ယန်စစ်မင် Vs ကုန်းထျန်းဟောက် (၂)
Vol. 14 Ch. 237
"သခင်ကြီး၊ သခင်ကြီး"
သခင်ကြီးကုန်းသည် အိပ်ပျော်ရန်ပင်ကြံကာရှိသေး ရှောင်ဝမ်၏ အသံကိုကြားလိုက်ရလေသည်။
သူမြေးရောက်လာပြီမှန်း သိလေသည်။
သူသည် မျက်လုံးဖွင့်လိုက်ပြီး အပြင်ကို ကြည့်လိုက်လေသည်။ "ရှောင်ဝမ် အခုက ဘယ်အချိန်ရှိပြီလဲ"ဟု မေးလိုက်လေသည်။
"မနက်၉နာရီထိုးပါပြီ သခင်ကြီး"ဟု ရှောင်ဝမ်က ဖြေလိုက်လေသည်။
"၉နာရီထိုးပြီ ဟိုကောင်ရောက်ပြီလား"ဟု သခင်ကြီးသည် ပြန်မေးလေသည်။
ရှောင်ဝမ်သည် မဖြေခင် ခေတ္တစဉ်းစားလိုက်ပြီးမှ "သခင်လေးက ထောင်ယွမ်ရွာကိုတော့ ရောက်ပါပြီ။ ဒါပေမယ့် သူက ရှောင်လင်းယွီဆီ အရင်သွားတော့ ဒီကိုမရောက်သေးဘူး"ဟု ဖြေလေသည်။
"ဘာ" သခင်ကြီးသည် အိပ်ယာပေါ်မှ ထလိုက်ပြီး မယုံကြည်နိုင်စွာ မေးလေသည်။ "အဲ့ကောင်က တစ်ကယ်ပဲ လင်းယွီဆီ သွားတာလား။ မင်းသေချာရဲ့လား"
"ဟုတ်ပါတယ် သခင်ကြီး ကျွန်တော်သေချာပါတယ်။ သခင်လေးဒီကိုရောက်ကတည်းက ရွာသားတွေက သူ့ကိုသတိထားမိကြပါတယ်။ သူတို့တွေက သခင်လေး ရှောင်မိသားစုဆီကို သွားတာမြင်လိုက်ကြပါတယ်။"
ရှောင်ဝမ်သည် သခင်ကြီး ထနိုင်ရန် ကူညီပေးလိုက်ပြီး နားမလည်သဖြင့် မေးလေသည်။ "ဘာလို့ သခင်လေးက ရှောင်မိသားစုဆီကို အလောတကြီးသွားတာလဲမသိဘူး။ စတော်ဘယ်ရီ ၅၀၀၀ ကတ်တီ ကိစ္စကြောင့်လား"
သို့သော်မဖြစ်နိုင်ပေ။
သခင်လေးမှာ စီးပွားရေးလုပ်ငန်း ကိစ္စကြီးများကိုများ ကိုယ်တွယ်နေသူဖြစ်ရာ စတော်ဘယ်ရီ ၅၀၀၀ ကတ်တီ ကိစ္စမှာ ဘာမှမဟုတ်ချေ။ သူ့အနေဖြင့် လူကိုယ်တိုင် လာရန်ပင်မလိုချေ။ သခင်ကြီးသည် သူ့အစားညှိနှိုင်းပေးခဲ့သည်ဖြစ်ပြီး ညှိနှိုင်းမှုမှာ အောင်မြင်ခဲ့သည်ဖြစ်သည်။
ရှောင်ဝမ်သည် နားမလည်ဖြစ်သွားလေသည်။
တစ်ဖက်တွင် သခင်ကြီးကုန်းသည် ထိုကိစ္စကို ကြားသောအခါ တိတ်ဆိတ်သွားလေသည်။ သူ၏မျက်နှာသည် တည်တံ့လာပြီး သူ၏မျက်ခုံးမှာ အနည်းငယ် ရှုံ့လာလေသည်။
သူ၏အသံသည် အနည်းငယ် ခက်ထန်လာပြီး "သူ ရှောင်လင်းယွီဆီ သွားတယ်ဆိုရင်လည်း ခဏနေပြန်ရောက်မှာပါ။ အိမ်ကပဲစောင့်ကြတာပေါ့"ဟု ဆိုလေသည်။
ရှောင်ဝမ်လည်း ခေါင်းငြိမ့်လိုက်လေသည်။
.....
ယန်စစ်မင်သည် ကုန်းထျန်းဟောက်၏ ဆင်ခြေကို ကြားလိုက်ရသောအခါ အပြုံးဖြင့် ပြောလေသည်။ "မစ္စတာကုန်းလို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က အခုလို စတော်ဘယ်ရီကိစ္စလေးအတွက်နဲ့ ဒီကိုလာတယ်ဆိုတာတော့ အံ့ဖွယ်ပဲဗျာ"
ကုန်းထျန်းဟောက်၏ ရှောင်လင်းယွီ၏ တုံ့ပြန်မှုကို အရင်ကြည့်လိုက်လေသည်။ သူမတွင် မည်သည့်တုံ့ပြန်မှုမှ မရှိသောအခါ သူသည် စိတ်ပျက်သွားလေသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူသည်သက်ပြင်းခိုးချလိုက်လေသည်။
ထိုသဘောမှာ ဤမိန်းမသည် အာဏာမက်မောသူ မဟုတ်သည်ကို သက်သေပြသွားသောကြောင့်တည်း။
ထို့အပြင် သူမသည် သူ၏အကြောင်းကို ဟိုတယ်မှ သိနိုင်လေသည်။ ဟိုတယ်မန်နေဂျာသည် သူမကိုပြောမည်ဖြစ်သည်။ သို့သော် ရှောင်လင်းယွီသည် ထိုသို့မလုပ်ခဲ့ချေ။
သူမ၏ကိုယ်ဝန်ဖြင့် သူမသည် ကုန်းမိသားစုထဲသို့ ဝင်ရန် ဖိအားပေး၍ရနိုင်သော်လည်း ထိုသို့မလုပ်ခဲ့ချေ။
ပထမအကြိမ် တွေ့ဆုံရာတွင် သူမသည် သူ့ကို အကန့်အသတ်ဖြင့် ထုတ်ဝေထားသော ကားနှင့် နောက်ခုံတွင် ထိုင်နေသည်ကို တွေ့ခဲ့လေသည်။ အကယ်၍ သူမသာ သူ၏အာဏာနှင့် ငွေနောက်လိုက်သည်ဆိုပါက ဤအခွင့်အရေးကို အသုံးချကာ သူနှင့်နီးစပ်အောင် လုပ်မည်ဖြစ်သည်။ သို့သော် သူမ မလုပ်ခဲ့ချေ။
သူမသည် သူ့အား ရှောင်ရန်သာ ကြိုးစားခဲ့လေသည်။
ထိုကိစ္စကို တွေးမိချိန်တွင် ကုန်းထျန်းဟောက်သည် ငိုရမလား ရယ်ရမလား မကွဲတော့ချေ။ သူ့အနေဖြင့် သူ့ကလေး၏မိခင်ကို အနိုင်ရရန် ခက်ခဲစွာ ကြိုးစားရပေမည်။
ကုန်းထျန်းဟောက်၏ ချောမောသော မျက်နှာမှာ တည်တံ့နေလေသည်။ "စီးပွားရေးမှာ သေးတာကြီးတာ မရှိပါဘူး။ စီးပွားရေးတိုင်းက အရေးကြီးပါတယ်"
ယန်စစ်မင်၊ "..."
စကားခဏပြောပြီးချိန်တွင် ယန်စစ်မင်သည် နိုင်ငံ၏ အကြီးမားဆုံး စီးပွားရေးလုပ်ငန်း၏ ခေါင်းဆောင်ဖြစ်ပြီး အချမ်းသာဆုံးလူနေရာနှင့် ထိုက်တန်ကြောင်းကို နားလည်သွားလေသည်။ သူသည် လုံလောက်အောင် မျက်နှာရေထူလေသည်။
ဤသည်မှာ သူနှင့် ကုန်းထျန်းဟောက်ကြား ကွာခြားချက်ဖြစ်ပေမည်။
ယန်စစ်မင်သည် အနည်းငယ် ဝမ်းနည်းသွားသော်လည်း စိတ်ပြန်တင်းထားလိုက်သည်။
ဤလူသည် ချက်ချင်းပင် သူ၏ အချစ်ပြိုင်ဖက်ဖြစ်လာလေသည်။ ကုန်းထျန်းဟောက်သည် အင်အားကြီးသော်လည်း သူသည်အရှုံးကို လွယ်ကူစွာလက်ခံ၍ မဖြစ်ချေ။
ယန်စစ်မင်သည် ပြုံးလိုက်ပြီး မေးလေသည်။ "မစ္စတာကုန်း တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်လည်း လင်းယွီနဲ့ စတော်ဘယ်ရီဝယ်ဖို့ ပြောချင်နေတာ။ ဒါဆို ကျွန်တော်တို့အကုန်လုံး ထိုင်ပြီးပြောကြရင် မကောင်းဘူးလား"ဟု မေးလေသည်။
ထို့နောက်သူသည် ကုန်းထျန်းဟောက်ဘေးရှိ ခရီးဆောင်အိတ်ကို ကြည့်လိုက်ပြီး "ခင်ဗျားရဲ့ အဖိုးကလည်း ဒီမှာနေတယ်လို့ လင်းယွီက ပြောတယ်။ သူ့ဆီအရင်မသွားချင်တာ သေချာလို့လား မစ္စတာကုန်း" ဟု ပြောလေသည်။ သူသည် သခင်ကြီးကုန်းက ရှောင်လင်းယွီထက် အရေးမပါသည်ဟုသိလျှင် ကျေနပ်မည် မဟုတ်ကြောင်း သတိပေးလေသည်။
သူယခုလိုသတိပေးခြင်းမှာလည်း သဘောကောင်း၍မဟုတ်ဘဲ ကုန်းထျန်းဟောက်ကို ရှောင်လင်းယွီနှင့် အဆက်အဆံ မလုပ်စေလိုသောကြောင့် ဖြစ်လေသည်။
ထို့အပြင် ကုန်းမိသားစုသည် တရားမဝင်ကလေး လွယ်ထားရသော အမျိုးသမီးတစ်ယောက်ကို ချွေးမအဖြစ် လက်ခံမည်မဟုတ်ချေ။
'ခဏနေပါဦး...' ယန်စစ်မင်သည် တစ်ခုခုကို တွေးမိသွားလေသည်။ 'ကုန်းထျန်းဟောက်ကသာ ရှောင်လင်းယွီကို ပစ်မှတ်ထားနေတာဆိုရင် ကိုယ်ဝန်ကိစ္စကို သူမသိစရာအကြောင်းမရှိဘူး။ သူက မြို့တော်မှာရှိတဲ့ မျိုးရိုးမြင့် မိသားစုရဲ့ သခင်လေးပဲ။ သူကဘာကိစ္စ ကျေးလက်ဘက်ကိုလာပြီး အခြားအမျိုးသားတစ်ယောက်ရဲ့ ကလေးကိုလွယ်ထားတဲ့ မိန်းမတစ်ယောက်ကို လက်ထပ်မှာလဲ။ သူ့မိသားစုကရော ခွင့်ပြုမှာတဲ့လား"
'ဟုတ်တာပေါ့။ သူက ရှောင်လင်းယွီကို သူ့ဇနီးနေရာမဟုတ်ဘဲ အပျော်မယားအဖြစ် ထားချင်နေတာပဲ'
ထိုသို့တွေးလိုက်မိချိန်တွင် ယန်စစ်မင်တွင် အသိတစ်ခုဝင်လာလေသည်။
အဘယ်ကြောင့်ဆ်ိုသော် ရှောင်လင်းယွီ၏မာနအရ သူမသည် အမျိုးသားတစ်ယောက်၏ ချစ်သူဖြစ်ရန် လက်ခံမည်မဟုတ်ချေ။
သို့မဟုတ်လျှင် Zမြို့တွင် ရှိချိန်ကတည်းက သူမသဘောတူခဲ့မည်ဖြစ်သည်။
ထို့အပြင် ရှောင်လင်းယွီ၏ စတော်ဘယ်ရီနှင့် သီးနှံများသည် ယွမ် ၂ သန်းမှ ၃သန်းဖိုးအထိအထိ ရောင်းချခဲ့ပြီးဖြစ်ပြီး သူမအတွက် တစ်နှစ်အတွင်း ၁၀သန်းကျော် ရရန်မှာမခက်ခဲချေ။ သူမအနေဖြင့် မကြာမီ ချမ်းသာသည့် အမျိုးသမီးတစ်ယောက် ဖြစ်လာမည်ဖြစ်သဖြင့် အဘယ့်ကြောင့် အမျိုးသားတစ်ယောက်၏ အပျော်မယားအဖြစ်ခံပါမည်နည်း။
'အစကတည်းက ဘာလို့မတွေးမိရတာလဲ။ ငါအရမ်းအနေတာပဲ။ အပျော်မယားတွေက ချမ်းသာတဲ့ယောကျ်ားရဲ့ ပိုက်ဆံနဲ့ အာဏာကို လိုချင်လို့ပဲလေ။ ငါ ရှောင်လင်းယွီကို ဘာလို့များ အဲ့လို သွားမေးလိုက်မိတာလဲ"
သူ၏မရေရာသော ခံစားချက်များကြောင့် သူသည်ခေတ္တတွေဝေသွားလေသည်။ ရှောင်လင်းယွီသည် သူ၏နှလုံးသားထဲတွင် မည်သည့်နေရာ ယူထားသည်ကို သူမသိချေ။
သို့သော် သူ့အားအရှုံးမပေးရန် တစ်ခုခုက တိုက်တွန်းနေလေသည်။ မဟုတ်လျှင် သူ့အနေဖြင့် တစ်သက်လုံး နောင်တရသွားနေမည်ဖြစ်သည်။
ယန်စစ်မင်သည် အတွေးပေါင်းစုံ တွေးနေမိလေသည်။ မရေမရာဖြစ်နေပေသည်။ ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့သည် ထိုအကြောင်းများကို သိမည်မဟုတ်ချေ။
ကုန်းထျန်းဟောက်သည် ယန်စစ်မင်ကို ကြည့်လိုက်ပြီး ပြောလေသည်။ "ဥက္ကဌယန်နဲ့ ဘာမှဆွေးနွေးစရာမရှိပါဘူး"
ယန်စစ်မင်၊ "...."
ကုန်းထျန်းဟောက်သည် ထပ်သတိပေးလိုက်လေသည်။ "နောက်တစ်ကြိမ်ထပ်ပြောမယ်၊ ရှေ့က ဖယ်လိုက်"
ဤသည်မှာ သာမန်စကားလေးပင် ဖြစ်သော်လည်း အသံမှာ ဘုရင်တစ်ယောက်၏ အမိန့်ပေးသည့်ပုံစံဖြစ်လေသည်။
သူသည် ရှောင်လင်းယွီနှင့် စကားပြောချင်ရုံသာဖြစ်ပြီး သူ့လမ်းကို ဤလူပိတ်ပင်သည်ကို မလိုလားပေ။
ယန်စစ်မင်သည်လည်း အားနည်းသူမဟုတ်ချေ။ ကုန်းထျန်းဟောက်၏ စကားကြောင့်နှင့် သူသည် ရှောင်လင်းယွီကို လက်မလျှော့နိုင်ချေ။
သူသည် ရှောင်လင်းယွီ၏ ရှေ့တွင် ခိုင်မာစွာ ရပ်နေတုန်းဖြစ်လေသည်။
ကုန်းထျန်းဟောက်သည် မျက်လုံးများမှေးလိုက်ပြီး ယန်စစ်မင်ကို စူးရှစွာတစ်ချက် ကြည့်လိုက်လေသည်။ သူသည်မကျေမနပ်စွာ မျက်မှောင်ကြုတ်လိုက်လေသည်။
ကုန်းထျန်းဟောက်သည် ရှေ့သို့တိုးကာ ယန်စစ်မင်ကို တွန်းတော့မည့်ဆဲဆဲတွင် ယန်စစ်မင်၏ နောက်တွင်ရပ်နေသော ရှောင်လင်းယွီသည် သက်ပြင်လေးချလိုက်ရင်း "ယန်ကော၊ ဘေးဖယ်လိုက်ပါ။ သခင်လေးကုန်းက ကျွန်မကို ကိုက်မစားလောက်ပါဘူး။ ဒီလောက်ထိ ခုခံနေစရာမလိုဘူးထင်တယ်"ဟု ဝင်ပြောလေသည်။
ရှောင်လင်းယွီသည် အရူးမဟုတ်ချေ။ သူမသည် ဤလူနှစ်ယောက်ကြား ပြိုင်ဆိုင်မှုကို မြင်ရလေသည်။ သို့သော် သူမစိုးရိမ်သည်မှာ ရှောင်ထုန်အတွက်သာ ဖြစ်လေသည်။
မည်သည့်အရာကမှ ရှောင်ထုန်ထက် အရေးမကြီးချေ။
အဘယ့်ကြောင့် သခင်လေးကုန်းသည် သူမကို ရုတ်တရက်လာရှာရသည်ကို မသိသော်လည်း သူမ၏ မသိစိတ်ထဲမှ ဤကိစ္စသည် သူမဝမ်းသာရမည့်ကိစ္စ သို့မဟုတ် သူမလိုလားသည့် ကိစ္စ မဟုတ်ကြောင်း သတိပေးနေလေသည်။
ယန်စစ်မင်သည် နောက်ကို မဆုတ်ချင်ဘဲ ဆုတ်ပေးလိုက်ရသော်လည်း သူသည် သူမ၏ဘေးတွင် ကာကွယ်သည့်သဘောဖြင့် ရပ်နေလေသည်။
သူသည် တီးတိုးပြောလိုက်လေသည်။ "သူကအရမ်းချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးပဲ။ ကောလဟာလေတွအရတော့ သူက နှလုံးသားမရှိတဲ့ အေးစက်ပြီး စာနာစိတ်မရှိတဲ့သူတဲ့။ သူမင်းကိုလာရှာတာ အကြောင်းတစ်ခုခုရှိရမယ်။ သတိထားနော် သူ့လှည့်ကွက်တွေထဲ ရောက်မသွားစေနဲ့"
ကုန်းထျန်းဟောက်၊ "..."
ယန်စစ်မင်သည် ကုန်းထျန်းဟောက်ကြားစေရန် အသံကိုတမင်မြင့်ပြောလေသည်။ ကုန်းထျန်းဟောက်သည် ယန်စစ်မင်ကို အထင်သေးမိလေသည်။
ယန်စစ်မင် ထိုသို့ပြောလိုက်ချိန်တွင် သူသည် အနည်းငယ် ကျေနပ်သွားလေသည်။ 'မင်းတောင် အဲ့လိုပြောမှတော့ ငါကဘာလို့မပြောရမှာ'
ယန်စစ်မင်သည် ကုန်းထျန်းဟောက်ကဲ့သို့ သူကြားဖူးသည့် ကောလဟာလများကို ပြန်ပြောလေသည်။ သူသည်လည်း ကုန်းထျန်းဟောက်ကဲ့သို့ အမှန်တိုင်းပြောနေခြင်း ဖြစ်လေသည်။
ကုန်းထျန်းဟောက်၏ စူးရှပြတ်သားသော အကြည့်များသည် ယန်စစ်မင်ထံသို့ ရောက်လေသည်။
'ဒီလူကတော့....'
ထို့နောက် သူသည် ရှောင်လင်းယွီ ခေါင်းညိတ်ပြီး ပြောသည်ကို မြင်လိုက်ရလေသည်။ "ဘာမှမဟုတ်တာကို စိတ်ပူနေပြန်ပါပြီ ယန်ကောရယ်။ သခင်လေးလိုလူမျိုးက ကျွန်မလိုသာမန် မိန်းမတစ်ယောက်ကို ဘာလို့စိတ်ဝင်စားရမှာလဲ"
"ဘာကိုဆိုလိုချင်တာဆိလဲ" ယန်စစ်မင်သည် စိတ်ရှုပ်ထွေးသွားလေသည်။
သခင်လေးကုန်း၏ မျက်ခုံးများသည်လည်း မသိမသာ မြင့်သွားလေသည်။
"ကျွန်မမှာ အာဏာ၊ ရုပ်ရည်၊ ကိုယ်လုံးကိုယ်ဖန်၊ မျိုးရိုးအဆင့်အတန်းလည်း မမြင့်ဘူးလေ။ ကျွန်မကသာမန်ရွက်ကြမ်းရည်ကျိုပါပဲ" ရှောင်လင်းယွီသည် တည်ငြိမ်စွာ ရှင်းပြလေသည်။
ဥက္ကဌယန်နှင့် သခင်လေးကုန်း, "...."
သူမတွင် အာဏာနှင့် မျိုးရိုးအဆင့်အတန်းမမြင့်သည်မှန်သော်လည်း ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ဟန် မလှဟု ပြောခြင်းသည် အလိမ်အညာပင် ဖြစ်ချေသည်။
ယန်စစ်မင်သည် သူမကို မျက်မှန်မပါဘဲ မြင်ဖူးလေသည်။ သူမတွင် သိမ်မွေ့သော သွင်ပြင်နှင့် ယုံကြည်မှု၊ ဖြူစင်မှုတို့ဖြင့် ဝင့်ကြွားသော အလှတရားများရှိလေသည်။
ရှောင်လင်းယွီသည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေမှန်း ကုန်းထျန်းဟောက်သိလေသည်။
ထိုညတွင် အနည်းငယ်မှောင်နေသော်လည်း ရှောင်လင်းယွီသည် အကြီးစား မျက်မှန်ထူကို တပ်ထားလေသည်။ ကုန်းထျန်းဟောက်သည် သူမကို လက်ဖြင့် ထိလိုက်သောအခါ သူမ၏အသားအရည်မှာ နူးညံ့ပြီး ချောမွေ့နေသည်ကို ခံစားရလေသည်။ သူမကို ပွေ့ဖက်လိုက်ရသောအခါ နူးညံ့၍ နွေးထွေးနေလေသည်။
မြင်မြင်ချင်းချစ်မိသည်ဆိုသည်မှာ ထိုလူ၏ရုပ်ရည်ကြောင့်ဖြစ်လေသည်။ ဤအမျိုးသားနှစ်ယောက်သည် သူမကို မြင်မြင်ချင်း ချစ်မိသည်မဟုတ်သော်လည်း သူမ၏အလှမှာ မှင်သက်ခဲ့သည်ဖြစ်သည်။
ထိုသို့မဟုတ်လျှင် ယန်စစ်မင်သည် ကုမ္ပဏီကြီးတစ်ခုကို သူမအတွက် ဝယ်ခဲ့မည်မဟုတ်ချေ။ သူအခုထိ သူမကိုမှတ်မိနေရခြင်းမှာ သူမသည် လှပပြီး မာနကြီးသော အမျိုးသမီးတစ်ယောက် ဖြစ်နေသောကြောင့်ပေတည်း။ သူမသာ ရုပ်ဆိုးပါက သူဂရုစိုက်မည်လား။
ကုန်းထျန်းဟောက်သည် ရုပ်ရည်ကို အဓိကထားတတ်သူ မဟုတ်သော်လည်း အလှမကြိုက်သူ မည်သူရှိသနည်း။
အပေါ်ယံအရပြောမည်ဆိုလျှင် ဤအမျိုးသားနှစ်ယောက် သူမကို နှစ်သက်ခြင်းမှာ သူမ၏ရုပ်ရည်ကြောင့်ဟုပင် ဆိုနိုင်သော်လည်း တစ်ကယ့်အကြောင်းအရင်းမှာ သူမ၏ စရိုက်နှင့် နှစ်လိုဖွယ် အရည်အချင်းများကြောင့် ဖြစ်ပေသည်။
သူမသည် သူ့ကိုယ်သူ ရွက်ကြမ်းရေကျိုဟုပြောသောအခါ သူတို့သည် ဘာပြောရမှန်းမသိတော့ချေ။ မိန်းမတစ်ယောက်၏ နှလုံးသားကို သိရန်ခက်ခဲလှချေသည်။
သူတို့သည် သူမနှင့် ပြိုင်မငြင်းချင်ပေ။
ကုန်းထျန်းဟောက်သည် ချောင်းဟန့်လိုက်လေသည်။ "ဘယ်လောက်ပဲ အဲ့လိုဖြစ်နေပါစေ မင်းကိုနှစ်သက်တဲ့သူကတော့ ရှိနေဦးမှာပါပဲ။"
ရှောင်လင်းယွီ၊ "...."
ယန်စစ်မင်၊ "..." သူသည် ကုန်းထျန်းဟောက်၏ အဖြေကြောင့် အံ့သြသွားလေသည်။ ဤသည်မှာ အမျိုးသမီးတစ်ယောက်ကို ပြောသင့်သည့် ပုံစံမဟုတ်ချေ။ သူသည် အမျိုးသမီးများနှင့် ပတ်သက်လျှင် အတွေ့အကြုံရှိပေသည်။ ထို့ကြောင့် သူတို့သည် ချီးကျူးသံများကိုသာ ကြားလိုကြောင်း သူသိလေသည်။
ကုန်းထျန်းဟောက်သည် သူမကို မချီးကျုးသည့်အပြင် သူမသည် ရွက်ကြမ်းရည်ကျိုသာဖြစ်ကြောင်း ဝင်ထောက်ခံလေသည်။ အချို့အနေဖြင့် စော်ကားသည်ဟုပင် ထင်နိုင်လေသည်။
ယန်စစ်မင်သည် ရယ်လိုက်ပြီး "မစ္စတာကုန်းရယ် ကြည့်ရတာ မျက်စိစစ်ကြည့်ဖို့လိုနေပြီထင်တယ်။ ကျွန်တော့်ရဲ့ လင်းယွီက ဘယ်လိုလုပ် ရွက်ကြမ်းရေကျိုဖြစ်မှာလဲ"
ကုန်းထျန်းဟောက်သည် အလေးအနက်ထားကာ ပြန်ဖြေလေသည်။ "ကျွန်တော့်မျက်လုံးတွေက ပုံမှန်ပါပဲ။ ပြီးတော့ ဘယ်တုန်းကသူက ခင်ဗျားရဲ့အမျိုးသမီးဖြစ်သွားတာလဲ"
ယန်စစ်မင်၊ "...."
ယန်စစ်မင်၊ "...." သူသည် ကုန်းထျန်းဟောက်နှင့် စကားပြောရသည်မှာ လွန်စွာဒုက္ခရောက်ပေသည်။ သူသည် မေးခွန်းတိုင်းကို မေးခွန်းဖြင့်သာ ပြန်ဖြေနေလေသည်။ ယန်စစ်မင်သည် ရှောင်လင်းယွီကို ကြည့်လိုက်သောအခါ ကုန်းထျန်းဟောက်၏ စကားကို ငြင်းဆိုလိုခြင်းမရှိကြောင်း တွေ့ရလေသည်။
"မစ္စတာကုန်း တစ်နေကုန် ခရီးဆက်လာရတယ်မလား။ ဘာလို့ ထိုင်ပြီးမနားတာလဲ။ ကျွန်မတို့မိသားစုမှာ ဧည့်ခံစရာဆိုလို့ ရိုးရိုး ရေနွေးကြမ်းနဲ့ သီးနှံလေးတွေပဲရှိတယ် စိတ်မရှိဘူးမလား"ဟု ရှောင်လင်းယွီက ပြောလေသည်။
ကုန်းထျန်းဟောက်သည် ခရီးဆောင်အိတ်ကို အေးတွင်ချလိုက်ပြီး သူ၏အင်္ကျီကို ထိုအပေါ်သို့တင်ကာ ကျောက်စားပွဲနားတွင် ထိုင်လိုက်လေသည်။
ရှောင်လင်းယွီသည် ဘာမှမပြောဘဲ အိမ်ထဲသို့ ပြန်သွားလေသည်။
သူမထွက်သွားချိန်တွင် ယန်စစ်မင်သည် သူ၏လက်ကိုဆန့်လိုက်ပြီး အပြုံးလေးဖြင့် "တွေ့ရတာဝမ်းသာပါတယ် မစ္စတာကုန်း"ဟု ပြောလေသည်။
ကုန်းထျန်းဟောက်ဘက်မှ "တွေ့ရတာဝမ်းသာပါတယ်"ဟု သာမန်မျှသာပြောလေသည်။
"လိုရင်းပဲပြောမယ်" ယန်စစ်မင်၏ ပြုံးနေသောမျက်နှာသည် လေးနက်သည့်ပုံစံပြောင်းသွားလေသည်။ "ရှောင်လင်းယွီက ကျွန်တော့်ရဲ့အမျိုးသမီးဖြစ်ဖို့ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူ့ကို ယောကျ်ားတစ်ယောက်က ထိခိုက်အောင် ထပ်လုပ်မှာကို ခွင့်မပြုနိုင်ဘူး"ဟု ပြောလေသည်။
"အဲ့တော့ ဘာလို့ ဒီကိုလာရတာလဲ မစ္စတာကုန်း။ ဒီကို စတော်ဘယ်ရီ ခူးဖို့လာတာလို့ပြောရင် အရူးတွေပဲ ယုံလိမ့်မယ်။ ကျွန်တော်နဲ့ ရှောင်လင်းယွီကတော့ ယုံမှာမဟုတ်ဘူး"
"ဒါဆိုဘာလို့ဒီကိုလာတယ်ထင်လဲ" ကုန်းထျန်းဟောက်သည် အေးစက်စွာ ပြုံးလိုက်ပြီး ချက်ချင်းပြန်မေးလိုက်လေသည်။
ယန်စစ်မင်၊ "..."
'ရိုးရိုးစကားပြောလို့မရဘူးလား။ ဒီလိုကြီးပဲလုပ်နေမှဖြစ်မှာလား'
သို့သော် ဤနည်းလမ်းမှာ လွန်စွာထိရောက်ကြောင်း ဝန်ခံရပေမည်။ အဘယ့်ကြောင့်ဆိုသော် ယန်စစ်မင်သည် ယခုကဲ့သို့ စိတ်မတိုရဖူးသေးသောကြောင့် ဖြစ်လေသည်။
ယန်စစ်မင်သည် ဝေ့ဝိုက်မနေတော့ဘဲ လှောင်ရယ်လိုက်ကာ "ရှောင်လင်းယွီကြောင့် လာတာမလား"ဟု မေးလိုက်လေသည်။
"အဲ့လိုထင်တယ်ဆိုတော့လည်း အဲ့လိုပဲပေါ့" ကုန်းထျန်းဟောက်က အေးဆေးစွာပြောလေသည်။
ယန်စစ်မင် "..." သူ ဒီလူကို ဖြတ်ရိုက်ပစ်လိုက်ချင်တော့သည်။
***