စိတ်ဝိညာဉ်သတ္တုတွင်း လုယက်မှု
Vol. 144 Ch. 2151
ဖုန့်အန်က ထိတ်ထိတ်ပျာပျာ ဖြစ်နေ၏။
သဲဝါနန်းတော်၏ အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်အနေဖြင့် သူ့ကို ခေါင်းဆောင်တပ်မှူးတစ်ယောက်အဖြစ် သတ်မှတ်နိုင်၏။ သူသည် လက်အောက်ငယ်သားများကို ဦးဆောင်ပြီး ဤတက်လှမ်းရာ ယဇ်ပူဇော်စင်မြင့်ကို အမှားအယွင်းမရှိဘဲ စောင့်ကြပ်နေခဲ့သည်မှာ နှစ်ပေါင်းသောင်းချီကြာသွားခဲ့လေပြီ။
အောက်ဘုံကနေ တက်လှမ်းလာသော ကျင့်ကြံသူများသည် မည်သည့်မျိုးနွယ်ဖြစ်စေ.. သို့မဟုတ် မည်သည့်သက်ရှိများဖြစ်စေ.. သူတို့၏ ဖိနှိမ်ခြင်းခံရပြီး ကျွန်ပြုခံရပေလိမ့်မည်။
ခုခံငြင်းဆန်သော မည်သူမဆို အကြမ်းတမ်းဆုံး အပြစ်ဒဏ်ကို ခံစားရလိမ့်မည်ဖြစ်ပြီး နေရာမှာပင် သတ်ဖြတ်ခံရနိုင်လေသည်။
အထက်ဘုံက သုခဘုံတစ်ခု မဟုတ်ပေ။
အထူးသဖြင့် သတ်ဖြတ်ခြင်းနှင့် သွေးတို့ဖြင့် ပြည့်နှက်နေသော ဤမိစ္ဆာမဟာနယ်မြေမှာ ပို၍ပင် ဆိုးရွားလေသည်။
မိစ္ဆာမဟာနယ်မြေ၏ ကုန်းမြေတိုင်းကနေ မရေမတွက်နိုင်သော အလောင်းများကို တူးဖော်ထုတ်နိုင်၏။
တက်ရောက်လာသူတိုင်းက အောက်ဘုံလောကများမှာ ပြိုင်ဘက်ကင်းခဲ့ကြ၏။ သို့သော်လည်း သူတို့သည် ဤနေရာမှာ ပုရွက်ဆိတ်များကဲ့သို့ အားနည်းပြီး စိတ်ရှိသလို အနိုင်ကျင့်ခံရနိုင်၏။
သမိုင်းအစဉ်အဆက် မည်သည့်အပြောင်းအလဲမှ မရှိခဲ့ပေ။
သို့သော်လည်း ဤတစ်ခေါက်မှာတော့ မပြောင်းမလဲသော ထိုနိယာမက ကျိုးပျက်သွားပုံရ၏။
ယခုတင် တက်လှမ်းလာသူတစ်ယောက်က ဤကဲ့သို့ ကြောက်စရာကောင်းသည့် ကိုယ်ကာယကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားသလဲ ဖုန့်အန်က စဉ်းစားလို့ မရနိုင်ပေ။
တကယ်ဆို ခရမ်းရောင်ဝတ် ကျင့်ကြံသူသည် အခြား မည်သည့်နည်းလမ်းကိုမှ အသုံးမပြုခဲ့ပေ။ သူက သူ၏ ကိုယ်ကာယဖြင့် ရှေ့သို့သာ တက်လှမ်းလာခဲ့ပြီး မည်သူကမှ သူ့ကို မခုခံနိုင်ပေ။
နတ်ဘုရားစွမ်းအားများ၊ အင်မော်တယ်ပညာရပ်များ၊ ဓမ္မရတနာများနှင့် ဓားပျံများ အားလုံးသည် ထိုသူ၏ ခန္ဓာကိုယ်ကို မခုခံနိုင်ခဲ့ပေ။
ဖုန့်အန်သည် အသက်လု၍ ပြေးလာပြီး နောက်သို့ လှည့်မကြည့်ရဲပေ။
သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်း၏ အကန့်အသတ်အထိ မြှင့်တင်ထားပြီး သူ၏ လှုပ်ရှားမှု နည်းစနစ်ကို မြှင့်တင်နိုင်မည့် နည်းလမ်းများ အားလုံးကို ထုတ်ဖော်ထား၏။
သူက အလွန်တရာ မြန်ဆန်စွာ ပြေးလွှားနေသောကြောင့်လား သို့မဟုတ် ခရမ်းရောင်ဝတ် ကျင့်ကြံသူက စိုးရိမ်ပူပန်နေသောကြောင့်လား မပြောတတ်ပေ။ သူသည် အနီးဆုံး သဲဝါနန်းတော် အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းဆီသို့ ထွက်ပြေးလွတ်မြောက်လာစဉ် မည်သည့် အန္တရာယ်ကိုမှ မကြုံတွေ့ခဲ့ရပေ။
ရှေ့မှာ ရှိသော အမြုတေစိတ်ဝိညာဉ် သတ္တုတွင်း၏ အနီးအနားဝန်းကျင်မှာ ကင်းလှည့်နေသည့် သဲဝါနန်းတော်၏ ကမ္ဘာမြေအင်မော်တယ်များစွာကို တွေ့မြင်ရသောအခါ ဖုန့်အန်၏ ကြောက်ရွံ့မှုက အနည်းငယ် ပြေလျော့သွား၏။
သူက သူ၏ သတ္တိကို စုစည်းပြီး နောက်သို့ လှည့်ကြည့်လိုက်၏။
သူ၏ နောက်ဘက်မှာ မည်သူမှ မရှိတော့ပေ။
ခရမ်းရောင်ဝတ် ကျင့်ကြံသူက သူ့နောက်သို့ လိုက်မလာခဲ့ပေ။
သူက တစ်လမ်းလုံး သူ့ဘာသာသူ ကြောက်လန့်နေခဲ့ခြင်းဖြစ်၏။
“ဖုန့်အန်.. မင်းက ယဇ်ပူဇော်စင်မြင့်ကို မစောင့်ကြပ်ဘဲ ဒီကို ဘာလာလုပ်တာလဲ”
အဆင့်နိမ့် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က သူ့ကို မြင်သောအခါ မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“မင်း ဘာလို့ ပြေးလာတာလဲ.. မင်း ဘာလို့ အဲ့လောက်ထိ ထိတ်ထိတ်ပျာပျာဖြစ်နေတာလဲ”
“ဘာဖြစ်ခဲ့တာလဲ ပြောစမ်း.. မင်း ဘာလို့ အဲ့လောက်ထိ ကြောက်လန့်နေတာလဲ”
စိတ်ဝိညာဉ်သတ္တုတွင်း၏ ခေါင်းဆောင်တပ်မှူး ခုံးယီက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး ဖုန့်အန်၏ မျက်လုံးထဲရှိ အကြောက်တရားကို သတိထားမိသောအခါ သူက နက်ရှိုင်းသော အသံဖြင့် မေးလိုက်၏။
ထိုအခိုက်အတန့်မှာ ဖုန့်အန်သည် အသက်လု၍ ထွက်ပြေးလာခဲ့၏။ သူ၏ အမြုတေစိတ်ဝိညာဉ်ဖြစ်စေ.. အမြုတေချီဖြစ်စေ.. နှစ်ခုစလုံးက ကုန်ခမ်းနေပြီး ချွေးများဖြင့် စိုရွှဲနေ၏။ သူ၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သူက တုန်လှုပ်နေဆဲဖြစ်ပုံရလေသည်။
“နှုတ်ဆက်ပါတယ် စီနီယာအစ်ကိုခုံး..”
ဖုန့်အန်က တံတွေးကို အလျင်စလို မျိုချပြီး ပြန်ဖြေလိုက်၏။
“ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်က အခုပဲ ယဇ်ပူဇော်စင်မြင့်ထက်ကနေ တက်လှမ်းလာတယ်”
“သူက သူတက်လှမ်းလာတဲ့ အချိန်မှာပဲ ကျုပ်ရဲ့ လက်အောက်ငယ်သားတွေ အားလုံးကို သတ်ဖြတ်ပစ်လိုက်ပြီ”
ဖုန့်အန်က သူမြင်တွေ့ခဲ့ရသည့် အရာရာတိုင်းကို အသေးစိတ် ပြန်ပြောပြလိုက်၏။
ထိုစကားကို ကြားသောအခါ ကမ္ဘာမြေအင်မော်တယ်များစွာက မျက်မှောင်ကြုတ်လိုက်၏။
အဲဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုနှင့် ပိုတူလေသည်။
ယခုတင် တက်လှမ်းလာသော အောက်ဘုံလောကမှ ကျင့်ကြံသူတစ်ယောက်က သဲဝါနန်းတော်၏ အဆင့်မြင့် မဟူရာအင်မော်တယ်များကို ဘယ်လိုလုပ်ပြီး သတ်ဖြတ်နိုင်မှာလဲ။
လူတိုင်းက အကြည့်ချင်းဖလှယ်ပြီး လှောင်ရယ်လိုက်ကြ၏။
“ဖုန့်အန်.. မင်း ဘာလို့ ပေါက်တတ်ကရစကားတွေ လျှောက်ပြောနေတာလဲ”
“မင်းက အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောပြီး ငါတို့ သဲဝါနန်းတော်ရဲ့ အဆင့်မြင့်အင်မော်တယ်တွေကို လှည့်စားမယ်ဆိုရင် ဘာဖြစ်သွားမလဲ သိတယ်မလား”
ကမ္ဘာမြေအင်မော်တယ်တချို့က အေးစက်နေသော အမူအရာများနှင့်အတူ အော်ငေါက်လိုက်ကြ၏။
ဖုန့်အန်က အလောတကြီး လက်ကာပြလိုက်၏။
“စီနီယာအစ်ကိုတို့.. ကျုပ်ပြောခဲ့တဲ့အရာက တကယ့်ကို အမှန်ပဲ.. အဲဒါကို ကျုပ်မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာ”
“မင်းပြောနေတဲ့လူက ဘယ်ကျင့်ကြံမှုနယ်ပယ်မှာလဲ”
ခုံးယီက မှင်သေသေဖြင့် မေးလိုက်၏။
ဖုန့်အန်က ခဏမျှ တွေဝေတုံ့ဆိုင်းသွား၏။
“သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်ကို.. ကျုပ် မထောက်လှမ်းနိုင်ခဲ့ဘူး”
“ဟားဟားဟား”
လူအုပ်ကြားထဲမှ ရယ်မောသံများက ထွက်ပေါ်လာ၏။
ခုံးယီ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုသော အကြည့်တစ်ခု ပေါ်ထွက်လာပြီး ပြောလိုက်လေသည်။
“ဖုန့်အန်.. ဖြစ်နိုင်ခြေက အခုဆိုရင် နှစ်ခုပဲ ရှိတော့တယ်.. အဲဒါ မင်းက အဓိပ္ပာယ်မရှိ ပေါက်တတ်ကရစကားတွေ လျှောက်ပြောနေတယ်ဆိုတာရယ်… မင်းက ပုံရိပ်ယောင်နည်းစနစ်တစ်ခုနဲ့ လှည့်စားခံလိုက်ရပြီး မင်းတွေ့ခဲ့တဲ့ အရာရာတိုင်းက ပုံရိပ်ယောင်တစ်ခု ဆိုတာရယ်ပဲ”
“ကျုပ်..”
ဖုန့်အန်က စကားပြောချင်သော်လည်း ရပ်တန့်လိုက်၏။
သူသည် ရှင်းပြချင်သော်လည်း ဘယ်ကနေ စပြီး ရှင်းပြရမလဲ မသိပေ။
တကယ်ဆို သူ၏ ရင်ထဲမှာလည်း သံသယများ ရှိနေ၏။
သူသည် ပုံရိပ်ယောင်တစ်ခုမှာ တကယ်ပဲ ကျဆင်း၍ လှည့်စားခံခဲ့ရတာလား။
ထိုစဉ်မှာပင် ခုံးယီက ရုတ်တရက် မေးလိုက်၏။
“စောစောက မင်းပြောတဲ့ လူက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားတာလား”
“ဟုတ်ပါတယ်”
ဖုန့်အန်က အလိုလိုခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ခုံးယီသည် ထူးဆန်းသော အမူအရာတစ်ခုနှင့်အတူ အဝေးတစ်နေရာသို့ ငေးကြည့်နေသည်ကို သူက သတိထားမိသွား၏။
ဖုန့်အန်က လှည့်ကြည့်လိုက်၏။
ထိုအကြည့်တစ်ချက်က သူ့ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေ၏။
ခပ်လှမ်းလှမ်း လေထဲမှာ ခရမ်းရောင်ဝတ် အမျိုးသားတစ်ယောက်က လေဟာနယ်ကနေ ဖြတ်လျှောက်လာပြီး တစ်ခဏချင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့၏။
“စီနီယာအစ်ကိုခုံး.. အဲဒါ သူပဲ”
ဖုန့်အန်က အော်ပြောလိုက်၏။
အဲဒါသည် သိုင်းတာအိုပင်မခန္ဓာ ဖြစ်၏။
သူသည် အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် သူ၏ ပထမဆုံးပန်းတိုင်မှာ အမြုတေစိတ်ဝိညာဉ် ကျောက်တုံးနှင့် အမြုတေစုဖွဲ့ ဆေးလုံးများကဲ့သို့ ကျင့်ကြံရေး အရင်းအမြစ်များစွာကို စုဆောင်းဖို့ ဖြစ်လေသည်။ အဲဒါမှသာ သူသည် အဆင့်-၉ ကံကြမ္မာစက်ကွင်းနယ်ပယ်သို့ တတ်နိုင်သမျှမြန်မြန် ချိုးဖျက်တက်လှမ်းနိုင်မည် ဖြစ်၏။
အနီးအနားမှာ အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းတစ်ခု ရှိသည်ကို သူကြားသိရသောအခါ သူက အဲဒါကို လုယူဖို့ ပြင်လိုက်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ တစ်မူထူးခြားသော မျိုးဆက်သွေးနှင့် ယခင် ဘုရင်ယွင်ယို၏ အမဲလိုက်ခံရခြင်းကြောင့် သူ၏ သရုပ်သကန်က ဆတ်ဆတ်ထိမခံ ဖြစ်နေခဲ့၏။ အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် သူ့မှာ ငဲ့ကွက်ထိန်ချန်မှုများစွာနှင့် နောက်ဆံတင်းနေခဲ့ရ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် သူက ကြီးကြီးမားမား လှုပ်ရှားမှုများကို ပြုလုပ်ရဲခဲ့ခြင်း မရှိဘဲ သတ္တုတွင်း၏ အောက်ခြေမှာ တိတ်တဆိတ်သာ ကျင့်ကြံနေခဲ့၏။
ယခုအခြေအနေက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ကြုံတွေ့ခဲ့သော အခြေအနေနှင့် ကွဲပြားခြားနားလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ သရုပ်သကန်ကို မည်သူကမှ မသိရှိပေ။
သူ ဘယ်သူလည်း ဆိုတာကိုလည်း မည်သူကမှ မသိရှိပေ။
ငွေရောင်မျက်နှာဖုံးနှင့်လူ.. သိုင်းတာအိုပင်မခန္ဓာက လုံးဝကို အကြောက်အလန့် ကင်းမဲ့နေ၏။
သူသည် သဲဝါနန်းတော်၏ အဆင့်ကို မေးမြန်းခဲ့သည်မှာ သူက အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းကို လုယူပြီးနောက် ဖြစ်လာမည့် နောက်ပိုင်း အကျိုးဆက်များကို ချိန်ဆလိုသောကြောင့် ဖြစ်၏။
သဲဝါနန်းတော်၊ မဟူရာအဆင့် အဖွဲ့အစည်းတစ်ခု။
ပုံမှန်အားဖြင့်ဆိုလျှင် လူတစ်ယောက်သည် ကောင်းကင်အင်မော်တယ်နယ်မြေသို့ ကျင့်ကြံပြီးမှသာ သူတို့သည် မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ထူထောင်နိုင်မည်ဖြစ်၏။
တကယ်တော့ မဟူရာအဆင့် ဂိုဏ်းများ၏ ခွန်အားကလည်း အမျိုးမျိုး ကွဲပြားလေသည်။
ဥပမာအားဖြင့် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ကြယ်တာရာဂိုဏ်းတွင် ဂိုဏ်းချုပ် ကြယ်တာရာမိုးက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ဂိုဏ်းမှာ ကောင်းကင်အင်မော်တယ်ပညာရှင်များစွာ ရှိကြလေသည်။ သူတို့ကို ထိပ်တန်း မဟူရာအဆင့် ဂိုဏ်းများဟု ခေါ်ဆိုနိုင်၏။ အဖွဲ့အစည်းတစ်ခု၏ ဂိုဏ်းချုပ် သို့မဟုတ် ခေါင်းဆောင်က အဆင့်နိမ့် ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်နေမည်ဆိုလျှင် သူတို့၏ ခွန်အားကလည်း များစွာ အားနည်းနေပေလိမ့်မည်။
မိစ္ဆာမဟာနယ်မြေကဲ့သို့ ကြီးမားသော နေရာဒေသတစ်ခုမှာ မဟူရာအဆင့်နှင့် ကမ္ဘာမြေအဆင့် ဂိုဏ်းများကဲ့သို့ အဖွဲ့အစည်းများ မရေမတွက်နိုင်အောင် ရှိနေ၏။
မိစ္ဆာမဟာနယ်မြေ၏ ပိုင်နက်နယ်မြေထဲမှာ သူတို့သည် ကျင့်ကြံရေး အရင်းအမြစ်များအတွက် တိုက်ခိုက်ရင်း ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများကြားမှာ တစ်ချိန်လုံးလိုလို ပဋိပက္ခများ ရှိနေကြ၏။
ဤနေရာမှာ မည်သည့် အမိန့်အာဏာမှ မရှိဘဲ အလွန်တရာ ပရမ်းပတာနိုင်နေ၏။ ဂိုဏ်းနှင့် အဖွဲ့အစည်းတချို့သည် သူတို့ တည်ထောင်ခဲ့ပြီးနောက် နှစ်ပေါင်း အနည်းငယ်အတွင်းမှာပင် ဖျက်ဆီးခံရနိုင်၏။
တစ်ဖက်မှာတော့ သိုင်းတာအိုပင်မခန္ဓာသည် အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းကို လုယူဖို့အတွက် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်၏။
အခြားတစ်ဖက်မှာတော့ သူသည် အဆင့်-၈ ကံကြမ္မာစက်ကွင်းနယ်ပယ်၏ စွမ်းအားကို စမ်းသပ်ကြည့်လိုသောကြောင့်လည်း ဖြစ်၏။
“ငါတို့ သဲဝါနန်းတော်က ကျင့်ကြံသူတွေကို သတ်ဖြတ်လိုက်တဲ့သူက မင်းလား”
ခုံးယီက သိုင်းတာအိုပင်မခန္ဓာကို ထက်ရှသော အမူအရာတစ်ခုနှင့်အတူ ကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။
“မှန်တယ်”
သိုင်းတာအိုပင်မခန္ဓာက သူ၏ လှုပ်ရှားမှုကို မရပ်တန့်လိုက်ပေ။
“ကောင်းပြီလေ.. မင်းက ရိုးသားမှုတော့ ရှိသားပဲ”
ခုံးယီက လှောင်ရယ်လိုက်ပြီး သူ၏ ဘေးပတ်လည်မှာ ရှိသော ကမ္ဘာမြေအင်မော်တယ်များစွာထံသို့ အသံတစ်ခုကို ပို့လွှတ်လိုက်၏။ သူက တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် ပြောလိုက်လေသည်။
“မင်းက တော်တော်ရဲတင်းတာပဲ.. သဲဝါနန်းတော်က ကျင့်ကြံသူတွေကို သတ်ဖြတ်ပြီးတဲ့နောက် အလောတကြီး ထွက်ပြေးရမယ့်အစား မင်းက ဒီနေရာကိုတောင် ရောက်လာခဲ့သေးတယ်”
“ဒီအမြုတေစိတ်ဝိညာဉ် သတ္တုတွင်းက အခုဆိုရင် ငါ့အပိုင်ဖြစ်သွားပြီ”
သိုင်းတာအိုပင်မခန္ဓာက သူ၏ နောက်ဘက် မလှမ်းမကမ်းမှာ ရှိသော အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းကို လက်ညှိုးထိုးပြီး သူ ရသင့်ရထိုက်သည့် တစ်စုံတစ်ရာဖြစ်သည့်အလား မှင်သေသေဖြင့် ပြောလိုက်၏။
“မင်း ဘာတွေလာပြောနေတာလဲ”
“ဘယ်လောက်တောင် မောက်မာလိုက်သလဲ”
“မင်းကတော့ သေချင်နေတာပဲ ဖြစ်ရမယ်”
သဲဝါနန်းတော်၏ ကမ္ဘာမြေအင်မော်တယ်များစွာက ဒေါသထွက်သွားပြီး ခုံးယီ အမိန့်မပေးနိုင်ခင်မှာပင် တိုက်ခိုက်လိုက်ကြပြီဖြစ်၏။