အဆင့်-၉ ကံကြမ္မာစက်ကွင်းနယ်ပယ်
Vol. 144 Ch. 2154
“အဲ့ဒါဘာလဲဟ”
သဲဝါနန်းတော်၏ နန်းတော်အရှင်၊ ကောင်းကင်အင်မော်တယ်ဆယ်ယောက်ကျော်နှင့် ကမ္ဘာမြေအင်မော်တယ် အယောက်တစ်ထောင်က သူတို့၏ မျက်နှာများပေါ်ရှိ မယုံကြည်နိုင်မှုနှင့်အတူ တုန်လှုပ်သွားကြ၏။
ခရမ်းရောင် ရောင်လျှံစက်ကွင်း ရှစ်ခုက ခရမ်းရောင်ဝတ်အမျိုးသား၏ နောက်ဘက်မှာပေါ်ထွက်လာပြီး စကြာဝဠာ၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားသည့်အလား လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးပွေလီသော ရှေးဟောင်းစာလုံးများစွာနှင့်အတူ ရောယှက်နေ၏။
သဲဝါနန်းတော်၏ နန်းတော်အရှင်သည် နှစ်ပေါင်းနှစ်သိန်းကျော်ကြာအောင် ရှင်သန်နေထိုင်လာခဲ့သော်လည်း သူသည် ဤကဲ့သို့သောနည်းလမ်းများကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။
အန္တိမနတ်ဘုရားစွမ်းအားတစ်ခုလား။
အထက်ဘုံမှာ အန္တိမနတ်ဘုရားစွမ်းအားများစွာရှိလေသည်။ သဲဝါနန်းတော်၏ နန်းတော်အရှင်က သူတို့ထဲမှ များစွာကို မကျင့်ကြံထားသော်လည်း သူတို့ကို ကြားဖူးထားလေသည်။
သူသည် ဤကဲ့သို့သော နတ်ဘုရားစွမ်းအားပုံစံတစ်ခုကို တစ်ခါမှမတွေ့ဖူး မကြားဖူးပေ။
ကမ္ဘာမြေအင်မော်တယ်ပညာရှင်တစ်ထောင် ဆင့်ခေါ်ထားသော ဓမ္မရတနာများက ရောင်လျှံစက်ဝန်းရှစ်ခုဖြင့် ပစ်တိုက်မိပြီး သူတို့က ကြေမွကာ သတ္တုပျက်များအဖြစ် ပြန့်ကျဲကျဆင်းသွား၏။
ကောင်းကင်အင်မော်တယ်များ၏ ဓမ္မရတနာများပေါ်မှာပင်လျှင် အက်ကွဲကြောင်းများပေါ်ထွက်လာ၏။
ကွာဟချက်က အရမ်းကိုကြီးမားနေလေသည်။
“အဲ့ဒါက တက်လှမ်းလာသူတစ်ယောက် ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
“သူက တစ်နေရာရာကရောက်လာတဲ့ ထိပ်တန်းပညာရှင်တစ်ဦးပဲဖြစ်ရမယ်”
သိုင်းတာအိုပင်မခန္ဓာသည် လက်ရှိမိစ္ဆာမဟာနယ်မြေကျင့်ကြံသူများစွာကို ကြည့်ရှုလိုက်၏။
သူ၏ အေးစက်နေသော ငွေရောင်မျက်နှာဖုံးပေါ်မှာ မည်သည့်အမူအရာမှမရှိဘဲ သူ၏ မျက်လုံးအနက်ပိုင်းထဲမှာ အနီရောင်ကြာပန်းနှစ်ခုကို ခပ်ရေးရေးမြင်နေရ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲလှုပ်ရှားလိုက်၏။
ရုတ်တရက် လက်ရှိကျင့်ကြံသူများစွာသည် မနှိုင်းယှဥ်သာအောင် ပူလောင်လာပြီး သူတို့၏ အရိုးများ၊ ကိုယ်တွင်းအင်္ဂါများနှင့် အသားများထဲမှ အနီရောင်မီးတောက်များက ပစ်လွင့်ထွက်ပေါ်လာ၏။
သူတို့၏ ကိုယ်တွင်းမှ ပေါ်ထွက်လာသော ထိုမီးတောက်များကို ဘယ်လိုမှမရှောင်နိုင်ပေ။
“အား...အား... အား...”
လူအုပ်ထဲကနေ စူးစူးဝါးဝါးအော်သံများက အဆက်မပြတ်ထွက်ပေါ်လာ၏။
သွေးနီရောင်မီးတောက်များက ကမ္ဘာမြေအင်မော်တယ်ပညာရှင်တစ်ထောင်၏ ခန္ဓာကိုယ်များထဲကနေ ပစ်လွင့်ထွက်ပေါ်လာ၏။
ကျင့်ကြံသူများက ဟိန်းဟောက်လိုက်ပြီး သူတို့၏ နှာခေါင်းများနှင့် ပါးစပ်များထဲကနေ မီးတောက်များက လျှံထွက်လာ၏။
တစ်ခဏချင်းမှာပင် ထိုကမ္ဘာမြေအင်မော်တယ်များသည် အနီရောင်မီးတောက်များဖြင့် လွှမ်းခြုံခံလိုက်ရပြီး လူပုံသဏ္ဌာန် မီးလုံးများအဖြစ် ပြောင်းလဲကာ သိပ်မကြာခင် လောင်ကျွမ်းပြာကျသွား၏။
ထိုကျင့်ကြံသူများ၏ ပြာများမှာ နတ်ဆိုးဆန်ဆန် အနီရောင်တစ်ခုရှိနေပြီး မြေပြင်ပေါ်သို့ ကျဆင်းကာ ကြာပန်းများ၏ ပုံသဏ္ဌာန် ဖြစ်ပေါ်လာ၏။
အနီရောင်ကြာပန်းကံကြမ္မာမီးတောက်က ကံကြမ္မာကို လောင်ကျွမ်းခြင်းမှာ အထူးပြုလေသည်။
သူတို့၏ ခန္ဓာကိုယ်များထဲမှာ မကောင်းသောကံများက ပိုမိုများပြားလေလေ ကံကြမ္မာမီးတောက်များက ပို၍သိပ်သည်းပြင်းထန်လေလေဖြစ်၏။
အန္တိမနတ်ဘုရားစွမ်းအားများပင်လျှင် ကံကြမ္မာမီးတောက်၏ စွမ်းအားကို မခုခံနိုင်ပေ။ လက်ရှိကမ္ဘာမြေအင်မော်တယ်ပညာရှင်များက အဲ့ဒါကိုဘယ်လိုလုပ်ခံနိုင်ရည်ရှိပါ့မလဲ။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူတို့က လောင်ကျွမ်းပြာကျသွား၏။
သဲဝါနန်းတော်၏ နန်းတော်အရှင်နှင့် ကျန်ရှိနေသော ကောင်းကင်အင်မော်တယ်ပညာရှင်များကလည်း ချမ်းသာရာမရကြပေ။
ဤကောင်းကင်အင်မော်တယ်များသည် သူတို့၏ ကျင့်ကြံမှုနယ်ပယ်များနှင့် သွေးချီအပေါ်မှီခိုပြီး ခဏမျှသာတောင့်ခံနိုင်ကြ၏။
သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များကို လောင်ကျွမ်းနေသော ကံကြမ္မာမီးတောက်များ၏ နာကျင်မှုက မခံမရပ်နိုင်အောင်ပင်။
ကံကြမ္မာမီးတောက်များကို သွေးချီနှင့် နတ်ဘုရားစွမ်းအားတို့သက်သက်ဖြင့် မဖိနှိမ်နိုင်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်အင်မော်တယ်အချို့သည် သူတို့၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်သည့်အခါ ကံကြမ္မာမီးတောက်များက ပို၍ပင်သိပ်သည်းအားကောင်းလာခဲ့၏။
သဲဝါနန်းတော်၏ နန်းတော်အရှင်သည် သူ၏ အစစ်အမှန်ပုံစံသို့ လောင်ကျွမ်းခံလိုက်ရပြီး အဝါရောင်သဲများက ချစ်ချစ်တောက်နီရဲလာ၏။ ကျောက်စရစ်ခဲတစ်ခုချင်းစီတိုင်းက နီလာကဲ့သို့ နီရဲကြည်လင်လာခဲ့၏။
မြေပြင်မှာ သဲဝါနန်းတော်၏ နန်းတော်အရှင်သည် ခဏသာတောင့်ခံနိုင်ခဲ့ပြီး ကျောက်စရစ်ခဲများက ကြေမွကာ သူ၏ အသက်ဓာတ်အားက ပျက်ပြယ်၍ နေရာမှာပင်သေဆုံးသွား၏။
ရောက်ရှိလာသော သဲဝါနန်းတော်၏ ကျင့်ကြံသူများက အပြီးတိုင်ချေမှုန်းခံလိုက်ရ၏။
သဲဝါနန်းတော်သည် သမိုင်းထဲကနေ ဖယ်ရှားရှင်းလင်းခံလိုက်ရပြီဟု ဆိုလိုလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အင်္ကျီလက်စကိုဝေ့ယမ်းပြီး လက်ရှိကျင့်ကြံသူများစွာ၏ သိုလှောင်အိတ်များကိုစုယူကာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးနှင့် အခြားသောပစ္စည်းများကို သိမ်းဆည်းလိုက်၏။
သူ၏ ရရှိမှုက သူ၏ ခြေဖဝါးအောက်ရှိ အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းကို မယှဥ်နိုင်သော်လည်း သူတို့က မဆိုးလှပေ။
သိုင်းတာအိုပင်မခန္ဓသည် မြေပုံတစ်ချပ်ကို ထုတ်ယူကြည့်ပြီး သဲဝါနန်းတော်၏ အခြားသော အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းနှစ်ခုရှိရာသို့ ဦးတည်လိုက်၏။
သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာက ဒုတိယမြောက်စိတ်ဝိညာဥ်သတ္တုတွင်းသို့ ရောက်ရှိလာခဲ့၏။
သဲဝါနန်းတော်၏ ပညာရှင်များအားလုံးနီးပါးက ယခင်တိုက်ပွဲမှာ သေဆုံးခဲ့ပြီဖြစ်၏။
ဤအမြုတေစိတ်ဝိညာဥ်သတ္တုတွင်းကို စောင့်ကြပ်နေသောသူများက မဟူရာအင်မော်တယ်ကျင့်ကြံသူများသာဖြစ်လေသည်။
သဲဝါနန်းတော်၏ နန်းတော်အရှင်သေဆုံးမှုနှင့်အတူ ကျန်ရှိနေသောသူများသည် ပါချည်ပါချဲ့များသာဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာထံမှ သာမန်ကာလျှံကာ တိုက်ခိုက်မှုတစ်ရပ်သည် လူတိုင်းကို ထွက်ပြေးသွားစေ၏။
အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းထဲသို့ ဝင်ရောက်လာပြီးနောက် သိုင်းတာအိုပင်မခန္ဓာက အောက်ဘက်မှာရှိသော တက်လှမ်းလာသူများကိုလွှတ်ပေးပြီး အမြုတေစိတ်ဝိညာဥ်သတ္တုတွင်း၏ အနက်ပိုင်းထဲမှာ ကျင့်ကြံလေသည်။
သူသည် အဆင့်-၉ ကံကြမ္မာစက်ကွင်းနယ်ပယ်သို့ တတ်နိုင်သမျှ မြန်မြန်ရောက်ရှိအောင်ကျင့်ကြံလိုလေသည်။
သူ၏ ကောက်ချတ်ချမှုအရ အဆင့်-၉ ကံကြမ္မာစက်ကွင်းနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သူသည် ကောင်းကင်အမြုတေနယ်ပယ်မှာ စိုးမိုးခြယ်လှယ်နိုင်ပြီး ကောင်းကင်အင်မော်တယ် ပညာရှင်များအားလုံးကို ဖိနှိမ်နိုင်ပေလိမ့်မည်။
သူသည် ပကတိအင်မော်တယ်တစ်ယောက်နှင့် ကြုံတွေ့ရမည်ဆိုလျှင်တောင် သူသည် မထိမခိုက်ရုန်းထွက်နိုင်ကောင်း ရုန်းထွက်နိုင်ပေလိမ့်မည်။
ယခုအချိန်မှာ သူသည် ပကတိအင်မော်တယ်တစ်ယောက်နှင့် ကြုံတွေ့ရမယ်ဆိုလျှင် သေချာပေါက်သေကြေပျက်သုဥ်းရဖို့များလေသည်။
အခြားတစ်ဘက်မှာတော့ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ကျင့်ကြံမှုနယ်ပယ်ကို မြှင့်တင်ဖို့အတွက် အလောတကြီးရှိနေသည်မှာ ကံကြမ္မာစက်ကွင်းနယ်ပယ်ပြီးလျှင် လမ်းကြောင်းက ပျောက်ဆုံးသွားပြီဖြစ်သောကြောင့်ပင်။
သူသည် ကံကြမ္မာစက်ကွင်းနယ်ပယ်၏ အထွတ်အထိပ်သို့ တတ်နိုင်သမျှမြန်မြန်ကျင့်ကြံပြီးနောက် သူသည်ရှေ့မှာရှိသောလမ်းကြောင်းကိုကြည့်ကာ သိုင်းတာအိုကို ဆက်လက်၍ ကောက်ချတ်ချထုတ်နုတ်ရမည်ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုသည် မဟာလောကသုံးထောင်မှ ကျင့်ကြံရေးဓမ္မအစီအရင်များနှင့် လုံးဝကိုကွဲပြားနေ၏။
မည်သူကမှ သူ၏ ကျင့်ကြံမှုကို လမ်းညွှန်မပေးနိုင်ပေ။
သူသည် ယခုအချိန်ကစပြီး ခြေလှမ်းတစ်လှမ်းချင်းစီအတွက် သူ့ကိုယ်သူသာ အားကိုးရမည်ဖြစ်၏။
နှစ်ငါးဆယ်...။
သိုင်းတာအိုပင်မခန္ဓာသည် လက်ရှိအမြုတေစိတ်ဝိညာဥ် သတ္တုတွင်းကနေထွက်ခွာလာခဲ့ပြီး သဲဝါနန်းတော်၏ တတိယမြောက်အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းရှိရာသို့ ဦးတည်လိုက်၏။
ထို့နောက် သူသည် တတိယမြောက်အမြုတေစိတ်ဝိညာဥ်သတ္တုတွင်း၏ အနက်ပိုင်းထဲမှာ ဆက်လက်၍ကျင့်ကြံလိုက်၏။
၂၁၃နှစ်...။
သိုင်းတာအိုပင်မခန္ဓာသည် ထိုနေရာကနေထွက်ခွာလာပြီး တတိယမြောက် အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းက ခန်းခြောက်သွားသော အမြုတေချီနှင့်အတူ အပျက်အစီးပုံတစ်ခု ဖြစ်သွားခဲ့လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် အဆင့်-၈ ကံကြမ္မာစက်ကွင်းနယ်ပယ်မှာသာရှိနေသေး၏။
ကံကြမ္မာစက်ကွင်းနယ်ပယ်မှာ အဆင့် ၉ ဆင့်သာလျှင် ရှိသော်လည်း တစ်ဆင့်ချင်းစီကြားကွာဟချက်က ကြီးမားပြီး ကံကြမ္မာစက်ကွင်းတစ်ခုချင်းစီကြား ခွန်အားကွာဟချက်ကလည်း သိပ်သည်းပြင်းထန်လေသည်။
သိုင်းတာအိုပင်မခန္ဓာအနေဖြင့် အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် လိုအပ်သော အမြုတေစိတ်ဝိညာဥ်ကျောက်တုံး အရေအတွက်က စဥ်းစားကြည့်၍ မရနိုင်အောင်ပင်။
ကောင်းကင်အင်မော်တယ်ထောင်ချီ အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် လိုအပ်သောအမြုတေစိတ်ဝိညာဥ်ကျောက်တုံးအရေအတွက်ကို သူကစုပ်ယူသန့်စင်မည်ဆိုလျှင်တောင် တုံ့ပြန်မှုများစွာ ရှိလာချင်မှရှိလာပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာမဟာနယ်မြေမှာ ဆက်လက်ချီတက်ပြီး နေရာကို မြေပုံနှင့်တိုက်ကြည့်ခဲ့၏။ သိပ်မကြာခင် သူက နောက်ထပ်မဟူရာအဆင့် အဖွဲ့အစည်းတစ်ခုကို ရွေးချယ်လိုက်၏။
ခြေလက်ရှစ်ဖက်တောင်...။
ဤမဟူရာအဆင့် အဖွဲ့အစည်း၏ ဂိုဏ်းချုပ်က ခေါင်းကိုးလုံးစပါးအုံးမြွေတစ်ကောင်ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် တူညီသောပုံစံအတိုင်း ပြုလုပ်ပြီး ခြေလက်ရှစ်ဖက်တောင်တစ်ခုလုံးကို ဖယ်ရှားရှင်းလင်းကာ ခေါင်းကိုးလုံးစပါးအုံးမြွေကို ဖျက်ဆီးချေမှုန်းခဲ့လေသည်။ သူက တက်လှမ်းလာသူများအားလုံးကို လွှတ်ပေးပြီး ခြေလက်ရှစ်ဖက်တောင်၏ အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းလေးခုကို သိမ်းပိုက်ကာ ဆင်လက်ကျင့်ကြံခဲ့၏။
၃၃၃ နှစ်...။
သိုင်းတာအိုပင်မခန္ဓာသည် အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းများအားလုံးကို စုပ်ယူသန့်စင်ပြီးနောက် ပြန်လည်ပေါ်ထွက်လာကာ နောက်ထပ်မဟူရာအဆင့် အဖွဲ့အစည်းတစ်ခု ဆိုးယုတ်စန္ဒာဘုရားကျောင်းကို သိမ်းပိုက်ခဲ့လေသည်။
ခရမ်းရောင်ကြယ်ဘုရားကျောင်းက ဖျက်ဆီးခံခဲ့ရ၏။
၅၆၅နှစ်...။
ဆိုးယုတ်မိစ္ဆာရဲတိုက်က ဖျက်ဆီးခံခဲ့ရ၏။
၆၈၉နှစ်...။
ပီတိကျောင်းတော်က ဖျက်ဆီးခံခဲ့ရ၏။
၇၉၆နှစ်...။
အဆုံးစွန်နှင်းခဲဂိုဏ်းက ဖျက်ဆီးခံခဲ့ရ၏။
၈၁၅နှစ်...။
သွေးပင်လယ်နန်းတော်က ဖျက်ဆီးခံခဲ့ရ၏။
သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာမဟာနယ်မြေသို့ တက်လှမ်းလာပြီး ၉၉၁ နှစ်မြောက်မှာ သူသည် ကံကြမ္မာစက်ကွင်းနယ်ပယ်ကိုချိုးဖျက်ကာ သူ၏ နဝမမြောက် ကံကြမ္မာစက်ကွင်းကို စုဖွဲ့နိုင်ခဲ့၏။
တစ်ချိန်တည်းမှာပင်...။
မိစ္ဆာမဟာနယ်မြေ၏ ပိုင်နက်နယ်မြေထဲမှာ သိုင်းတာအိုပင်မခန္ဓာ၏ ပေါ်ထွက်လာမှုက အတော်လေးကြီးမားစွာဂယက်ရိုက်လာခဲ့ပြီဖြစ်၏။
နှစ်တစ်ထောင်မပြည့်ခင်မှာပင် မဟူရာအဆင့်ဂိုဏ်းများက တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ဖယ်ရှားရှင်းလင်းခံခဲ့ရ၏။
ခရမ်းရောင်ဝတ်အမျိုးသားမှာ လျှို့ဝှက်ဆန်းကြယ်သောနောက်ခံတစ်ခုနှင့် စွမ်းအားကြီးမားသော နည်းလမ်းများ ရှိလေသည်။ သူသည် နယ်မြေဒေသတစ်ခုကို သိမ်းပိုက်အုပ်စိုးရမည့်အစား သူက အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းများအားလုံးကို သိမ်းယူကာ အောက်ဘုံလောကမှ တက်လှမ်းလာသူများကို လွှတ်ပေးခဲ့လေသည်။
ဤလူသည် ကျင့်ကြံပြီးနောက် တစ်နေရာမှာအကြာကြီးကြန့်ကြာမနေဘဲ ထွက်ခွာသွားပေလိမ့်မည်။
ခရမ်းရောင်ဝတ်အမျိုးသားသည်လည်း အောက်ဘုံလောကမှ တက်လှမ်းလာသူတစ်ယောက်ဟု ဆိုကြလေသည်။
အနီးနားဝန်းကျင်မှာရှိသော မဟူရာအဆင့်ဂိုဏ်းများနှင့် အဖွဲ့အစည်းများအားလုံးနီးပါးက အန္တရာယ်ရှိလာခဲ့၏။
အစကတော့... မဟူရာအဆင့် အဖွဲ့အစည်းများကြားမှာ တိုက်ခိုက်မှုများမကြာခဏရှိတတ်လေသည်။ သို့သော်လည်း ခရမ်းရောင်ဝတ်အမျိုးသား၏ ပေါ်ထွက်လာမှုကြောင့် မဟူရာအဆင့် အဖွဲ့အစည်းများမှာ အလိုအလျောက်နားလည်မှုရှိလာပြီး တိတ်ဆိတ်ငြိမ်သက်၍ အားဖြည့်နေကြ၏။
ဂိုဏ်းတိုင်းနှင့် အဖွဲ့အစည်းတိုင်းမှာ ခရမ်းရောင်ဝတ်လူကို ထောက်လှမ်းဖို့အတွက် ကျင့်ကြံသူများစွာရှိနေပြီး သူတို့က ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နေကြ၏။
မိစ္ဆာမဟာနယ်မြေ၏ အစွန်အဖျားမှာ ကိစ္စများက တိတ်တဆိတ်ဖြစ်ပွားနေပြီး သတ်ဖြတ်လိုစိတ်က ပုန်းလျှိုးနေ၏။ မရေမတွက်နိုင်သောမျက်လုံးများက ခရမ်းရောင်ဝတ်အမျိုးသားကို တိတ်တဆိတ် စောင့်ကြည့်နေကြလေသည်။
ခရမ်းရောင်ဝတ်အမျိုးသားနှင့်ပတ်သက်၍ လူတိုင်းက များစွာသိရှိမထားပေ။ သူတို့သေချာသိရှိထားသည့် တစ်ခုတည်းသောအရာမှာ ထိုသူပြသခဲ့သောစွမ်းအားသည် ပကတိအင်မော်တယ်တစ်ယောက်၏ အဆင့်ကို သေချာပေါက်မရောက်ရှိသေးပေ။