်သေးမှာ မဟုတ်ဘူး။ ယန်ကောနဲ့ မင်းမမက သူငယ်ချင်းတွေပါ။ သူတို့မတွေ့တာကြာတော့ ဆွေးနွေးစရာလေးတွေ ရှိနေကြတယ်လေ။ သူတို့ကို သွားမနှောင့်ယှက်ကြရအောင်လေ နော်။ စိတ်မပူပါနဲ့ အစ်မကတိပေးပါတယ်။ ယန်ကောက သားမမကို ထိခိုက်အောင်မလုပ်စေရပါဘူး"
ရှောင်းဟွေ့သည် ခေတ္တစဉ်းစားလိုက်ပြီး ခေါင်းညိတ်လေသည်။ "ဟုတ်" ထို့နောက် သူသည် တစ်ခုခုကို စဉ်းစားမိလေသည်။ "ဒုတိယဦးလေးနဲ့ အဒေါ်ကို ယန်ကောရောက်နေတဲ့အကြောင်း ပြောပြရမယ်။ မမလှလှလေး လိုက်ခဲ့။ စတော်ဘယ်ရီခြံကို ခေါ်သွားပေးမယ်။"
"..." ယန်ရူယွီသည် ခေါင်းညိတ်လေသည်။ "ဟုတ်ပြီ သွားကြတာပေါ့"
'သူကဘာလို့ သူ့ဦးလေးနဲ့ အဒေါ်ကို ပြောချင်နေရတာလဲ။ အစ်ကိုက သူ့ကို ထိခိုက်အောင် လုပ်မှာကြောက်လို့ တပ်တူခေါ်တဲ့သဘောလား'
.....
ယန်ရူယွီနှင့် ရှောင်ရှောင်းဟွေ့တို့ ထွက်သွားပြီးချိန်တွင် ခြံထဲတွင် ယန်စစ်မင်တစ်ယောက်သာ ကျန်လေသည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေလေသည်။
ရှောင်လင်းယွီသည် အရင်မေးလေသည်။ "ဥက္ကဌယန်က ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ" သူ ဒီကိုရောက်လာရသော အကြောင်းအရင်းသည် အခြားသူများကဲ့သို့ ထောင်ယွမ်ရွာကို စတော်ဘယ်ရီ ခူးရန်လာခြင်း မဟုတ်သည်ကို တွေးမိသဖြင့် မေးလေသည်။
ယန်စစ်မင်သည် ချောင်းနှစ်ခါ ဟန့်လိုက်လေသည်။
ရှောင်လင်းယွီသည် သူ့ကိုကြည့်လိုက်ပြီး သူမ၏ဘေးတွင်ရှိသော ကျောက်တုံးကို ညွှန်ပြကာ "ကျေးဇူးပြုပြီး ထိုင်ပါဦး ဥက္ကဌယန်"ဟု ပြောလေသည်။
ထိုသို့ပြောပြီးနောက်တွင် သူမသည် ထိုင်ခုံပေါ်မှထကာ အိမ်ထဲသို့ ဂရုတစိုက် သွားလေသည်။
ဤသည်ကို မြင်သောအခါ ယန်စစ်မင်သည် ဒေါသပြန်ထွက်လာပြီး ကျယ်လောင်စွာ မေးလေသည်။ "မင်းဘာလုပ်မလို့လဲ"
ရှောင်လင်းယွီသည် ကြောင်သွားပြီး "ရှင်က ဧည့်သည်လေ။ အဲ့တော့ ရှင့်အတွက် ရေနွေးကြမ်း သွားယူမလို့"ဟု ပြောလေသည်။ ခေတ္တအကြာတွင် သူမသည် ခွက်နှစ်ခွက်နှင့် ရေနွေးကရားအိုးကို ယူလာပြီး စားပွဲပေါ်သို့ ချလိုက်လေသည်။
သူမသည် ခွက်ထဲသို့ ရေနွေးကြမ်း ငှဲ့လိုက်လေသည်။
ယန်စစ်မင်သည် အနံ့ခံကြည့်လိုက်လေသည်။
ရေနွေးကြမ်း၏ ရနံ့ကို ရှူကြည့်လိုက်ရာတွင် သူ့အား သက်သောင့်သက်သာ ဖြစ်စေလေသည်။ သူသည် တစ်ငုံသောက်ကြည့်လေသည်။ သူ၏မျက်လုံးများသည် လင်းလက်သွားပြီး ဟန်ပင်မဆောင်နိုင်ကာ "ကောင်းလိုက်တာ"ဟု ပြောလေသည်။
သူ၏မိသားစုသည် ချမ်းသာပြီး အာဏာရှိသည့်အတွက် သူသည် အကောင်းဆုံးအရာများကိုသာ သုံးလေ့ရှိလေသည်။ သို့သော် ယခုရေနွေးကြမ်းမှာ ၁၆၀၀၀၀ ယွမ်ရှိသော လက်ဖက်ခြောက်ထက်ပင် ပိုသာနေလေသည်။
ရှောင်လင်းယွီသည် ပြုံး၍ပြောလေသည်။ "လက်ဖက်ခြောက်ကတော့ သာမန်ပါပဲ။ ဒါပေမယ့် ဒီကရေတွေက သန့်ရှင်းလတ်ဆတ်တော့ အရသာက တစ်မူထူးသွားတာ"
ယန်စစ်မင်သည် သူမကို မကြိုက်ဘူးဟု ပြောဖူးသဖြင့် သူမသည် မိတ်ဆွေအနေဖြင့်သာ ဆက်ဆံခဲ့လေသည်။ သူမ၏ကိုယ်ဝန်ကိစ္စအကြောင်း မေးရာတွင်လည်း သူမသည် လျှောက်တွေးမနေဘဲ သူငယ်ချင်းဟု သဘောထားခြင်းကြောင့် စိုးရိမ်စိတ်ဖြင့် မေးသည်ဟုသာ ထင်ထားခဲ့လေသည်။
ယန်စစ်မင်အတွက် ရေနွေးကြမ်း ငှဲ့ပေးပြီးသည့်နောက်တွင် သူမသည် အိမ်ထဲသို့ ပြန်ဝင်သွားကာ အသီးပန်ကန်ယူပြီး ပြန်လာလေသည်။ အသီးပန်းကန်တွင် သာမန်ရိုးရိုး အသီးများဖြစ်သည့် ပန်းသီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ စပျစ်သီးနှင့် စတော်ဘယ်ရီသီးများ ပါဝင်လေသည်။ စတော်ဘယ်ရီများမှာ ခြံထွက်ဖြစ်ကြောင်း မေးစရာပင် မလိုချေ။
သစ်သီးများသည် ရိုးရိုးသာ ဖြစ်သော်လည်း အရောင်များတောက်ပနေသည်ကို ယန်စစ်မင်သည် သတိထားမိလေသည်။ သူတို့တွင် သဘာဝဆန်သော အနံ့ရှိလေသည်။ အနားသို့ရောက်လာချိန်တွင် ၄င်းတို့၏ရနံ့မှာ ပို၍သင်းပျံ့လာလေသည်။
ရှောင်လင်းယွီသည် သစ်သီးပန်းကန်ကို ကျောက်တုံးစားပွဲပေါ်တွင် ချလိုက်ပြီး ယဉ်ကျေးစွာပြောလေသည်။ "သုံးဆောင်ပါဦး ဥက္ကဌယန်။ ကျွန်မမှာ သစ်သီးတွေကလွဲပြီး တည်ခင်းစရာမရှိလို့ပါ"
ယန်စစ်မင်သည် ရှောင်လင်းယွီ၏ မျက်နှာကို ကြည့်လိုက်ပြီး ပြောလေသည်။ "ရှောင်လင်းယွီ မင်း ကျွန်တော့်ကို နာမည်ခေါ်လို့ရတယ် ဒါမှမဟုတ် ယန်ကော ဒါမှမဟုတ်လဲ မင်ကော လို့ ခေါ်လို့လည်းရတယ်။ လုပ်ငန်းခွင်ပြင်ပမှာ ဥက္ကဌယန်လို့ ခေါ်ခံရတာမကြိုက်ဘူး။ အထူးသဖြင့် မင်းဆီကပဲ"
ရှောင်လင်းယွီ, "...."
'ဟုတ်ပြီလေ သတင်းတွေအရတော့ ဥက္ကဌယန်က ခန့်မှန်းရခက်တဲ့သူလို့ ပြောထားတာ။ ကြည့်ရတာ ဒါကိုသူမကြိုက်ပုံပဲ။ ဒါပေမယ့် ငါဘာများလုပ်မိလိ့ပါလိမ့်'
"ကောင်းပါပြီ...ရှင်က ကျွန်မထက် ၃နှစ်ကြီးတယ်ဆိုတော့ ယန်ကော လို့ ခေါ်မယ်လေ" သူမသည် ခေတ္တ စဉ်းစားလိုက်ပြီး ဖြေလေသည်။
သူမသည် ၂၅နှစ်ရှိပြီဖြစ်ပြီး ယန်စစ်မင်သည် ၂၈နှစ်ရှိပြီဖြစ်သည်။ သူ၏အသက်ကို Googleမှ သူမရှာထားခြင်း ဖြစ်လေသည်။
ယန်စစ်မင်သည် ဘာမှမပြောချေ။ သူသည် ပန်းကန်ပြားထဲမှ စပျစ်သီးတစ်လုံးကို သူ၏ ရှည်လျားလှပသော လက်ချောင်းလေးများဖြင့် ကိုင်လိုက်လေသည်။ စပျစ်သီးသည် ပါးလွှာသော ခရမ်းရောင် အခွံလေးရှိပြီး စားချင်စဖွယ်ရှိလေသည်။ သူသည် လက်ကိုလှည့်လိုက်သောအခါ အသာအယာ ကျွတ်ထွက်လာပြီး ၄င်း၏ရနံ့မှာလည်း ပို၍ထင်ရှားလာပေသည်။
"ကောင်းလိုက်လေ" ယန်စစ်မင်သည် အသီးကို စားလိုက်ပြီး ချီးကျူးလေသည်။ "ဒီကအရာတွေအားလုံးက အံ့ဖွယ်ပဲနော်။ စတော်ဘယ်ရီတွေ၊ ရေနွေးကြမ်း၊ သစ်သီးတွေနဲ့ လူတွေရောပဲ....."
သူမကို ချီးကျူးနေခြင်းလား။
သူမသည် ပြုံး၍ပြောလေသည်။ "အားလုံးက သာမန်အသီးတွေပါပဲ။"
ယန်စစ်မင်သည် စူးရှသော မျက်လုံးများဖြင့် ခက်ထန်စွာ ကြည့်လိုက်ရင်း သူမကိုမေးလေသည်။ "ဘာလို့ ဒီကလေးကို မွေးဖို့ ဆုံးဖြတ်လိုက်တာလဲ။ မင်းမှာသာ ကလေးမရှိရင် မိသားစုကောင်းတွေနဲ့ လက်ထပ်ရတာကို မသိဘူးလား။ အခု မင်းဘယ်လိုလက်ထပ်မလဲ။"
သူမသည် စပျစ်သီးတစ်လုံး ယူစားလိုက်ပြီး တည်ငြိမ်စွာပြောလေသည်။ "ဘယ်သူမှလက်မထပ်ချင်ရင်လည်း လက်မထပ်ဘူးပေါ့။ ကျွန်မဘာသာ ကလေးကို စောင့်ရှောက်နိုင်ပါတယ်"
သူမသည် ရှောင်ထုန်ကို အကြွေးတင်နေသဖြင့် သူမ၏လက်ကျန်ဘဝ တစ်လျှောက်လုံး ပြန်ဆပ်ရမည်ဖြစ်ပေသည်။ အခြားသူများ နားမလည်စေကာမူ သူမသည် အခြားသူများ ရှောင်ထုန်အကြောင်း မကောင်းမပြောနိုင်စေတဲ့အထိ သူမသန်မာလာရမည်ဖြစ်သည်။
"ဒါပေမယ့် အမျိုးသမီးတွေက လက်ထပ်ရတယ်မလား။" သူသည် လက်သီးဆုပ်လိုက်မိလေသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူ၏နှလုံးသားဆန္ဒကို သိစေရန်ရုန်းကန်ခဲ့ရလေသည်။ သူသိပြီးနောက်တွင် သူရည်ရွယ်ထားသာ အမျိုးသမီးသည် ကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရလေသည်။
ဤကိစ္စကို လုံးဝမျှော်လင့်မထားပေ။
အချိန်တစ်ခုအထိ သူသည် လက်မခံနိုင်သေးပေ။
သူမအဘယ့်ကြောင့် ကလေးကိုမွေးရန် ဆုံးဖြတ်ရခြင်းအပေါ် သူနားမလည်ချေ။
သူမသည်လည်း သူဘာတွေးနေမှန်း မသိချေ။
သူမသည် ဗိုက်ကို လက်ဖြင့် ညင်သာစွာထိကာ သူမ၏မျက်နှာတွင်လည်း ပြုံးရိပ်သန်းနေလေသည်။
သူမကပြောလေသည်။ "ကျွန်မကို တစ်ကယ်သဘောကျတဲ့သူက ဒီကလေးကို ငြိုငြင်မှာ မဟုတ်ပါဘူး။ အကယ်၍ အဲ့လိုလူမျိုးနဲ့ မဆုံခဲ့ရင်လည်း တစ်သက်လုံး တစ်ယောက်တည်း နေသွားမှာပါ"
"ဒါဆိုရင် ဒီကလေးကို တစ်သက်လုံး တစ်ယောက်တည်း စောင့်ရှောက်ရရင်လည်း ဖြစ်တယ်ပေါ့" သူသည်မေးလေသည်။
"ဟုတ်ပါတယ်" သူမသည် သေချာကြောင်း ခေါင်းညိတ်ပြလေသည်။
သူသည် ကူကယ်ရာမဲ့သွားပြီး စိတ်မသက်မသာဖြစ်သွားလေသည်။
သူသည် ရှောင်လင်းယွီကို မငြိုငြင်သော်လည်း ဤကလေးကို မတည်ရှိဟန်မဆောင်နိုင်ချေ။ ဤကလေးမှာ သူ့ကလေး မဟုတ်သည့်အတွက် သူသည် လက်မခံနိုင်ပေ။
သူသည် ရှောင်လင်းယွီ၏ ကြည်လင်နေသော မျက်လုံးများကို ကြည့်လိုက်ပြီး ဝေခွဲမရသည့်ဟန်ဖြင့် မေးလေသည်။ "ရှောင်လင်းယွီ ဘာလို့ ဒီကလေးကို မွေးမှဖြစ်မှာလဲ"
သူမသည် သူမ၏ဗိုက်ကို ညင်သာစွာ ကိုင်လိုက်ပြီး ကြည်လင်စွာ ပြောလိုက်လေသည်။ "ဘာလို့ဆို သူကိုအကြွေးတင်နေလို့"
ယန်စစ်မင်၊ "...."
သူသည်မျက်ခုံးရှုံ့လိုက်ပြီး ပို၍ပင် စိတ်ရှုပ်ထွေးလာလေသည်။
'သူဘာကိုပြောချင်တာလဲ။ အဲ့လူကရော ဘယ်သူလဲ'
ထိုအချိန်တွင် အပြင်မှလာသော ခြေသံများကို ကြားရလေသည်။ ရှောင်လင်းယွီသည် သူမ၏ဗိုက်ကို ပွတ်သပ်နေပြီး ယန်စစ်မင်သည်လည်း အတွေးနွံထဲ နစ်နေလေသည်။
***