နားလည်မှုလွဲခြင်း
Vol. 14 Ch. 246
ကျန်းထောင်သည် "မင်း ဒီစေ့စပ်ပွဲကို မလာတာမှန်သွားတယ်။ ဖြစ်နိုင်ရင် ဒီစေ့စပ်ပွဲကို ငါလုံးဝမလိုချင်ဘူး။ ထားပါ။"
ဖုန်းချသွားပြီးနောက် ကျန်းထောင် သည် တိုက်ခန်း၏ လသာဆောင်တွင်ထိုင်ကာ ဆေးလိပ်တစ်လိပ်ပြီး တစ်လိပ် သောက်လေသည်။ သူ့မျက်လုံးများရှေ့တွင် မီးခိုးငွေ့များ တဝဲလည်လည် ထွက်နေသော်လည်း စူးရှသော မျက်လုံးများက မလှုပ်ရှားဘဲ ရှေ့ကို စိုက်ကြည့်နေပြီး ကူကယ်ရာမဲ့နေသည့် အမူအရာ ပေါ်လာလေသည်။
မနက်ဖြန်သည် သူနှင့် ချင်ယန်၏ စေ့စပ်ပွဲဖြစ်သည်။
မြို့တော်က သြဇာကြီးသူများ အားလုံး လာကြမည်ဖြစ်သည်။
မနက်ဖြန်မှစ၍ သူသည် အဆုံးမရှိသော အာဏာတိုက်ပွဲတွင် ပါဝင်ရတော့မည်ဖြစ်သည်။ သူသည် အတိတ်က နှိမ့်ချ၍ မထီမဲ့မြင်ပြုခဲ့သော လူများနှင့် ဆက်ဆံရလိမ့်မည်ဖြစ်သည်။
ကျန်းထောင်သည် စိတ်ပျက်စွာ ပြုံးလိုက်လေသည်။
....
ကုန်းထျန်းဟောက်သည် ဖုန်းချသွားပြီးနောက် လက်သီးကို တင်းကျပ်စွာဆုပ်ကာ သက်ပြင်းချလိုက်လေသည်။ သူ့အဖိုးပြောသကဲ့သို့ ကျန်းထောင်သည် သူ့မိန်းမကို အပိုင်ယူရန် သူ့အတွက် ကြီးမားသော ပြဿနာတစ်ခုဖြစ်လေသည်။။
သူ၏ညီအစ်ကိုကောင်းသည် ရှောင်လင်းယွီကို သဘောကျသောကြောင့် သူမကိုကို စိတ်ဝင်စားသော်လည်း အရင်က မလိုက်ခဲ့ခြင်းဖြစ်လေသည်။ သို့သော် အရာများသည် ကွဲပြားသွားလေသည်။
သူ၏ညီအစ်ကိုကောင်းသည် အခြားမိန်းမနှင့်လက်ထပ်ရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။ သူနှစ်သက်သော အမျိုးသမီးနှင့် အတူအိပ်ခဲ့မိပြီး သူ့ကလေးကို သူမသည် လွယ်ခဲ့ရလေသည်။ သူသည် ကျန်းထောင်ထက် ရှောင်လင်းယွီ နှင့် အရင်တွေ့ဆုံခဲ့သော်လည်း...
ကုန်းထျန်းဟောက်သည် ဝိုင်ကို ချလိုက်ပြီး စီးကရက်သောက်ရန် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။
နောင်တွင် သူသည် ကျန်းထောင်ကို ရှင်းပြရပေမည်။ ကျန်းထောင် သေချာပေါက်နားလည်လိမ့်မည်ဟု သူယုံကြည်လေသည်။
ကုန်းထျန်းဟောက်သည် ဆေးလိပ်ပြာခွက်အတွင်းမှ ဆေးလိပ်တိုကို ထိုးကာ မီးငြိမ်းလိုက်ပြီး အနားယူရန် အိပ်ရာဝင်ခဲ့လေသည်။ သူသည် မသိလိုက်ခင်မှာပင် အိပ်ပျော်သွားလေသည်။
....
ကုန်းထျန်းဟောက်နှင့် သူ့အဖိုးတို့ အနားယူနေချိန်တွင် အနက်ရောင် ကားသုံးစီးသည် ထောင်ယွမ်ရွာ ရွာဘက်သို့ မောင်းလာခဲ့လေသည်။
ထိုထဲတွင် အလယ်ကတစ်ခုမှာ အထက်တန်းအဆန်ဆုံး ဖြစ်ပေသည်။ သို့သော် ဇိမ်ခံကားများကို မြင်ဖူးနေကြဖြစ်သော ရွာသူရွာသားများအတွက်တော့ ဤသည်မှာ မထူးဆန်းချေ။ တံဆိပ်များကို အတိအကျ မသိကြသော်လည်း တန်ဖိုးကြီးကားများ အားလုံးသည် ရွာသူရွာသားများအတွက် အကုန် အတူတူပင်ဖြစ်သည်။
ဆံပင်ဖြူနှင့် အဖိုးအိုနှစ်ယောက်သည် ကားနောက်ခန်းတွင် ထိုင်နေလေသည်။ သို့သော် ကွာခြားချက်မှာ အဖိုးအိုတစ်ဦးသည် ငယ်ရွယ်ပြီး အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့်ရှိပုံရပြီး ကျန်တစ်ဦးမှာ အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်အတွင်း ဖြစ်ပုံရသည်။
အိမ်တော်ထိန်းလီက ယာဉ်မောင်းကို "ရှောင်ချန်း၊ ဖြည်းဖြည်းမှန်မှန်မောင်းပါ"ဟု ညွှန်ကြားလေသည်။
ယန်ကျန့်သည် ချက်ချင်းမကျေနပ်စွာ ပြန်ပြောလေသည်။ "ရှောင်ချန်း၊ မင်းမြန်မြန်မောင်းရမယ်။ ငါထောင်ယွမ်ရွာကို အမြန်ဆုံးရောက်ချင်တယ်"
အိမ်တော်ထိန်းလီ က ကူကယ်ရာမဲ့စွာ ပြောလေသည်။ "သခင်ကြီး၊ ကျွန်တော်တို့ ဘေးကင်းဖို့ လိုတယ်။ နောက်ပြီး သခင်ကြီးရဲ့ သူငယ်ချင်းဟောင်းက ချက်ချင်းပြောင်းသွားမှာမှ မဟုတ်တာ။ အဲ့ဒါကြောင့် အမြန်သွားနေစရာ မလိုပါဘူး။"
သူ့သခင်အသက်သည် ခုနစ်ဆယ့် သို့မဟုတ် ရှစ်ဆယ်ရှိပြီဖြစ်သည်။ ထို့ကြောင့် ဘေးကင်းရန်မှာ ဦးစားပေး ဖြစ်လေသည်။။ အိမ်တော်ထိန်းလီသည် ထောင်ယွမ်ရွာရှိ သခင်ကြီး၏ သူငယ်ချင်းဟောင်းသည် မည်သူဖြစ်သည်ကို မသိချေ။ သို့သော် သခင်လေးယန်သည် အိမ်ကို ဖုန်းခေါ်လာသည်နှင့် သခင်ကြီးသည် ကျယ်လောင်စွာ ငိုနေလေသည်။ အားလုံးကန့်ကွက်နေသည့်ကြားကပင် သခင်ကြီးသည် ထောင်ယွမ်ရွာသို့ လာခဲ့လေသည်။
အလျင်စလို ပြင်ဆင်ပြီး လာရန်မှတပါး ရွေးချယ်စရာမရှိပေ။ မာကျောပြီး သိက္ခာရှိသော သခင်ကြီးသည် သုံးနှစ်အရွယ် ကလေးတစ်ယောက်ကဲ့သို့ ငိုနေချိန်တွင် လူများသည် ဘာလုပ်ရမယ်မှန်း မသိတော့ချေ။
အိမ်တော်ထိန်းလီသည် မေးလေသည်။ "သခင်ကြီးကိုယတိုင် ထောင်ယွမ်ရွာကို လာရလောက်တဲ့အထိ လာတွေ့ရတဲ့ သူငယ်ချင်းက ဘယ်သူလဲ။ ထောင်ယွမ်ရွာက တော်တော်ဆင်းရဲတဲ့ရွာ ဒီနေရာက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ လျှပ်စစ်မီးတောင် မရှိခဲ့ဘူး"
ယန်ကျန့်သဘ် "သူက ငါ့ရဲ့ခေါင်းဆောင်ဟောင်းပဲ"ဟု ပြောလေသည်။
"ခေါင်းဆောင်ဟောင်း?" အိမ်တော်ထိန်းလီသည် အနည်းငယ် အံ့သြသွားလေသည်။ "တပ်မှာတုန်းက ခေါင်းဆောင်ဟောင်းလား" အိမ်တော်ထိန်းလီ သည် သူ့သခင်ကြီးသည် ယခင်က စစ်တပ်ထဲဝင်ခဲ့ဖူးကြောင်း သိသော်လည်း သူသည် မည်သို့သော စစ်သားဖြစ်သည်ကို မသိပေ။ စာကြည့်ခန်းထဲတွင် ဆုတံဆိပ်များစွာရှိလေသည်။
ယန်ကျန့်သည် လွမ်းဆွတ်သော အကြည့်များဖြင့် ပြောလေသည်။ "ဟုတ်တယ်၊ ငါစစ်တပ်မှာတုန်းက ငါ့ခေါင်းဆောင်ဟောင်းဆီက ဂရုစိုက်မှုတွေ အများကြီးရခဲ့တယ်။ သူမရှိရင် ငါအခုလို နေရာမှာ ရောက်နေမှာမဟုတ်ဘူး။ ငါ့အသက်ကို ခေါင်းဆောင်ဟောင်းက ကယ်ခဲ့တာပဲ"
အိမ်တော်ထိန်းလီသည် အံ့သြသွားလေသည်။ ထို့နောက် သူသည် ခေါင်းညိတ်လေသည်။ "သခင်ကြီးက သူ့ကိုတွေ့ဖို့ အရမ်းစိတ်အားထက်သန်နေတာ မဆန်းတော့ပါဘူး" ထို့နောက် သူသည် "ဒါပေမယ့် သခင်ကြီးရဲ့ ခေါင်းဆောင်ဟောင်းက ထောင်ယွမ်ရွာကလား။ သူက ဘာလို့ ဒီမှာ ရှိနေရတာလဲ"
ယန်ကျန့်သည် ခေါင်းခါလိုက်ပြီး "သူက ထောင်ယွမ်ရွာ ရွာက မဟုတ်ဘူး၊ သူဘာလို့ ဒီမှာရှိနေတာလဲဆိုတာတော့ သူနဲ့ တွေ့တဲ့အခါ သိလိမ့်မယ်"
ကားသည် ရှင်းအန်းမြို့မှ ထောင်ယွမ်ရွာ ရွာသို့ မောင်းနှင်ခဲ့ရာ အိမ်တော်ထိန်းလီသည် ပြန့်ပြူးသော အင်္ဂတေလမ်းကို မြင်သောအခါ သူသည်ထိတ်လန့်သွားပြီး ကားသမားကိုမေးလေသည်။ "ရှောင်ချန်း၊ ဒါက ထောင်ယွမ်ရွာကိုသွားတဲ့လမ်း ဟုတ်ရဲ့လား။"
ရှောင်ချန်းသည် " အိမ်တော်ထိန်းလီ ၊ ဒီလိမ်းပါပဲ "ဟု ပြောလေသည်။
အိမ်တော်ထိန်းလီသည် "ထောင်ယွမ်ရွာက ဆင်းရဲတယ်လို့ ကြားထားတာ လမ်းခင်းဖို့ ဘယ်လိုလုပ်တတ်နိုင်မှာလဲ"ဟု ပြောလေသည်။
.
ယန်ကျန့်သည် "ငါ့ရဲ့ခေါင်းဆောင်ဟောင်း ရှိနေတာပဲ၊ လမ်းဆောက်ဖို့ သူအမိန့်ပေးလိုက်တာ ဖြစ်မှာပေါ့" အိမ်တော်ထိန်းလီသည် ခေါင်းဆောင်ဟောင်း၏ အမည်ကို မသိသော်လည်း ယန်ကျန့်သည် သခင်ကြီးကုန်း၏ နောက်သို့ ဆယ်စုနှစ်များစွာ လိုက်ခဲ့လေသည်။ သခင်ကြီးသည် ထောင်ယွမ်ရွာတွင် ရှိနေသောကြောင့် လမ်းများကို ပြုပြင်ပေးရပေမည်။ ဤကိစ္စကို အစိုးရ သို့မဟုတ် သူ့မြေးမှ ဂရုစိုက်ပေးပေလိမ့်မည်။
အိမ်တော်ထိန်းလီ သည် ဤခေါင်းဆောင်ဟောင်းကို ပိုစိတ်ဝင်စားလာသည်။ ကားသည် ချောမောသောလမ်းကြောင့် ထောင်ယွမ်ရွာ ရွာသို့ ရောက်ရန် မကြာလိုက်ပေ။
"ဘာလို့ ကားတွေ ဒီလောက်များနေတာလဲ" အိမ်တော်ထိန်းလီ က မျက်မှောင်ကြုတ်ပြီး ကြည့်လေသည်။
ထို့နောက် ရှောင်ချန်းကို အမိန့်ပေးလေသည်။ "ရှောင်ချန်း ၊ ကားပေါ်က ဆင်းပြီး လှည့်မေးကြည့်လိုက်ဦး!"
အိမ်တော်ထိန်းလီသည် ကားများစွာ ဝင်ထွက်သွားလာနေသည်ကို သတိထားမိလေသည်။ လုံခြုံရေး ကင်မရာများစွာ ရှိနေသည်ကိုလည်း သတိထားလိုက်မိလေသည်။ ဤသည်မှာ ထူးဆန်းလွန်းပေသည်။ လိုရမယ်ရ မေးထားခြင်းသည် ပိုကောင်းပေလိမ့်မည်။ သူ့သခင်သည် ထူးခြားသူတစ်ယောက် ဖြစ်သောကြောင့် ရာဇ၀တ်သားများ၏ ပစ်မှတ်ထားခံရနိုင်ချေ ရှိလေသည်။
ရှောင်ချန်းသည် ကားထဲမှ ဆင်းပြီး လမ်းသွားလမ်းလာနှစ်ယောက်ကို မေးလိုက်ပြီး မကြာခင်ပြန်လာလေသည်။
"အိမ်တော်ထိန်းလီ၊ တစ်ယောက်ယောက်က ဒီမှာ စတော်ဘယ်ရီသီး ခြောက်မူ စိုက်ထားတယ်။ စတော်ဘယ်ရီသီးတွေက အရသာရှိတော့ မိဘတွေက ကလေးတွေကို စတော်ဘယ်ရီခူးဖို့ ဒီကို ခေါ်လာကြတာ"
"သြော် အဲ့လိုလား။" အိမ်တော်ထိန်းလီသည် ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ဆက်မောင်းတော့"ဟု ပြောလေသည်။
ရှောင်ချန်းသည် ကားကိုစက်နှိုးခါနီးတွင် ယန်ကျန့်က သူ့ကို တားလိုက်လေသည်။ "ခဏ!"
"သခင်ကြီး ဘာဖြစ်လို့လဲ" အိမ်တော်ထိန်းလီသည် ကြောင်သွားပြီး မေးလိုက်လေသည်။
ယန်ကျန့်သည် လမ်းဘေးတွင် ရပ်ထားသော ကားအနီကို ညွှန်ပြပြီး "ကြည့်စမ်း၊ ဒါ ယွီအာရဲ့ ကားမလား"
အိမ်တော်ထိန်းလီသည် ကားနှင့် လိုင်စင်နံပါတ်ပြားကို ကြည့်ကာ အနည်းငယ် အံ့အားသင့်ကာ "အာ.. အဲ့ကားပဲ။ အကြီးဆုံး သခင်မလေးလည်း ဒီမှာရောက်နေတာလား။"
ယန်ကျန့်သည် "ယွီအာက သူ့အစ်ကိုနဲ့ လာခဲ့တယ်ထင်တယ်"ဟု ပြောလေသည်။
အိမ်တော်ထိန်းလီသည် ခေါင်းညိတ်လိုက်ပြီး "သခင်ကြီး၊ ငါတို့က အကြီးဆုံး သခင်မလေးကို ဆက်သွယ်လိုက်ရမလား။"ဟု မေးလေသည်။
ယန်ကျန့်သည် လက်ကာပြလိုက်ပြီး "ဟင့်အင်း၊ ဒီကလေးက ကစားဖို့လာတာ နေမှာ။ သူပျော်ပါစေဦး၊ ဆက်မောင်းလိုက်။"
ကားသည် ရွာအဝင်ကို ရောက်သောအခါ ယန်ရူယွီ တစ်ယောက်တည်း ပြေးထွက်သွားလာလေသည်။ သူမကြည့်ရသည်မှာ အလွန် ဒေါသထွက်နေပုံရလေသည်။
"ဒါက အကြီးဆုံး သခင်မလေးပဲ!" ရှောင်ချန်းသည် သူမကို မြင်သောအခါ ပြောလိုက်လေသည်။
အိမ်တော်ထိန်းလီ နှင့် ယန်ကျန့် တို့သည် ယန်ရူယွီကို မြင်သောအခါ တစ်ခုခုမှားနေကြောင်း သိလိုက်လေသည်။
ယန်ကျန့်သည် "ယွီအာ ဘာဖြစ်နေတာလဲ? ရှောင်ချန်း သူ့ကို ခေါ်လိုက်"ဟု ပြောလေသည်။
ယန်ရူယွီသည် သူမ၏ဝမ်းကွဲ၏ တာဝန်မဲ့မှုကြောင့် ဒေါသထွက်နေလေသည်။ ရွာကို ဝင်လိုက်သည်နှင့် ရွာသားများသည် သူ့အစ်ကိုအကြောင်း အတင်းပြောနေသည်ကို ကြားလိုက်ရတယ်။ သူမသည် စိတ်မဝင်စားဘဲ မနေနိုင်တော့ဘဲ ထိုစကားဝိုင်းတွင် ပါဝင်လိုက်လေသည်။
ထို့နောက် သူမသည် အလွန်ဒေါသထွက်စရာ တစ်ခုခုကို ကြားလိုက်ရလေသည်။
သူမ၏ ဝမ်းကွဲနှင့် ရှောင်လင်းယွီ အတူတူအိပ်မိသွားရခြင်းမှာ ရှောင်လင်းယွီသည် ဆေးခပ်ခံထားရသောကြောင့်ဖြစ်လေသည်။
ယန်ရူယွီသည် ရှောင်လင်းယွီ၏ ရည်းစားဟောင်းအပေါ် ဒေါသထွက်၍ ရွံရှာမိလေသည်။ သူမသည် ဤကဲ့သို့ ယုတ်မာသောလူ ကမ္ဘာပေါ်တွင် တည်ရှိမည်ဟု မထင်ထားခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူမသည် ရှောင်လင်းယွီကို သနားသွားလေသည်။ သူမသည်နှစ်ရှည်လများ တွဲခဲ့ကြသည့် ချစ်သူက သစ္စာဖောက်ခြင်းကို ခံခဲ့ရလေသည်။ အလွန်နာကျင်ဖွယ် ကောင်းပေမည်။
သူမ၏ဝမ်းကွဲသည် ရှောင်လင်းယွီနှင့် အတူအိပ်ခဲ့သည်ဟု စောင်းပါးရိပ်ချေ ပြောခဲ့သည်ဖြစ်သည်။ သူ့အနေဖြင့် မရင်းနှီးသော အမျိုးသမီးတစ်ဦးအတွက် သူ၏ဂုဏ်သတင်းကို ပျက်စီးခံမည် မဟုတ်ချေ။
လွန်ခဲ့သော နှစ်ဝက်က Zမြို့တွင် ဖြစ်ခဲ့သော ကိစ္စတစ်ခုကို သူမသည် အမှတ်ရသွားလေသည်။ သူ၏ဝမ်းကွဲသည် ကုမ္ပဏီကြီးတစ်ခုကို အကြောင်းအရင်းမရှိဘဲ ဝယ်ခဲ့လေသည်။ သူသည် မိန်းမတစ်ယောက်အတွက် လုပ်ခဲ့သည်ဟု ကောလဟာလ ထွက်ခဲ့လေသည်။
ထို့ကြောင့် ရှောင်လင်းယွီ၏ ဗိုက်ထဲမှ ကလေးသည် သူ့ဝမ်းကွဲအစ်ကိုအကြီးဆုံးနှင့် ရကြောင်း အလွန်သေချာလေသည်။
ထိုအတွေးကြောင့် ယန်ရူယွီသည် စိတ်ရှုပ်လာလေသည်။
သူမ၏ လေ့လာတွေ့ရှိချက်အရ အခြေခံ၍ သူမ၏အစ်ကိုသည် ထိုကလေးကို အသိအမှတ်မပြုလိုပေ။
ထိုအချိန်တွင် ယန်ရူယွီသည် သူမ၏အစ်ကိုအပေါ် ဒေါသထွက်နေလေနေသည်။ တစ်ခုခုလုပ်လိုသော်လည်း ဘာလုပ်နိုင်မည်နည်း။
အသံနှင့်အတူ အနက်ရောင်ကားတစ်စီးသည် သူမရှေ့တွင် ရပ်လိုက်လေသည်။
ယန်ရူယွီသည် ခေါင်းမော့လိုက်ချိန်တွင် သူမရှေ့တွင် ရင်းနှီးနေသော ကားကို တွေ့လိုက်ရလေသည်။ သူမ၏ မျက်နှာသည် ဖျော့တော့သွားကာ တုန်လှုပ်သွားသည်။
သူမသည် "အဖိုး?"ဟု ခေါ်လိုက်လေသည်။ ထို့နောက် သူမသည် သိလိုစိတ်ဖြင့် "အဖိုးက ဘာလို့ ဒီကိုရောက်နေတာလဲ"ဟု မေးလိုက်လေသည်။
ယန်ကျန့်သည် သူမ၏ အနည်းငယ် နီရဲနေသော မျက်လုံးများကို မြင်လိုက်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်လေသည်။ "ယွီအာ ဘာဖြစ်လာတာလဲ"
"ဘာမှမဖြစ်ပါဘူး။ အဖိုးကရော ဘာလို့ဒီကိုရောက်နေတာလဲ"ဟု ထပ်မေးလိုက်လေသည်။
ယန်ကျန့်သည် "မင်းအစ်ကိုက ငါ့ကိုခေါ်တာ..."ဟု ဖြေလေသည်။
စကားမဆုံးခင်မှာပင် ယန်ရူယွီ၏ မျက်လုံးများသည် တောက်ပလာလေသည်။ သူမ အရမ်းစိတ်လှုပ်ရှားနေလေသည်။ ထို့ကြောင့် ယန်ကျန့်နှင့် အိမ်တော်ထိန်းလီတို့သည် အံ့အားသင့်သွားခဲ့လေလေသည်။
သူမ၏ အစ်ကိုက ခေါ်သည်ဟု ကြားသောအခါ ယွီအာသည် အဘယ်ကြောင့် အရမ်းပျော်နေရလသနည်း။ ယွီအာသည် ငယ်ငယ်ကတည်းက သူ့အစ်ကိုကို ကြောက်ရသူဖြစ်လေသည်။
သူတို့ အံ့ဩသွားစဥ်ပင် ယန်ရူယွီသည် သူတို့ကို သတင်းတစ်ခုပေးလိုက်လေသည်။
ယန်ရူယွီသည် "အဖိုးကို အစ်ကိုက လက်ထပ်ခွင့်ကူတောင်းပေးဖို့ ခေါ်လိုက်တာလား။"ဟု ပြောလေသည်။
"လက်ထပ်ခွင့်တောင်းတာ" ယန်ကျန့်နှင့် အိမ်တော်ထိန်းလီ အံ့သြသွားကြလေသည်။
သို့သော်လည်း စိတ်လှုပ်ရှားနေသော ယန်ရူယွီ သည် သူတို့၏မျက်နှာပေါ်မှ အံ့အားသင့်နေသည့်အမူအရာကို သတိမထားမိလိုက်ပေ။ သူမသည် သူ့ကိုယ်သူ အပြစ်တင်လိုက်လေသည်။ "ဟဟ ငါ့အစ်ကိုက ဒီလောက် တာဝန်မဲ့တဲ့လူမဟုတ်ဘူးဆိုတာ ငါသိထားသင့်တယ်။ သူက ကိုယ်ဝန်ခြောက်လရှိနေပြီဖြစ်တဲ့ ရှောင်လင်းယွီကို လက်မထပ်ဘူးဆိုတာ မဖြစ်နိုင်ဘူး။"
"အဖိုးက သူ့အတွက် တင်တောင်းပေးဖို့ လာနေပြီ။ ဒါပေမယ့် ဒေါ်လေးနဲ့ဦးလေးကရော အဖိုးနဲ့ လိုက်လာရမှာ မဟုတ်ဘူးလား။ အဖိုးက ဘာလို့ တစ်ယောက်တည်း လာတာလဲ။ အဖိုး ဒီလိုမျိုး ခရီးထွက်ရတာ ပင်ပန်းမှာပေါ့ ဒါပေမယ့်…” သူမသည် ရိုးသားစွာ ေပြာနေခြင်းဖြစ်လေသည်။
"ခဏလေး ယွီအာ မင်းဘာတွေပြောနေတာလဲ" ယန်ကျန့် သည် ယန်ရူယွီကို အရေးကြီးသည့် အမူအရာဖြင့် ပြောလိုက်လေသည်။ "ဘယ်သူ လက်ထပ်မှာလဲ? ဘယ်သူ့မှာ ကိုယ်ဝန်ရှိတာ? ငါ့ကို ရှင်းရှင်းလင်းလင်းပြောစမ်း"
ယန်ရူယွီပြောပုံရ သူ့မြေးအကြီးဆုံးမှာ မိန်းကလေးတစ်ယောက်နှင့် ကိုယ်ဝန်ရခဲ့ပြီး ကလေးမှာ ခြောက်လနီးပါးရှိပြီဖြစ်သည်။ ထိုအပြင် သူ့မြေးအကြီးဆုံးသည် တာဝန်ယူချင်ပုံ မရပေ။
သခင်ကြီးယန်သည် စိတ်ရှုပ်သွားလေသည်။
ယန်ရူယွီသည် ကြောင်သွားလေသည်။ ထို့နောက် သူမသည် ဂရုတစိုက် မေးလေသည်။ "အဖိုးက အစ်ကို့အတွက် မိန်းမလာတောင်းပေးတာ မဟုတ်ဘူးလား။"
ယန်ကျန့်သည် "ဘာအိမ်ထောင်ပြုတာလဲ။ ငါက ဒီမှာ ကိုယ်ရေးကိုယ်တာကိစ္စရှိလို့လာတာ။ ယန်ရူယွီ မင်းငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်း။ မင်းအစ်ကို ဘာလုပ်ထားတာလဲ သူကဘာကိုတာဝန်မယူတာလဲ"
ယန်ရူယွီသည် တုန်လှုပ်သွားလေသည်။
'မကောင်းတော့ဘူး။'
သူမအထင်မှားသွားမိခြင်းပင်။
သူမအဖိုး၏ တင်းမာသောမျက်နှာကြောင့် သူမသည် အမှန်အတိုင်းသာ ပြောခဲ့ရသည်။
'အစ်ကိုရေ ငါ စိတ်မကောင်းပါဘူး။ ဘာပဲဖြစ်ဖြစ် နင်တာဝန်ယူရတော့မယ်လို့ ငါထင်တယ်'
သူတို့အဖိုးက ဒါကို ဒီအတိုင်း ထားမှာမဟုတ်မှန်း သူသိလေတယ်။
***