← Chapters

ပြတ်သားစွာငြင်းဆန်ခြင်း

Vol. 15 Ch. 260

ပြတ်သားစွာငြင်းဆန်ခြင်း

Vol. 15 Ch. 260

သို့ပါသော်လည်း မကြာခင်အချိန်အတွင်းမှာပဲ ရဲများရောက်ရှိလာခြင်းကြောင့် ရွာသားများ၏စိတ်မှာ အချိန်ကြာကြာ လွန်ဆွဲခွင့်မရလိုက်ပေ။

ရှင်းအန်းမြို့နှင့် ထောင်ယွမ်ရွာကြားရှိလမ်းမှာ သေချာခင်းထားတာကြောင့် သွားရေးလာရေး အလွန်ကိုမှ အဆင်ပြေလေသည်။ ရဲများရောက်ရှိလာဖို့ မိနစ်နှစ်ဆယ်ခန့်သာ ကြာသွားခဲ့သည်။ ထောင်ယွမ်ရွာသို့ ရဲများရောက်လာပြီးနောက် တိုက်ရိုက်ပင် ရှောင်လင်းယွီ၏အိမ်သို့ သွားခဲ့ကြလေသည်။

အိမ်ထဲရှိလူအုပ်ကြီးကိုမြင်ပြီးနောက် ရဲတစ်ယောက်က ခပ်တင်းတင်းပင် မေးလိုက်သည်။ "ရဲကို ဘယ်သူခေါ်လတာလဲ။"

"ကျွန်မပါ။" ရှောင်လင်းယွီက ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။ "အရာရှိကြီး၊ ရဲခေါ်လိုက်တာ ကျွန်မပါ။ ဒီအမျိုးသမီးက ညလယ်ခေါင်ကြီး ကျွန်မလယ်ကို မီးရှို့ခဲ့ပါတယ်။" ရှောင်လင်းယွီက အခုချိန်အထိ မြေပေါ်တွင် လဲကျနေတုန်းဖြစ်သည့် ကျန်းရှောင်လန်ကို လက်ညှိုးထိုးလိုက်သည်။

ရဲအရာရှိသည် ရှောင်လင်းယွီကိုမြင်ပြီးသည်နှင့် ပြုံးသွားလေသည်။ "အိုး... မင်းပါပဲလား။" အခုရဲရာရှိမှာ ချန်းမိသားစု ပြဿနာလာရှာတုန်းက ရောက်လာခဲ့သည့် ရဲအရာရှိနှင့်တစ်ယောက်တည်းပင်ဖြစ်လေသည်။

ရှောင်လင်းယွီလည်း အနည်းငယ်ရှက်မိသွားရသည်။ "အရာရှိလီ၊ ရှင့်ကိုပဲ ဒုက္ခပေးမိပြန်ပြီ၊ ကျွန်မစိတ်မကောင်းပါဘူး။"

လီရှင်းက၊ "ဒုက္ခမဟုတ်ပါဘူး။ ဒါ ကျွန်တော်တို့တာဝန်ပါ။ ဒါပေမယ့်..." သူက ရှောင်လင်းယွီကိုစိုက်ကြည့်လိုက်ကာ မသင်္ကာဟန်ဖြင့်မေးလိုက်သည်။ "ဒီအမျိုးသမီးက ဘာလို့ မြေပေါ်မှာလဲနေတာလဲ။"

ရှောင်လင်းယွီလည်း အမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။ "သူ့ခင်ပွန်းဆီက အရိုက်ခံထားရလို့ပါ။"

"ခင်ပွန်းဖြစ်သူက ရိုက်ထားတာလား?" လီရှင်းလည်း ဘေးကိုကြည့်လိုက်ရာ လူအုပ်ကြီးနှင့်သီးခြားကွဲထွက်နေသည့် ရှောင်ချန်းချိုက်ကို တွေ့ရှိသွားတာကြောင့် ထိုလူက ရိုက်နှက်ခဲ့သည့်ခင်ပွန်းဖြစ်လောက်မည်ဟု ခန့်မှန်းမိသွားသည်။

"ဒီတစ်ယောက်က ကျွန်မတို့မိသားစုရဲ့မြေကို မီးရှို့ပြီး ကျွန်မတို့ကို ယွမ်၁သိန်းမက ဆုံးရှုံးအောင်လုပ်ခဲ့တာ။ ဦးလေးချန်းချိုက်က ဒီသတင်းကိုကြားပြီး အရမ်းဒေါသထွက်သွားတယ်လေ။ ဒါကြောင့် ဒေါသနဲ့ သူ့ဇနီးကို ရိုက်နှက်ခဲ့တာ။ ကျွန်မတို့မှာ သူ့ကိုတားဖို့တောင် အချိန်မရလိုက်ဘူး။"

"အရင်ဆုံး သူ့ကို ကူထူပေးကြရအောင်။" လီရှင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "နွေရာသီဆိုပေမယ့် ညဘက်ဆို အေးနေတုန်းပဲ။ သူ့ကို အအေးမိသွားစေလို့ မဖြစ်ဘူးလေ။" သူပြောလိုက်သည်နှင့် ရွာသူအမျိုးသမီးတချို့က ကျန်းရှောင်လန်ကို ကူညီထူမပေးကြသည်။

သို့သော်လည်း ရွာသူများ သူမကိုထိလိုက်သည်နှင့် ရှောင်ကျန်းလန်သည် နာကျင်စွာအော်ဟစ်ကာ သူမခင်ပွန်းအော်ဟစ်ကျိန်ဆဲတော့သည်။

လီရှင်းသည်လည်း ကျန်းရှောင်လန်၏နီရဲယောင်ကိုင်းနေသည့် မျက်နှာကိုတွေ့သွားကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် သူက ရှောင်လင်းယွီကိုသာ တိုက်ရိုက်မေးလိုက်လေသည်။ "ဘယ်လိုတွေဖြစ်ကြတာလဲ။"

လီရှင်းသည် မီးလောင်သွားသည့်မြေမှာ ရှောင်မိသားစု၏မြေဖြစ်ကြောင်း သိပြီးဖြစ်လေသည်။ ဒါပေမယ့် ဘယ်လိုမိသားစုပိုင်လယ်မြေက ဒီလောက်တောင် တန်ဖိုးကြီးနေရတာလဲ။

ရှောင်လင်းယွီက ရှင်းပြပေးခဲ့သည်။ "အရာရှိလီ၊ ကျွန်မတို့မိသားစုက မြေမူနည်းနည်းလောက် စတော်ဘယ်ရီသီးတွေ စိုက်ထားပါတယ်။ အခုက စတော်ဘယ်ရီရိတ်သိမ်းတဲ့ရာသီလေ။ ဒီလိုမျိုးတွေဖြစ်မှာစိုးလို့ ကျွန်မအစောကတည်းက လုံခြုံရေးကင်မရာတွေကို စတော်ဘယ်ရီခင်းတစ်ဝိုက်မှာ တပ်ထားခဲ့တာ။

ဒီည ပုံမှန်လိုပဲ ကျွန်မလည်း လုံခြုံရေးကင်မရာက ဗီဒီယိုတွေကို စစ်ကြည့်ခဲ့တယ်။ အဲ့ဒီမှာ ကျွန်မတို့စတော်ဘယ်ရီခင်းကို ပစ္စည်းတစ်ခုခုကိုက်ထားတဲ့လူတစ်ယောက် တိုးတိုးတိတ်တိတ်ချဉ်းကပ်နေတာကို မြင်လိုက်ရတယ်။ သိပ်မကြာပါဘူး လယ်ထဲမှာ မီးအကြီးအကျယ်လောင်တော့တာပဲ။ ကံကောင်းလို့ ရွာသားတွေက ကူညီကြလို့သာ မီးက ဒီလောက်မြန်မြန် ငြိမ်းသွားခဲ့တာ။ မဟုတ်ရင် ဆုံးရှုံးမှုက ဒီလောက်နဲ့ ပြီးသွားမှာမဟုတ်ဘူး။ တရားခံကတော့..."

ရှောင်လင်းယွီသည် ကျန်းရှောင်လန်ကို တစ်ချက်စိုက်ကြည့်လိုက်ကာ၊ "သက်သေရဖို့အတွက် ကျွန်မလည်း ဗီဒီယိုကို ပြန်ရစ်ကြည့်ခဲ့တယ်။ တရားခံက ထွက်ပြေးဖို့လုပ်နေမှန်းတွေ့လိုက်ရလို့ ကျွန်မလည်း အပြေးသွားတာခဲ့တာ။ အဲ့ဒီလိုနဲ့ အခုလို လက်ပူးလက်ကြပ်မိလာတာပါပဲ။"

"အရာရှိကြီး အဲ့ဒါအမှန်မဟုတ်ပါဘူး။" ရှောင်ချန်းချိုက်က ချက်ချင်း ခုခံပြောဆိုလာသည်။ "ကျွန်တော့်မိသားစုရဲ့မြေက ရှောင်လင်းယွီရဲ့မြေနဲ့ ကပ်ရပ်ပါ။ ကျွန်တော်တို့မြေက နှစ်ဝက်လောက်ဘာမှ မစိုက်မပျိုးထားခဲ့တော့ တော်တော်လေး ခြောက်သွေ့နေပါတယ်။

ဒါပေမယ့် အခုတလော ကျွန်တော့်ဇနီးက ပြန်ပြီး မြေပြန်ပြင်ချင်နေတာ။ ဒါကြောင့် ဒီအတိုင်းမြက်နှုတ်မယ့်အစား မြက်ခြောက်တွေကို မီးရှို့ဖို့ဆုံးဖြတ်လိုက်တာပါ။ မီးက ရှောင်လင်းယွီရဲ့လယ်ကွင်းကို ကူးသွားတာ တကယ်ကို မတော်တဆပါ။ ကျွန်တော့်ဇနီးက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာမဟုတ်ရပါဘူး။" ရှောင်ချန်းချိုက်သည် ရှောင်လင်းယွီဘက်ကိုလည်း ပြန်လှည့်ကာ ထပ်မံတောင်းပန်ပြန်လေသည်။ "လင်းယွီ၊ မင်းရဲ့ဒေါ်လေးကျန်းက တမင်ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး။ ငါတို့မြေကွက်တွေက တစ်ခုနဲ့တစ်ခုကပ်နေတာလေ။ ဒါကြောင့် ကံမကောင်းအကြောင်းမလှဘဲ အခုလိုဖြစ်သွားရတာပါ။ ဒါကို ငါတို့အချင်းချင်းဖြေရှင်းလို့ရပါတယ်။ အရာရှိကြီးတွေကို ဒုက္ခပေးမနေပါနဲ့။"

ရှောင်လင်းယွီက ဘာမှပြောမလာသော်လည်း အရာရှိလီရှင်းကတော့ ဝင်ပြောလာလေသည်။

သူက ခပ်တင်းတင်းအမူအရာဖြင့် မေးလာခြင်းပင်၊ "သူက မြက်ခြောက်တွေကို မီးရှို့ရုံပဲပေါ့။ ဒါပေမယ့် အခုလို ညသန်းခေါင်ကြီးမှ ဘာလို့ မီးထရှို့ရတာလဲ။ သူက လူကြီးတစ်ယောက်လေ။ ဒီလိုမြက်ခြောက်တွေက မီးလောင်လွယ်တယ်ဆိုတာ သူ မသိဘူးလား။

ကျွန်တော်တို့လည်း ဒီကိုရောက်နေပြီဆိုမှတော့ ဘာမှ သီးသန့်ဖြေရှင်းနေစရာအကြောင်းမရှိတော့ဘူး။ မီးရှို့မှုဆိုတာ အရမ်းကိုကြီးလေးတဲ့ရာဇဝတ်မှုဖြစ်တယ်ဆိုတာပဲ ပြောလိုက်မယ်။ မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့အပေါ်မူတည်ပြီး ပြစ်ဒဏ်ဘယ်လောက်ပြင်းထန်မယ်ဆိုတာ ဆုံးဖြတ်သွားလိမ့်မယ်။

နိုင်ငံတော်ရဲ့ပြစ်မှုဆိုင်ရာဥပဒေအရ မီးရှို့မှုအတွက် ပြစ်ဒဏ်က၊ ပြင်းထန်တဲ့အကျိုးဆက်မရှိဘဲ မီးရှို့မှုကတဆင့် အများပြည်သူလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ ဘယ်သူ့ကိုမဆို ထောင်ဒဏ် ၃နှစ်ကနေ ၁၀နှစ်အထိ ချမှတ်မယ်လို့ သတ်မှတ်ထားတယ်။

တကယ်လို့ မီးရှို့မှုကနေပြီး ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု ဒါမှမဟုတ် အများပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်း ပျက်ဆီးဆုံးရှုံးမှု ပြင်းထန်မယ်ဆိုရင် ကျူးလွန်သူကို ထောင်ဒဏ် ၁၀နှစ်အထက်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်။

တကယ်လို့ မီးရှို့မှုက ပေါ့ဆမှုကြောင့်ဖြစ်ကြောင်း သေချာရင် ကျူးလွန်သူကို ၃နှစ်ထက်မနည်း၊ ၇နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်လိမ့်မယ်။

ပျက်ဆီးမှုက အသေးအမွှားပဲဆိုရင် ကျူးလွန်သူကို ၃နှစ်ထက်မကျော်တဲ့ထောင်ဒဏ်ချမှတ်လိမ့်မယ်။"

ရွာသားများမှာ အံ့ဩကုန်ကြလေသည်။ "အဲ့လောက်တောင် ပြင်းထန်တာလား။"

အရာရှိလီသည် ရှောင်ချန်းချိုက်ကိုကြည့်လိုက်ပြီးနောက် ကြောက်လန့်လွန်း၍ အားပင်မရှိတော့ဘဲ တစ်ကိုယ်လုံးတုန်ရီနေသည့် ကျန်းရှောင်လန်ကိုပါ တစ်ချက်ကြည့်လိုက်လေသည်။ "ကြည့်ရတာတော့ ရည်ရွယ်ချက်ရှိရှိကျူးလွန်တာပဲ။ ဒါ့အပြင် ခင်ဗျားက တခြားလူရဲ့ပိုင်ဆိုင်မှုကို အများအပြားထိခိုက်ဆုံးရှုံးခဲ့စေသေးတယ်။ ဒီတော့ ခင်ဗျားကို ၃နှစ်ထက်မနည်းတဲ့ထောင်ဒဏ်သတ်မှတ်ခံရလိမ့်မယ်။"

ကျန်းရှောင်လန်မှာ အခုလေးမှ မြေပေါ်မှ မနည်းထလာရသူဖြစ်သော်လည်း အခုပြောလိုက်သည့်စကားကြောင့် ပြန်လဲကျသွားတော့သည်။ ထို့နောက် သူမပါးစပ်ကနေပြီး ဗလုံးဗထွေးရေရွတ်သံများ ထွက်လာခဲ့သည်။ "ငါ ထောင်ထဲမသွားချင်ဘူး။ ငါထောင်ထဲမသွားချင်ဘူး။ ငါ.. ငါ တမင်လုပ်တာမဟုတ်ပါဘူး။ တမင်လုပ်တာမဟုတ်ပါဘူး။"

ရှောင်ချန်းချိုက်မှာ သူမကိုကြည့်ရင်း အလွန်ဒေါသထွက်လာရတာကြောင့် မျက်နှာတစ်ခုလုံးပင် စိမ်းပုပ်လာခဲ့သည်။ လက်သီးကိုလည်း တင်းတင်းဆုပ်ထားခဲ့လေသည်။

သူက ရှောင်လင်းယွီကိုကြည့်ပြီး အံကြိတ်လျက်ပြောလိုက်သည်။ "ရှောင်လင်းယွီ၊ မင်းအိမ်နီးနားချင်းတွေနဲ့ ရွာရဲ့ဂုဏ်သိက္ခာကိုတောင်မထောက်ဘဲ တကယ်ပဲ စာနာစိတ်မရှိတော့ဘူးလား။"

ထိုစကားကိုကြားပြီး ရှောင်လင်းယွီ၏မျက်နှာက မည်းမှောင်သွားလေသည်။ ထို့နောက် သူမက ခပ်ရွဲ့ရွဲ့ရယ်လိုက်ကာ၊ "ဦးလေးချန်းချိုက်က ကျွန်မကို စာနာစိတ်မရှိဘူးလို့ ပြောလိုက်တာလား။ ဒါဆို အစကတည်းက ဘာလို့များ ဒေါ်လေးကျန်း ကျွန်မလယ်ကို မီးရှို့တာကို မတားခဲ့ရတာလဲ။

ဒေါ်လေးကျန်း ပြစ်မှုကျူးလွန်တုန်းက နောက်ဆက်တွဲရလဒ်တွေကို ဘာလို့မတွေးခဲ့တာလဲ။ သူကြောင့် ကျွန်မ ယွမ်သိန်းချီပြီးဆုံးရှုံးသွားတာ။ ဘယ်သူကမှ စာနာစိတ်မရှိတဲ့သူလဲ။

သူက ကျွန်မပိုင်ဆိုင်တာတွေကို မီးရှို့ပြချခဲ့တာလေ။ ဒီတော့ ဘာလို့ ကျွန်မက ရဲမခေါ်ဘဲနေရမှာလဲ။ ကျွန်မက ဒီအတိုင်း ခွင့်လွှတ်ပေးလိုက်ရမှာလား။

ဦးလေးတို့သာ ကျွန်မနေရာမှာဆိုရင်၊ တစ်ယောက်ယောက်က ဦးလေးတို့ပစ္စည်းတွေကိုမီးရှို့လိုက်ပြီး ကြီးကြီးမားမား ဆုံးရှုံးအောင်လုပ်ခဲ့ရင် ဦးလေးတို့လည်း အဲ့ဒီကျူးလွန်သူကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးကြမှာလား။

ပြီးတော့ ဒေါ်လေးကျန်းဘာသာ ရည်ရွယ်ချက်ရှိရှိလုပ်သည်ဖြစ်စေ မတော်တဆဖြစ်သွားလို့ဖြစ်စေ၊ သူ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာကတော့ အမှန်တရားပဲ။

ဒီနေရာမှာ ဘာစာနာစိတ်မှရော ဘာခွင့်လွှတ်မှုမှရော မရှိဘူး။ ရှင်တို့ ခွင့်လွှတ်မှုကိုတောင်းခံချင်နေလား၊ ရတယ်လေ။ ဒီကအရာရှိကြီးတွေကသာ တောင်းပန်လိုက်။ တရားခံကို သူတို့ခွင့်လွှတ်ပေးလိုက်မလားဆိုတာ ကြည့်ကြသေးတာပေါ့။"

အရာရှိလီက၊ "ကျွန်တော်တို့က ရဲအရာရှိတွေပါ။ ဘယ်ရာဇဝတ်သားကိုမှ အလွတ်ပေးမှာမဟုတ်ဘူး။ ဘယ်လိုပြစ်မှုမျိုးကိုမှ လက်သင့်မခံနိုင်ဘူး။"

"ဦးလေးချန်းချိုက် ကြားပြီမလား။ မီးရှို့တယ်ဆိုတာ ရာဇဝတ်မှုကျူးလွန်တာပဲ။ ကျူးလွန်သူကို ကျွန်မ ခွင့်လွှတ်ပေးမပေးဆိုတာ မေးနေစရာကိုမလိုဘူး။

ဒီကျူးလွန်သူကို ကျွန်မ ခွင့်လွှတ်ပေးလိုက်ပြီပဲထားပါတော့။ ဘာတွေများ ပြောင်းလဲသွားမှာမို့လို့လဲ။ ရဲတွေက ဒီတရားခံကို ဖမ်းသွားကြဦးမှာပဲ။ ပြီးတော့ ကျွန်မကရော ကိုယ့်အမှားကိုယ်ဝတ်မခံဘဲ မတောင်းပန်တဲ့အပြင် ကျွန်မကပဲ သူ့ကိုချောက်ချနေပါတယ်ဆိုပြီး တွင်တွင်ပြောနေတဲ့လူကို ဘာကြောင့် ခွင့်လွှတ်ပေးရမှာလဲ။"

ရှောင်လင်းယွီ၏အသံက ပိုပိုပြီးတင်းမာလာခဲ့သည်။ "ပြီးတော့ ရွာရဲ့ဂုဏ်သိက္ခာဆိုတာ ပြောရဦးမယ်...။ ကျွန်မတို့ရွာက လူတစ်ယောက်က ရာဇဝတ်မှုကျူးလွန်ထားတာကို ကျွန်မတို့က သူ့ကို ဥပဒေအတိုင်းစီရင်ခွင့်မပေးဖို့ ဆုံးဖြတ်လိုက်မယ်ပေါ့။ ဒါဆို တစ်ရွာလုံးက ရာဇဝတ်သားကို ဖုံးကွယ်ပေးထားတာမျိုး လိုချင်တာလား။

ဒီလိုဆို ဘယ်သူ့အိမ်ဖြစ်ဖြစ် ကျွန်မတို့ ကြည့်မရတာနဲ့ သွားပြီး မီးရှို့ရကြမယ်ပေါ့။ ပြီးရင် အချင်းချင်းဖုံးကွယ်ပေးထားလိုက်ကြမယ်ပေါ့။

တစ်ကမ္ဘာလုံးကို မီးလောင်တိုက်သွင်းပစ်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က တစ်ရွာတည်းသားတွေဆိုတော့ ရာဇဝတ်သားတွေကို ခွင့်လွှတ်ပေးကြရမယ်လေ မဟုတ်ဘူးလား။"

ရွာရဲ့ဂုဏ်သတင်းဆိုတာကို ခုတုံးလုပ်တတ်တာ ရှောင်ချန်းချိုက်တစ်ယောက်တည်း ရှိတာမို့လို့လား။ ဟမ့် ရယ်ရတယ်။

"ဒီလိုဆိုမှတော့ ထောင်ယွမ်ရွာလို့မခေါ်နေနဲ့တော့။ ရာဇဝတ်ကောင်ရွာလို့ပဲခေါ်ကြတာပေါ့။ ကျွန်မတို့ တော်တော်နာမည်ကြီးသွားမှာနော်။"

ရှောင်လင်းယွီ၏စကားလုံးများသည် ရှိနေသည့်လူများကို ဉာဏ်အလင်းပွင့်သွားစေခဲ့သည်။ သူမပြောသွားသမျှက မှန်လေသည်။

ကျန်းရှောင်လန်သည် မီးစရှို့ခဲ့သူဖြစ်ကာ ရှောင်လင်းယွီကို ယွမ်သိန်းချီပြီး ဆုံးရှုံးသွားစေခဲ့သည်။ ဒီလိုသတင်းက မပျံ့သွားဖို့ဆိုတာ မဖြစ်နိုင်ပေ။ သူတို့ရွာက ရာဇဝတ်သားကို ခွင့်လွှတ်ပြီး ရွာထဲမှာဆက်လက်နေထိုင်ခွင့်ပေးထားမှန်း တခြားရွာတွေကသာ သိသွားလျှင် ထောင်ယွမ်ရွာ၏ဂုဏ်သိက္ခာသည်လည်း လုံးဝကျဆင်းသွားပေလိမ့်မည်။

ဒါကြောင့် ရွာရဲ့ဂုဏ်သတင်းမကျဆင်းရေးအတွက် ကျန်းရှောင်လန်ကို ဥပဒေအတိုင်းရင်ဆိုင်ခိုင်းမှ ဖြစ်ပေတော့မည်။

ရွာသားများမှာ ထိုသို့တွေးမိသွားသည်နှင့် ချက်ချင်းပင် ရှောင်ချန်းချိုက်ကို ပြစ်တင်ပြောဆိုတော့သည်။ "ရှောင်ချန်းချိုက်၊ မင်းက အဓိပ္ပါယ်မရှိတာတွေ တော်တော်ပြောတာပဲ။ မင်းတို့က လင်းယွီရဲ့စတော်ဘယ်ရီခင်းကို မီးရှို့ခဲ့လို့ သူတို့မိသားစုမှာ ယွမ်သိန်းချီပြီး ဆုံးရှုံးသွားတာလေ။ အခုမှ မင်းက မ်းဇနီးကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်နေတယ်ပေါ့။ ရူးသွားတာလား။"

"ရှောင်ချန်းချိုက်၊ ဒီပြစ်မှုက ခွင့်လွှတ်နိုင်စရာကောင်းတဲ့ပြစ်မှုလို့ မင်းပြောချင်တာလား။ ဒီလိုဆိုမှတော့ မနက်ဖြန် ငါတို့ မင်းအိမ်ကို ပြာကျသွားအောင် မီးပြန်ရှို့ဖို့ လူလွှတ်လိုက်မယ်။ အဲ့ကျမှ မင်း သူတို့ကို ခွင့်လွှတ်ပေးမလား ကြည့်ရသေးတာပေါ့။"

All Chapters