မဟုတ်မမှန်ပြောဆိုခြင်းနှင့် ထောင်ချောက်
Vol. 14 Ch. 244
နေ့လည်စာ စားပြီးချိန်တွင် ဖေဖေရှောင်နှင့် မေမေရှောင်သည် ပြန်သွားရလေသည်။ စတော်ဘယ်ရီခြံထဲတွင် ဧည့်သည်များ များနေသဖြင့် ထို့သို့တန်းပြန်သွားပြီး အိမ်ရှိဧည့်သည်များကို ဧည့်ခံရန် ရှောင်လင်းယွီကို ထားခဲ့လေသည်။
သခင်ကြီးသည် စိတ်အားတက်ကြွနေပေသည်။ သူသည် ရှောင်လင်းယွီ၏ ဗိုက်ကို စိုက်ကြည့်နေမိလေသည်။
ရှောင်လင်းယွီသည် သတိထားမိသွားပြီး မျက်မှောင် အနည်းငယ်ကြုတ်ကာ သံသယဝင်မိသဖြင့် မေးလိုက်လေသည်။ "ကျွန်မဗိုက်က တစ်ခုခုမှားနေလို့လား သခင်ကြီး"
"အဟွတ်...အဟွတ်..." ကုန်းထျန်းဟောက်သည် သူ့အဖိုးကို သတိမလွတ်စေရန် သတိပေးသည့်သဘောဖြင့် ချောင်းဟမ့်ပြလိုက်လေသည်။
သခင်ကြီးသည် သူ၏မြေးကို လျစ်လျှူရှုလိုက်လေသည်။ "ဘာမှမဖြစ်ပါဘူး။ အဖိုးမင်းရဲ့ဗိုက်ကို အရင်က မထိဖူးလို့ပါ"ဟု ပြုံး၍ပြောလေသည်။
အားလုံး၊ "..."
'ဘာတွေဖြစ်နေတာလဲ'
ရှောင်လင်းယွီ၊ "..."
သူမသည် ဒီနေ့တွင် သခင်ကြီး၏ အပြုအမူများမှာ ထူးဆန်းနေသည်ဟု ခံစားမိလေသည်။
သို့သော် သခင်ကြီးသည် ထိုသို့ပြောသဖြင့် သူမငြင်းရန်မသင့်ပေ။ သို့သော် သူမဗိုက်ထဲမှ ကလေးသည် သခင်ကြီးနှင့် သွေးသားတော်စပ်သည်ကို သူမသိလေသည်။
သို့သော် ကုန်းထျန်းဟောက်က ထိုသို့တောင်းဆိုမည်ဆိုပါက သူမခွင့်ပြုမည်မဟုတ်ချေ။ သူမတွင် သူနှင့် တရင်းတနှီး ပတ်သက်လိုစိတ်မရှိပေ။
သူမသည် ခေါင်းညိတ်လိုက်လေသည်။
သခင်ကြီးသည် ကလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေလေသည်။ သူသည် သူမထံသို့ သွားလိုက်ရင်း သူ၏အရေတွန့်နေသော လက်များဖြင့် သူမ၏ဗိုက်ကို ဂရုတစိုက် ထိလိုက်လေသည်။
သခင်ကြီးသည် ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားပြီး ကြောက်ရွံ့သည့်ပုံပေါ်လေသည်။ အခြားသူများသည် ထိုအမူအယာကို မြင်လိုက်သောအခါ စိုးရိမ်စွာမေးလေသည်။ "သခင်ကြီး ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။"
"ဟဟ သူလှုပ်တယ်၊ သူလှုပ်တယ်။" သခင်ကြီးသည် ကျယ်လောင်စွာ အော်ပြောရင်း ရယ်လေသည်။ သူ၏ပုံစံမှာ အံ့အားသင့်ပြီး စိတ်လှုပ်ရှားနေလေသည်။ "ကလေးကလှုပ်တယ်" သခင်ကြီးသည် ဤလှုပ်ရှားမှုကို သိရုံမျှဖြင့် အင်မတန် စိတ်လှုပ်ရှားနေလေသည်။
"ဟားဟားဟာ ကလေးက ကန်တာကို မရပ်ဘူးဟေ့" သခင်ကြီးသည် ရှောင်လင်းယွီ၏ဗိုက်ကို ကိုင်လိုက်သည်နှင့် ကလေးကန်နေသည်ကို ခံစားမိလေသည်။ သူ၏မျက်နှာတွင်လည်း ပျော်ရွှင်မှုကို ဖုံးမထားနိုင်တော့ပေ။ "ကလေးက ငါ့ကိုကန်နေတယ်။ ယောကျ်ားလေးပဲဖြစ်ရမယ်။ တော်တော်ဆိုးတဲ့ ကောင်လေးပဲ"
သူမ၏အရင်ဘဝတွင် သားယောက်ျားလေးဖြစ်သော ရှောင်ထုန်ကို မွေးခဲ့သည်လေ။ ဤသည်ကို ရှောင်လင်းယွီထက် မည်သူပိုသိမည်နည်း။
ကုန်းထျန်းဟောက်သည် သူ့အဖိုး၏စကားကို ကြားသောအခါ သူသည် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အနည်းငယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ပေါ်လာလေသည်။
သူသည်လည်း ကလေး၏ လှုပ်ရှားမှုကို ခံစားကြည့်ချင်လေသည်။
ယန်စစ်မင်သည် သခင်ကြီး၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုကို မြင်လိုက်သောအခါ စိတ်ရှုပ်ထွေးသွားလေသည်။ လူတိုင်းသည် ထိုကလေးမှာ အဖေမပေါ်မှန်း သိသဖြင့် သခင်ကြီးသည် အဘယ်ကြောင့် ထိုသို့ပြုမူနေရသနည်း။ ယန်စစ်မင်သည် ဖြစ်နိုင်ချေကို စဉ်းစားမိသော်လည်း ပွင့်ပွင့်လင်းလင်း မပြောမိချေ။
သူသည် ကြည့်ပင်မကြည့်နိုင်ပေ။ ထို့ကြောင့် သူသည် တစ်ဖက်ကို မျက်နှာလွှဲလိုက်လေသည်။ သူသည် ကုန်းထျန်းဟောက်ကို မြင်လိုက်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
'ကုန်းထျန်းဟောက်က ဘာဖြစ်နေတာလဲ။ သူက ရှောင်လင်းယွီကို လိုက်ချင်နေတာမလား။ သူကအခြားယောကျ်ားတစ်ယောက်ရဲ့ ကလေးကို လွယ်ထားရတာလေ။ သူ့ကြည့်ရတာ မပျော်တဲ့ပုံမရတဲ့အပြင်ကို ပြုံးတာမှ ဖြီးနေတာပဲ'
သူသည် ကုန်းထျန်းဟောက်ကို နားမလည်တော့ပေ။
သို့သော် သူသည် ကုန်းထျန်းဟောက်ကို နားလည်စရာလည်း မလိုပေ။
သူစိတ်ပူသည်မှာ ရှောင်လင်းယွီကို ဖြစ်လေသည်။ သူမသည် သူ့နှလုံးသားကို အရည်ပျော်စေခဲ့သော ပထမဆုံး မိန်းကလေးဖြစ်သောကြောင့် သူ့အနေဖြင့် သူမကို ရမှဖြစ်လေမည်။
သို့သော်လည်း ရှောင်လင်းယွီသည် ပိုက်ဆံနှင့် အာဏာမက်မောသူမဟုတ်ရာ သူမသည် သူ၏ချစ်သူဖြစ်ရန် အပြင်းအထန်ငြင်းလေသည်။ သူမကို လက်ထပ်မည်ဆိုလျှင်လည်း သူမ၏ဗိုက်ထဲမှကလေးသည် အဟန့်အတား ဖြစ်ပေမည်။
သူသည် သူမကို ကလေးအား လက်လျှော့၍ သူနှင့် လက်ထပ်ရန် တိုက်တွန်းခါနီးတွင် သူ၏အချစ်ပြိုင်ဘက် ပေါ်လာလေသည်။ သူ့ကြည့်ရသည်မှာရှောင်လင်းယွီကို လွန်စွာနှစ်သက်နေပုံ ရလေသည်။
သို့သော် အဘယ့်ကြောင့်နည်း။ သူသည် ကလေးမရနိုင်သောကြောင့် ရှောင်လင်းယွီကို ယူ၍ တစ်ခါတည်း ကလေးအဖေ ဖြစ်ချင်၍လော။
သခင်ကြီးသည် သူ့မြေးအကြောင်းကို သိနေ၍ သူမြေးသည် ရှောင်လင်းယွီကို ပိုးပန်းနေသည် ကြားသောအခါ သူမ၏ဗိုက်ထဲမှ ကလေးကို သူ၏မြစ်အရင်းတဖွယ် ဂရုစိုက်နေခြင်းလား။ ဤသို့ဆိုလျှင် သခင်ကြီး အဘယ့်ကြောင့် ယခုလိုစိတ်လှုပ်ရှားနေသည်ကို ရှင်းပြနိုင်ပေလိမ့်မည်။
သူသည် ကုန်းထျန်းဟောက်ကို သနား၍ အထင်သေးသော အကြည့်ဖြင့် ကြည့်လေသည်။
ကုန်းထျန်းဟောက်သည် ယန်စစ်မင်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ့အမူအယာကို မြင်လိုက်သောအခါ စိတ်ရှုပ်သွားလေသည်။ ထို့နောက် သူ့မျက်လုံးများသည် ကျဉ်းသွားလေသည်။
'ယန်စစ်မင်က ဘာဖြစ်နေတာလဲ။ ဘာလို့သနားသလိုကြီး ကြည့်နေရတာလဲ'
ထို့နောက်သူသည် ယန်စစ်မင်မှ ဝင်ကြည့်လိုက်ရင်း အကြောင်းအရင်းကို တွေးမိလေသည်။
'ဒီကောင် စိတ်ကူးတော့ တော်တော်ယဉ်တာပဲ။ သူက ငါ့ကို မြံနေတယ်ထင်ပြီး သနားနေတာလား။ အဲ့လိုသာဆိုရင် ရှောင်လင်းယွီက ဘယ်လို ကိုယ်ဝန်ရမှာလဲ'
ကုန်းထျန်းဟောက်သည် စိတ်ငြိမ်အောင်နေလေသည်။ သူသည် အဓိက ပြဿနာမှ အာရုံပျက်သွား၍ မဖြစ်ချေ။
ယန်စစ်မင်သည် တစ်ခုခုမှားနေသည်ကို ခံစားမိသော်လည်း ရှောင်လင်းယွီထက်တော့ မသိချေ။
ထိုအကြောင်း တွေးမိချိန်တွင် ကုန်းထျန်းဟောက်သည် သက်ပြင်းချလိုက်လေသည်။ သူ့မိန်းမကို လိုက်ရန် သူသည် ရှည်လျား ကြမ်းတမ်းသော ခရီးကို သွားရမည်ဖြစ်ပေသည်။
"ဟာ ဒီကောင်လေး ထပ်ကန်နေပြန်ပြီ" သခင်ကြီး၏ ပျော်ရွှင်စိတ်လှုပ်ရှားစွာ ပြောနေသည့်အသံသည် ခြံဝန်းအထိပင် ကြားနေရလေသည်။ "သူတော်တော်အားသန်တယ်။ ယောကျ်ားလေးပဲဖြစ်ရမယ်။"
ရှောင်လင်းယွီသည် သူမ၏ဗိုက်ကို ပွတ်လိုက်ရင်း ပြုံးကာမေးလေသည်။ "သခင်ကြီးက သားယောကျ်ားလေး အရမ်းကြိုက်တယ်လား။"
"ဒါပေါ့...."
"အဟွတ်..အဟွတ်..."
သခင်ကြီးသည် ချက်ချင်း ပြန်ပြောလိုက်လေသည်။ "အဲ့လိုမဟုတ်ပါဘူး။ ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကလေးတွေကို ချစ်ပါတယ်။ မင်းရဲ့ဗိုက်ထဲက ကလေးက အရမ်းသန်နေတော့ ယောကျ်ားလေးဖြစ်မယ်လို့ တွေးမိရုံပါ။ ဒါနဲ့ ကလေးက ဒုက္ခပေးသေးလား"
ရှောင်လင်းယွီသည် ခေါင်းခါလိုက်ပြီး ပြုံးကာပြောလေသည်။ "မပေးပါဘူး။ သူက လိမ်မာပါတယ်။ ပင်ပန်းပြီး စားချင်စိတ်များတာကလွဲရင် ခေါင်းမူးတာတို့ ပျို့တာတို့လို အဆင်မပြေတာမဖြစ်ပါဘူး။"
ထိုစကားကို ပြောချိန်တွင် သူမသည် မိခင်စိတ်တ်၊ ညင်ညာမှုနှင့် ချစ်ခင်စွာပြောလေသည်။ အဖြူရောင်အလင်းတန်းတစ်ခုသည် သူမကို ညင်သာစွာ လွှမ်းခြုံထားပြီး အခြားသူများကို အံ့အားသင့်စေလေသည်။
သူမသည် လှပလွန်းပေသည်။
ရှောင်လင်းယွီထက် ပိုလှသော မိန်းကလေးများကို တွေ့ဖူးသော ကုန်းထျန်းဟောက်နှင့် ယန်စစ်မင်တို့သည်ပင်လျှင် ငေးမောမိကြရသည်။ လောကတွင် မိခင်တစ်ယောက်ထက် ပိုလှသူ မရှိနိုင်ချေ။
ဤအချိန်တွင် ကုန်းထျန်းဟောက်သည် သူ၏နှလုံးခုန်သံကိုပင် ပြန်ကြားနေရလေသည်။
သူယခုလို ရင်ခုန်နေရသည်မှာ ကလေးကြောင့် မဟုတ်ဘဲ မိခင်ကြောင့် ဖြစ်သည်ကို သူသိလေသည်။
ယန်စစ်မင်သည်လည်း နောက်တစ်ကြိမ် ရင်ခုန်သံ မြန်လာသည်ကို ပြန်ကြားရလေသည်။ သူသည် ရှောင်လင်းယွီကို နှစ်သက်နေမိသည်ကို ဖုန်းကွယ်၍မရတော့ပေ။
ယန်စစ်မင်သည် ရယ်စရာကောင်းသည်ဟု ထင်မိလေသည်။ သူနှင့် အိပ်ခဲ့သော အမျိုးသမီးများမှာ သူမထက်ပိုလှသည့်အပြင် သူမသည် ကိုယ်ဝန်လွယ်ထားရသည်ဖြစ်သည်။ သူသည် ညို့ယူခံရသူပမာ ခံစားရလေသည်။
ယန်ရူယွီသည် မနေနိုင်တော့ဘဲ ပြောလေသည်။ "လင်းယွီက သိပ်လှတာပဲ"
သူမ၏အလှသည် အပြင်ပန်းသွင်ပြင်ကြောင့် မဟုတ်ဘဲ စိတ်အတွင်းထဲမှလာသော အလှတရားများပါ ပါဝင်လေသည်။
ရှောင်လင်းယွီသည် ထိုစကားကို ကြားသောအခါ ခေါင်းမော့လိုက်လေသည်။ အားလုံးက သူမကို စိုက်ကြည့်နေကြသည်ကို အံ့သြစွာ တွေ့လိုက်ရလေသည်။ ဤသည်မှာ သူမကို လွန်စွာပဟေဠိ ဖြစ်သွားစေသည်။
"အားလုံးဘာကြည့်နေကြတာလဲ။ ကျွန်မ တစ်ခုခုမှားနေလို့လား"ဟု သူမမေးလေသည်။
"ဘာမှမမှားပါဘူး"ဟု အားလုံးသည် ခေါင်းခါကာ ဖြေလိုက်လေသည်။
"..." သူမသည် အနည်းငယ် ဆွံ့အသွားပြီး "ဒါဆိုလည်းဘာလို့ အဲ့လိုကြီး စိုက်ကြည့်နေကြတာလဲ"ဟု မေးလိုက်လေသည်။
ယန်ရူယွီသည် ပြုံး၍ပြန်ဖြေလေသည်။ "ကျွန်မတို့က မိခင်တစ်ယောက်ရဲ့ သန့်စင်မွန်မြတ်တဲ့ လှပကျက်သရေရှိမှုကို ရှုစားနေကြတာလေ။ ရှင့်ရဲ့ဗိုက်ကို ကျွန်မလည်း ထိကြည့်လို့ရမလား"
ရှောင်လင်းယွီ, "..." 'ငါက မွန်မြတ်တဲ့ ဓါတ်တော်ကြီးလား'
သခင်ကြီးသည် သူမ၏ဗိုက်ကို လက်မလွှတ်ပေ။
ရှောင်လင်းယွီသည် သမ်းလိုက်လေသည်။ သူမအိပ်ချင်နေသည်မှာ သိသာလှပေသည်။
ကုန်းထျန်းဟောက်သည် မြင်သောအခါ သခင်ကြီးကို သတိပေးလေသည်။ "အဖိုး လင်းယွီက နားဖို့လိုနေပြီ"
သခင်ကြီးသည် ခေါင်းမော့လိုက်ရာ ရှောင်လင်းယွီ သမ်းနေသည်ကို မြင်သောအခါ လက်လွှတ်လိုက်ပြီး "အိပ်ချင်နေပြီလား လင်းယွီ"ဟု မေးလိုက်လေသည်။
"တစ်နေကုန်အိပ်ထားတာတောင် အိပ်ချင်နေတုန်းပဲ"ဟု သူမသည် သမ်းလိုက်ပြီး ပြောလေသည်။
"ဒါဆိုလည်း အခန်းထဲပြန်ပြီး အိပ်လိုက်ဦးလေ။ အဲ့မှာဆို ပိုတိတ်ဆိတ်တယ်။ ငါလည်း ငါ့နေရာ ပြန်တော့မှပါ။ ဟောက်အာ ငါ့ကိုလိုက်ပို့ဦး" သခင်ကြီးက ပြောလေသည်။
"ဟုတ်ကဲ့ အဖိုး"
ယန်ရူယွီသည် ပြောလေသည်။ " လင်းယွီ ကျွန်မ ထောင်ယွမ်ရွာရဲ့ လှပတဲ့နေရာတွေကို ကြည့်ချင်သေးတယ်။ အစ်ကို ကျွန်မတို့နဲ့လိုက်ခဲ့ပါလား။ စတော်ဘယ်ရီ ကူခူးပေးမယ်လေ"
ယန်စစ်မင်သည် ပြန်ဖြေလေသည်။ "ကောင်းပြီ လိုက်ခဲ့မယ်လေ ရွာပတ်ကြတာပေါ့" သူသည် ရှောင်လင်းယွီ ကြီးပြင်းလာသည့်နေရာကို ကြည့်လိုလေသည်။
အားလုံးသည် ထွက်မသွားသေးခင် ရှောင်လင်းယွီ အခန်းထဲသို့ နာရန် ဝင်သွားသည်အထိ စောင့်ခဲ့ကြလေသည်။
နောက်ဆုံးတစ်ယောက် ထွက်သွားချိန်တွင် သူသည် ခြံတံခါးကို ပိတ်လိုက်လေသည်။
နေ့အချိန်ဖြစ်ပြီး အိမ်ထဲတွင် လူရှိနေသည်ဖြစ်ရာ သော့ခတ်စရာမလိုပေ။
ကုန်းထျန်းဟောက်သည် သူ့အဖိုးကို ပြန်လိုက်ပို့ပြီးချိန်တွင် သူသည်ညည်းညူလေသည်။ "အဖိုးကလည်း အရမ်းသိသာအောင် မလုပ်ပါနဲ့ဆိုတာကို။ အခုတော်သေးတယ် ရှောင်လင်းယွီက သိတော့မလို့။"
သခင်ကြီးသည် အေးစက်စွာ ဆူလေသည်။ "ဒါကမင်းအမှားပဲလေ။ သူက မင်းမိန်းမ ဖြစ်နေတာတောင် သူ့အနားမှာ သတိထားနေရတယ်။ ငါအရမ်းစိတ်လှုပ်ရှားနေပေမယ့် ဖော်ပြလို့တောင်မရဘူး။"
ကုန်းထျန်းဟောက်သည် မျှော်လင့်ချက်မဲ့စွာ ပြောလေသည်။ "အဖိုးရယ် ကျွန်တော်လည်း ကြိုးစားတာပဲ။ ကျွန်တော်ဝန်ခံပါတယ် အရင်က ကျွန်တော် အဆင်အခြင်မဲ့ခဲ့တယ်။ အဲ့ဒါကြောင့်ပဲ တစ်ယောက်ယောက်က ကျွန်တော့်ကလေးကို လွယ်ထားရတယ်။"
သခင်ကြီးသည် မကျေနပ်စွာပြောလေသည်။ "ငါဂရုမစိုက်ဘူး။ ငါက ငါ့မြေးချွေးမနဲ့ မြစ်ကိုပဲလိုချင်တယ်"
ထိုသို့ပြောလိုက်ပြီးချိန်တွင် သခင်ကြီးသည် ခေတ္တ ရပ်လိုက်ပြီး ကုန်းထျန်းဟောက်ကို ပြောလေသည်။ "မင်းအမြန်လုပ်မှဖြစ်မယ် ကုန်းထျန်းဟောက်၊ ငါ ရှောင်ယန်ကို ကြည့်နေတာ။ သူကလည်း လင်းယွီကို မျက်စိကျနေသလိုပဲ။ သူလည်း လင်းယွီအပေါ် ခံစားချက်ရှိနေတာလား"
သူသည် ခဏတွေးလိုက်ပြီး "ယန်စစ်မင်က အရင်က ရှောင်လင်းယွီနဲ့ သူ့မိသားစုရဲ့ သဘောကျတာကို ရခဲ့တယ်။ သူ ရှောင်လင်းယွီကို ကူညီခဲ့တာက သူ့ရဲ့ချစ်သူဖြစ်စေချင်လို့ဆိုပြီး ကြားဖူးတယ်"
ကုန်းထျန်းဟောက်သည် သနားခြင်းမရှိပေ။ ကုန်းထျန်းဟောက်သည် သူ၏မဟုတ်မမှန်သတင်းများကို ပြောခဲ့ပြီး လွန်စွာထိရောက်ခဲ့လေသည်။
သူ၏ နောက်ရည်ရွယ်ချက်တစ်ခုမှာ သူ၏မြေးချွေးမကို ပိုးပန်းနေသူများရှိကြောင်းကို သိစေလိခြင်းဖြစ်သည်။ ထိုမှသာ သူ့အဖိုးသည် သူ၏အချစ်ပြိုင်ဘက်ကို မောင်းထုတ်ရန် သူ့အား ကူညီမည်ဖြစ်သည်။
ကုန်းထျန်းဟောက်သည် ဥာဏ်နီဥာဏ်နက်များသူ ဖြစ်လေသည်။ သူသည် မသိလိုက်ခင်မှာပင် နောက်ကျောကို ဓါးနှင့်ထိုးမည့်သူဖြစ်လေသည်။
"ဘာ!" သခင်ကြီးသည် ထိုစကားကို ကြားသောအခါ ထလိုက်ပြီး "သေချာရဲ့လား"ဟု မေးလေသည်။
ကုန်းထျန်းဟောက်သည် ဝမ်းနည်းဟန်ဆောင်လိုက်ပြီး "ကျွန်တော့်နားနဲ့ ဆတ်ဆတ်ကြားခဲ့တာပါ"ဟု ပြောလေသည်။
သူသည် ဟိုနား နည်းနည်း ဒီနားနည်းနည်း ချဲ့ကားပြောခဲ့ခြင်းဖြစ်သည်။
သခင်ကြီးသည် စိတ်ဆိုးသွားလေသည်။ "ဒီကလေးကြည့်ရတာ လိမ်မာမလိုနဲ့။ လင်းယွီက မိန်းမကောင်းလေးကို ဘာလို့လက်မထပ်ဘဲ အပျော်မယားလုပ်ဖို့ ပြောတာပါလိမ့်"
"အဖိုး" ကုန်းထျန်းဟောက်သည် သူ့အဖိုး၏အဖြေကို မကျေနပ်ပေ။
ရှောင်လင်းယွီသည် သူ၏မိန်းမဖြစ်သည်ကို အညယ့်ကြောင့် ယန်စစ်မင်နှင့် လက်ထပ်ရန် ပြောသနည်း။
သခင်ကြီးသည် ဒေါသသံဖြင့် ပြောလိုက်လေသည်။ "မင်းဘာတွေ လာအော်နေတာလဲ။ ငါအမှန်အတိုင်းပြောနေတာ။ လင်းယွီက နာမည်မရှိတဲ့အပျော်မယားတစ်ယောက် မဟုတ်ဘဲ မိန်းမနေရာမှာရှိသင့်တဲ့သူ။ နေဦး ငါ လောင်ယန်ကို ဖုန်းဆက်လိုက်ဦးမယ်။ သူ့မြေးကို သူဆုံးမလို့ရအောင်"
ထိုသို့ပြောပြီးနောက်တွင် သခင်ကြီးသည် လောင်ယန်ကို ဖုန်းခေါ်ရန် ပြင်လေသည်။
ကုန်းထျန်းဟောက်သည် တားလိုက်ပြီး "သခင်ကြီးယန်က မကြာခင် ဒီကိုရောက်လာမှာပဲကို။ အဲ့ကျမှ သူလူကိုယ်တိုင် ဆုံးမပါစေလား"
ထို့နောက် ထောင်ချောက်သည် ဆင်ပြီးသွားလေပြီ!
***