မျက်နှာအရေထူခြင်း
Vol. 14 Ch. 239
ကုန်းထျန်းဟောက်ထိုးနှက်ချက်သည် ယန်စစ်မင် ကြိုးစားတည်ဆောက်ထားသည်များကို ဖျက်ဆီးပစ်ခဲ့လေသည်။
မေမေရှောင်သည် သတိဖြင့် တစ်ချက်စိုက်ကြည့်လိုက်ပြီး ခပ်တောင့်တောင့် ပြုံးလိုက်ကာ "အဲ့လိုလား မစ္စတာယန်က ကံကောင်းတာပဲ"ဟု ပြောလေသည်။
ထို့နောက် သူမသည် လက်ဖက်ရည်အိုးကို ချလိုက်ပြီး သန့်ရှင်းရေးလုပ်ရန် အိမ်ထဲသို့ ဝင်သွားလေသည်။
ယန်စစ်မင်၏ နှုတ်ခမ်းထောင့်စွန်းလေးသည် တွန့်သွားလေသည်။ 'ဒီကုန်းထျန်းဟောက်က တစ်ကယ်ပဲ စာနာစိတ်လုံးဝမရှိတာပဲ။ ကောလဟာလတွေွအရ သူကကောက်ကျစ်တယ်လို့ ကြားထားတာ အမှန်ဖြစ်နေတာပဲ။ သူရဲ့စကားတစ်ခွန်းနဲ့ ငါခက်ခက်ခဲခဲ ကြိုးစား တည်ဆောက်ထားခဲ့ရတဲ့ပုံရိပ်ကို ဖျက်ဆီးပစ်လိုက်တာပဲ။'
သူသည် ကုန်းထျန်းဟောက်၏ အေးစက်လျစ်လျှူရှုတတ်သော မျက်နှာကို ရိုက်ပစ်ချင်ပေသည်။
သို့သော် သူသည် ကျိုးကျောင်းဆင်ခြင်ကာ သူ၏လှည့်ကွက်ထဲသို့ မကျခဲ့ပေ။ သူသည် ကုန်းထျန်းဟောက်ကို တစ်ကယ် ရိုက်လိုက်ပါက သူ၏အလိမ်အညာများ ပေါ်သွားသဖြင့် စိတ်ဆိုး၍ ရိုက်သည်ဟု ထင်ခံရမည်ဖြစ်သည်။ သူသည် ရှောင်အဖေနှင့် အမေကို အထင်မလွဲစေလိုပေ။
ဘယ်မိဘကမှ သူတို့၏သမီးကို မိန်းမများစွာနှင့် အိပ်ခဲ့သော ယောကျ်ားတစ်ယောက်နှင့် လက်မထပ်စေလိုပေ။ ဤသည်မှာ သူတို့၏ သမီးကို ဖျက်ဆီးသည်နှင့် အတူတူပင် ဖြစ်လေသည်။
ယန်စစ်မင်သည် သက်ပြင်းချလိုက်ပြီး ပြုံး၍ "ဒါကောလဟာလတွေပါ"ဟု ရှင်းပြလေသည်။
ဖေဖေရှောင်သည် ပြုံးလိုက်ပြီး "မစ္စတာယန်လို အဆင့်အတန်းမြင့်တဲ့ လူမျိုးအတွက် မိန်းကလေးအများစု သဘောကျကြတာ သာမန်ပါပဲ"ဟု ဆိုလေသည်။
ယန်စစ်မင်, "..." သူသည် ငိုချင်လာပေသည်။ 'ဦးလေးက သာမန်ပဲလို့ပြောပေမယ့် တစ်ကယ်အဲ့လိမထင်မှန်း သိပါတယ်'
ယန်စစ်မင်သည် ရှောင်လင်းယွီဘက်သို့ မသိမသာ လှည့်လိုက်လေသည်။ သူမသည် နောက်မှီထိုင်ခုံပေါ်တွင် ထိုင်ကာ ခေါင်းအနည်းငယ်ငုံ့၍ ရေသောက်နေလေသည်။ သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးသည် မသိမသာ ကွေးနေသည်ကို မြင်ရလေသည်။
သူမပြုံးနေလေသည်။
ယန်စစ်မင်သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။ သူသည် ဖြေရှင်းစရာမလိုမှန်းသိလေသည်။ သူနှင့် ရှောင်လင်းယွီသည် မိတ်ဆွေများသာဖြစ်ကြပြီး အချစ်ရေးကိစ္စများ တစ်ယောက်နှင့်တစ်ယောက် ပြောလေ့မရှိကြပေ။
ကုန်းထျန်းဟောက်သည် ယန်စစ်မင်၏ စိတ်အနှောင့်အယှက် ဖြစ်နေသည့်ပုံကို မြင်လိုက်ရသောအခါ ရေနွေးကြမ်းသောက်ရင်း ပြုံးလိုက်လေသည်။ သူစိတ်ကျေနပ်သွားသည်မှာ အသိအသာပင်ဖြစ်သည်။
ထိုအချိန်တွင် ဖေဖေရှောင်သည် ကုန်းထျန်းဟောက် ေဘးတွင်ရှိသော ခရီးဆောင်အိတ်ကို မြင်သွားသဖြင့် "ဘယ်သူ့အိတ်လဲ"ဟု သိလိုစွာမေးလေသည်။
ကုန်းထျန်းဟောက်သည် ခွက်ကိုချလိုက်၍ "ကျွန်တော့်အိတ်ပါ ဦးလေး"ဟု ဖြေလေသည်။
"သခင်လေးကုန်းက ထောင်ယွမ်ရွာကို ရောက်ကတည်းက ဒီကို တန်းလာခဲ့တာလား။ သခင်လေး အဖိုးဆီကို အရင်သွားမတွေ့ဘူးလား"ဟု ဖေဖေရှောင်က မေးလိုက်လေသည်။
ယန်စစ်မင်သည် ထိုစကားကို ကြားလိုက်သောအခါ ပြုံးလိုက်ေလသည်။ 'အစောလေးကတင် ငါ့ကိုပြောထားတာဆိုတော့ အခုငါ့အလှည့်ပဲ'
ကျေးလက်ဒေသများတွင် ဂါရဝတရားသည် လွန်စွာအရေးကြီးပေသည်။ ထို့ကြောင့် ကုန်းထျန်းဟောက်အနေဖြင့် သူ၏အဖိုးကို အရင်သွားမတွေ့ဘဲ ဒီကိုလာခြင်းသည် မလေးစားရာကျပေသည်။
ကုန်းထျန်းဟောက်သည် ယန်စစ်မင်ကို မျက်ထောင့်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ညင်သာစွာ ပြောလေသည်။ "အစကတော့ အဖိုးဆီကို အရင်သွားမလို့ပါပဲ။ ဒါပေမယ့် စတော်ဘယ်ရီတွေရဲ့ စျေးကိုသိလိုက်ရတော့ ဒီကိုအရင်ညှိနှိုင်းဖို့လာလိုက်တာ"
ယန်စစ်မင်သည် ရေနွေးသီးသွားလေသည်။ 'ဒီလူတော်တော် မျက်နှာအရေထူတာပဲ။ ဘယ်လိုများ ဒီလိုဆင်ခြေကြီးကို ဖေဖေရှောင်အပေါ် ပြန်သုံးနိုင်ရတာလဲ'
ဖေဖေရှောင်သည် မျက်မှောင် အနည်းငယ်ကြုတ်လိုက်ပြီး သံသယဖြင့်မေးလေသည်။ "သခင်လေးကုန်း သခင်ကြီးက ညှိနှိုင်းပြီးသားမဟုတ်ဘူးလား။ ဘာလို့ကိုယ်တိုင်လာဆွေးနွေးရတာလဲ။ သခင်ကြီးက တစ်ခုခုလွဲသွားတာရှိလို့လား"
ရိုးသားသော ဖေဖေရှောင်သည် ဆင်ခြေဟုမထင်ဘဲ တစ်ကယ်ပင် စီးပွားရေးကိစ္စကြောင့် လာသည်ဟု ထင်ထားလေသည်။
ထို့အပြင် သခင်ကြီးမှာ စတော်ဘယ်ရီများကို တစ် ကတ်တီ ၂၀၀ ယွမ်ဖြင့် ဝယ်ခဲ့သောကြောင့် စျေးမှာများပေသည်။ သူတို့သည် သခင်ကြီးကို ၅၀၀၀ ကတ်တီ ရောင်းခဲ့သဖြင့် ယွမ် ၁သန်း ကျသင့်သည်ဖြစ်ရာ ဖေဖေရှောင်အတွက် ထိုပမာဏမှာ များလွန်းသည်ဖြစ်သည်။ ထို့ကြောင့် တစ်ခုခုအမှားအယွင်း ဖြစ်သွား၍ ဒီကိုအရေးတကြီး တန်းလာမည်ဆိုသည်မှာ လက်သင့်ခံစရာဖြစ်ပေမည်။ ဖေဖေရှောင်သည် သခင်လေးကုန်း၏ နောက်ခံအကြောင်းကို သေချာမသိပေ။
သခင်လေးကုန်း၏ စီးပွားရေးလုပ်ငန်းများမှာ တစ်ကမ္ဘာလုံးထိရှိနေသည်ဖြစ်ရာ စီးပွားရေး အပေးအယူများမှာ သန်း၁၀၀ ဝန်းကျင်ချည်းသာဖြစ်လေသည်။ ထို့ကြောင့် သန်း၃၀အောက်ရှိသော ကိစ္စမှန်သမျှသာ စီးပွားရေးအသေးစားသာ ဖြစ်လေသည်။
သို့သော် ဖေဖေရှောင်သည် ဒီကိစ္စကို မသိချေ။
ထိုအချိန်တွင် ယန်စစ်မင်သည် ဝင်ပြောလိုက်လေသည်။ "ဦးလေး ဒါကိုမသိသေးဘူးထင်တယ်။ သခင်လေးကုန်းက ကုမ္ပဏီကြီးတစ်ခုရဲ့ သူဌေးပဲ။ အဲ့တော့ စီးပွားရေး အပေးအယူမှန်သမျှက သန်း၁၀၀ ဝန်းကျင်ရှိတယ်"
ထို့ကြောင့် သူသည် ၁သန်းလောက်ကို အရေးစိုက်နေစရာမလိုချေ။ အခြားအကြောင်းကြောင့် ဒီကို ရောက်လာခြင်းဖြစ်ပေသည်။
သို့သော် သူသည် ကုန်းထျန်းဟောက်၏ ရည်ရွယ်ချက်အမှန်ကို မပြောရဲချေ။ အကယ်၍ ဖေဖေရှောင်နှင့် အမေမေရှောင်က ကုန်းထျန်းဟောက်ကို ပို၍သဘောကျသည်ဆိုပါက မည်သို့လုပ်မည်နည်း။
ထို့ကြောင့် သူသည် ကုန်းထျန်းဟောက်တွင် ဖုံးကွယ်ထားသော ကိစ္စရှိသည့်အကြောင်းသာ ဖော်ထုတ်ခဲ့လေသည်။
ကုန်းထျန်းဟောက်သည် ကုမ္ပဏီကြီးတစ်ခု၏ သူဌေးဖြစ်ပြီး နေ့စဥ်သန်း၁၀၀နှုန်းဖြင့် စီးပွားရေးကိစ္စများ အပေးအယူလုပ်နေသည်ကို ကြားလိုက်ရသောအခါ ဖေဖေရှောင်သည် လက်ထဲမှ ခွက်လွတ်ကျခါနီး ဖြစ်သွားလေသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်ဘဲ အံ့အားသင့်နေလေသည်။
ဖေဖေရှောင်သည် အံ့သြစွာပြောလေသည်။ "စီးပွားရေးအပေးအယူတွေက သန်း၁၀၀တောင်"
သူသိသော မိသားစုထဲရှိ အချမ်းသာဆုံးသူမှာ လပိုင်းအတွင်း ၂သန်းမှ ၃သန်းအတွင်း ရှာနိုင်သည်ဖြစ်သည်။
ထို့ကြောင့် နေ့စဥ်သန်း၁၀၀ရှိသော စီးပွားရေး အပေးအယုများလုပ်နေသော လုပ်ငန်းများသည် မည်မျှ ကြီးမားသနည်း။ ဤသူဌေးသည်လည်း မည်မျှအာဏာကြီးပေမည်နည်း။
ထောင်ယွမ်ရွာ၏ လမ်းတည်ဆောက်ရေးအတွက် ကုန်းထျန်းဟောက်လှူခဲ့သည်မှာ မဆန်းတော့ချေ။ သူသည် ပိုက်ဆံထောင်ချီကို မျက်တောင်ပင် တစ်ချက်မခတ်ဘဲ ပေးခဲ့သည်ဖြစ်လေသည်။
သခင်ကြီးကုန်းသည် ရွာသားများ၏ တောင်ပန်းများကို ဝယ်စဥ်ကလည်း စျေးများစွာ ပေးခဲ့လေသည်။
အခုအချိန်တွင် ဖေဖေရှောင် သိသွားသည်မှာ ကုန်းမိသားစုသည် ပိုက်ဆံမရှားခြင်း ဖြစ်ပေမည်။
ဖေဖေရှောင်၏ အကြည့်များသည် အနည်းငယ် စိတ်ရှုပ်ထွေးဟန်ပြလာလေသည်။ 'သခင်ကြီးနဲ့ သခင်လေးကုန်းတို့က လူကောင်းတွေပဲ။ သူတို့က ထောင်ယွမ်ရွာကို လာပြီး ဘာမှပြန်မလိုချင်ဘဲ သက်သက်လာကူညီပေးကြတယ်'
ကုန်းထျန်းဟောက်အပေါ်ထားသော သူ၏လေးစားမှုသည် ပိုတိုးလာခဲ့ပေသည်။
သို့သော် ဖေဖေရှောင်သည် သိုဝှက်သောလူစားဖြစ်ပေသည်။ ကုန်းထျန်းဟောက်နှင့် ယန်စစ်မင်သည် သူ၏ မျက်နှာအမူအယာတွင် ပြောင်းလဲသွားသည်များကို မသိလိုက်ပေ။ သူတို့သည် ကုန်းထျန်းဟောက်၏ ပုံစံအမှန်ကိုသိသွားသဖြင့် အံ့သြနေသေးသည်ဟုသာ ထင်ကြလေသည်။
ယန်စစ်မင်သည် ကုန်းထျန်းဟောက်ကို ပြုံးပြလိုက်လေသည်။ အခုလို မျက်နှာအရေထူသောသူသည် သူ့အဖိုးဆီ အရင်မသွားဘဲ ရှောင်လင်းယွီဆီ အရင်လာခြင်းကို မည်ကဲ့သို့ ရှင်းပြမည်ကို မြင်ချင်နေပေသည်။
မည်သည့်ဖခင်ကမှ သူတို့၏သမီးနားတွင် ယခုလို မူမမှန်သည့် ခြေလှမ်းများ မြင်တွေ့ရသည်ကို မကြိုက်ပေ။
ကုန်းထျန်းဟောက်သည် ယန်စစ်မင်ကို စူးရှစွာ တစ်ချက် စိုက်ကြည့်လိုက်လေသည်။ ထို့နောက် သူသည် ဖေဖေရှောင်ကို ရင့်ကျက် တည်ငြိမ်သော လေသံဖြင့် "စီးပွားရေးနဲ့ ပတ်သက်လာရင် ကြီးတာသေးတာ မရှိပါဘူး။ ကြီးတာပဲဖြစ်ဖြစ် သေးငယ်တာပဲဖြစ်ဖြစ် စီးပွားရေးပါပဲ။ သန်း၁၀၀ပဲ တန်တန် ၁သန်းပဲ တန်တန် ကျွန်တော့်အတွက်တော့ စီးပွားရေးပါပဲ။ အကုန်လုံးကို အရေးစိုက်ပါတယ်။"
ကုန်းထျန်းဟောက်၏ အဖြေကို ကြားလိုက်ရသောအခါ ယန်စစ်မင်သည် ခြေဆောင့်ချင်စိတ် ပေါက်သွားလေသည်။ သူသည် မြို့နံရံထက်ပင် မျက်နှာအရေထူချေတော့သည်။ သူသည် ဤဆင်ခြေကိုသာ ထပ်တလဲလဲ သုံးနေလေသည်။
ရှောင်မိသားစုမှာ ရိုးသားသဖြင့် ယခုလိုယုံရခြင်းဖြစ်လေသည်။ သူတို့သည် ကုန်းထျန်းဟောက် ပြောသမျှကို ယုံနေကြပေသည်။ အကယ်၍ ထိုနေရာမှာ ပို၍နှံ့စပ်သောသူဖြစ်ပါက ထိုဆင်ခြေကို ယုံမည်မဟုတ်ချေ။
ကုန်းထျန်းဟောက်က ပွေ့ချီလိုက်ပြီးနောက်တွင် ရှောင်လင်းယွီသည် တည်ငြိမ်သော ကိုယ်ဝန်သည်လို နေလေသည်။ သူမသည် တိတ်ဆိတ်စွာ စားသောက်ပြီး နားထောင်နေလေသည်။ ကုန်းထျန်းဟောက်သည် သူမ၏မိဘများကို တူညီသော ဆင်ခြေဖြင့် ရှင်းပြနေသည်ကို ကြားရသောအခါ သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးသည် ကွေးသွားလေသည်။
သူမသည် စိတ်ထဲမှ ယန်စစ်မင်ကဲ့သို့ပင် မျက်နှာအရေထူလိုက်သည်ဟု တွေးနေလေသည်။
ဖေဖေရှောင်သည် ကုန်းထျန်းဟောက်၏ စကားများကို သံသယမရှိရုံသာမက သူ၏အလေးအနက်ထားတတ်သော စရိုက်ကိုမြင်၍ သဘောကျနေသေးပေသည်။
ဖေဖေရှောင်သည် ပြုံး၍ပြောလေသည်။ "ဪ ဟုတ်ပါပြီ။" ထို့နောက် သူသည်မေးလေသည်။ "ဒါဆိုရင် ကျွန်တော်တို့ရဲ့ အရောင်းအဝယ်နဲ့ ပတ်သက်ပြီး ဘာမှားသွားလို့ ဒီလောက် အလောတကြီး ရောက်လာရတာလဲ သခင်လေး"
ကုန်းထျန်းဟောက်သည် ခေါင်းခါလိုက်လေသည်။ ထို့နောက် သူသည် "ဘာမှမမှားပါဘူး ဦးလေး။ အဖိုးညှိနှိုင်းထားတာကို ကျွန်တော် ကန့်ကွက်စရာမရှိပါဘူး။ ကျွန်တော့်ကုမ္ပဏီက ဝန်ထမ်းတွေကို ဆုချချင်လို့ စတော်ဘယ်ရီ ထပ်မှာချင်လို့ပါ"ဟု ပြောလေသည်။ သူ၏ဆင်ခြေကို သူသည်ကျေနပ်သွားလေသည်။
"ဒါက...." ဖေဖေရှောင်သည် ခဏစဉ်းစားလိုက်ပြီး ရှောင်လင်းယွီကို ကြည့်ကာ မေးလိုက်လေသည်။ "ယွီအာရေ သမီးဘယ်လိုထင်လဲ" စီးပွားရေးကိစ္စများနှင့် ပတ်သက်လျှင် ရှောင်လင်းယွီသည် ဆုံးဖြတ်သူဖြစ်လေသည်။
ရှောင်လင်းယွီသည် ပြုံး၍ပြန်ဖြေလေသည်။ "ကျွန်မစိတ်မကောင်းပါဘူး သခင်လေးကုန်း။ စတော်ဘယ်ရီ ကတ်တီ ၅၀၀၀က ကျွန်မရောင်းနိုင်တာ အကုန်ပါပဲ။ ကျန်သေးတဲ့ စတော်ဘယ်ရီတွေကို စီးပွားရေးစျေးကွက် ချဲ့ဖို့လိုနေသေးလို့ပါ"
ဖေဖေရှောင်သည် ခေါင်းညိတ်လိုက်ကာ ပြန်ဖြေလေသည်။ "ဟုတ်တယ်။ ဦးလေးတို့ သခင်ကြီးနဲ့ ပြောပြီးသားပါ။"
ရှောင်လင်းယွီက ဆက်ပြောလေသည်။ "မစ္စတာကုန်း အကယ်၍ ထပ်မှာချင်တယ်ဆိုရင်တော့ နောက်ကောက်ရိတ်ချိန်အထိ စောင့်ရပါလိမ့်မယ်။"
ကုန်းထျန်းဟောက်သည် ခေါင်းညိတ်လိုက်လေသည်။ "အမ်၊ ကောင်းပါပြီ။" သူ၏ရည်ရွယ်ချက်မှာ ရှောင်လင်းယွီနှင့် သူ၏ကလေးကို တွေ့ရန်ဖြစ်ပြီး စီးပွားဆွေးနွေးရန် မဟုတ်ချေ။ သို့သော်လည်း သူသည် ဆွေးနွေးသကဲ့သို့ လုပ်ရလေသည်။
"သခင်လေးက တစ်ကယ်နားလည်ပေးတတ်တာပဲ"ဟု ဖေဖေရှောင်သည် ကျေနပ်သည့်ဟန်ဖြင့် ပြုံးကာပြောလေသည်။
ထိုစကားကို ကြားသောအခါ ယန်စစ်မင်သည် စိတ်အချဥ်ပေါက်လေသည်။
သူသည် ရှောင်လင်းယွီကို ဖွင့်ပြောရန် လာခဲ့သော်လည်း ကုန်းထျန်းဟောက်နှင့် လာတိုးနေလေသည်။ ပို၍ဆိုးသည်မှာ ကုန်းထျန်းဟောက်သည် သူ၏အချစ်ပြိုင်ဘက် ဖြစ်နေလေသည်။
ပိုင်ဆိုင်မှုအရကြည့်လျှင် ကုန်းထျန်းဟောက်မှာ ပိုချမ်းသာလေသည်။ ရုပ်ရည်အရဆိုလျှင် သိပ်မကွာခြားသော်လည်း ကုန်းထျန်းဟောက်သည် ခန့်ညားပြီး ယောကျ်ားဆန်သော အသွင်ရှိလေသည်။
ယှဥ်ရမည်ဆိုလျှင် ယန်စစ်မင်သည် ခန့်ညားသည်ထက် လှပသည်ဟု ဆိုနိုင်လေသည်။ ယခင်က သူသည် ယောကျ်ားအချို့၏ စိတ်ဝင်စားခြင်းကိုပါ ခံရလေသည်။ ထိုလူများကိုလည်း သူသည် ပြင်းထန်စွာ သတိပေးခဲ့လေသည်။ သူသည် ဤနေရာတွင် ကုန်းထျန်းဟောက်ကို ရှုံးသည်ကို လက်ခံရလေသည်။
ယန်စစ်မင်သည် သူ့အတွေးထဲတွင် နစ်မျောနေပြီး မည်သူမှ သူတွေးသည်ကို မသိရချေ။
"သခင်လေးကုန်း " ဖေဖေရှောင်က စကားစလိုက်သည်။
ကုန်းထျန်းဟောက်သည် ရုတ်တရက် ပြောလိုက်လေသည်။ "ကျွန်တော်တို့က ရင်းနှီးနေပြီးသားပဲ။ ကျွန်တော့်ကို ထျန်းဟောက်လို့ပဲ ခေါ်ပါ။ စီးပွားရေးကိစ္စတွေ ဘေးဖယ်ထားလိုက်ပါဦး။ ဦးလေးနဲ့အဒေါ်က အဖိုးကို မိသားစုလို စောင့်ရှောက်နေကြတာလေ ကျွန်တော့်ကို သခင်လေးလို့ အမြဲခေါ်နေတာကို အဖိုးသိရင် ကျွန်တော့်ကို ဆူနေပါလိမ့်မယ်"
သူ့ကို သခင်လေးကုန်းဟု ခေါ်ခြင်းကို သူသည်မနှစ်သက်ပေ။ ဖေဖေရှောင်နှင့် အမေသည် သူ၏ယောက္ခမများ ဖြစ်ကြပြီး အနာဂါတ်တွင် သူ့ကလေး၏ အဖိုးအဘွားများ ဖြစ်လာကြမည့်သူများ ဖြစ်သည့်အတွက် သူ့အနေနှင့် ရင်းနှီးရန် ကြိုးစားထားရပေမည်။
ယန်စစ်မင်၊ "..."
'၁လက်မလောက်ပေးရင် ၁မိုင်လောက် လိုချင်နေတယ်။ ဒီလူမျက်နှာအရေ တော်တော်ထူတာပဲ'
ယန်စစ်မင်သည် ရုတ်တရက် ကြားဖြတ်ပြောလိုက်လေသည်။ "ကျွန်တော့်ကိုလည်း စစ်မင်လို့ပဲခေါ်ပါ ဦးလေး။ မဟုတ်လည်း ကျွန်တော်တို့က ရင်းနှီးပြီးသားပဲ။ ပြီးတော့ ဦးလေးတို့က လင်းယွီရဲ့ မိဘတွေဖြစ်ပြီး ကျွန်တော်ထက်အကြီးလေ။ မစ္စတာယန်လို့ခေါ်တာ ကြားရရင်တစ်မျိုးကြီးပဲ"
သူ၏စကားမဆုံးလိုက်ခင်မှာပင် ကုန်းထျန်းဟောက်သည် စူးရှစွာ ကြည့်လိုက်လေသည်။
ယန်စစ်မင်သည် မျက်ခုံးပင့်လိုက်ပြီး ရန်စလိုက်လေသည်။
ဖေဖေရှောင်သည် ခေါင်းညိတ်၍ပြောလေသည်။ "လူငယ်လေးနှစ်ယောက်က မျက်နှာသာပေးနေမှတော့လည်း ဟန်လုပ်မနေတော့ပါဘူး" သူတို့သည်လည်း သာမန်လူများသာ ဖြစ်လေသည်။
ကုန်းထျန်းဟောက်နှင့် ယန်စစ်မင်သည် "ကျွန်တော့်ကို ဂျူနီယာတစ်ယောက်လိုပဲ ဆက်ဆံပါ ဦးလေး"ဟု ပြိုင်တူပြောလိုက်မိလေသည်။
သူတို့သည် အချင်းချင်း စိုက်ကြည့်လိုက်ကြပြီး စိတ်ဆိုးစွာ မျက်နှာလွှဲလိုက်လေသည်။
ဖေဖေရှောင်၊ "..."
'ဒီနှစ်ယောက်က ဘယ်ဖြစ်နေတာလဲ'
ရှောင်လင်းယွီ, "..."
'ကလေးဆန်လိုက်တာ'
***