သတိပေးခြင်း
Vol. 15 Ch. 251
အမျိုးသားနှစ်ဦးသည် အချစ်ပြိုင်နေကြသော်လည်း အိမ်တွင်းလေထုသည် သဟဇာတညီနေလေသည်။
သို့သော် အိမ်အပြင်ဘက်ရှိ ရွာသားများသည် ကောက်ချက်များ စဆွဲနေပြီဖြစ်သည်။
"ဘာလဲ။ ရှောင်လင်းယွီရဲ့ ဗိုက်ထဲက ကလေးက ရုပ်ချောတဲ့သူနဲ့ ရတာလား။"
"ဟင့်အင်း၊ သူက အပြစ်ဝင်ခံရုံပဲလို့ ကြားတယ်။ ရှောင်လင်းယွီနဲ့ ကိုယ်ဝန်ရခဲ့တဲ့သူက တခြားတစ်ယောက်တဲ့"
"ကိုယ်ဝန်ရှိနေမှတော့ ယောက်ျားလေးဘက်က လက်ထပ်ခွင့်မတောင်းတာ မဆန်းပါဘူး။"
"ဒါပေမယ့် သူ့အဖိုးက ရှောင်မိသားစုနဲ့ လက်ထပ်ခွင့်တောင်းဖို့ စောစောက လာခဲ့တာမဟုတ်ဘူးလား။"
"အောင်သွယ်ရော လက်ဆောင်တွေပါ မပါဘူး၊ ဒါက ဘယ်လို လက်ထပ်ခွင့် ကမ်းလှမ်းချက်လဲ"
"အဲ့လူက Cavalry မောင်းတာ။ သူ့မိသားစုက အရမ်းချမ်းသာပုံပဲ။ ရှောင်လင်းယွီက နောက်ဆုံးတော့ အိမ်ထောင်ရေး ကံကောင်းပြီလို့ ငါထင်ခဲ့တာ။ ကလေးရှိပေမယ့် ချမ်းသာတဲ့ မိသားစုနဲ့ လက်ထပ်နိုင်မှာကို... ရှောင်လင်းယွီက တကယ်ပဲ...ကံဆိုးတာပဲ"
"ဘယ်လိုပဲဖြစ်ဖြစ်၊ အခု ရှောင်လင်းယွီ ရဲ့ ဗိုက်ထဲက ကလေးဟာ တကယ်ပဲ အဖမဲ့သားဆိုတာကို သိလိုက်ပြီ"
ရှောင်မိသားစုနှင့် ဆက်ဆံရေး မကောင်းသူ အနည်းငယ်သည် မကောင်းကြောင်းများ ပြောကြလေသည်။
ယခုတွင် ရှောင်မိသားစုသည် ဟင်းသီးဟင်းရွက်နှင့် စတော်ဘယ်ရီများကို စိုက်ပျိုးကြပြီး စျေးကောင်းနှင့် ရောင်းနိုင်၍ ချမ်းသာလာကြသည်ဖြစ်ရာ အချို့လူများမှာ မနာလိုဖြစ်လေသည်။
ယခု စတော်ဘယ်ရီလာဝယ်သည့် ဖောက်သည်များကို တွေ့သောအခါ ပို၍မနာလို ဖြစ်လာကြသည်။
ရှောင်လင်းယွီ၏ မိသားစုတွင် မကောင်းသည့် အရာတစ်ခုခုဖြစ်လာစေရန် ဆန္ဒရှိကြလေသည်။
သို့သော်လည်း ရှောင်လင်းယွီ၏ မိသားစုကို မည်သူမျှ ပြောင်တင်းစွာ ပြောဆိုရဲခြင်း မရှိပေ။
ပထမဆုံးအနေဖြင့် လူများစွာသည် ရှောင်လင်းယွီနှင့် စာချုပ်ချုပ်ဆိုပြီး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြခြင်း ဖြစ်လေသည်။ ရှောင်လင်းယွီသည် ၎င်းတို့၏ အသီးအရွက်များကို ဝယ်ယူမည်ဖြစ်ရာ သဘာဝဘေးအန္တရာယ်နှင့် ဆုံးရှုံးမှုများ ခံစားရတော့မည် မဟုတ်ပေ။
ဒုတိယအချက်မှာ ရှောင်မိသားစုသည် လယ်အလုပ်များကို နေ့တိုင်းလုပ်ရန် လူများစွာကို ငှားရမ်းခြင်းဖြစ်သည်။ တခါတရံ လူနှစ်ယောက် သုံးယောက် ငှားသော်လည်း တခါတရံတွင် လူ ၃၀ မှ ၄၀ ငှားတတ်လေသည်။
ရှောင်မိသားစုနှင့် ရင်းနှီးသော ရှောင်ချန်းပမ်းမိသားစုကဲ့သို့ လူများသည် အလုပ်များ ပိုရတတ်လေသည်။ သူတို့၏သမီး ရှောင်ရှင်းရှင်းသည် ရှောင်လင်းယွီ ၏ဆိုင်တွင် တစ်လလျှင် ယွမ် ၁၂၀၀ ဖြင့် အလုပ်လုပ်လေသည်။ အစမ်းစစ်ဆေးပြီးနောက် တစ်လလျှင် ယွမ် ၁၅၀၀ ရရှိမည်ဖြစ်သည်။ ထိုသို့ဖြင့် ရှောင်ချန်းပမ်း၏ မိသားစုသည် တစ်လလျှင် ယွမ် ထောင်ပေါင်းများစွာ ရရှိနိုင်လေသည်။ တစ်နှစ်တွင် သောင်းချီ ၀င်ငွေရမည်ဖြစ်သည်။ ဤသည်မှာ ကိုယ်ပိုင်လယ် စိုက်ခြင်းထက် များစွာ ပိုမြတ်သည်ဖြစ်သည်။
ရှောင်ချန်းပမ်းမိသားစုမှအပြင် အခြားမိသားစုများလည်း ရှိသေးသည်။ အလုပ်များလုပ်ရန် ရှောင်မိသားစုမှ ၎င်းတို့ကို မကြာခဏ ငှားရမ်းလေသည်။
ထို့ကြောင့် ရွာသားများသည် ရှောင်မိသားစုနှင့် ထိပ်တိုက် မတွေ့ရန် အတတ်နိုင်ဆုံး ကြိုးစားကြလေသည်။ အခြေခံအကျဆုံးအချက်မှာ သူတို့အကြောင်း မကောင်းမပြောမိရန်ပင်ဖြစ်သည်။
နောက်ကွယ်တွင် မကောင်းကြောင်းပြောမိပါက အမြဲပြန်သိမည်ဖြစ်သည်။
တုံးအသူများသာ သူတို့အတွက် အကျိုးရှိစေမဘ့်သူများအကြောင်းကို မိုက်မဲစွာ ပြောဆိုတတ်ကြသည်ဖြစ်သည်။ ကိုယ်ခြေထောက်ကိုကိုယ် ပစ်သကဲ့သို့ဖြစ်ပေမည်။
ရှောင်မိသားစုသည် သူတို့အပေါ် စော်ကားသူမှန်သမျှကို မောင်းထုတ်လိမ့်မည် ထင်ထားသော်လည်း ထိုသို့မလုပ်ခဲ့ချေ။ ထိုသူများမှာ ရူးနေကြလေသည်လား။
အားလုံးသည် ရှောင်ကျန်းယန်၏ အိမ်တဝိုက်တွင် စုရုံးနေကြလေသည်။ လက်ထပ်ရန် ကမ်းလှမ်းချက်အကြောင်း ကြားသည့်အခါ သူတို့သည် လာကြလေသည်။ တစ်ယောက်ယောက်က လက်ထပ်ခွင့်တောင်းပါက ရှောင်လင်းယွီ အတွက် ကောင်းသည့် အရာဖြစ်လေသည်။ ရှောင်လင်းယွီ၏ ဗိုက်ထဲမှ ကလေးမှာ အဖေတစ်ယောက်ရှိသွားမည် ဖြစ်ပေသည်။ ထို့ကြောင့် ကလေးမှာ အဖမဲ့သားမဟုတ်တော့ချေ။ ရွာသူရွာသားများသည်လည်း အလွန်ဝမ်းသာကြလေသည်။ မကြာသေးခင်က သူတို့၏ဘဝများသည် ရှောင်လင်းယွီ၏ ကျေးဇူးကြောင့် ပိုမိုကောင်းမွန်လာခဲ့လေသည်။
ကန့်ကွက်သော အသံတစ်ခုသည် ရုတ်တရက် တိုးလာမည်ဟု မည်သူမျှမထင်ချေ။
"ရှောင်လင်းယွီရဲ့ကလေးက မျိုးမစစ်ဆိုတာ အသိသာကြီးကို။ အဲ့လူချမ်းသာနဲ့ပတ်သက်တဲ့ ကောလာဟလတွေကို သူဖြန့်လိုက်တာ ဘယ်လောက်ရှက်စရာကောင်းလဲ။ သူက ရယ်စရာပဲ!" ကျန်းရှောင်လန်သည် ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်လေသည်။
"မှန်ပါတယ်။ တစ်ယောက်ယောက်က တကယ့်ကို အရှက်မရှိတဲ့သူပါ" လျိုချန်းနျိုက ဆက်ပြောလေသည်။
ဤအချိန်တွင် ကျိုးယန်သည် ဒေါသတကြီးဝင်လာပြီး "မင်းတို့ လူတွေက မယုံနိုင်စရာပဲ။ သူများအိမ်တံခါးရှေ့မှာ တစ်ယောက်ယောက်ကို မကောင်းပြောနေတာလား။ ဝဋ်လည်မှာကို မကြောက်ဘူးလား"
ကျန်းချွမ်းကျောင်းသည် "ဟာဟား၊ ကျိုးယန်၊ နင်က ရှောင်ကျန်းယန်ရဲ့ မိသားစုနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတာ ငါတို့အားလုံးသိတယ်။ ဝင်ငွေရှာဖို့ နင်သူတို့ကို အားကိုးနေရတာ။ ဒီတော့ နင်သူတို့ကိုဖားနေရတာလေ။ သူတို့က အိမ်သာတက်ရင်တောင် မွှေးတယ်လို့ မင်းပြောမှာပဲ။"ဟု ပြောလေသည်။
"ရှောင်လင်းယွီက ဒီလို ရှက်စရာကောင်းတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာ။ သူက ယောက်ျားတစ်ယောက်နဲ့ အိပ်ပြီး ကိုယ်ဝန်ရှိလာတယ်။ လူတွေကို မပြောစေချင်ရင် အစကတည်းက အဲ့လိုမအိပ်ခဲ့နဲ့လေ။"
"ငါပြောမယ် ကျိုးယန် အခြားသူတွေက ရှောင်ကျန်းယန်မိသားစုကို ကြောက်ကြပေမယ့် အဲ့ထဲမှာ ငါမပါဘူး"
"ငါအဲ့လူပြောနေတာကို ငါ့နားနဲ့ ဆက်ဆက်ကြားခဲ့တာ ကလေးက သူနဲ့ရတာ မဟုတ်ဘူး။ အဲ့တော့ သူတာဝန်ယူမှာမဟုတ်ဘူး"
"မင်းပြောတာ များသွားပြီ ကျန်းချွမ်းကျောင်း။ လင်းယွီက ယောကျ်ားတစ်ယောက်နဲ့ အိပ်ခဲ့တာ သူ့ကိုယ်ပိုင်ဆန္ဒအရမို့လို့လား။ သူချောက်ချခံခဲ့ရတာ"ဟု ကျိုးယန်က ပြောလေသည်။
"ဟားဟား၊ သူချောက်ချခံရတော့ရော ဘာဖြစ်သေးလဲ။ သူအပျိုမဟုတ်တော့ဘူးလေ။ အဲ့တော့ သူ့ရဲ့ဖြူစင်မှုမရှိတော့ဘဲ ပျက်ဆီးသွားပြီ။ သူက ပြည့်တန်ဆာတစ်ယောက်နဲ့ ဘာမှမကွာဘူး။ ဒါပေမယ့် ပိုဆိုးတာက သူကကလေးရတာကို မရှက်တဲ့အပြင် ဂုဏ်တောင်ယူနေသေးတယ်။ ဘယ်လိုတောင် ရယ်စရာကောင်းတာလဲ။ အရင်တုန်းကလိုသာဆိုရင် ရှောင်လင်းယွီက မြစ်ထဲမှာ ရေနစ်ပြီး သေနေလောက်ပြီ"
"ပြီးတော့ နင်တို့တွေ အကုန်လုံးက နင်တို့ရဲ့သမီးတွေကို သူ့လိုလက်မထပ်ခင် ကိုယ်ဝန်ရအောင်လို့လား။ ပြီးတော့ သူက အားလုံးရဲ့စံပြလေ။ အခုမှမဟုတ်ပါဘူး သူငယ်ငယ်ကတည်းကပါပဲ။ နင်တို့ရဲ့သမီးတွေကရော သူ့ကို နမူနာယူပြီးကြပြီလား"
ကျန်းချွမ်းကျောင်း၏ စကားလုံးများသည် လူအများ၏ စိတ်ထဲသို့ ဝင်လာလေသည်။
ဤသည်မှာမှန်ပေသည်။
ရှောင်လင်းယွီသည် ငယ်စဉ်ကတည်းက ကလေးများအတွက် စံပြပုဂ္ဂိုလ်ဖြစ်ခဲ့လေသည်။ မိဘတော်တော်များများသည် သူတို့၏ သမီးများအတွက် ရှောင်လင်းယွီဆီမှ သင်ယူရန် ပြောခဲ့ကြသည်။ သို့သော် ယခုအခါတွင် သူတို့၏သမီးများသည် ရှောင်လင်းယွီထံမှ မကောင်းသည့် အကျင့်များကို သင်ယူမိကြတော့မည်ကို စိုးရိမ်နေကြလေသည်။
ကျိုးယန်သည် ဒေါသအလွန်ထွက်သောကြောင့် မျက်နှာများပင် ပြာလေသည်။ သူမသည် ကျန်းချွမ်းကျောင်းကို ဒေါသတကြီး လက်ညှိုးထိုးပြီး "ကျန်းချွမ်းကျောင်း၊ နင်အရမ်းလွန်သွားပြီ"
ကျန်းချွမ်းကျောင်းသည် ရယ်မောပြီး "ငါက ဘယ်လို လွန်သွားတာလဲ။ ငါပြောတာက အမှန်တွေပဲလေ။"ဟု ပြောလေသည်၊
ကျန်းချွမ်းကျောင်း ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ဆက်ပြောလေသည်။
"အခုမှသတိရတယ်။ နင့်ရဲ့သမီး ရှောင်ရှင်းရှင်း က ရှောင်လင်းယွီကို ကူညီနေတာမလား။ ကျိုးယန် ငါနင့်ကို အကောင်းနဲ့သတိပေးလိုက်ဦးမယ်။ ကိုယ့်သမီးကိုယ် ဂရုစိုက်ဦး။ တစ်နေ့ နင့်ရဲ့သမီးအလိမ္မာလေး ကိုယ်ဝန်ရှိလာရင်တော့ မအံ့သြနဲ့။"
ကျိုးယန်၏ မျက်နှာသည် ဒေါသကြောင့် နီနေလေသည်။ ခဏအကြာတွင် သူမသည် ဒေါသထွက်နေမည့်အစား ရယ်မောကာ "ကျန်းချွမ်းကျောင်း၊ နင်ကိုယ့်ကိုကိုယ် အရင် စိတ်ပူရမှာမလား။ မင်းဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်သည်တစ်ယောက်နဲ့ ပေါင်းသင်းပြီး မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်။ နင့်ရဲ့ရွာမှာ ဘယ်သူမှ နင့်ကို လက်ထပ်ဖို့ ဆန္ဒမရှိကြဘူး။
အဲဒါကြောင့် နင်က ငါတို့ရွာနဲ့ အိမ်ထောင်ကျတယ်။ တစ်ယောက်ယောက်က မြစ်ထဲရေနစ် သေရမယ်ဆိုရင် နင်ပဲ အရင်ဆုံးဖြစ်လိမ့်မယ်။ တခြားသူတွေအကြောင်း ပြောဖို့မျက်နှာရှိသေးတယ်နော် ရယ်ဖို့ကောင်းလိုက်တာ"
"ဒါတင်မကသေးဘူး။ ဆယ်မိုင်ရွာမှာ အိမ်ထောင်ကျတဲ့ နင့်ရဲ့အကြီးဆုံးသမီးက အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ ငါကြားတယ်။ အမေနဲ့ သမီးအတူတူပါပဲ။ အခု အိမ်ထောင်ကွဲသွားပြီဆို။ ကျန်းချွမ်းကျောင်း၊ နင်ကများ တခြားသူတွေကို အတင်းအဖျင်းပြောရဲသေးတယ်နော်"
"အဲ့ဒါကို နင်ဘယ်လိုသိလဲ?" ကျန်းချွမ်းကျောင်း အံ့သြသွားသည်။ ထို့နောက် သူမသည် ဤကိစ္စကို သွယ်ဝိုက်၍ ဝန်ခံလိုက်ကြောင်း သိလိုက်ရလေသည်။
ထောင်ယွမ်ရွာနှင့် ဆယ်မိုင်ရွာသည် အတော်လေး ဝေးသောကြောင့် ၎င်းတို့ကြားတွင် ဆက်စပ်မှု မရှိခဲ့ပေ။ ထို့အပြင် လူတိုင်းတွင် ဆဲလ်ဖုန်းမရှိသည့်အတွက်ကြောင့် သတင်းများ ပြန့်ပွားခဲ့ရန် မလွယ်ပေ။
ကျန်းချွမ်းကျောင်းသည် သမီးဖြစ်သူ၏ အဖြစ်ကို ကြားပြီးနောက် သူမသည် ဒေါသတကြီး ထွက်သွားလေသည်။ သို့သော် သူမ၏မျက်နှာအတွက်ကြောင့် ဤကိစ္စကို လျှို့ဝှက်ထားခဲ့လေသည်။ သို့သော် ကျိုးယန်သည် ထိုအကြောင်းကို သိဖြစ်အောင် သိလိုက်သေးသည်။
ကျန်းချွမ်းကျောင်းသည် ဒေါသတကြီးအော်လိုက်လေသည်။ "ကျိုးယန် နင်က ငါ့သမီးအကြီးဆုံးရဲ့ဂုဏ်သိက္ခာကို စော်ကားနေတာ"
"ဆယ်မိုင်ရွာက တစ်ယောက်ယောက်ကို မေးလိုက်တာနဲ့ ငါစော်ကားနေတာ ဟုတ်လားဆိုတာကို ငါတို့သိလိမ့်မယ်!" ကျိုးယန်က ပြောလေသည်။
ကျန်းချွမ်းကျောင်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်နေလေသည်။ သူမသည် ကျိုးယန် ကို လက်ညှိုးထိုးပြီး ဒေါသတကြီးဖြင့် "ကျိုးယန် နင် တော်တော်ရက်စက်တဲ့ မိန်းမပဲ။ ငါနင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး!"ဟု ပြောလေသည်။
ဤတစ်ကြိမ်သည် ကျိုးယန်၏ အလှည့်ဖြစ်လေသည်။ "ကျန်းချွမ်းကျောင်း ငါကလည်း နင်တောင်းပန်လာရင်တောင် လက်မခံဘူး။"ဟု အော်ပြောလိုက်လေသည်။
ထိုအချိန်တွင် ရှောင်မိသားစု၏ ခြံတံခါး ပွင့်လာလေသည်။
ကုန်းထျန်းဟောက်သည် သခင်ကြီးကုန်းကို ကူတွဲခဲ့ပြီး ယန်မောင်နှမသည် သခင်ကြီးယန်ကို ကူတွဲကြလေသည်။
ခြံအပြင်ဘက်တွင် လုံးဝတိတ်ဆိတ် သွားလေသည်။ ကျန်းချွမ်းကျောင်း၏ မျက်နှာသည် ဒေါသကြောင့် နီမြန်းနေပြီး သူမ၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။
ကုန်းထျန်းဟောက်သည် ဘာမှမပြောဘဲ သခင်ကြီးကုန်းကို ကူတွဲနေလေသည်။ သို့သော် ကျန်းချွမ်းကျောင်း ဘေးမှ ဖြတ်သွားသောအခါ သူ၏ စူးရှသော မျက်လုံးများသည် သူမကို စိုက်ကြည့်လိုက်လေသည်။ ကျန်းချွမ်းကျောင်းသည် ထိတ်လန့်သွားပြီး သူမမျက်နှာ၏ ဖြူဖျော့သွားလေသည် ။ သူမသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားလိုက်ပကီး ခြေထောက်များသည် ကွေးပြီး ဒူးထောက်လုနီးပါး ဖြစ်သွားလေသည်။
ဒီလူ၏ ဩဇာသည် ပြင်းထန်လွန်းလှပေသည်။ သူတစ်ချက်ကြည့်ရုံမျှဖြင့် လူတစ်ယောက်ကို သတ်ပစ်နိုင်ရန် လုံလောက်လေသည်။
ကျန်းချွမ်းကျောင်းသည် သူ့ကိုကြည့်ကာ ပါးစပ်ဖွင့်လိုက်လေသည်။ “ပြဿနာ တစ်ခုခု ရှိလို့လား” ဟု စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။
ကုန်းထျန်းဟောက် က သူ့နှုတ်ခမ်းကို တွန့်လိုက်ပြီး လှောင်ပြောင်စွာ ကြည့်လိုက်သည် ။ “တချို့လူတွေရဲ့ စိတ်နှလုံးသားက မဲနေတာ။ သူတို့ရဲ့သွေးတွေက မဲသလားလို့ တွေးမိလို့ပါ"
ထို့နောက် သူသည် သခင်ကြီးကုန်းကို ကူညီပြီး ထွက်သွားလေသည်။
ယန်စစ်မင်သည် ကျန်းချွမ်းကျောင်းကိုာဖြတ်သွားကာ အနီးနားရှိ ရွာသားများကို ကြည့်လိုက်သောအခါ သူ၏ နဂိုလှပသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာကာ ရွာသားများ၏ မျက်လုံးများကို ဖမ်းစားသွားခဲ့သည်။
ဤလူက တကယ်လှပေသည်။
ယန်စစ်မင်သည် ကြောက်နေသည့် ကျန်းချွမ်းကျောင်း ကိုကြည့်ကာ ပြုံး၍ပြောလေသည်။ "ဒေါ်လေး၊ မင်းမျက်နှာက ရုပ်ဆိုးနေတာ ဘာမှမဖြစ်ပေမယ့် စိတ်ကပါ ဘာလို့ရုပ်ဆိုးနေတာလဲ။ ဒေါ်လေးရဲ့ရုပ်ဆိုးမှုကို လူတွေကြောက်သွားမသွားအောင် အပြင်ကိုမထွက်သင့်ဘူးနော်။
အလေးအနက် သတိပေးနေတာပါ။ ကျွန်တော့်လင်းယွီက အခု ကိုယ်ဝန်ရှိနေပြီဆိုတော့ ကြောက်စရာကောင်းတာတွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ လင်းယွီသာ မတော်တဆ ကြောက်သွားရင် လက်စားချေရလိမ့်မယ်နော်။"
ထိုစကားကိုပြောရင်း ယန်စစ်မင်သည် ကုန်းထျန်းဟောက်ကို ဒေါသတကြီး ကြည့်လိုက်လေသည်။
ကုန်းထျန်းဟောက်သည် သူ့ကို ဂရုမစိုက်နိုင်ပေ။
သို့သော်လည်း ကျန်းချွမ်းကျောင်းသည် ယန်စစ်မင်ကို အမှန်တကယ် ကြောက်နေခဲ့သည်။
ယန်စစ်မင်၏ မိသားစုသည် ကားများစွာ မောင်းလာခဲ့သဖြင့် ချမ်းသာမည်မှာ ပြောစရာမလိုပေ။ ကျေးလက်နေလူများသည် လူချမ်းသာများနှင့် အရာရှိများကို ကြောက်တတ်ကြလေသည်။
ကျန်းချွမ်းကျောင်းသည် ကြောက်ရွံစွာ ခေါင်းညိတ်ပြီး ပြောလေသည်။ "ဒေါ်လေး.... နားလည်ပါတယ်"
***