← Chapters

စိတ်ဝိညာဥ်သတ္တုတွင်းသန့်စင်ခြင်း

Vol. 144 Ch. 2152

စိတ်ဝိညာဥ်သတ္တုတွင်းသန့်စင်ခြင်း

Vol. 144 Ch. 2152

ကမ္ဘာမြေအင်မော်တယ်များစွာမှာ မတူညီသောကျင့်ကြံမှုနယ်ပယ်များရှိသော်လည်း သူတို့တိုက်ခိုက်လိုက်သည့်အချိန်မှာ အဆင့်မြင့်နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။

ဓမ္မရတနာများက တစ်ခုပြီးတစ်ခု လေထုကိုဆုတ်ဖြဲလာပြီး မိုးစက်များကဲ့သို့ တဖွားဖွားကျဆင်းလာ၏။

သိုင်းတာအိုပင်မခန္ဓာက နက်ရှိုင်းသောအကြည့်နှင့်အတူ လေထဲမှာမတ်တတ်ရပ်နေ၏။

သူကလုံးဝလှုပ်ရှားခြင်းမရှိဘဲ သူသည် အချုပ်အနှောင်တချို့ကနေ လွတ်ထွက်လာသည့်အလား သူ၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာ၏။

ပေါက်ကွဲသံတစ်ကြိမ်ထွက်ပေါ်လာတိုင်း သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာက မြင့်တက်လာပေလိမ့်မည်။

ခရမ်းရောင်ရောင်လျှံစက်ဝန်းတစ်ခုက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။

ဖန်း... ဖန်း.... ဖန်း...

တစ်ခဏချင်းမှာပင် ခရမ်းရောင်ရောင်လျှံစက်ကွင်းခြောက်ခုက သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။

ကံကြမ္မာစက်ကွင်းခြောက်ခုက ပေါ်ထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်သောအော်ရာတစ်ခုဖြင့် တောက်ပနေ၏။

ကံကြမ္မာစက်ကွက်းတစ်ခုချင်းစီမှာ သိုင်းတာအိုပင်မခန္ဓာ၏ ဓမ္မပညာရပ်များပါဝင်ပြီး အလွန်တရာတုန်လှုပ်စရာကောင်းနေ၏။

ကံကြမ္မာစက်ကွင်း ခြောက်ခု၏ လင်းထိန်မှုအောက်မှာ သိုင်းတာအိုပင်မခန္ဓာက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်က ဂမ္ဘီရအလင်းတစ်ခုဖြင့် တောက်ပနေပြီး ခရမ်းရောင်ခြည်ဖြင့်ပြည့်နှက်နေ၏။

သူ၏ စွမ်းပကားက သိပ်သည်းပြင်းထန်ပြီး မထီမဲ့မြင်ပြု၍ မရနိုင်ပေ။

ခုံးယီနှင့် အခြားသူများက ထိုသည်ကိုတွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။

သူတို့သည် သိုင်းတာအိုပင်ခန္ဓာ၏ နောက်ဘက်မှ ခရမ်းရောင်ရောင်လျှံစက်ဝန်းများကို အရင်ကတစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။

ဤကဲ့သို့သောနည်းလမ်းနှင့် လျှို့ဝှက်အတတ်သည် သူတို့၏ စဥ်းစားတွေးတောနိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်၏။

ဘုန်း... ဘုန်း... ဘုန်း...

ချက်ချင်းပင် နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် ဓမ္မရတနာများက ဆင်းသက်လာခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာကို ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကဲ့သို့ ထိခတ်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်း သို့မဟုတ် လှုပ်ရှားခြင်းပင်မရှိပေ။

သူ၏ နောက်ဘက်မှာရှိသော ကံကြမ္မာစက်ကွင်းခြောက်ခုက အနည်းငယ်တုန်ယင်သွားပြီး ခရမ်းရောင်ရောင်လျှံစက်ဝန်းများကို ထုတ်လွှတ်ကာ တိုက်ခိုက်မှုများအားလုံးကို ချေဖျက်ပေးနေ၏။

ကမ္ဘာမြေအင်မော်တယ်များက ထိတ်လန့်သွားလေသည်။

ခုံးယီ၏ အမူအရာကလည်း ပျက်ယွင်းသွား၏။

တူညီသောနေရာမျာရှိနေမည်ဆိုလျှင် သူပင်လျှင် တူညီသော ကြမ်းကြုတ်ခက်ထန်သည့် တိုက်ခိုက်မှုတစ်ရပ်ကနေ မထိမခိုက်လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်ဝတ်အမျိုးသားက လှုပ်ရှားမှုလုံးဝမရှိဘဲ လူတိုင်း၏ တိုက်ခိုက်မှုများကို ပိတ်ဆို့တားဆီးလိုက်၏။

ကွာဟချက်က အရမ်းကိုကြီးမားနေ၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး ကမ္ဘာမြေအမြုတေနယ်ပယ်၏ စွမ်းအားကို အာရုံခံကြည့်နေ၏။

ဤထိပ်တိုက်ရင်ဆိုင်မှုက အဆင့်-၆ အထွတ်အထိပ် ကံကြမ္မာစက်ကွင်းနယ်ပယ်သည် အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို ခွန်အားအရာမှာ ထိပ်တိုက်ရင်ဆိုင်နိုင်သည်ကို သူကအကြမ်းဖျင်းအကဲဖြတ်လိုက်နိုင်ပြီဖြစ်၏။

အဆင့်-၇ အထွတ်အထိပ် ကံကြမ္မာစက်ကွင်းနယ်ပယ်သည် ခွန်အားအရာမှာ ကမ္ဘာမြေအင်မော်တယ်များအားလုံးကို ကျော်လွန်နိုင်ပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ တွက်ချက်မှုကိုပြုလုပ်ပြီးနောက် သူက ဤကမ္ဘာမြေအင်မော်တယ်များနှင့် ဆက်လက်၍ အချိန်မဖြန်းလိုတော့ပေ။

“ငါ့ထိုးချက်ကိုလည်းခံယူကြည့်လိုက်”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ပါးစပ်ကိုဖွင့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

သူက ရှေ့သို့လျှောက်လှမ်းပြီး ပေတစ်ရာအကွာအဝေးကနေ ရှေ့သို့ပစ်ထိုးလိုက်၏။

ထိုထိုးချက်က လုံးဝကို ပြောင်းလဲသွားစေ၏။

အဝေးဆုံးမှာရှိနေသည့် ကျင့်ကြံမှုနယ်ပယ်အမြင့်မားဆုံးဖြစ်သော ခုံးယီပင်လျှင် သူ့ကိုဆွဲယူနှစ်မြှုပ်တော့မည့်အလား အလွန်တရာကြောက်စရာကောင်းသည့် အော်ရာတစ်ခုကို ခံစားမိလိုက်၏။

ထိုထိုးချက်က အရမ်းကိုကြောက်စရာကောင်းလွန်း၏။

ထိုထိုးချက်ကို ကိုယ်တိုင်တွေ့မြင်ရခြင်းမရှိလျှင် ထိုခံစားချက်ကို မည်သူကမှ နားလည်နိုင်လိမ့်မည်မဟုတ်ပေ။

ဤလောကမှာ ထိုထိုးချက်ကိုခုခံနိုင်သည့် မည်သည့်သက်ရှိ၊ မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လက်နက်မှမရှိသည့်အလားပင်။

ကြောက်စရာကောင်းသောအော်ရာတစ်ခုက တလိပ်လိပ်တိုးတက်လာပြီး ကမ္ဘာမြေအင်မော်တယ်များစွာက ဖြူဖပ်ဖြူရော်ဖြစ်သွားကြ၏။

သူတို့သည် မွန်းကျပ်ဖွယ်ရာ ခံစားလာရပြီး သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရ၏။

“ထွက်ပြေးတော့”

“ငါအဲ့ဒါကိုမခုခံနိုင်ဘူး”

ကမ္ဘာမြေအင်မော်တယ်များစွာ၏ စိတ်များထဲသို့ အတွေးများစွာက တဖျတ်ဖျတ်ဝင်ရောက်လာ၏။

သူတို့က ပြန်လည်ခုခံဖို့ပင် သတ္တိမရှိကြတော့ပေ။

ဘုန်း.... ဘုန်း...

ကောင်းကင်နှင့်မြေကြီးက တရုန်းရုန်းထကြွလာ၏။

ချက်ချင်းပင်...။

လူတိုင်း၏ ရှေ့မှာရှိသောလေဟာနယ်က ထိုထိုးချက်၏ စွမ်းအားကို ခံနိုင်ရည်ရှိပုံမရဘဲ လျင်မြန်စွာချိုင့်ဝင်သွား၏။

စောစောက တိုက်ခိုက်လိုက်သော ကမ္ဘာမြေအင်မော်တယ်များစွာသည် ရုတ်တရက် သိပ်သည်းပြင်းထန်သော စုပ်ယူအားတစ်ခုကို ခံစားလိုက်ရ၏။

သူတို့သည် သူတို့၏ ခန္ဓာကိုယ်များကို လုံးဝမထိန်းချုပ်နိုင်တော့ဘဲ ချိုင့်ဝင်သွားသောလေဟာနယ်ရှိရာဘက်သို့ လွင့်မျောသွားလေသည်။

လူတိုင်းက ရှောင်တိမ်းချင်သော်လည်း ထိုသို့မပြုလုပ်နိုင်ကြပေ။

အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်ခုံးယီပင်လျှင် ထိတ်လန့်တကြားအမူအရာတစ်ခုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးရှိရာဘက်သို့ ရွေ့လျားသွားရ၏။

လူတိုင်းသည် သူ၏ အစွမ်းကုန်ရှိသမျှနှင့် သူ၏ လက်သီးရှိရာသို့ ပြေးဝင်သွားသည့်အလားပင်။

ကမ္ဘာမြေအင်မော်တယ်များစွာသည် ချိုင့်ဝင်သွားသောလေဟာနယ်ထဲသို့ ကျဆင်းသွား၏။ ထို့နောက်ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်ကဆင်းသက်လာခဲ့၏။

အဲ့ဒါက ကမ္ဘာဖျက်စွမ်းအားတစ်ခုဖြစ်၏။

ဖောက်...

သွေးမြူတစ်ခုက ဖြန့်ကြက်သွား၏။

ကမ္ဘာမြေအင်မော်တယ်များစွာသည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များ ဖျက်ဆီးခံရခြင်းနှင့်အတူ ခြွင်းချက်မရှိဘဲ သေဆုံးသွားကြ၏။

“ငါ့မှာရှိသမျှအကုန်ထုတ်ဖော်မယ်”

ခုံးယီက ဟိန်းဟောက်လိုက်ပြီး သူ၏ သိုလှောင်အိတ်ကိုပုတ်ကာ သူ၏ နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများအားလုံးကို ဆင့်ခေါ်ထုတ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးရှိရာဘက်သို့ ပစ်ထုတ်လိုက်၏။

ဖြောက်... ဖြောက်... ဖြောက်...

နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာမျာအားလုံးက ဖုန်မှုန့်များအဖြစ် ကြေမွသွား၏။ ခုံးယီ၏ မျက်လုံးက ပြူးကျယ်သွားပြီး သူကနေရာမှာပင် လေထဲမှာမလှုပ်မယှက်ရပ်နေ၏။

သူ၏ မျက်နှာကညိုမည်းနေပြီး သူ၏ မျက်လုံးထဲရှိအလင်းရောင်က တဖြည်းဖြည်းမှိန်ဖျော့သွား၏။

သိုင်းတာအိုပင်မခန္ဓာမှာ မှင်သေသေအမူအရာတစ်ခုရှိနေပြီး သူ၏ လက်သီးကိုရုပ်သိမ်းကာ အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းရှိရာသို့ လျှောက်လှမ်းလာ၏။

သူက ခုံးယီ၏ ဘေးကနေ ဖြတ်သွားပြီးနောက် ထိုသူ၏ ခန္ဓာကိုယ်က အလောင်းပင်မကျန်ဘဲ ပေါက်ကွဲထွက်သွား၏။

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး ခုံးယီနှင့် အခြားသူများ၏ သိုလှောင်အိတ်များကို စုယူကာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများ၊ ပင်မအမြုတေစုဖွဲ့ဆေးလုံးများနှင့် အခြားသောကျင့်ကြံရေးအရင်းအမြစ်များကို သိမ်းဆည်းလိုက်လေသည်။

ထိုနတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများကိုတော့ သူကလုံးဝစိတ်မဝင်စားပေ။

ကမ္ဘာမြေအင်မော်တယ်များ၏ ဓမ္မရတနာများကိုမပြောနှင့် ကောင်းကင်အင်မော်တယ်များ၏ ဓမ္မရတနာများပင်လျှင် သူ၏ ခန္ဓာကိုယ်ကို ထိခိုက်စေရုံသာ ထိခိုက်စေနိုင်လေသည်။

သိုင်းတာအိုက ကိုယ်ကာယကိုအဓိကထား၍ ကျင့်ကြံလေသည်။

သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်း ၉ ရပ်ဖြစ်စေ... ကံကြမ္မာစက်ကွင်းလျှို့ဝှက်နယ်မြေဖြစ်စေ... သူတို့နှစ်ခုစလုံးသည် သူ့ခန္ဓာကိုယ်၏ အလားအလာကို အဆက်မပြတ်နှိုးဆွပေးရခြင်းဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် သုတ္တန်များအားလုံးကို ပြုစုပျိုးထောင်ပြီး နတ်ဘုရားစွမ်းအားများကို အရည်ဖျော်ဖို့အတွက် သူ၏ ခန္ဓာကိုယ်ကို မီးဖိုတစ်လုံးအဖြစ်အသုံးချပြီး လျှို့ဝှက်နယ်မြေတစ်ခုကို ဖွင့်လှစ်ခဲ့လေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် သူ၏ ခန္ဓာကိုယ်ကို မယှဥ်နိုင်ပေ။

ထိုသိုလှောင်အိတ်များထဲမှာ နတ်ဘုရားစွမ်းအားများနှင့် ကျင့်ကြံရေးနည်းစနစ်အချို့လည်းရှိလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သူတို့ကို သာမန်ကာလျှံကာလှန်လောဖတ်ရှုပြီးနောက် သူတို့က ကျင့်ကြံဖို့မထိုက်တန်သည်ကိုတွေ့ရသောအခါ သူတို့အားလုံးကို ပစ်ထုတ်လိုက်လေသည်။

သူသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ခွန်လွင်အပျက်အစီးဒေသမှာ နတ်ဘုရားစွမ်းအားများစွာကို အရည်ဖျော်ချခဲ့ပြီး ရှေးဟောင်းစာအုပ်များစွာကို ဖတ်ရှုခဲ့လေသည်။

နောက်ပိုင်းမှာ သူသည် ကမ္ဘာငယ်ပေါင်း တစ်ဘီလီယံမှာ လှည့်လည်သွားလာခဲ့ပြီး မရေမတွက်နိုင်သော ဂမ္ဘီရနည်းစနစ်များကို ဖတ်ရှုခဲ့ရ၏။

သူက တက်လှမ်းလာခါစဖြစ်သော်လည်း သူ၏ အသိအမြင်က အထက်ဘုံလောကမှ ကမ္ဘာမြေအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်များစွာထက် ကျော်လွန်နေပြီဖြစ်၏။

အောက်ဘုံလောက၏ ကျင့်ကြံရေးနည်းစနစ်အများစုက အထက်ဘုံလောကနှင့်ယှဥ်လျှင် ပိုမိုရိုးရှင်းလေသည်။

သို့သော်လည်း နတ်ဘုရားစွမ်းအားများစွာသည် အကြောင်းမဲ့တိုက်ဆိုင်မှုတချို့ဖြင့် အောက်ဘုံလောကများသို့ ကျဆင်းနေခဲ့၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များ ရောက်ရှိနေခဲ့၏။

ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာအတွက် အရေးကြီးဆုံး အရာသည် ကျင့်ကြံရေးအရင်းအမြစ်များဖြစ်၏။

သူ၏ သိုလှောင်အိတ်ထဲမှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများ သိန်းချီရှိနေပြီဖြစ်သော်လည်း အဲ့ဒါက သူကျင့်ကြံဖို့အတွက် မလုံလောက်သေးပေ။

သိုင်းတာအိုပင်မခန္ဓာက အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းထဲသို့ တိုက်ရိုက်ဝင်ရောက်လိုက်၏။

မြေအောက်မှာ သတ္တုတူးဖော်နေဆဲဖြစ်သော တက်လှမ်းလာသူများစွာရှိလေသည်။ သူတို့က အပေါ်ဘက်မှာ ရုတ်ရုတ်သဲသဲအသံတချို့ကို ကြားနေခဲ့ရလျှင်တောင် သူတို့ကအပြင်ဘက်သို့ ထွက်ပြီးစစ်ဆေးကြည့်ရဲခြင်းမရှိပေ။

သိုင်းတာအိုပင်မခန္ဓာသည် အောက်ဘက်မှာရှိသော အစောင့်များကို သာမန်ကာလျှံကာ သတ်ဖြတ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ဒီအမြုတေစိတ်ဝိညာဥ်သတ္တုတွင်းရဲ့ ပိုင်ရှင်က ပြောင်းလဲသွားပြီ... သတ္တုတွင်းထဲမှာရှိတဲ့ လူတိုင်းပဲ အခုထွက်သွားလို့ရပြီ”

သိုင်းတာအိုပင်မခန္ဓာ၏ အသံက မကျယ်လောင်သော်လည်း အဲ့ဒါက အမြုတေစိတ်ဝိညာဥ်သတ္တုတွင်း၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။

အစကတော့ ကျင့်ကြံသူများစွာက အဲ့ဒါကို မယုံကြည်နိုင်ကြပေ။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းထဲကနေ လျှောက်လှမ်းထွက်လာသော ကျင့်ကြံသူများက ပို၍များပြားလာပြီး ဤနေရာကနေထွက်ပြေးသွားကြ၏။

နေ့တစ်ဝက်မကြာခင်မှာပင် အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းက ဗလာကျင်းသွားပြီး တက်လှမ်းလာသူများက ရှင်းလင်းသွားကာ သိုင်းတာအိုပင်မခန္ဓာတစ်ယောက်တည်းသာလျှင် ကျန်ရစ်ခဲ့၏။

သိုင်းတာအိုပင်မခန္ဓာသည် ဘေးပတ်လည်ရှိ သတ္တုကြောများကိုကြည့်ပြီး သူ၏ သွေးချီကိုလှည့်ပတ်ကာ တင်ပျဥ်ခွေထိုင်ချလိုက်၏။

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်ကို ခပ်ရေးရေးသာ မြင်နိုင်တော့ပြီး နေရာမှာ ဧရာမမီးဖိုတစ်လုံးက ပေါ်ထွက်လာ၏။ မီးဖို၏ ဘေးပတ်လည်မှာ မီးနဂါးလေးကောင်က ရစ်ပတ်ထားသည့်အလား ၎င်း၏ ဘေးပတ်လည်မှာ မီးတောက်လေးခုက လောင်ကျွမ်းလာခဲ့၏။

တစ်ခဏချင်းမှာပင် မီးဖိုက နီရဲလာခဲ့ပြီး ဒေါသတကြီးလောင်ကျွမ်းနေ၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းထဲမှာ မသန့်စင်သောကျောက်ခဲများစွာရှိပြီး သူတို့ကို နည်းနည်းချင်းစီသာ တူးဖော်ထုတ်ရလေသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာအတွက်တော့ အဲ့ဒါက အရေးမကြီးပေ။

သိုင်းတာအိုမီးဖိုသည် မနှိုင်းယှဥ်သာအောင် စီးပိုးခြယ်လှယ်နိုင်ပြီး လောကတစ်ခုလုံးကိုပင် သန့်စင်မွန်းမံနိုင်သည့် ကြောက်စရာကောင်းသော စိတ်ဆန္ဒတစ်ခုကို ပိုင်ဆိုင်ထား၏။

ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုမီးဖိုကို အသက်သွင်းလိုက်သည့် အဓိကအကြောင်းအရင်းမှာ သူသည် အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းတစ်ခုလုံးကို အရည်ဖျော်ချလိုသောကြောင့်ဖြစ်၏။ အညစ်အကြေးများအားလုံးကို မီးဖိုကနေ သန့်စင်စစ်ထုတ်ပေးနေလေသည်။

အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများထဲရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီကိုတော့ သိုင်းတာအိုမီးဖိုက စုပ်ယူပေလိမ့်မည်။

All Chapters