ဦးလေး ကျွန်တော် လင်းယွီကို မြတ်နိုးပြီးတော့ သူနဲ့ လက်ထပ်ချင်ပါတယ်
Vol. 14 Ch. 248
ယန်စစ်မင်သည် အံ့သြသွားလေသည်။ ရှောင်လင်းယွီသည် သူနှင့်မအိပ်ခဲ့သည့်အကြောင်းကို သူမ၏မိဘများအား ပြောထားမည်ဟု ထင်မထားပေ။
ပုံမှန်ဆိုလျှင် မိန်းကလေးများသည် ထိုကိစ္စဖြစ်ပါလာက ယောကျ်ားလေးတစ်ယောက်ကို အပြစ်တင်ကြမည် ဖြစ်သည်။ ထို့အပြင် သူသည် ချမ်းသားခြင်း၊ အာဏာရှိခြင်း၊ ရုပ်ချောခြင်းတို့နှင့် ပြည့်စုံလေသည်။ သူသည် သူမကို သူ၏မိန်းမအနေဖြင့် လိုချင်သည်ဟု ပြောထားခဲ့ပြီးဖြစ်သည်။ သူမသည် ကလေးရှိလျက်နှင့်ပင် ယန်မိသားစုထဲသို့ သူနှင့်လက်ထပ်ပြီး ဝင်လာနိုင်မည်ဖြစ်သော်လည်း သူမသည် လက်မခံခဲ့ချေ။
သူမသည် အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်စွမ်း ရှိလေသည်။ သူမတွင် စိတ်ကူးယဉ်ဆန်နေခြင်း မရှိပေ။ ယောကျ်ားတစ်ယောက်အပေါ်တွင်လည်း သူမသည် မှီခိုလိုစိတ်မရှိချေ။
ယခင်က သူသည် သူမကို ရှောင်ကာ သူ၏ခံစားချက်များကို ဖုံးကွယ်ရန် ကြိုးစားခဲ့လေသည်။ သို့သော် သူသည် ယခုအချိန်တွင် စိတ်ပူစရာမလိုတော့ပေ။
သူမတွင် ကိုယ်ဝန်ရှိနေလျှင်လည်း ဘာဖြစ်သနည်း။ သူမသည် စိတ်ထားဖြူစင်ပြီး အပြစ်ကင်းစင်လေသည်။ သူမသည် မည်သည့်အမျိုးသားအတွက်မဆို ဇနီးကောင်းတစ်ယောက် ဖြစ်မည်မှာသေချာလေသည်။
ယန်စစ်မင်သည် ထိုသို့တွေးနေချိန်တွင် ရှောင်ကျန်းယန်သည် စကားဆက်ပြောလေသည်။ "သခင်ကြီးယန် ကျွန်တော့်သမီးကို စစ်မင် ကူညီတယ်ဆိုတာက ကြင်နာသနားတတ်တာရယ် ကိုယ်ကျင့်သိက္ခာကောင်းတာရယ်ကြောင့်ပါ။ သူက သမီးနဲ့အိပ်ခဲ့တယ်လို့ ပြောနေပေမယ့် အမှန်က မဟုတ်ပါဘူး။ သမီးက ကျွန်တော်တို့ လင်မယားကို အမှန်အတိုင်း ပြောပြပြီးသားပါ။” ထိုသို့ပြောပြီးနောက်တွင် ရှောင်ကျန်းယန်သည် သံသယအချို့ဖြင့် မေးလေသည်။ "သခင်ကြီးယန် ဒါကို ဘယ်ကများ ကြားလာ...."
"အိုး.." သခင်ကြီးယန်သည် ခေါင်းညိတ်ပြီး ယန်ရူယွီကို ကြည့်လိုက်လေသည်။
ယန်ရူယွီသည် ရှက်သွားလေသည်။ သူမသည် သူမ၏ အစ်ကိုအကြီးဆုံးကို အထင်လွဲမိလေသည်။ သူမသည် သူ့ကို ထိုကဲ့သို့ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်သူဟု ထင်မထားပေ။ သူသည် ရှောင်လင်းယွီကို ကူညီချင်ရုံဖြင့် သူ၏ဂုဏ်သတင်းကို အပျက်ခံလေသည်။
သူမသည် ပြောလေသည်။ "ဒါက ဒီလိုရှိပါတယ် ဦးလေး။ အစ်ကိုနဲ့ ရွာထဲ ရှုခင်းကြည့်ဖို့ သွားတော့ ရွာသားတွေက အစ်ကိုက လင်းယွီနဲ့ အိပ်ခဲ့တာလို့ ပြောနေကြတာကို ကြားလိုက်ရတယ်။ သူ့ကိုယ်ဝန်က ၆လရှိနေပြီလေ။ အဲ့တော့ အစ်ကိုက တာဝန်ယူရမှာပေါ့"
"အစ်ကို့ကို မေးပေမယ့် သူကဘာမှမပြောပြဘူး။ ရွာသားတွေဆီသွားပြီး အတည်ပြုခဲ့တယ်။ သူတို့က လင်းယွီရဲ့ကိုယ်ဝန်က အစ်ကိုနဲ့ ရတာလို့ပြောတယ်။ အစ်ကို့ကို တာဝန်မယူလို့ဆိုပြီး စိတ်ဆိုးနေတုန်း အဖိုးနဲ့တွေ့တာပဲ။"
"အဲ့မှာ အဖိုးက ရှောင်မိသားစုဆီမှာ တင်တောင်းပေးဖို့ အစ်ကိုက ခေါ်လိုက်တယ်လို့ ထင်သွားတာ အဲ့ဒါနဲ့..." ဖြစ်ကြောင်းကုန်စင်ပြောလေသည်။
"အိုး" ရှောင်ကျန်းယန်သည် အံ့သြကာ မျက်လုံးများ ပြူးကျယ်လာလေသည်။ ကိုယ်ဝန်ကိစ္စမှာ ကြာပြီဖြစ်၍ သူတို့သည်လည်း နောက်ပိုင်း အလုပ်များနေသည်ဖြစ်ရာ ထိုကိစ္စကို မေ့၍ပင်နေလေသည်။
သူမနှင့် အိပ်ခဲ့သူမှာ သူစိမ်းတစ်ယောက် ဖြစ်သည်ဟု ရှောင်လင်းယွီသည် သူတို့ကို ဝန်ခံခဲ့လေသည်။ ယန်စစ်မင်သည် သူမတွေ့ရာ ကောက်ခေါ်လာသည့်သူ တစ်ယောက်သာ ဖြစ်ပေသည်။
သူတို့သည် ယန်စစ်မင်အပေါ်တွင် ကျေးဇူးကြွေးများစွာ တင်နေလေသည်။ သူတို့သည် ထိုအကြွေးများကို ပြန်ဆပ်မည်ဖြစ်လေသည်။ ရွာသားများသည် ယန်စစ်မင်အပေါ် ထိုသို့ ထင်မြင်နေကြလိမ့်မည်ဟု သူမထင်ထားပေ။
ယန်စစ်မင်သည် ရှောင်ကျန်းယန်သည် လေးနက်သော မျက်နှာဖြင့် ပြောလေသည်။ "ဦးလေး ကျွန်တော် လင်းယွီကို နှစ်သက်ပါတယ်။ ကျွန်တော်သူ့ကို လက်ထပ်ချင်ပါတယ်"
"ဖူး!" သခင်ကြီးယန်သည် ရေသောက်နေရာက သီးသွားလေသည်။ "အဟွတ်...အဟွတ်"
"သခင်ကြီး အဆင်ပြေရဲ့လား" အိမ်တော်ထိန်းလီသည် စိုးရိမ်စွာမေးလေသည်။ သူသည် ရှေတိုးလိုက်ပြီး သခင်ကြီး၏ ကျောကို ပုတ်ပေးလိုက်လေသည်။
"အဖိုးအဆင်ပြေရဲ့လား"ဟု ယန်ရူယွီသည်လည်း စိုးရိမ်စွာ မေးလေသည်။
ယန်ရူယွီသည်လည်း ယန်စစ်မင်သည် ရှောင်လင်းယွီကို တစ်ကယ်လက်ထပ်မည်ဆိုသောအခါ ထိတ်လန့်သွားလေသည်။ ဤသည်မှာ အထင်လွဲခြင်းတစ်ခုသာဆိုလျှင် သူ့အနေဖြင့် တာဝန်ယူစရာမလိုသော်လည်း ရုတ်တရက် သူသည် လက်ထပ်ချင်ပါသည်ဟု ပြောလေသည်။
ယန်ကျန့်သည် ချောင်းဆိုး ရပ်သွားပြီးချိန်တွင် သူသည် သူ၏အကြီးဆုံးမြေးကို စူးရှစွာ ကြည့်လိုက်ကာ မေးလေသည်။ "မင်းတစ်ကယ်ပြောနေတာလား ဟေ့ကောင်"
ယန်စစ်မင်သည် လေးနက်စွာ ပြန်ဖြေလေသည်။ "ကျွန်တော်အတည်ပြောနေတာပါ အဖိုး။ ကျွန်တော် လင်းယွီကို လွန်ခဲ့တဲ့နှစ်ဝက်လောက်က စတွေ့ကတည်းက သဘောကျနေခဲ့တာပါ။ အဖိုးသိပါတယ်၊ ကျွန်တော်ရည်းစားများခဲ့တာကို။ ဒါပေမယ့် လင်းယွီကသာ ကျွန်တော် တစ်ကယ်ချစ်မိတဲ့သူပါ။ အဲ့ကြောင့် ကျွန်တော် သူ့ကိုလက်ထပ်ချင်ပါတယ် အဖိုး"
ယန်ကျန့်၊ "..."
ရှောင်ကျန်းယန်၊ "..."
အထင်လွဲခြင်းမှာ အလုံးစုံအထင်လွဲခြင်း မဟုတ်ပေလား။
ယန်ကျန့်သည် ထိုမိန်းကလေးကို မတွေ့ဖူးပေ။ သို့သော် သူ၏ ပွေရှုပ်သော မြေးကို ချစ်မိအောင် လုပ်နိုင်ကတည်းက လွန်စွာ အံ့ဖွယ်ကောင်းသူ ဖြစ်လိမ့်မည်ဖြစ်သည်။ ယန်မိသားစုသည် အိမ်ထောင်ရေးနှင့် ပတ်သက်လျှင် ထိုလူ၏နောက်ခံကို မကြည့်တတ်သော်လည်း ထိုလူအနေဖြင့် ဖြူစင်သန့်ရှင်းရမည်ဖြစ်သည်။
ရှောင်လင်းယွီသည် အမည်မသိ အမျိုးသားတစ်ယောက်နှင့် ကိုယ်ဝန်ရခဲ့သည်ဖြစ်သဖြင့် အဆင်ပြေမည်မဟုတ်ချေ။ ဤသည်မှာ ယန်မိသားစု၏ သိက္ခာနှင့်ဆိုင်သွားပေသည်။
ယန်ကျန့်သည် သူသဘောတူမည်မဟုတ်ကြောင်းကို ချောင်းနှစ်ခါ ဟန့်၍ သတိပေးလေသည်။
ယန်စစ်မင်သည် ဂရုမစိုက်ချေ။ သူသည် ရှောင်ကျန်းယန်ကိုသာ စိုက်ကြည့်နေလေသည်။
ရှောင်ကျန်းယန်သည် သခင်ကြီးယန်ကို ကြည့်လိုက်သောအခါ သခင်ကြီးသည် ခေါင်းငုံ့ကာ ရေနွေးကြမ်း အေးဆေးစွာ သောက်နေပုံရသော်လည်း သူ၏မျက်နှာတွင် သဘောမတူကြောင်းကို မြင်ရလေသည်။
ရှောင်ကျန်းယန်သည် သက်ပြင်းလေး ချလိုက်လေသည်။
ယန်စစ်မင်သည် လူကောင်းဖြစ်သော်လည်း သူ့သမီးအတွက် သင့်တော်သူ မဟုတ်ချေ။
ရှောင်ကျန်းယန်သည် ပြောလေသည်။ "စစ်မင် ဒီကိစ္စက ဦးလေးဆုံးဖြတ်လို့ မရဘူး။ အခုလို လာကမ်းလှမ်းတဲ့အတွက် ဦးလေးတို့ မိသားစုက အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မင်္ဂလာကိစ္စဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူမှ ဖြစ်တာ"
ယန်စစ်မင်သည် ချက်ချင်းပြောလေသည်။ "ဦးလေး ကျွန်တော် လင်းယွီကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ"
ဘေးတွင် ထိုင်နားထောင်နေသော ချန်ချိုးယင်းသည် ဝင်ပြောလေသည်။ "စစ်မင် မင်းက လူကောင်းလေးပါ။ မင်းနဲ့တွေ့ရတာကလည်း ဒေါ်လေးရဲ့သမီးနဲ့ ဒေါ်လေးတို့မိသားစုအတွက် ဝမ်းသာစရာပါပဲ။ သမီးလိုအပ်တိုင်းလည်း မင်းကရှိနေပေးခဲ့တယ်။ အကယ်၍ သမီးက လက်ထပ်ဖို့ သဘောတူရင် သမီးလေး ကံကောင်းတာပါပဲ။"
"ဒါပေမယ့် သမီးအကြောင်း ဒေါ်လေး ကောင်းကောင်းသိတယ်။ သူငယ်ငယ်ကတည်းက ကိုယ့်ဘာသာရပ်တည်နိုင်ပြီး သိပ်ခေါင်းမာတဲ့သူ။ တစ်ခုခုကို စိတ်ဆုံးဖြတ်ပြီးတာနဲ့ ဘယ်သူမှတားမရဘူး"
ထိုစကားကို ကြားလိုက်သောအခါ ယန်ကျန့်၏ မျက်လုံးများသည် အရောင်လက်သွားလေသည်။ သူသည် တည်ငြိမ်စွာ ရေနွေးကြမ်း ဆက်သောက်နေလေသည်။
မေမေရှောင်သည် ဆက်ပြောလေသည်။ "ဒီလိုလုပ်ပါလား သမီးကို နှိုးပြီး သူ့ဆုံးဖြတ်ချက်ကို မေးလိုက်မယ်လေ။ ဘယ်လိုထင်လဲ"
သူမ၏စကားများသည် ယန်စစ်မင်နှင့် သဘောတူသယောင် ရှိသော်လည်း တစ်ကယ်တမ်းတွင် သခင်ကြီးယန်နှင့် သဘောထား အတူတူပင် ဖြစ်လေသည်။
သခင်ကြီးသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြုံးကာ ပြောလေသည်။ "ဟဟ ရှောင်မားပြောတာ သဘောတူတယ်။ ဒီလုအိုကြီးကလည်း သူနဲ့တွေ့ချင်မိပါရဲ့။ ကျွန်တော့်မြေးလို လူမျိုးကို ချစ်မိအောင်ဘယ်လိုများ လုပ်လိုက်သလဲ။ နတ်ပြည်က နတ်သမီးများလား"
မေမေရှောင်သည် ပြုံးကာ ပြောလေသည်။ "ဟုတ်ပါပြီ စောင့်ပါဦး သခင်ကြီး" သူမသည် ထလိုက်ပြီး ရှောင်လင်းယွီအခန်းထဲသို့ သွားလေသည်။ သူမသည် တံခါးခေါက်ခါနီးလေးပင် တံခါးပွင့်သွားလေသည်။
မေမေရှောင်သည် သူမကို အခန်းထဲသို့ ပြန်ခေါ်သွားလေသည်။
"ဘာဖြစ်လို့လဲ အမေ" ရှောင်လင်းယွီသည် မေးလေသည်။
မေမေရှောင်၏ မျက်နှာသည် လေးနက်သွားပြီး ပြောလေသည်။ "ယန်စစ်မင်ရဲ့ အဖိုးက သမီးကို တွေ့ချင်တယ်တဲ့ ယွီအာ"
"သမီးကို တွေ့ချင်တယ်ဟုတ်လား။ ဘာလို့လဲ" သူမသည် နားမလည်၍မေးလေသည်။
မေမေရှောင်သည် သက်ပြင်းချကာ ပြောလေသည်။ "ယန်စစ်မင်က သမီးကို လက်ထပ်ချင်လို့တဲ့"
သူမသည် ချက်ချင်း သဘောပေါက်သွားလေသည်။ ယန်စစ်မင်၏ အဖိုးသည် သူမအား အကဲဖြတ်လို၍ ဖြစ်လေသည်။
သူမသည် မကျေနပ်၍ မျက်မှောင်ကြုတ်လိုက်လေသည်။
သူမသည် ယန်စစ်မင်ကို လက်မထပ်လိုပေ။
မေမေရှောင်သည် ညင်သာစွာ သတိပေးလေသည်။ "အဖိုးယန်က ဒီကိစ္စကို သဘောမတူဘူး။ အဲ့တော့ သတိထားပါ ယွီအာ"
ရှောင်လင်းယွီသည် ခေါင်းညိတ်၍ ပြန်ဖြေလေသည်။ "ဟုတ်ကဲ့ သမီးနားလည်ပါတယ် အမေ"
အမေနှင့် သမီးသည် ထွက်လာကြလေသည်။
သခင်ကြီးယန်သည် ကိုယ်ဝန်ဆောင် အင်္ကျီအဖြူရောင်လေး ဝတ်ထားသော မိန်းကလေးကို မြင်လိုက်သောအခါ သူမသည် သူ့မြေးလက်ထပ်လိုသူဖြစ်မှန်း သိလိုက်လေသည်။
ဤမိန်းကလေးသည် သိမ့်မွေ့ပြီး လှပလေသည်။ သူမတွင် အိန္ဒြေရှိလေသည်။ သူ၏မိသားစုများသည် ထိုမိန်းကလေးကို ချစ်ကြပေလိမ့်မည်။
ထို့အပြင် သူမသည် နာမည်ကြီး တက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်ကာ Zမြို့ရှိ လုပ်ငန်းကြီးတစ်ခုတွင် နှစ်အနည်းငယ် အလုပ်ဝင်လုပ်ခဲ့ဖူးလေသည်။ ယန်မိသားစုသည် ထိုသို့သောချွေးမကို နှစ်သက်ကြမည်ဖြစ်သည်။
ကံမကောင်းစွာပင် သူမသည် အခြားသူ၏ ကလေးကို လွယ်ထားနှင့်ပြီး ဖြစ်လေသည်။ သူမ၏ကိုယ်ဝန်သည် ၆လနီးပါး ရှိပုံရလေသည်။ ထို့ကြောင့် သူမသည် သူမ၏ခန္ဓာကိုယ်ကို ထိခိုက်မှုမရှိဘဲ ကိုယ်ဝန်ဖျက်ချရန် မဖြစ်နိုင်ပေ။ ထို့အပြင် ကြည့်ရသည်မှာ သူမသည် ကိုယ်ဝန်ဖျက်လိုစိတ် ရှိပုံမရပေ။
အကယ်၍ သူမသာ ဖျက်ချရန် သဘောတူမည်ဆိုပါက သူ့အနေဖြင့် သူ၏မြေးချွေးမအဖြစ် လက်ခံမည်ဖြစ်လေသည်။ သူသည် ထိုအပေးအယူကို လုပ်လိုလေသည်။
သို့သော် သူတွေးထားသလိုပင် သူမ ဖျက်ချလိုပါက ရက်သတ္တပတ်အနည်းငယ် ရစဥ်ပင် လုပ်ခဲ့မည်ဖြစ်လေသည်။ ဤကလေးကို သူမ၏ဗိုက်ထဲတွင် လွန်စွာကြီးမားလာသည်အထိ လွယ်ထားမည် မဟုတ်ချေ။
ရှောင်လင်းယွီသည် ယန်ကျန့်ဆီသို့ သွား၍ "မင်္ဂလာပါ သခင်ကြီးယန်"ဟု ယဉ်ကျေးစွာ နှုတ်ခွန်းဆက်လေသည်။
သခင်ကြီးယန်သည် ခေါင်းညိတ်ပြီး သူမ၏ဗိုက်ကိုကြည့်ကာ "ကိုယ်ဝန်ဘယ်နှစ်လရပြီလဲ ကလေးမ"ဟု မေးလေသည်။
ရှောင်လင်းယွီသည် သူမ၏ဗိုက်ကို ကိုင်လိုက်ကာ ပြုံး၍ဖြေလေသည်။ "၆လနီးပါးရှိပါပြီ"
ယန်ကျန့်သည် နူးညံ့သိမ့်မွေ့သော မိခင်မေတ္တာကို သူမ၏မျက်နှာပေါ်တွင် မြင်လိုက်ရသောကြောင့် စိတ်ထဲတွင် သက်ပြင်းချလိုက်မိလေသည်။ 'သူ့ကလေးကို အတော်ချစ်မယ့်ပုံပဲ။ ဖျက်ချဖို့ပြောရမှာ ခက်သား။'
သို့သော် သူ၏မြေးသည် သူမကို နှစ်သက်နေသည့်အတွက် သူ့အနေဖြင့် မေးရမည်သာဖြစ်သည်။ "မိန်းကလေး အဖိုးမြေးက သမီးကို လက်ထပ်ချင်တယ်လို့ပြောတယ်။ ဘယ်လိုသဘောရလဲ"
ရှောင်လင်းယွီသည် မျက်လုံးလေး ပြူးသွားကာ နားမလည်သလိုမေးလေသည်။ "ယန်စစ်မင်က ကျွန်မကို သဘောကျတယ်ဟုတ်လား။ ဘယ်လိုဟာသမျိုးလဲ။ သူမပြောဖူးဘူးလား ကျွန်မက ဘဲရုပ်ဆိုးမလေးလို့။ သူ့အနေနဲ့ ကျွန်မကို ကြိုက်စရာအကြောင်းမရှိပါဘူး"
အားလုံး၊ "..."
ယန်စစ်မင်၊ "..."
ယန်စစ်မင်၏ နှုတ်ခမ်းထောင့်စွန်းလေးသည် ကွေးသွားလေသည်။
'ဒီမိန်းမကတော့ ငါ့ကိုငြင်းမှာကို ရိုးရိုးမငြင်းဘူး။ အရင်ကပြောလိုက်မိတဲ့ ငါ့စကားကို ပြန်သုံးနေတယ်။"
***