← Chapters

မိန်းမပျိုလေး

Vol. 11 Ch. 154

မိန်းမပျိုလေး

Vol. 11 Ch. 154

အခန်း (၁၅၄) မိန်းမပျိုလေး

နဝမတောင်ထွတ်သို့ တစ်စုံတစ်ယောက် ဝင်ရောက်လာကြောင်း သိရှိလိုက်သည်နှင့် ကျန်းလန် ချက်ချင်းပင် သတိအနေအထား ပြင်ဆင်လိုက်သည်။

တစ်ဖက်လူက သူပြုလုပ်ထားသည့် မက်မွန်ဝင်္ကပါထောင်ခြောက်ထဲတွင် ပိတ်မိနေသည်ဖြစ်ရာ ကျန်းလန် မက်မွန်တောထဲသို့ လမ်းလျှောက်လာခဲ့သည်။

နဝမတောင်ထွတ်တွင် တစ်စုံတစ်ရာ အန္တရယ်ကျရောက်မည်ဆိုလျှင်  ဆရာဖြစ်သူကသိရှိမည်ပဲ ဖြစ်သည်။ ထို့ကြောင့် ကျန်းလန် သိပ်တော့မစိုးရိမ်မပေ။

ထို့ပြင် အချိန်ကလည်း နေ့ခင်းကြောင်တောင်ကြီး ဖြစ်လေသည်။ ရန်သူဆိုလျှင် နေ့ခင်းအချိန်တွင် ရောက်လာပါမည်လား။

သို့သော် ဆရာဖြစ်သူကလည်း ဧည့်သည်လာမည်ဟု သူ့ကို အကြောင်းကြားထားခြင်း မရှိလေရာ ရောက်လာသူက ရန်သူမဟုတ်ဟူ၍လည်း တစ်ထစ်ချ မပြောနိုင်ပေ။

နောက်တစ်ချက်မှာ ယနေ့ ဆရာဖြစ်သူလည်း တောင်ပေါ်တွင် မရှိပေ။

မကြာမီ မက်မွန်တောရှိရာသို့ ကျန်းလန် ရောက်ရှိလာသည်။

မက်မွန်တောထဲတွင် ပိတ်မိနေသည့် မိန်းမပျိုလေးတစ်ယောက်ကို ကျန်းလန် တွေ့လိုက်ရလေသည်။

သူမက အဖြူရောင်နှင့်အပြာရောင် ပေါင်းစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြူစင်ကြည်လင်စွာ လှပသူလေး ဖြစ်သည်။

ကျန်းလန် သူမပုံစံကို ရင်းနှီးနေသလို ခံစားရသည့်တိုင် တစ်ချိန်တည်းတွင် သိပ်လည်း မရင်းနှီးသလို ဖြစ်နေခဲ့သည်။

သူမ၏ မျက်နှာလေးက ရှောင်ယွိနှင့် ဆင်တူလေသည်။

သို့သော် မတူညီသည့်အချက်မှာ ရှောင်ယွိက ကလေးမလေးတစ်ယောက်ဖြစ်ပြီး ယခု မိန်းကလေးကတော့ မိန်းမပျိုလေးတစ်ယောက် ဖြစ်နေခြင်းပင်။

ထို့ပြင် မိန်းမပျိုလေးက ရှောင်ယွိထက်လည်း အရပ်အမောင်း မြင့်မားသည်။

ကျန်းလန် မိန်းမပျိုလေးကို တွေ့လိုက်သည်နှင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။

မိန်းမပျိုလေးမှာ မက်မွန်ဝင်္ကပါထဲတွင် ပိတ်မိနေသောကြောင့် မျက်နှာက ပုပ်သိုးလျှက်ရှိပြီး နှုတ်ခမ်းများကိုလည်း စူထားလေသည်။

သူမပုံစံက ကလေးငယ်လေးတစ်ယောက်နှင့်ပင် တူလွန်းလှသည်။

ကျန်းလန် မက်မွန်တောထဲသို့ ဝင်လာပြီး ရှောင်ယွိအနားသို့ ရောက်လာသည်။

"ဂိုဏ်းတူအစ်မ…"

မိန်းမပျိုလေးက ရှောင်ယွိ ဟုတ် မဟုတ် မသေချာသည့်တိုင် သူက နှုတ်ဆက်လိုက်သည်။

ရှောင်ယွိက ကလေးမလေးတစ်ယောက်ဖြစ်ပြီး ဤမိန်းမပျိုလေးကတော့ သွယ်လျသည့်ခန္ဓာကိုယ်နှင့် တင့်တယ်သည့် အလှတရားကို ပိုင်ဆိုင်ထားသည်။

ရှောင်ယွိ အသက်ကြီးလာခြင်းများလား…။

မည်သို့ပင်ဖြစ်စေ လုန်ယွိက နှစ်ပေါင်း (၂၀၀)ကျော် ကျင့်ကြံခဲ့သူဖြစ်ပြီး မူလဝိညာဉ်အဆင့် အောင်မြင်ပြီးသူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်းက လျှင်မြန်လွန်းလေရာ နှစ်ပေါင်း (၂၅၀) အတွင်းမှာပင် မရှိမှုအာကာသအဆင့်သို့ အဆင့်တက်သွားနိုင်သည်။

သူမက နတ်လူသားမျိုးနွယ်မှ မြောက်ရှိုးထက်ပင် အနည်းငယ် ပိုမိုလျှင်မြန်သည်ဟု ဆိုနိုင်သည်။ ခွန်လွန်တောင်မှ ပါရမီရှင်တပည့်များထက်ပင် သူမက နှစ်ပေါင်း (၅၀)ခန့် ပိုမိုလျှင်မြန်နေခဲ့လေသည်။

ဤနှုန်းအတိုင်းသာ ကျင့်ကြံခြင်းအဆင့်တက်သွားမည်ဆိုလျှင် အင်တော်တယ်ဖြစ်လာရန်လည်း သိပ်ကြာမည် မဟုတ်ပေ။

ရှောင်ယွိက ကျန်းလန်ကို တွေ့သည်နှင့် အံ့အားသင့်သွားဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဂိုဏ်းတူမောင်လေးက နဝမတောင်ထွတ်မှာ အစီအရင်တွေ ဘယ်နှစ်ခုတောင် လုပ်ထားတာလဲ…"

ကျန်းလန်က …

"သိပ်မများပါဘူး…"

တကယ်လည်း သူ အစီအရင်များကို အများကြီး ပြုလုပ်မထားခဲ့ပေ။

ထို့ပြင် သူ ပြုလုပ်ထားသည့် အစီအရင်အများစုက လျှို့ဝှက်ဖုံးကွယ်ထားသည့် အစီအရင်များဖြစ်ပြီး မျက်ဝါးထင်ထင် မြင်နိုင်သည့်အစီအရင်က အနည်းငယ်သာ ရှိသည်။

ကျန်းလန်က ရှောင်ယွိကို သေသေချာချာ အကဲခတ်လိုက်ရင်း ထူးဆန်းနေသည့်ဟန်ဖြင့်…

"ဂိုဏ်းတူအစ်မ… အသက်ကြီးသွားတာလား…"

"…………………"

ပြီးမှ ရှောင်ယွိက ခေါင်းခါရမ်းလိုက်ရင်း…

"မဟုတ်ပါဘူး…"

သူမက ဆက်ရှင်းပြသည်။

"ဒါက ပုံမှန်ပဲလေ… ကျွန်မ တဖြည်းဖြည်း ကြီးပြင်းလာတဲ့ ပုံစံမျိုးကို အသွင်ယူထားတာ… ၊ ရှင် နည်းနည်း အနီးကပ်ကြည့်မယ်ဆိုရင် တကယ့်လုန်ယွိပုံစံနဲ့ ရုပ်ချင်းဆင်တူတာကို တွေ့ရမှာပါ…"

ကျန်းလန်က ရှောင်ယွိကို ကြည့်နေရင်း…

"ဒါပေမဲ့ ဂိုဏ်းတူအစ်မက အခုမှ ဆယ်ကျော်သက်ပုံစံလေး ရှိနေသေးတာ… ၊ ဂိုဏ်းတူအစ်မလုန်ယွိရဲ့ ပုံစံနဲ့ အသက်ကွာတယ်လေ… ၊ ဒါက ကွာခြားတယ်လို့ ပြောရမှာပေါ့…"

ရှောင်ယွိနှင့် လုန်ယွိက ပုံစံအနည်းငယ်ကွာခြားပြီး အရပ်အမောင်း မတူညီသည့်တိုင် အတော်လေးဆင်တူသည်ဟုတော့ ဆိုနိုင်သည်။

ရှောင်ယွိက…

"တကယ်တော့ ကျွန်မက ကလေးမလေးပုံစံနဲ့ နေလေ့ရှိတာ… ၊ ဒါပေမဲ့ အခု စေ့စပ်ပြီးသွားပြီဆိုတော့ ကလေးမလေးပုံစံနဲ့ နေလို့မရတော့ဘူးလေ… ၊ ဒီပုံလေးက မကောင်းဘူးလား… (၁၆)နှစ် (၁၇)နှစ်လောက် ပုံစံမျိုးလေးလေ… ၊ ဒါပေမဲ့ လူသားတွေရဲ့ အသက်နဲ့ ရေတွက်မယ်ဆိုရင် ကျွန်မအသက်က နှစ်ရာပဲကျော်နေပြီကို… ၊ မတူတာတွေက အများကြီး ရှိမှာပေါ့…"

ရှောင်ယွိက ရှင်းပြလိုက်သည်။

ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေရင်း "ဒါလည်း ဟုတ်တာပဲ" ဟု တွေးလိုက်မိ၏။

ကျန်းလန်က…

"ဘာလို့ ဂိုဏ်းတူအစ်မ မက်မွန်တောထဲ ရုတ်တရက် ရောက်လာရတာလဲ…"

သူက စကားပြောရင်း ရှောင်ယွိကို သူနေထိုင်ရာ ခြံဝန်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။

လုန်ယွိက ရှောင်ယွိကဲ့သို့ အသွင်ယူထားလျှင် လွတ်လပ်ပျော်ရွှင်နေသည့် မိန်းကလေးတစ်ယောက်၏ ဟန်ပန် အပြည့်ရှိလေသည်။

လုန်ယွိ၏ အေးဆေးတည်ငြိမ်သည့်ဟန်ပန်များ ရှောင်ယွိတွင် သိပ်မတွေ့ရပေ။ လုန်ယွိကတော့ အမြဲတမ်း အေးစက်ပြီး သီးခြားနေလေ့ရှိတတ်သည်။

သို့သော် လုန်ယွိ၏ ဟန်ပန်များကိုလည်း ကျန်းလန် မုန်းတီးခြင်း မရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ လုန်ယွိနှင့် ရှောင်ယွိကြားမှ မတူညီမှုများကိုတော့ ကျန်းလန် လက်ခံရန် ခက်ခဲနေသေးသည်။

ရှောင်ယွိက သူမလက်ထဲမှ သစ်သားဓားကို ကျန်းလန်ကို လှမ်းပေးလိုက်ရင်း…

"ဒီအတွက် ရောက်လာတာ…"

ပြီးမှ သူမက ဆက်ရှင်းပြသည်။

"ဒီဓားထဲကို ဂိုဏ်းတူမောင်လေးရဲ့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်ပေးပါလား… ၊ ဓားဝိညာဉ်က ခဏနဲ့ ပျောက်ကွယ်သွားမယ်ဆိုလည်း ရပါတယ်… ၊ ပြီးခဲ့တဲ့ (၁၀)နှစ်လုံးလုံး ကျွန်မက ဂိုဏ်းတူမောင်လေးကို မှတ်တမ်းတင်ပုတီးစေ့လေးတွေ ပို့ပေးထားတာလေ… ၊ ဒီတော့ ဂိုဏ်းတူမောင်လေးကလည်း ကျွန်မအတွက် (၁၀)နှစ်ဆာ နဂါးသုတ်သင်ဓားဝိညာဉ် ပြန်ပေးရမယ်… ဘယ်လိုလဲ…"

ကျန်းလန်က သစ်သားဓားကို တစ်ချက်ကြည့်လိုက်ပြီး လှမ်းယူလိုက်သည်။

"ဂိုဏ်းတူအစ်မ နဂါးသုတ်သင်ဓားသိုင်း လေ့ကျင့်တာ အဆင်ပြေရဲ့လား…"

ရှောင်ယွိက ကျန်းလန်နံဘေးတွင် လမ်းလျှောက်လာရင်း…

"ရှင်တို့လို လူသားတွေပဲ နဂါးသုတ်သင်ဓားသိုင်းကို သင်ယူနိုင်မယ် ထင်နေတာလား…"

"ကျုပ်ကို မထင်နဲ့လေ… ၊ ကျုပ်က တကယ်တမ်းသတ်မယ်ဆိုရင် လက်သီနဲ့ပဲသတ်မှာ… ဓားကို မသုံးဘူး…"

ကျန်းလန် စိတ်ထဲမှ တွေးလိုက်ခြင်း ဖြစ်သည်။

သို့သော် ရှောင်ယွိဆိုလိုသည့်အဓိပ္ပါယ်ကို ကျန်းလန် နားလည်လေသည်။

လူတစ်ယောက်က နဂါးတစ်ကောင်ကို သတ်ဖြတ်ရန် နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုနိုင်သည်။ ထို့အတူ နဂါးတစ်ကောင်ကလည်း အခြားနဂါးတစ်ကောင်ကို သတ်ဖြတ်ရန် အဘယ့်ကြောင့် နဂါးသုတ်သင်ဓားသိုင်းကို အသုံးမပြုနိုင်ရပါမည်နည်း။

နဂါးမျိုးနွယ်များက လူသားများထက် အဆပေါင်းများစွာ နည်းပါးလေသည်။ သို့သော် ထိုအချက်ကြောင်း နဂါးများက ပိုမိုစည်းလုံးသည်ဟု မဆိုနိုင်ပေ။

လူပေါင်းများစွာရှိသည့်နေရာတွင် ပဋိပက္ခများရှိနေမည်မှာ သဘာဝပင်ဖြစ်သည်။ နဂါးများသည်လည်း ထို့အတူပင် ဖြစ်၏။

ကျန်းလန်က…

"ကျွန်တော် လုပ်ပေးပါ့မယ်… ဒါပေမဲ့… အချိန်တော့ နည်းနည်း စောင့်ရလိမ့်မယ်…"

မကြာမီ…

ခြံဝန်းအတွင်းသို့ သူတို့ ရောက်ရှိလာသည်။

ခြံဝန်းထဲတွင် အရောင်စုံ လှပသည့်ပန်းများက နေရာတိုင်းတွင် ပွင့်လန်းလျှက် ရှိသည်။ ပေါင်းပင်အနည်းငယ်ရှိနေသော်လည်း ပန်းများ၏ အလှအပ မထိခိုက်စေပေ။

ရှောင်ယွိက ပတ်ဝန်းကျင်ကို တအံ့တသြဖြင့် ကြည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေးက ပန်းပင်တွေ စိုက်ထားတာလား…"

ကျန်းလန်ကို မရဏဂူထဲတွင်သာ တစ်ချိန်လုံး နေထိုင်ပြီး ကျင့်ကြံခြင်းတစ်ခုသာ အာရုံစိုက်သူဟု သူမ ထင်မှတ်ခဲ့မိသည်။

ယခုတော့ ကျန်းလန်က ဤခြံဝန်းထဲတွင် လှပသည့် ပန်းဥယျာဉ်လေးစိုက်ပျိုးထားသည်ကို တွေ့လိုက်ရပြီ ဖြစ်သည်။

ကျန်းလန်က နူးညံ့စွာဖြင့်…

"ကျွန်တော် စိတ်စွမ်းအားပြောင်းလဲမှု ဖြစ်စဉ်တစ်ခုနဲ့ ရင်ဆိုင်ရတုန်းက ဒီနေရာမှာ (၁၀)နှစ်လောင် နေခဲ့တယ်… ၊ အဲဒီအချိန်တုန်းက ပန်းပင်လေးတွေ စိုက်ထားခဲ့တာလေ…"

ကျန်းလန်က ခြံဝန်းထဲမှ စားပွဲငယ်တစ်ခုထက်သို့ သစ်သားဓားကို တင်လိုက်သည်။

နဂါးသုတ်သင်ဓားဝိညာဉ်ကို သစ်သားဓားအတွင်းသို့ သိပ်သည်းပေါင်းစပ်ပေးခြင်းမပြုမီ သူ၏ စွမ်းအားများ ငြိမ်သက်စေရန် အချိန်အနည်းငယ် လိုအပ်သည်။

သူက အိမ်ကိုပြုပြင်ရန် မရဏဂူအတွင်းမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ဘဲ ရှောင်ယွိရောက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။

ရှောင်ယွိကလည်း ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်နှင့်ပတ်သက်သည့် အခြေအနေများကို မေးမြန်းခဲ့ခြင်း မရှိပေ။

သူမက…

"ဂိုဏ်းတူမောင်လေးက အခု အပြင်သွားမလို့ မရဏဂူထဲက ထွက်လာတာလား… ၊ ကျွန်မရောက်လာလို့ အနှောက်အယှက် ဖြစ်သွားတာလားဟင်…"

ကျန်းလန်က အိမ်ကိုတစ်ချက်ကြည့်လိုက်ပြီး…

"အပြင်သွားမလို့ မဟုတ်ပါဘူး… ၊ ဒီအိမ်က အိုနေပြီဆိုတော့ ပြင်မလို့ ထွက်လာတာ…"

"အခု အိမ်ပြင်မလို့လား…"

"ဟုတ်ပဗျာ…"

ရှောင်ယွိက စဉ်းစားနေရင်းမှ…

"ကျွန်မလည်း ကူပြီး အိမ်ပြင်ပေးမယ်လေ…"

ခဏနားပြီးမှ ရှောင်ယွိက…

"ဒါပေမဲ့… ဘယ်လို အိမ်ပြင်ရမလဲဆိုတာ ကျွန်မ မသိဘူး…"

ကျန်းလန် ရှောင်ယွိကို အကဲခတ်ကြည့်လိုက်သည်။

သူမက အသစ်အဆန်းတစ်ခုကို လုပ်ရတော့မည်ဖြစ်သောကြေင့် တက်ကြွနေဟန်ရှိသည်။

ကျန်းလန် ခေါင်းညိတ်လိုက်ရင်း…

"ကူညီမယ်ဆိုရင်တော့.. ကျေးဇူးပါပဲ ဂိုဏ်းတူအစ်မ…"

ထို့နောက် အိမ်တစ်အိမ်ကို မည်သို့ ပြုပြင်ရမည်ကို ရှောင်ယွိနားလည်အောင် ရှင်းပြပေးလိုက်သည်။

အိမ်ပြင်ခြင်းက ခက်ခဲသည့် အလုပ်မဟုတ်ပေ။ သို့သော် မှန်ကန်စွာ မပြုလုပ်လျှင်တောင့် တစ်အိမ်လုံး ပျက်စီးသွားနိုင်လေသည်။

ထိုသို့ဆိုလျှင် တစ်အိမ်လုံးကို ပြန်လည်တည်ဆောက်ရမည် ဖြစ်လေ၏။

ခဏအကြာတွင်တော့ ရှောင်ယွိတစ်ယောက် ကြိုးစတစ်စဖြင့် သူမ၏ ဆံပင်ကို ခပ်မြင့်မြင့် စည်းနှောင်လိုက်ပြီး အိမ်ပြင်ရန် အဆင်သင့် ဖြစ်နေတော့သည်။

"ရပြီ… အိမ်တစ်အိမ်ကို ဘယ်လိုပြင်ရမလဲဆိုတာ ကျွန်မ နားလည်သွားပြီ…"

"………………"

ရှောင်ယွိက ကြိုးစားကြည့်ချင်နေမှတော့ ကျန်းလန်ကလည်း အချိန်ဆွဲမနေတော့ပေ။

မကြာမီ သူတို့ (၂)ယောက် အိမ်ပြင်သည့်အလုပ် စတင်လိုက်ကြသည်။

"ဂိုဏ်းတူမောင်လေး… ဒီမှာ အက်ကွဲကြောင်းတစ်ခု… မန္တန်သုံးပြီး ဖယ်လိုက်ရမလား…"

"မလုပ်နဲ့… မလုပ်နဲ့… အဲဒီလိုဆိုရင် အိမ်ပြိုကျသွားလိမ့်မယ်…"

"ဒါဖြင့် ဒီတစ်ခုရော…"

"အင်း… အင်း… အဲဒါက ရတယ်…"

"ဂိုဏ်တူမောင်လေး … ဒီနေရာကို ဘယ်လိုလုပ်ရ…"

"ဂိုဏ်းတူမောင်လေး… ဒီနေရာကရော…"

"ဂိုဏ်းတူမောင်လေး…"

ထိုသို့ဖြင့်…

အချိန်အတန်ကြာပြီးသည့်နောက် အိမ်ကိုပြင်ဆင်ခြင်းကိစ္စ အဆုံးသတ်သွားလေသည်။

ရှောင်ယွိဝင်ရှုတ်သဖြင့် အိမ်ပြင်သည့်အလုပ် ခပ်မြန်မြန်ပြီးရမည့်အစား အချိန်အတော်ကြာသွားခဲ့ရသည်။

ရှောင်ယွိက ပြုပြင်ထားသည့် အိမ်ကို တစ်ချက်ကြည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေး… ဘာလို့ ဝါးလုံးတွေနဲ့ ဘာလို့ အိမ်မဆောက်ရတာလဲ… ၊ ဝါးအိမ်လေးဆို လှမှာပဲ…"

ကျန်းလန်က အိမ်ပြုပြင်သည့်နေရာတွင် အသုံးပြုသည့် ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်းလိုက်ရင်း…

"ကျွန်တာ် တောင်ပေါ်ရောက်ကတည်းက အိမ်က ဒီပုံစံပဲလေ… ၊ ဒါကြောင့် ပုံစံမပြောင်းဖြစ်တော့ဘူး…"

ထို့နောက် ကျန်းလန်က ရှောင်ယွိ၏ သစ်သားဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးလိုက်သည်။

ရှောင်ယွိကတော့ ကျန်းလန် နဂါးသုတ်သင်ဓားဝိညာဉ် ထုတ်ဖော်နေသည်ကို မနှောက်ယှက်ဘဲ ခြံဝန်းထဲတွင်ထိုင်ရင်း ကျန်းလန်ကို ကြည့်နေလေသည်။

မကြာမီ နဂါးသုတ်သင်ဓားဝိညာဉ်က သစ်သားဓားထဲတွင် ထွက်ပေါ်လာသည်။

ဓားဝိညာဉ်ကို သစ်သားဓားထဲတွင် သိပ်သည်းစွာ ထည့်သွင်းနိုုင်ရန်မှာ သေချာသည့် လုပ်ငန်းစဉ်တစ်ခု လိုအပ်လေသည်။

ကျန်းလန်၏ စွမ်းအားဖြင့်ဆိုလျှင် ဓားဝိညာဉ်ကို သစ်သားဓားထဲတွင် အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူ နဝမတောင်ထွတ်တွင် ရှိနေသရွေ့ ဓားဝိညာဉ်ပျောက်ကွယ်သွားတိုင်း ရှောင်ယွိအတွက် ဓားဝိညာဉ်အသစ်တစ်ခု ထပ်မံပြုလုပ်ပေးနိုင်မည်ဖြစ်သည်။

ယခု ပြုလုပ်ပေးလိုက်သည့် ဓားဝိညာဉ်က အချိန် (၃)နှစ်ခန့်တော့ ကြာရှည်ခံနိုင်လေသည်။

ကောင်းကင်ထက်တွင် မှောင်ရိပ်သမ်းလာပြီဖြစ်သည်။

ကျန်းလန်က သစ်သားဓားကို ရှောင်ယွိထံသို့ လှမ်းပေးလိုက်ရင်း…

"ပြီးသွားပြီ… အချိန်နည်းနည်းလောက်တော့ ကြာရှည်ခံမယ်ထင်တယ်…"

ရှောင်ယွိက သစ်သားဓားကို ယူလိုက်ရင်း…

"အတော်မှောင်နေပြီပဲ… ကျွန်မ ပြန်တော့မယ်…"

"ဂိုဏ်းတူအစ်မ… ကျွန်တော့်နောက်လိုက်ခဲ့…"

ကျန်းလန်က ရှောင်ယွိကို မက်မွန်တောရှိရာသို့ ဦးဆောင်ခေါ်သွားသည်။

"ဒီ အစီအရင်ထောင်ချောက်ကို ချိုးဖျက်ဖို့က အရမ်းရိုးရှင်းတယ်…"

ကျန်းလန်က ရှောင်ယွိကို ခေါ်လာပြီး မက်မွန်တောမှ မက်မွန်ဝင်္ကပါထောင်ချောက်ကို ချိုးဖျက်သည့်နည်းလမ်းကို သင်ပေးလိုက်သည်။

သို့မှသာ နောက်တစ်ခေါက် သူမ နဝမတောင်ထွတ်သို့ ရောက်လျှင် မက်မွန်တောထဲတွင် ပိတ်မိနေတော့မည် မဟုတ်ပေ။

ထို့ပြင် ကျန်းလန် မရဏဂူထဲတွင် ရှိနေလျှင်လည်း ရှောင်ယွိ ခြံဝန်းထဲ ဝင်လာသည်ကို သိရှိမည်ပဲ ဖြစ်သည်။

ရှောင်ယွိက ကျန်းလန်နောက်သို့ လိုက်သွားပြီး အစီအရင်ချိုးဖျက်နည်းကို သေသေချာချာ သင်ယူလိုက်သည်။

သူမက အစီအရင်ပညာကို သိပ်ပြီးသိရှိသူ မဟုတ်ပေ။ ထို့ကြောင့် သူမအနေဖြင့် ကျန်းလန် သင်ပြပေးသည်ကို သေသေချာချာ နားထောင်ရန် လိုအပ်လေသည်။

All Chapters