မိတ်ဆွေဟောင်း၏ မြေး
Vol. 14 Ch. 241
သခင်ကြီးသည် ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့ကို ခေါ်လာကာ ရှောင်အိမ်သို့ ပျော်ရွှင်စွာ သွားလေသည်။ သူသည်တစ်ခါမှ ထိုမျှ ပျော်ရွှင်စိတ်လှုပ်ရှားခြင်း မရှိခဲ့ပေ။ သူသည် သူ၏မြေးချွေးမဆီသို့ သွားလည်ရမည်ဖြစ်သဖြင့် ထိုသို့ ဖြစ်နေခြင်း ဖြစ်ပေသည်။
သူမသည် သူ၏မြေးချွေးမ မဖြစ်သေးသော်လည်း အချိန်ပေါ်တွင် မူတည်မည်ဟုသာ သူယုံကြည်လေသည်။ သူ၏မြေးအပေါ်တွင် သူသည်ယုံကြည်လေသည်။
"ကျန်းယန်၊ ချိုးယင်းရေ ငါလာတယ်" ခြံထဲသို့မရောက်ခင်ပင် သူသည် စအော်နေပြီဖြစ်သည်။
ရှောင်ကျန်းယန်သည် သခင်ကြီး၏ အသံကို ကြားလိုက်သည်နှင့် ပြေးထွက်လာလေသည်။ သူသည် အပြုံးဖြင့် လေးစားစွာ ပြောလေသည်။
"သခင်ကြီး ရောက်လာပြီကို"
"ဟုတ်ပါ့ ဒီလူအိုကြီးက မင်းတို့ဆီက အလကားစားဖို့ ရောက်လာပြီလေ"ဟု ပြုံးကာ ပြောလေသည်။
ကျန်းယန်သည် ပြုံးကာ ပြန်ပြောလေသည်။ "သခင်ကြီးက အရမ်းယဉ်ကျေးနေပါပြီ။ ကျွန်တော်တို့က သခင်ကြီးနေ့တိုင်း အလည်လာနေတာကိုပဲ ဝမ်းသာနေတာပါ။" ထို့နောက်သူသည် ခေတ္တစကားရပ်လိုက်ပြီး တောင်းပန်သည့်လေသံဖြင့် ပြောလေသည်။ "ဒါပေမယ့် ကျွန်တော်တို့ အခုတလော အလုပ်များနေတော့ ထမင်းစားဖိတ်ဖို့ အခွင့်မသာဘူးဖြစ်နေတာ။"
သခင်ကြီးသည် လက်ခါပြ၍ ပြောလိုက်လေသည်။ "ဘယ်လိုလုပ် မင်းတို့ရဲ့အမှားဖြစ်မှာလဲ။ မင်းတို့အလုပ်ဖြစ်နေတာကိုပဲ ငါကဝမ်းသာနေတာ"
"ထျန်းဟောက်ရော ပါမလာဘူးလား သခင်ကြီး" ရှောင်ကျန်းယန်သည် မေးလေသည်။
"သူဘဝအကြောင်း တွေးနေတယ်။"ဟု သခင်ကြီးက ပြန်ဖြေလေသည်။
"ဟမ်?" ရှောင်ကျန်းယန်သည် တွေးရခက်သွားလေသည်။
သခင်ကြီးသည် ရှင်းမပြချေ။ သူသည် လက်ကာပြလိုက်ပြီး ဆက်ပြောလေသည်။ "သူ့ကိုဂရုစိုက်စရာမလိုပါဘူး။ ခဏနေရင် သူလိုက်လာပါလိမ့်မယ်"
"အော်.. ကောင်းပါပြီ" ရှောင်ကျန်းယန်သည် နားမလည်နိုင်ဖြစ်နေသေးသော်လည်း ဆက်မမေးတော့ချေ။
သခင်ကြီး ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် ရှောင်လင်းယွီအတွက် အထူးပြင်ထားသော နောက်မှီထိုင်ခုံကို မြင်လိုက်ရလေသည်။ သခင်ကြီး၏ မျက်လုံးများသည် လင်းလက်သွားလေသည်။ သူသည် ရှောင်လင်းယွီကို လိုက်ရှာသေးသော်လည်း မတွေ့သဖြင့် အနည်းငယ် စိတ်ပျက်သွားပြီး မေးလေသည်။ "လင်းယွီက ဘယ်မှာလဲ ကျန်းယန်"
သူ့မြေးဆီမှ အကြောင်းစုံကို သိလိုက်ရသောအခါ သူ့အပေါ် ထူးဆန်းနေသည့် ရှောင်လင်းယွီ၏ ပုံစံများကို သူနားလည်သွားလေသည်။
သူသည် ထိုမိန်းကလေးကို သဘောကျနှင့်ပြီးသား ဖြစ်၍သာတော်တော့သည်။ ရှောင်လင်းယွီသည် ယခုအချိန်တွင် သူနှင့် ခပ်ခွာခွာနေသော်လည်း ထိုကိစ္စအတွက် သူမကို အပြစ်တင်၍ မရချေ။ သူမသည် ကုန်းမိသားစု တစ်ခုလုံးကို သူ့မြေးကြောင့် ရှောင်ဖယ်နေခြင်းဖြစ်လေသည်။ သူ့ကိုတစ်ကယ်ပင် အပြစ်ပေးရမည်ဖြစ်သည်။
ဖေဖေရှောင်သည် သခင်ကြီး၏ မေးခွန်းကို မည်သည့် သံသယမှမဝင်ချေ။ "ယွီအာက နည်းနည်းပင်ပန်းနေလို့ သူ့အခန်းထဲဝင်ပြီး နားနေတယ်။ သွားနှိုးလိုက်ရမလား သခင်ကြီး"
"မနှိုးပါနဲ့" သခင်ကြီးသည် လက်ခါပြလိုက်ရင်း ချက်ချင်းပြောလေသည်။ "ကိုယ်ဝန်သည်တွေက များများအိပ်သင့်တယ်။ သူ့ကို မနှောင့်ယှက်ပါနဲ့"
ရှောင်ကျန်းယန်သည် သခင်ကြီးကို အိမ်ထဲသို့ ကူတွဲပေးလိုက်လေသည်။ သခင်ကြီးသည် ထမင်းစားခန်းထဲတွင် လှပသောလူငယ်တစ်ယောက် ထိုင်နေသည်ကို ချက်ချင်း သတိထားလိုက်မိလေသည်။ "နောက်ထပ်ဧည့်သည်တစ်ယောက် ရှိနေတာပဲ ကျန်းယန်"ဟု ပြုံး၍ပြောလေသည်။
"သခင်ကြီး ဒါက ယန်စစ်မင်ပါ။ Zမြို့က ယွီအာရဲ့ မိတ်ဆွေပေါ့"ဟု မိတ်ဆက်ပေးလေသည်။
ယန်စစ်မင်သည် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သခင်ကြီးကို နှုတ်ဆက်လိုက်လေသည်။ "တွေ့ရတာဝမ်းသာပါတယ် သခင်ကြီး။ ကျွန်တော်က ယန်စစ်မင်ပါ"
သူနှင့် ကုန်းထျန်းဟောက်ကြားတွင် မည်မျှပင် စကားများခဲ့စေကာမူ သူသည်သခင်ကြီးကို လေးလေးစားစား ဆက်ဆံရမည်ဖြစ်သည်။
သခင်ကြီးသည် ခေါင်းညိတ်၍ ပြောလိုက်လေသည်။ "တွေ့ရတာဝမ်းသာပါတယ် လူငယ်လေး"
သူသည် ပြုံးနေသော်လည်း သခင်ကြီးတွင် လူရှိန်လောက်စရာ အရှိန်အဝါရှိလေသည်။ ထိုအရှိန်အဝါကို သာမန်လူတစ်ယောက် မခံနိုင်ချေ။ ယန်စစ်မင်သည် သူ့ကိုတွေ့ချိန်တွင် မထိတ်လန့်သွားဖြင့် သခင်ကြီးသည် အထင်ကြီးမိလေသည်။
တစ်ကယ်တမ်းတွင် ယန်စစ်မင်သည် စိတ်ထဲတွင် တုန်လှုပ်နေပေသည်။ သူသည် ကုန်းထျန်းဟောက်နှင့် အကြိမ်အနည်းငယ်သာ ဆုံဖူးသော်လည်း သူသည် ကုန်းထျန်းဟောက်၏ မိသားစုနောက်ကြောင်းကို အကုန်သိလေသည်။
ကုန်းထျန်းဟောက်သည် မြို့တော်၏ နံပါတ်၁ မိသားစုမှ ဆင်းသက်လာသည်ဖြစ်သည်။ ကုန်းကျန့်နှင့် ကုန်းထျန်းဟောက်သည် အဓိကမိသားစုမှ ကျန်ရှိနေသည့်သူများဖြစ်လေသည်။ သူတို့ကို လျှော့တွက်၍မရပေ။
ကုန်းကျန့်သည် တိုင်းပြည်ကိုတည်ထောင်သူ ဗိုလ်ချုပ်၁၀ယောက်တည်းမှ တစ်ယောက်ဖြစ်လေသည်။ ယခုအချိန်တွင် ၃ယောက် အသက်ရှင်ကျန်ခဲ့ပြီး သခင်ကြီးကုန်းသည် ထိုထဲမှတစ်ယောက် ဖြစ်လေသည်။
သူသည် အနားယူလိုက်ပြီဖြစ်သော်လည်း တိုင်းပြည်သည် သူ့ကိုလေးစားဆဲဖြစ်လေသည်။ သူ၏ ယခင်လက်အောက်ငယ်သားများသည် ယခုအခါတွင် အရေးပါသည့် ရာထူးများတွင် ရောက်နေကြပြီဖြစ်သည်။ အကယ်၍ စစ်တပ်တွင် အရေးကြီးကိစ္စပေါ်လာပါက သခင်ကြီးကုန်း၏ အမြင်ကို မေးကြရသည်ဖြစ်သည်။ ကုန်းကျန့်တစ်ယောက်တည်းအားဖြင့် မိသားစုကို ဆယ်စုနှစ်များစွာကြာအောင် ပံ့ပိုးပေးခဲ့သည်ဖြစ်သည်။
ကုန်းကျန့်၏ မြေးဖြစ်သူ ကုန်းထျန်းဟောက်သည် စစ်တပ်ထဲသို့ မဝင်ခဲ့သော်လည်း စီးပွားရေးလောကသို့ ဝင်ရောက်ကာ ကိုယ့်ထူးကိုယ်ချွန်ကာ နာမည်ရလာခဲ့ပြီး တစ်နိုင်ငံလုံးတွင် အချမ်းသာဆုံးလူဖြစ်လာခဲ့လေသည်။
တစ်ခါတစ်ရံ အစိုးရသည် တစ်ခုခုလိုအပ်ပါက ကုန်းထျန်းဟောက်ထံ အကူအညီတောင်းရသည်ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကုန်းထျန်းဟောက်သည် စီးပွားရေးလောကမှ တိုင်းပြည်ကို ထောက်ပံ့ပေးနေသည်ဖြစ်သည်။
ထို့ကြောင့် ကုန်းမိသားစုဝင်များမှာ နည်းသည်ဆိုသော်လည်း သူတို့၏အာဏာမှာ ကြီးလှပေသည်။ သို့မှမဟုတ်လျှင် မည်သို့ဖြင့် မြို့တော်၏ နံပါတ်၁နေရာကို ထိန်းထားနိုင်မည်နည်း။
သခင်ကြီးကုန်းအကြောင်းကို သိနေရခြင်းသည် ယန်စစ်မင်၏ အဖိုးသည် တစ်ချိန်က သခင်ကြီးကုန်းလက်အောက်တွင် အမှုထမ်းခဲ့ခြင်းကြောင့် ဖြစ်လေသည်။
ကုန်းကျန့်သည် ယန်စစ်မင် လေးစားအားကျရသော သူရဲကောင်းတစ်ယောက်လည်း ဖြစ်ပေသည်။ ထို့ကြောင့် ယန်စစ်မင်သည် ပုဂ္ဂိုလ်ရေးအရ လေးစားကြည်ညိုပေသည်။ သူ့လက်များကိုပင် ဘယ်မှာထားရမှန်း မသိတော့ချေ။
သခင်ကြီးကုန်းသည် သူ့ကို မထိုင်ခိုင်းသေးသဖြင့် သူသည် မတ်တပ်ရပ်ရုံသာရှိလေသည်။
သခင်ကြီးထိုင်လိုက်ပြီးချိန်တွင် ဤလူငယ်လေး ပျာယာခတ်နေသည်ကို သူသတိထားမိပြီး သဘောကျသွားလေသည်။
အစောလေးကပင် သူသည် ထိုလူငယ်လေးအား သူ၏တည်ငြိမ်မှုအတွက် ချီးကျူးခဲ့သော်လည်း ယခုအချိန်တွင် သူသည် ဘာလုပ်ရမယ်မှန်းမသိသော ၅နှစ်သား ကလေးနှင့် တူလေသည်။
သခင်ကြီးသည် မျက်လုံးများ မှေးလိုက်ပြီး "ထိုင်ပါဦး လူကလေး"ဟု ပြောလေသည်။
"ကျေးဇူးတင်ပါတယ် သခင်ကြီး"ဟု ယန်စစ်မင်သည် စိတ်လှုပ်ရှားစွာပြောလေသည်။
ရှောင်ကျန်းယန်သည် နားမလည်ပေ။ 'စစ်မင်က ဘာလို့ သခင်ကြီးနားမှာ ကြောက်တဲ့ပုံဖြစ်နေရတာလဲ'
ယန်စစ်မင်သည် ထိုင်လိုက်ပြီး ချက်ချင်း ပြန်ထလိုက်လေသည်။
သူသည် ရေနွေးကြမ်းအိုးကို မလိုက်ပြီး သခင်ကြီးအတွက် ရေနွေးကြမ်းတစ်ပန်းကန် ငှဲ့လိုက်လေသည်။ "ကျေးဇူးပြုပြီး ရေနွေးကြမ်းသုံးဆောင်ပါဦး သခင်ကြီး"
သခင်ကြီးသည် မျက်လုံးမှေးကာ ရေနွေးကြမ်းတစ်ငုံသောက်လိုက်ပြီး စားပွဲပေါ်ပြန်တင်လိုက်လေသည်။ ထို့နောက် "မင်းငါ့ကိုသိလား"ဟု မေးလိုက်လေသည်။
ယန်စစ်မင်၏ ပုံစံမှာ ထူးဆန်းနေလေသည်။ သူ့အနေဖြင့် အသက်ကြီးသူကို လေးစားသည်ဆိုလျှင်တောင် ထိုမျှပြာယာခတ်နေစရာအကြောင်း မရှိချေ။
ယန်စစ်မင်၏ မျက်နှာသည် အနီရောင်ပြောင်းသွားလေသည်။ သူသည် စိတ်လှုပ်ရှားသွားပြီး အနည်းငယ်ရှက်သွားသောကြောင့် ဖြစ်လေသည်။ သူ့ပုံစံမှာ သိသာလွန်းလှပေသည်။
သူရှင်းပြခါနီးတွင် ရှောင်ကျန်းယန်သည် ကြားဖြတ်မေးလိုက်လေသည်။ "စစ်မင် ဘာလို့ ရှက်သွေးဖြာနေတာလဲ"
ယန်စစ်မင်၏ အသားအရည်မှာ ဖြူသောကြောင့် အနည်းငယ် ရှက်သွေးဖြာရုံဖြင့်ပင် ပါးနီဆိုးထားသကဲ့သို့ ဖြစ်လေသည်။ သူသာအမျိုးသမီးဖြစ်မည်ဆိုပါက လွန်စွာချောမော လှပသည်ဟု ဆိုနိုင်ပေမည်။
သို့သော် သူသည် ယောကျ်ားလေးဖြစ်လေသည်။
သူ၏မျက်နှာသည် ပို၍ပင်နီလာလေသည်။
ရှောင်ကျန်းယန်သည် ဝေခွဲမရဖြစ်နေသော်လည်း သခင်ကြီးသည် သဘောကျနေလေသည်။
ယန်စစ်မင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သခင်ကြီးကို ရှင်းပြလေသည်။ "ကျွန်တော့်အဖိုးက အရင်က သခင်ကြီးဆီမှာ စစ်သားအဖြစ် အမှုထမ်းခဲ့ဖူးပါတယ်။ ကျွန်တော်က အဖိုးပြောပြတဲ့ သခင်ကြီးရဲ့ပုံပြင်တွေနဲ့ ကြီးလာရတဲ့သူပါ "
"အိုး!" ရှောင်ကျန်းယန်သည် ထိုစကားကို ကြားလိုက်သောအခါ သိလိုစိတ် ဖြစ်သွားလေသည်။ သူသည် သခင်ကြီး၏အတိတ်အကြောင်း မသိခဲ့ချေ။ "သခင်ကြီးက စစ်တပ်ထဲဝင်ဖူးတာလား။ အရင်က ဘာလို့ဒီအကြောင်းမပြောပြခဲ့တာလဲ"ဟု မေးလေသည်။
ရှောင်မိသားစုနှင့် သခင်ကြီးကုန်းသည် မိတ်ဆွေများဖြစ်လာခဲ့ကြပြီး သူတို့သည် အကြောင်းအရာများစွာကို ပြောခဲ့ကြသော်လည်း သခင်ကြီးသည် သူ၏အတိတ်က စစ်တပ်ကိစ္စများကို မပြောပြခဲ့ပေ။
သခင်ကြီးသည် ပြုံးလိုက်ပြီး "ငါက သာမန်အရာရှိလေးပါပဲ။ ပြောစရာလိုမယ်မထင်လို့ပါ"ဟု ပြောလေသည်။
ထို့နောက်သူသည် ယန်စစ်မင်ကို စူးရှစွာ ကြည့်လိုက်လေသည်။ သူ၏မျက်လုံးများတွင် သတိပေးသည့် အရိပ်အယောင်များ ပါနေပေသည်။
ယန်စစ်မင်သည် ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။
သခင်ကြီးသည် သူမည်သူဖြစ်ကြောင်းကို ရှောင်မိသားစုအား မသိစေလိုပေ။ အကယ်၍ ရှောင်ကျန်းယန်ကသာ တည်ထောင်သူဗိုလ်ချုပ်တစ်ယောက်နှင့် မိတ်ဆွေဖြစ်နေသည်ကို သိပါက ယခုလို ပေါ့ပေါ့ပါးပါး ဖြစ်နေမည် မဟုတ်ချေ။
သခင်ကြီးသည် စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "ရှောင်ယန်၊ မင်းအဖိုးနာမည်က ဘယ်သူလဲ"
"ယန်ကျန့်!" ယန်စစ်မင်သည် စိတ်လှုပ်ရှားမှုများကို မြိုသိပ်၍ တည်ငြိမ်စွာ ပြောလေသည်။ "ကျွန်တော့်အဖိုးနာမည်က ယန်ကျန့်ပါ။ သူ့ကိုမှတ်မိသေးလား"
"အိုး.. မင်းက ယန်ကျန့်ရဲ့ မြေးလား။ ဒါပေါ့။ ငါမှတ်မိတာပေါ့" ဤနာမည်ကို ကြားလိုက်ချိန်တွင် သခင်ကြီးသည် အတိတ်ကို ပြန်သတိရနေသည့်ပုံပေါ်လေသည်။ "သူက ကြံ့ခိုင်သန်စွမ်းဖျတ်လတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့တာ"
သူသည် ယန်စစ်မင်ကို တစ်ချက် သေချာ ပြန်ကြည့်လိုက်ပြီး ပြုံးကာ ပြောလေသည်။ "မင်းကိုမြင်ဖူးပါတယ်လို့ထင်နေတာ မင်းက သူနဲ့ရုပ်ဆင်တာပဲ။ ဒါဆို မင်းက ယန်ကျန့်ရဲ့ မြေးပေါ့"
ယန်စစ်မင်သည် ရှက်ပြုံး ပြုံး၍ ပြောလေသည်။ "ဟုတ်ပါတယ်။ ကျွန်တော်က အဖိုးနဲ့တူတယ်" ထို့ကြောင့်ပင် သူသည် အစခံရခြင်းဖြစ်သည်။ သူ၏အဖိုးသည်လည်း ထိုကိစ္စကြောင့်ပင် နှောင့်ယှက်ခံရသည်ဖြစ်လေသည်။ သူ့ကို စနောက်ကြသော သူအများစုမှာ ယောကျ်ားလေးများ ဖြစ်နေပေသည်။ ထိုအချိန်တွင် ယန်မိသားစုမှာ သာမန်မျှသာဖြစ်ပြီး ရန်စသူများမှာ အာဏာရှိလူများဖြစ်နေပေသည်။
ထို့ကြောင့် သူအဖိုးသည် ရွေးစရာမရှိဘဲ စစ်တပ်ထဲသို့ ဝင်ခဲ့ရခြင်းဖြစ်လေသည်။
သို့သော် စစ်တပ်ထဲတွင် ယောကျ်ားများသာ ရှိကြပြီး ယန်ကျန့်သည် မိန်းကလေးများထက်ပင် ပိုလှသဖြင့် နှောင့်ယှက်ခံရလေသည်။ ထို့ကြောင့် သူသည် စစ်တပ်ထဲတွင် ဒုက္ခတွေ့ရလေသည်။
တစ်ကြိမ်တွင် သူသည် ကုန်းကျန့် ဖြတ်သွားချိန်တွင် အနိုင်ကျင့်ခံရလေသည်။ ထိုအချိန်တွင် သူသည် ဗိုလ်ချုပ်မဖြစ်သေးသော်လည်း စစ်တပ်ထဲတွင် နေရာနှင့် အာဏာရှိသူဖြစ်လေသည်။
သူသည် စစ်တပ်စည်းမျဉ်းဖောက်သူများကို ဆူလိုက်ပြီး ယန်ကျန့်သည် သူ၏အနီးကပ် သက်တော်စောင့် ဖြစ်လာလေသည်။
ကုန်းကျန့်အနားယူသွားပြီး နောက်ပိုင်းတွင် သူသည် စစ်တပ်မှ ထွက်ပြီး သူ့မိသားစုဆီ ပြန်ခဲ့လေသည်။
ယန်စစ်မင်သည် ယန်ကျန့်၏ မြေးမှန်း သခင်ကြီးသည် သိသွားသောအခါ သူ၏ဆက်ဆံပုံမှာ ပို၍ပျော့ပျောင်းလာလေသည်။ "မင်းအဖိုးရော နေကောင်းရဲ့လား"ဟု မေးလိုက်လေသည်။
ယန်စစ်မင်သည် ခေါင်းညိတ်၍ ဖြေလိုက်လေသည်။ "အဖိုးကနေကောင်းပါတယ် သခင်ကြီး" ယန်ကျန့်သည် ကုန်းကျန့်၏ အနီးကပ် သက်တော်စောင့်ဖြစ်သဖြင့် သူသည် လုံခြုံလေသည်။ သူတို့သည် တိုက်ပွဲတွင် ရောက်နေသော်လည်း သူသည် တစ်ခါမှ ဒဏ်ရာကြီးကြီးမားမား မရခဲ့ပေ။ ထို့အပြင် သူ့တွင် သူ့ကိုဒေါသထွက်အောင်လုပ်မည့် ဒုတိယမျိုးဆက် မရှိသဖြင့် သခင်ကြီးထက် ကျန်းမာရေးပိုကောင်းလေသည်။
"ကောင်းတယ်။ သူ့မြေးတောင် ဒီအရွယ်ရောက်နေပြီပဲ။ ကောင်းတယ်" သခင်ကြီးသည် ခေါင်းညိတ်ကာ ပြောလေလေသည်။
"အဖိုးက သခင်ကြီး ကျန်းမာနေတာကို မြင်ရင်လည်း အရမ်းဝမ်းသာမှာပါ"ဟု ယန်စစ်မင်က ပြောလေသည်။ သူသည် သခင်ကြီး၏ မိသားစုကိစ္စနှင့် ပတ်သက်၍ တစ်ခွန်းမှ မဟချေ။သခင်ကြီးတွင် သားနှင့်ချွေးမသည် မတော်တဆမှုတစ်ခုတွင် ဆုံးသွားသဖြင့် သခင်ကြီးတွင် သွေးသားအရင်းအချာ တစ်ယောက်သာ ကျန်သည်ကို သူသိသောကြောင့် ဖြစ်လေသည်။
"အဖိုးကို သခင်ကြီးအကြောင်းပြောလို့ရမလား။ အဖိုးက သခင်ကြီးကို အရမ်းသတိရနေတာ"ဟု ယန်စစ်မင်က ခွင့်တောင်းလေသည်။
"ကောင်းသားပဲ။ ငါလည်း သူနဲ့မတွေ့ရတာ အတော်ကြနေပြီ" သခင်ကြီးကပြောလေသည်။
ယန်စစ်မင်သည် စိတ်လှုပ်ရှားသွားပြီး "ဟုတ်ကဲ့ အခုပဲ အဖိုးကိုပြောလိုက်မယ်"ဟု ဆိုကာ ခြံထဲသို့သွားပြီး ဖုန်းထုတ်ကာ ဆက်လိုက်လေသည်။ အိမ်ထဲမှပင် သူ၏စိတ်လှုပ်ရှားနေသည့် ပုံစံကို မြင်ရနိုင်လေသည်။
ရှောင်ကျန်းယန်၏ မျက်နှာတွင် ဝေခွဲမရသည့်ပုံပေါ်နေလေသည်။
"သူဘာတွေ ဒီလောက်စိတ်လှုပ်ရှားနေတာလဲ သခင်ကြီး" သူသည် သခင်ကြီးကို မေးလိုက်လေသည်။
သခင်ကြီးသည် ချောင်း၂ခါ ဟန့်လိုက်ပြီး ရေနွေးတစ်ငုံသောက်ကာ "ဘယ်သူသိမှာလဲ"ဟု ဖြေလေသည်။
ခဏအကြာတွင် ယန်စစ်မင်သည် ဖုန်းယူလာပြီး သခင်ကြီးကို ပြောလေသည်။ "သခင်ကြီးနဲ့ အဖိုးက စကားပြောချင်လို့ပါတဲ့"
သခင်ကြီးသည် မငြင်းဘဲ ဖုန်းကိုင်လိုက်ကာ ပြောလေသည်။ "ရှောင်ယန်"
တစ်ဖက်တွင် စိတ်လှုပ်ရှားစွာ အော်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ "ခေါင်းဆောင်၊ တစ်ကယ်ပဲ ခေါင်းဆောင်လား" ထို့နောက် သူသည် ငိုလေသည်။
သခင်ကြီးသည် တစ်ချက်ရယ်လိုက်ပြီး "မင်းအခု လူအိုကြီးဖြစ်နေပြီနော်။ မင်းမြေးလည်း အရွယ်ရောက်နေပြီ။ အဲ့ဒါကို အခုထိ အငိုသန်တုန်းလား" ဟု ပြောလေသည်။
ယန်စစ်မင်သည် ရှက်သွားလေသည်။ 'အဖိုးလည်း တအားငိုတတ်တာပဲကိုး။ မျိုးရိုးလိုက်တယ်ဆိုတာ ဒါပဲနေမှာ'
ငယ်စဉ်က ယန်စစ်မင်သည်လည်း အငိုသန်သူဖြစ်လေသည်။ ထိုအခါများတွင် သူသည် သူ့အဖိုး၏ ရှုတ်ချခြင်းကို မရေမတွက်နိုင်အောင် ခံရလေသည်။
"ဟုတ်တယ် ဟုတ်တယ် ငါအခု ထောင်ယွမ်ရွာမှာ။ မင်းလည်းလာနိုင်ရင်လာခဲ့လေ။" သခင်ကြီးက ပြောလေသည်။
ထို့နောက် သခင်ကြီးသည် ဖုန်းကို ယန်စစ်မင်ဆီ ပြန်ပေးလိုက်ပြီး ပြုံးကာ ပြောလေသည်။ "မင်းရဲ့အဖိုးက အခုအထိ မပြောင်းလဲသေးဘူး"
ယန်စစ်မင်၊ "..."
အဲ့ဒါ ပြဿနာ မဟုတ်ဘူးလား။
***